အနာဂတ်မှာ ဉာဏ်တုနည်းပညာ အလားအလာ

စက်ရုပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဉာဏ်တုနည်းပညာ AI ဖွံ့ဖြိုးတိုးတက်လာမှုဟာ အခုလောလောဆယ် ဆယ်စုနှစ်တွေအတွင်းမှာ အရေးကြီးဆုံးနည်းပညာအပြောင်းအလဲပဲလို့ မိုက်ခရိုဆော့ကုမ္ပဏီပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်က ဘလော့မှာ ရေးသားပြောဆိုလိုက်ပါတယ်။

အများသုံးနည်းပညာအဖြစ် ChatGPT လူမြင်ကွင်းထွက်လာပြီးနောက်မှာ အလားတူ ဉာဏ်တုမျိုးကို Google ကုမ္ပဏီကလည်း Google Brad ဆိုတဲ့နာမည်နဲ့ စတင်လိုက်ပါတယ်။

မိုက်ခရိုဆော့ကုမ္ပဏီကလည်း ဉာဏ်တုနည်းပညာအပေါ်မှာ ဒေါ်လာဘီလျံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံသွားမယ်လို့ ကြေညာလိုက်သလို OpenAI နဲ့ဖက်စပ်လုပ်ငန်းကိုလည်း တိုးချဲ့လုပ်ကိုင်သွားမယ်လို့ဆိုပါတယ်။

အနာဂတ်မှာ မိုက်ခရိုပရိုဆက်ဆာ၊ ကွန်ပျူတာ၊ အင်တာနက်၊ မိုဘိုင်းဖုန်းနည်းပညာတွေ အားလုံးရဲ့ AI ဖြစ်လာပြီး လူတွေရဲ့ အလုပ်၊ သင်ကြားရေး၊ ခရီးသွားလာရေး၊ ကျန်းမာရေး၊ ဆက်သွယ်မှု အားလုံးဟာ တခေတ်ပြောင်းသွားတော့မယ်လို့ ဘီလ်ဂိတ်က ဆိုပါတယ်။

သူပြောနေတာက OpenAI ကထုတ်လုပ်တဲ့ ChatGPT ကိုရည်ရွယ်ပြောဆိုနေတာပါ။ ChatGPT ဟာလူတွေမေးမြန်းကြတဲ့ မေးခွန်းတွေကို လူတယောက်ကပြန်ဖြေကြားပေးနေလိုမျိုး သဘာဝကျကျဖြေကြားပေးနိုင်အောင် ရေးသားထားတဲ့ ကွန်ပျူတာဆော့ဖ်ဝဲတမျိုးပါ။

ChatGPT ကိုဖန်တီးထုတ်လုပ်တဲ့အဖွဲ့ဟာ ၂၀၂၃ ခုနှစ်ဇန်နဝါရီလမှာ မိုက်ခရိုဆော့ကုမ္ပဏီဆီက ဒေါ်လာဘီလျံချီပြီး ရယူရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ဘီလ်ဂိတ်ကအဲဒီအဖွဲ့ရဲ့ အကြံပေးပါ။

ဉာဏ်တုနည်းပညာဟာ ဆယ်စုနှစ်တွေအတွင်း အသိသာဆုံးပြောင်းလဲမှုလို့ဘီလ်ဂိတ်ဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဘီလ်ဂိတ်ဟာ ChatGPT ကိုဖန်တီးသူအဖွဲ့နဲ့ ၂၀၁၆ ခုနှစ်ကတည်းက တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၂ ခုနှစ်မှာ A level အဆင့်ရှိတဲ့ AP ဇီဝဗေဒစာမေးပွဲကို ဖြေဆိုနိုင်တဲ့ ဉာဏ်တုဖန်တီးနိုင်မလားလို့ OpenAI အဖွဲ့ကို ဘီလ်ဂိတ်က စိန်ခေါ်ခဲ့ပါတယ်။

စာမေးပွဲဖြေဆိုရုံသက်သက် မေးခွန်းနဲ့အဖြေကို လေ့ကျင့်ပေးထားတာမျိုးလည်း မဖြစ်ရဘူးလို့ စည်းကမ်းသတ်မှတ်ခဲ့ပါတယ်။ OpenAI က အဲဒီစက်ရုပ်ကိုကောင်းကောင်း ရေးဆွဲနိုင်ခဲ့ပါတယ်။ အမှတ် ၅၀ မေးခွန်းကို စက်ရုပ်က ဖြေဆိုရာမှာ ၄၉ မှတ် ရခဲ့ပါတယ်။ အဲဒီစာမေးပွဲ ဖြေဆိုပြီးနောက် အဲဒီစက်ရုံကိုပဲ ဘီလ်ဂိတ်က စာတစောင်ရေးခိုင်းခဲ့ပါတယ်။ နေမကောင်းတဲ့သားက သူ့အဖေဆီရေးတဲ့စာပါ။ သာမန်လူတော်တော်များများရေးတာမျိုးထက် ပိုကောင်းအောင် စက်ရုပ်ကရေးနိုင်ခဲ့တယ်လို့ ဘီလ်ဂိတ်က ဆိုပါတယ်။

