လက်ပံတောင်းစီမံကိန်း ကုန်ကြမ်းယာဉ်တန်း ဘယ်လိုတိုက်ခိုက်ခံရလဲ

တရုတ်အကောင်အထည်ဖော်နေတဲ့ လက်ပံတောင်းစီမံကိန်း ကုန်ကြမ်းယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ယောက်

ဓာတ်ပုံ ရင်းမြစ်, Brave Heart Army- BHA

ဓာတ်ပုံ ပုံစာ, တရုတ်အကောင်အထည်ဖော်နေတဲ့ လက်ပံတောင်းစီမံကိန်း ကုန်ကြမ်းယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ယောက်

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမှာရှိတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဟာ ပဋိပက္ခတွေနဲ့ ယဉ်ပါးနေတဲ့ စီမံကိန်းလို့တောင် ဆိုနိုင်ပါတယ်။

မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် တရုတ်ကုမ္ပဏီ ဝမ်ပေါင်တို့ အကျိုးတူပူးပေါင်းထားတဲ့ဒီစီမံကိန်းဟာ အရပ်သားအစိုးရလက်ထက်မှာလည်း ဆန္ဒပြမှုတွေကြုံရသလို အာဏာသိမ်းပြီးနောက်မှာလည်း မကြာခဏတိုက်ခိုက်ခံရပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း စီမံကိန်းအတွက် ကုန်ကြမ်းတွေနဲ့ လုံခြုံရေးတွေပါတဲ့ ကားအစီးရေ ၅၀ နီးပါးပါ ယာဥ်တန်း တိုက်ခိုက်ခံခဲ့ရပါတယ်။

ယာဥ်တန်းတိုက်ခိုက်ခံရအပြီးမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အစစ်အဆေးတင်းကျပ်ပြီး တပ်ဖြန့်မှုတွေ စလုပ်လာပါတယ်။

ဘယ်လို တိုက်ခိုက်ခံခဲ့ရလဲ

မုံရွာ-ချောင်းဦး လမ်းပိုင်းပေါ်မှာ တိုက်ခိုက်ခံရတဲ့ လက်ပံတောင်းစီမံကိန်းယာဉ်တွေ

ဓာတ်ပုံ ရင်းမြစ်, Brave Heart Army- BHA

ဓာတ်ပုံ ပုံစာ, မုံရွာ-ချောင်းဦး လမ်းပိုင်းပေါ်မှာ တိုက်ခိုက်ခံရတဲ့ လက်ပံတောင်းစီမံကိန်းယာဉ်တွေ

ရန်ကုန်ဆိပ်ကမ်းကနေ ဆာလ်ဖျူရစ်အက်ဆစ်တွေ သယ်ဆောင်လာတဲ့ ယာဉ်တန်းကို မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဆက်တိုက်ပစ်ခတ် တိုက်ခိုက်ကြတာ ဖြစ်ပါတယ်။

ပစ်ခတ်သံတွေ ရပ်သွားချိန်မှာတော့ ကတ္တရာလမ်းမပေါ်မှာ တုံးလုံးလဲနေတဲ့ ကားတစ်စီးနဲ့ ရှေ့ဆက်မသွားတော့ဘဲ ရပ်နေတဲ့ ကားတစ်စီးကို ရုပ်သံမှတ်တမ်းမှာ တွေ့ရပါတယ်။

ကြားဖြတ်တိုက်ခိုက်တဲ့ ရုပ်သံဖိုင်ကို ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၄ လက်ရုံးတပ် (Brave Heart Army- BHA) က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီအဖွဲ့နဲ့အတူ Chindwin Fighter Group(CFG)၊ Golden Peacock Attack Force တို့ကလည်း ပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲဒီယာဉ်တန်းဟာ တွဲကား ၂၈ စီး၊ စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ က ထွက်လာတဲ့ ၁၈ စီး၊ Jammer တင်ဆောင်လာတဲ့ ကား ၅ စီး စုစုပေါင်း အစီးရေ ၅၀ ကျော်ပါတယ်လို့ သိရပါတယ်။

