တိုက်ခိုက်ရေး ဒရုမ်းတွေက လေသူရဲမောင်းတဲ့တိုက်လေယာဉ်တွေကို စိန်ခေါ်ဖို့ပြင်

XQ-58A Valkyrie ဟာ တိုက်ခိုက်ရေး ဒရုမ်းလေယာဉ် ဥပမာ တခုဖြစ်

ဓာတ်ပုံ ရင်းမြစ်, Senior Airman Joshua Hoskins / USAF

ဓာတ်ပုံ ပုံစာ, XQ-58A Valkyrie ဟာ တိုက်ခိုက်ရေး ဒရုမ်းလေယာဉ် ဥပမာ တခုဖြစ်
    • ရေးသားသူ, ပေါလ် ရစ်ကန်
    • ရာထူးတာဝန်, သိပ္ပံ သတင်းအယ်ဒီတာ၊ ဘီဘီစီ သတင်းဝက်ဆိုဒ်

အမေရိကန်လေတပ်ဟာ လေသူရဲမောင်းနှင်မယ့် တိုက်လေယာဉ်နဲ့ အစွမ်းချင်းပြိုင်ဖို့ အဆင့်မြင့်မောင်းသူမဲ့ ဒရုမ်းလေယာဉ် တစီးကို ရွေးပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လကျရင် စမ်းသပ် စိန်ခေါ်ပွဲကို ပို့ပါလိမ့်မယ်။

ဒီစီမံကိန်းက တဖြည်းဖြည်းနဲ့ AI ဉာဏ်ရည်တုကိုသုံးမယ့် လေသူရဲမဲ့ တိုက်လေယာဉ်ကိုထုတ်လုပ်ဖို့ အထိဖြစ်လာနိုင်ပါတယ်။

အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က 'ပူးပေါင်း ဉာဏ်ရည်တု စင်တာ' အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ဂျက် ရှန်နက်ဟန်

က ဒီစမ်းသပ်ပွဲဟာ "ရဲရင့်လှတဲ့ အတွေးအမြင်" တခုလို့ ဆိုပါတယ်။

Air Force မဂ္ဂဇင်းကလည်း အလိုအလျောက် မောင်းနှင်မယ့် တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေ ထုတ်လုပ်ရေးဟာ စစ်တပ်အတွက်တော့ မထင်မှတ်နိုင်လောက်တဲ့ အောင်မြင်မှုကြီးလို့ ပြောပါတယ်။

ဒု ဗိုလ်ချုပ်ကြီး ရှန်နက်ဟန်က ဒီစီမံချက်ကို ဦးဆောင်နေတဲ့ လေတပ် သုတသန ဌာန (Air Force Research Laboratory - AFRL) က ဗိုလ်ကြီး စတိဗ် ရော်ဂျာနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ အီးမေးလ်တွေ အပြန်အလှန်ဆက်သွယ်ဖြစ်တယ်၊ AFRL ဌာနအနေနဲ့ "ဝေဟင် ကနေ ဝေဟင် ဆိုင်ရာအရေးတွေမှာ လူကထိန်းကျောင်းမောင်းနှင်တဲ့ စနစ်ကနေ အလိုအလျောက် စနစ်" ဆီ ကိုသွားနိုင်အောင် ကြိုးစားလိမ့်မယ်လို့ ဆိုပါတယ်။

အခု အဆင့်မှာတော့ AI ဉာဏ်ရည်တုတွေ အများအပြားသုံးမှာမဟုတ်ပေမယ့် အနာဂတ်ကာလမှာတော့ လူနဲ့ စက် တို့အတူလုပ်ဆောင်မှုတွေက သိပ်ကို ထူးခြားပြောင်းလဲမှုတွေ ဖြစ်လာစေမယ်လို့ သူက ပြောပါတယ်။

ဒရုမ်းအုပ်စု

၂၀၁၈ ခုနှစ်မှာ ဒီ စီမံကိန်းကို စတင်ကြေညာတုန်းကတည်းက လေသူရဲမဲ့ ဂျက် တိုက်လေယာဉ်တွေထုတ်လုပ်ဖို့ မျှော်မြင်ခဲ့ကြတာပါ။

အဲဒီ ရည်မှန်းချက်ကို ကိုင်စွဲထားတုန်းပဲလားလို့ Air Force မဂ္ဂဇင်းကမေးရာမှာတော့ ဒု ဗိုလ်ချုပ်ကြီး ရှန်နက်ဟန် က သူ မသိကြောင်းနဲ့ AI ဉာဏ်ရည်တုသုံးမယ့် စနစ်တွေကတော့ တနည်းတလမ်းနဲ့ အသုံးပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