နောက်ထပ်တိုးတက်မှုတခုကတော့ ဂရပ်ဖစ်ဉာဏ်တုနည်းပညာပါ။ ဉာဏ်တုကို စာနဲ့စကားနဲ့ ခိုင်းစေရုံမကပဲ ရုပ်ပုံတွေကနေ တုံ့ပြန်ဆက်သွယ်နိုင်ဖို့ အဆင့်အထိ တိုးတက်လာတဲ့ နည်းပညာဖြစ်ပါတယ်။ GUI နည်းပညာလို့လည်း ခေါ်ပါတယ်။ Windows နဲ့ Mac ကိုလည်ပတ်တဲ့ ကွန်ပျူတာစနစ်မှာ ၁၉၈၀ လွန်နှစ်တွေကတည်းက စတင်ပြီး GUI ဂရပ်ဖစ်နည်းပညာကို ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ အဓိကအစိတ်အပိုင်းတခုအနေနဲ့ ပါဝင်ခဲ့ပါတယ်။

ChatGPT ကိုတုပယှဉ်ပြိုင်နိုင်ဖို့ Google Brad ကိုဖန်တီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ChatGPT ကိုတုပယှဉ်ပြိုင်နိုင်ဖို့ Google Brad ကိုဖန်တီး
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

Google ကဖန်တီးတဲ့ Google Brad ကတော့ အသက်ကန့်သတ်ချက်ရှိပါတယ်။ အသက် ၁၈ နှစ်ကျော်မှ သုံးခွင့်ပြုထားပါတယ်။ Google Brad မှာအမြင်တိမ်းစောင်းမှု၊ ဘက်လိုက်မှု ရှိနိုင်တယ်လို့လည်း ဝန်ခံသတိပေးထားပါတယ်။ လက်ရှိ တကယ့်ကမ္ဘာမှာရှိတဲ့ သတင်းအချက်အလက်တွေအပေါ်မှာ အခြေခံပြီး AI ကိုရေးဆွဲထားတာဖြစ်လို့ တကယ့် ကမ္ဘာပေါ်ကလူတွေရဲ့ ဘက်လိုက်တိမ်းစောင်းမှုတွေဟာ AI မှာလည်း ရှိနေမယ်လို့ ရိုးသားစွာဝန်ခံထားပါတယ်။ ရေးသားသူတွေရဲ့ကျင့်ဝတ်သဘောထား၊ ရေးသားသူတွေရဲ့စံနှုန်း၊ ရေးသားသူတွေရဲ့နိုင်ငံရေးအမြင်ဟာ AI အပေါ်ထင်ဟပ်မှာ ဖြစ်ပါတယ်။

ChatGPT ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ စတင်ဖြန့်ချိလိုက်တာဖြစ်ပြီး တပတ်အတွင်းမှာ သုံးစွဲသူ တသန်းကျော်သွားပါတယ်။ Google ကုမ္ပဏီဟာ သူတို့ရဲ့ Google Search egine အပေါ်ခြိမ်းခြောက်မှုလို့ မြင်ခဲ့ပြီးနောက် အခုတော့ သူတို့ကလည်း Google Brad ကိုစတင်လိုက်တာဖြစ်ပါတယ်။

မိုက်ခရိုဆော့ကလည်း သူ့ရဲ့ရုံးသုံးဆော့ဖ်ဝဲတွေဖြစ်ကြတဲ့ Excel, Word, Powerpoint တို့မှာပါ AI နည်းပညာကို အသုံးပြုသွားတော့မယ်လို့ ဆိုပါတယ်။

Google Brad ကတော့ သတိကြီးကြီးနဲ့ တလှမ်းချင်း ရှေ့တိုးလှမ်းနေပါတယ်။ အခုသူ့ရဲ့ Google Brad ကို အမေရိကန်နဲ့ ဗြိတိန်မှာသာ အသုံးပြုခွင့်ပေးထားပါသေးတယ်။ သုံးချင်သူဟာ စာရင်းသွင်း register လုပ်ပြီးမှ သုံးခွင့်ရမှာပါ။ အခု Google Brad ဟာသူအရင်ဖန်တီးခဲ့ဖူးတဲ့ Lamda ကနေ မွေးဖွားလာတာပါ။ Lamda ကတော့လူထုရှေ့မှောက် မရောက်လိုက်ခင်မှာပဲ ကွယ်ပျောက်သွားခဲ့ပါတယ်။