"ကားကြီးက မှောက်သွားတာဟ။ နောက်ကကားက Jammer ကား" ဆိုပြီး တော်လှန်ရေးအဖွဲ့ဝင်တွေက ကားဆီကို ဦးတည်ပြေးသွားကြပါတယ်။

"ကားပေါ်ဘယ်သူပါတုန်း၊ ထွက်ပြေးမယ်မကြံနဲ့နော်။ ထွက်ပြေးရင်ပစ်လိုက်မယ်" ဆိုပြီး ကားပေါ်က ဆင်းလာသူတွေကို ပြောတာကိုလည်း တွေ့ရပါတယ်။

အဲဒီကြားဖြတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီရဲ့ ပို့ဆောင်ရေးဌာနဝန်ထမ်း ရုံးစာရေးကြီး တစ်ယောက် အပါအဝင် ဝန်ထမ်း ၃ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီး ဒဏ်ရာရသူ ၅ ယောက်လောက်ရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီဖမ်းဆီးရမိတဲ့သူတွေကို ဘယ်လိုဆက်လုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်းဖို့အတွက် ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၄ လက်ရုံးတပ် (Brave Heart Army- BHA) ကို ဘီဘီစီက ဆက်သွယ်ထားပေမဲ့ မရသေးပါဘူး။

တရုတ်စီမံကိန်းအတွက် ကုန်ကြမ်းတွေသယ်လာတဲ့ ဒီယာဉ်တန်းဟာ တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

မုံရွာခရိုင်၊ အမှတ် ၁၅ တပ်ရင်းကလည်း မုံရွာ-မန္တလေး လမ်းပေါ်က ချောင်းဦး-မြင်းမူလမ်းပိုင်း ထဲမှာပဲ ဖေဖော်ဝါရီ ၁၉ ရက် နေ့လယ် ၁၂ ခွဲလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်လို့ တပ်ရင်းမှူး ပျံလွှားက ပြောပါတယ်။

ဒါပေမဲ့ မိုင်းချို့ယွင်းချက်ဖြစ်တာ၊ မိုင်းအားပျော့တာကြောင့် ယာဉ်တန်းမှာ အထိအခိုက်ကြီးကြီးမားမား မရှိခဲ့ဘူးလို့ ပြောပါတယ်။

"လုံခြုံရေးယူလာတဲ့ ကားတွေဆိုရင် မိုင်းစတွေကို ခံနိုင်တဲ့ သံပြားတွေကာထားတာ၊ မိုင်းကလည်းပျော့တော့ မိုင်းက ပေါက်တော့ ပေါက်ပေမဲ့ ကားကို ရပ်တန့်သွားအောင်တော့ မလုပ်နိုင်ခဲ့ကြဘူး"လို့ တပ်ရင်းမှူး ပျံလွှားက ပြောပါတယ်။

Brave Heart Army- BHA အဖွဲ့က နေ့လယ် ၁ နာရီ ၁၅ မိနစ်မှာ ကြားဖြတ်တိုက်ခိုက်တာဖြစ်ပါတယ်။

" စစ်ကောင်စီထိပ်ပိုင်းနဲ့ တရုတ်နိုင်ငံအတွက်ပဲ အကျိုးရှိတဲ့ စီမံကိန်းဖြစ်တယ်။ စစ်ကောင်စီရဲ့ ထောက်တိုင်စီမံကိန်းဖြစ်တဲ့အတွက် ကြားဖြတ် တိုက်ခိုက်တာ"လို့ ဆားလင်းကြီးမြို့နယ် မြောက်ယမားအဖွဲ့က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

BHA က ထုတ်ပြန်ချက်တွေအရနဲ့ တော်လှန်ရေးအဖွဲ့တွေ ပြောကြားချက်အရ လက်ပံတောင်း ကြေးနီစီမံကိန်းမှာ သုံးမယ့် အက်ဆစ်တွေကို သယ်လာချိန်၊ လက်ပံတောင်း စီမံကိန်းက ထွက်လာတဲ့ ကြေးနီတွေကို သယ်ပို့ချိန်တွေမှာ ၂၀၂၄ ခုနှစ်အတွင်းသာမက ၂၀၂၅ ခုနှစ် နှစ်စပိုင်းအထိ ကြားဖြတ်တိုက်ခိုက်တာ၊ မိုင်းဆွဲတိုက်ခိုက်တာတွေ တွေ့ရပါတယ်။