"တောင်ပံဖျားတဘက်ထိပ်ကနေ နောက်တောင်ပံထိပ်အထိ ၆၅ ပေ လောက်ကြီးမယ့် တိုက်လေယာဉ်ကို ကျွန်တော်မစဉ်းစားသင့်သေးပါဘူး၊ ဒီဟာက သေးတဲ့ မောင်းသူမဲ့ လေယာဉ် ဖြစ်ပြီး စွမ်းဆောင်ရည်အများအပြားနဲ့ဖြစ်မှာပါ" လို့လည်း ရှင်းပြပါတယ်။

ဒီလို ဒရုမ်းလေယာဉ်အုပ်ကို လေသူရဲတယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာ ထားနိုင်သလို၊ သူ့တို့ဘာသာသူတို့လည်း လှုပ်ရှားစစ်ဆင်နိုင်မှာပါ။

အမေရိကန်လေတပ်က အဲဒီ စီမံကိန်းဟာ Skyborg လို့အမည်ရပြီး ဂျက်တိုက်လေယာဉ်မှူး တယောက်က တချိန်တည်းမှာပဲ တခြား ဒရုမ်းလေယာဉ်ကို ဘယ်လိုထိန်းချုပ်ကိုင်တွယ်မလဲဆိုတာကိုလည်း စမ်းသပ်တီထွင်နေပါတယ်။

အောင်မြင်ရင် လေကြောင်းတိုက်ပွဲမှာ ကိုယ့်တိုက်လေယာဉ် ဘေးကနေအဖော် ဝင်တိုက်တဲ့အင်အားတွေလည်း ဖြစ်လာမှာပါ။

အီလော်န်မက်စ် လို သုံးသပ်သူတချို့က မောင်းသူမဲ့ သူ့ဘာသာသူထိန်းချုပ်သွားမယ့် စနစ်ဟာ တိုက်လေယာဉ်တွေဘက်မှာ အကြီးအမားအပြောင်းအလဲပဲလို့ ဆို

ဓာတ်ပုံ ရင်းမြစ်, Tech. Sgt. William A Keele / USAF

ဓာတ်ပုံ ပုံစာ, အီလော်န်မက်စ် လို သုံးသပ်သူတချို့က မောင်းသူမဲ့ သူ့ဘာသာသူထိန်းချုပ်သွားမယ့် စနစ်ဟာ တိုက်လေယာဉ်တွေဘက်မှာ အကြီးအမားအပြောင်းအလဲပဲလို့ ဆို

ဒီ စီမံကိန်းတွေဟာ အမေရိကန် စစ်ရေးစွမ်းဆောင်ရည်တွေ ပိုတောင့်တင်းလာဖို့ အရေး AI ဉာဏ်ရည်တုသုံးတဲ့ နည်းလမ်းတွေကို အားဖြည့်ပေးစေတာပါ။

ဒါပေမဲ့ ရှန်နက်ဟန်က ရှိနှင့်နေပြီးသား စနစ်တွေကတော့ ညတွင်းချင်းပျောက်ကွယ်သွားမှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။

ဒီနှစ်အစောပိုင်းလောက်က ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒို မြို့မှာလုပ်တဲ့ စစ်ရေးဆိုင်ရာညီလာခံ တခုမှာ အီလော်န်မက်စ် က ဝင်ဆွေးနွေးရင်း "ဂျက် တိုက်လေယာဉ်တွေရဲ့ ခေတ်က ကုန်သွားပြီ" လို့ ပရိသတ်တွေကို ပြောခဲ့ပါတယ်။

မစ္စတာ မက်စ် က F-35 ဂျက်တိုက်လေယာဥ်တွေကို ပြိုင်လာမှာက ဒရုမ်းလို့ ဆိုခဲ့ပါတယ်။

ဒု ဗိုလ်ချုပ်ကြီး ရှန်နက်ဟန် က စီးပွားရေးလုပ်ငန်းကဏ္ဍက အလိုအလျောက်မောင်းနှင်မဲ့ကား ထုတ်လုပ်ရေးတွေကနေ အကောင်းဆုံး သင်ခန်းစာတွေကို စစ်တပ်အနေနဲ့ လေ့လာဖို့လိုတယ် လို့လည်း ပြောပါတယ်။

ဒါပေမဲ့ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေထဲ ကုမ္ပဏီ ၁၀ ခုလောက်ဟာ အမေရိကန် ဒေါ်လာ ၁၃ ဘီလျံကနေ ၁၇ ဘီလျံကြားပမာဏရှိတဲ့ငွေကို သုတေသနအတွက် ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းသုံးခဲ့ကြပေမယ့် Level 4 အလိုအလျောက် မော်တော်ယာဉ် ထုတ်နိုင်တဲ့အထိ မရောက်ခဲ့ကြသေးဘူးလို့ သူက သတိထားစရာပြောပါတယ်။

Level 4 မော်တော်ယာဉ်ဆိုတာကတော့ လုံခြုံစိတ်ချရရေးအတွက် လူသား မောင်းနှင်သူက အာရုံထား စောင့်ကြည့်ဖို့ မလိုအပ်တော့မယ့် ယာဉ်ဖြစ်ပါတယ်။