Google Brad ဟာစမ်းသပ်အဆင့်ပဲရှိပါသေးတယ်လို့ Google ရဲ့ထုတ်လုပ်ရေးညွှန်ကြားရေးမှူး ခရောချစ်က ဘီဘီစီကိုပြောပါတယ်။ လူတွေက AI ကိုဟီးရိုးအဖြစ်နဲ့ မီဒီယာပေါ်မှာပြောနေကြတယ်။ တကယ့်ဟီးရိုးက လူသားတွေပါ လို့လည်း သူကဆိုပါတယ်။

ဉာဏ်တုအနာဂတ်

အစိုးရတွေအနေနဲ့ AI ကိုလူတွေကတလွဲအသုံးမချနိုင်အောင် အန္တရာယ်ရှိနိုင်တဲ့ဟာတွေ မလုပ်ဖို့ တားမြစ်ကြပါလို့ ဘီလ်ဂိတ်က ဆော်သြပါတယ်။ ဒါပေမဲ့ နည်းပညာဟာ လူတွေရဲ့ဘဝကို ကယ်တင်ဖို့ အသုံးဝင်တဲ့အရာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ChatGPT ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာစတင်ခဲ့ပြီး တပတ်အတွင်း သုံးစွဲသူ ၁ သန်းရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဉာဏ်တုနည်းပညာသုံးစွဲမှုဟာ အသက် ၅ နှစ်အောက် သေဆုံးမှုနှုန်းမြင့်မားနေတဲ့ ဆင်းရဲတိုင်းပြည်တွေအတွက် အထူးသဖြင့် အရေးကြီးပါတယ်လို့လည်း ဘီလ်ဂိတ်က ရေးခဲ့ပါတယ်။

ဆင်းရဲတိုင်းပြည်တွေမှာ လူအများအပြားဟာ ဆရာဝန်ကိုမြင်တောင်မမြင်ဖူးကြပါဘူး။ ဉာဏ်တုနည်းပညာဟာ ကျန်းမာရေးလုပ်သားတွေကို အကူအညီပေးနိုင်ပြီး ပိုအလုပ်ဖြစ်လာပါလိမ့်မယ်လို့ သူက ဆိုပါတယ်။

ပုံစံတူအလုပ်ကို ထပ်ကာထပ်ကာလုပ်ရတဲ့နေရာမျိုးတွေမှာ ဉာဏ်တုနဲ့အစားထိုးလုပ်ကိုင်လာနိုင်မှာပါ။ ဥပမာ အာမခံကြေးတောင်းခံတဲ့အလုပ်မျိုး၊ စာရွက်စာတမ်းဖြည့်သွင်းရတာမျိုး၊ မှတ်စုလိုက်မှတ်ရတာမျိုးတွေပါ။

အဲသလိုနေရာတွေမှာ ဉာဏ်တုနည်းပညာကို အသုံးပြုနိုင်ဖို့ဆိုရင် အနာဂတ်မှာ ဉာဏ်တုနည်းပညာဟာ သတ်မှတ်ထားတဲ့အခြေအနေတခုအထိ ထိရောက်အောင်မြင်ဖို့လိုတယ်လို့ ဘီလ်ဂိတ်က ဆိုပါတယ်။

စျေးကွက်ယန္တရားဟာ ဉာဏ်တုနည်းပညာကို ဆင်းရဲသားတွေကူညီတဲ့နေရာမှာ အလိုလိုရောက်သွားဖို့ သိပ်မရှိပါဘူး။ သူနဲ့ဆန့်ကျင်ဘက်ဆီဦးတည်သွားဖို့သာရှိပါတယ်။ ဆင်းရဲသားတွေ အတွက် အကျိုးရှိဖို့ အကူအညီပေးနိုင်ဖို့ဆိုရင် မှန်ကန်တဲ့မူဝါဒချမှတ်ပြီး မှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုတွေကို အစိုးရတွေနဲ့ ပရဟိတသမားအလှူရှင်တွေက ဆောင်ရွက်ကြဖို့လိုပါတယ်လို့လည်း ဘီလ်ဂိတ်က ဆိုပါတယ်။

ကမ္ဘာကြီးရဲ့ အကြီးမားဆုံးပြဿနာတွေကိုဖြေရှင်းဖို့တွက် အကောင်းဆုံးဉာဏ်ပညာတွေကို လိုအပ်ပါတယ်။ အကြီးဆုံးပြဿနာတွေကို ဖြေရှင်းရေးမှာ ဉာဏ်တုနည်းပညာကို သုံးစွဲကြဖို့လိုပါတယ်လို့လည်း သူက ဆိုပါတယ်။