ဒါကြောင့်လည်း စစ်ကိုင်းမြို့မှာ တပ်စွဲထားတဲ့ ခြေမြန်တပ်မ ၃၃ က အများဆုံး လုံခြုံရေး ယူပေးတယ်လို့လည်း သိရပါတယ်။

တိုက်ခိုက်ခံရပြီးနောက် အစစ်အဆေးတင်းကျပ်

တရုတ်အကောင်အထည်ဖော်နေတဲ့ လက်ပံတောင်းစီမံကိန်း ကုန်ကြမ်းယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, Brave Heart Army- BHA

ဓာတ်ပုံ ပုံစာ, တရုတ်အကောင်အထည်ဖော်နေတဲ့ လက်ပံတောင်းစီမံကိန်း ကုန်ကြမ်းယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ

တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားပါဝင်နေတဲ့ လက်ပံတောင်းစီမံကိန်းယာဉ်တွေ ဖြတ်သွားတဲ့အခါတိုင်း တိုက်ခိုက်ခံနေရတာကြောင့် မသွားခင်မှာ မိုင်းကြိုရှင်းတာတွေ ရှိလာသလို တိုက်ခိုက်ခံရပြီးရင်လည်း လုံခြုံရေး တင်းကျပ်လာတယ်လို့လည်း ဒေသခံတွေနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေက ပြောပါတယ်။

မိုင်းရှင်းလင်းရေး အဖွဲ့တွေက မိုင်းရှာတွေ့တဲ့အခါမှာ တော်လှန်ရေးအဖွဲ့တွေ အချိန်ကိုက် ဖောက်ခွဲလို့မရအောင် လမ်းမှာဖြတ်သွားတဲ့ ခရီးသည်တင်ကားပေါ်က ခရီးသည်တွေကို ဆင်းခိုင်းပြီး မိုင်းရှင်းလင်းရေး လုပ်တဲ့နေရာနားမှာ နေခိုင်းတယ်လို့ တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

"ကျွန်တော်တို့က ပြည်သူကို အထိအခိုက်မခံတာကို သူတို့ကသိတယ်။ ကျွန်တော်တို့ကလည်း ပြည်သူတွေ မိုင်း အနားမှာရှိတော့ မဖောက်ခွဲဖြစ်တော့ဘူး။ လက်လွှတ်လိုက်ရတာတွေရှိတယ်"လို့ ပျံလွှားက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက် တရုတ်စီမံကိန်း ယာဉ်တန်းတွေ တိုက်ခိုက်ခံရအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ဘေးတစောင်းလဲနေတဲ့ ကားတွေကို ပြန်ပြီးသယ်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ မုံရွာ-မန္တလေး လမ်းတလျှောက် မုံရွာမြို့နယ်ဝန်းကျင်မှာလည်း ခရီးသွားလာသူတွေကို စစ်ဆေးတာ၊ မသင်္ကာရင် စစ်ဆေး ဖမ်းဆီးတာတွေ ရှိလာတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

"အဲဒီနေ့မှာပဲ တရုတ်စီမံကိန်းယာဉ်တန်း မိုင်းဆွဲခံရပြီး သိပ်မကြာဘူး လက်နက်ကြီးနဲ့ပစ်လို့ ကံကုန်းရွာက ဒေသခံတစ်ယောက် ဒဏ်ရာရတယ်"လို့ သူက ပြောပါတယ်။

ကြေးနီစီမံကိန်းက ယာဉ်တွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကြောင်းထိုးမှာကြောက်လို့ လက်ပံတောင်း စီမံကိန်းရှိတဲ့ ဆားလင်းကြီးမြို့နယ်ထဲက ကံကုန်း၊ ဒုံးတော၊ ဂုံတော ရွာ အပါအဝင် ၁၂ ရွာလောက်က ဒေသခံတွေတိမ်းရှောင်နေကြရပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်မှာဆိုရင် ကြေးနီစီမံကိန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ယာဉ်တန်းတွေဟာ ဆားလင်းကြီးမြို့နယ်ထဲကို ထွက်လာကြတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေး အရင်းအမြစ်တွေဆီကနေ သိရပါတယ်။

"ဒေသခံတွေကတော့ ကြိုရှောင်ထားကြတယ်။ စစ်ကြောင်းက ဘယ်ဝင်မလဲတော့ မသိဘူး။ အခုတော့ စစ်ရှောင်တွေကို ကူညီနေရတယ်" လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဖုန်းပြောရင်း တိုက်လေယာဉ်သံကြားလို့ အမြန်ဖုန်းချသွားပါတယ်။

ဒီရက်ပိုင်းအတွင်းမှာလည်း မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေလည်း စက်တပ်လေထီးတွေ နေ့တိုင်းနီးပါး တက်လာတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

ဘယ်လိုသက်ရောက်လာနိုင်လဲ

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းယာဉ်တန်းတွေဟာ မကြာခဏ မိုင်းဆွဲ၊ ပစ်ခတ်ခံရလို့ သံပြားတွေကာရံတပ်ဆင်ထားတဲ့ကားတွေကို အသုံးပြုနေရတာဖြစ်ပါတယ်။

Brave Heart Army- BHA အဖွဲ့က ပြီးခဲ့တဲ့ သုံးလအတွင်း ကုန်ကြမ်းယာဉ်တန်း လေးကြိမ်တိုက်ခိုက်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီတစ်ကြိမ်တိုက်ခိုက်မှုကတော့ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေကို ထုတ်ပြန်ပြီး နောက်တစ်ရက်မှာ ဖြစ်ပါတယ်။

တရုတ်အစိုးရက စစ်ကောင်စီနဲ့ တွေ့ဆုံချိန်တိုင်း မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်နေတဲ့ တရုတ်စီမံကိန်းတွေကို ကာကွယ်ပေးဖို့ ဆက်တိုက်ဆိုသလို ပြောဆိုနေတဲ့ အတွက် ဒီတိုက်ခိုက်ခံရမှုက တရုတ်လုံခြုံရေးကုမ္ပဏီတွေ အမြန်ဖွဲ့ဖို့ အကြောင်းပြချက်ဖြစ်လာနိုင်တယ် လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

ဥပဒေသစ်အရ တရုတ်နဲ့ စစ်ကောင်စီတို့က နှစ်နိုင်ငံ ပူးပေါင်းပြီး လုံခြုံရေး ကုမ္ပဏီထည်ထောင်ဖို့ အလားအလာတွေ ရှိလာပါတယ်။

ဒီအခြေအနေတွေအရ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ရှိရာ မုံရွာမြို့နဲ့ ချင်းတွင်းမြစ်သာခြားတဲ့ ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းစီမံကိန်းအတွက်လည်း တရုတ်လက်နက်ကိုင်တွေ ဝင်လာခွင့် ရလာနိုင်တယ်လို့လည်း တော်လှန်ရေးအဖွဲ့တွေက သုံးသပ်ထားပါတယ်။

"တရုတ်က သူတို့အကျိုးစီးပွား ကာကွယ်ဖို့ အကြောင်းပြချက်နဲ့ တရုတ်လက်နက်ကိုင်တွေ ထည့်သွင်းလာမှာပဲ။ ပြီးရင် နည်းပညာတွေ၊ လက်နက်တွေကို တရုတ်က ပေါ်ပေါ်တင်တင် ထောက်ပံ့တော့မှာ။ ကျွန်တော်တို့မှာတော့ နည်းပညာရော ၊ လက်နက်ရော အခက်အခဲ ပိုဖြစ်သွားမှာပေါ့"လို့ မုံရွာခရိုင်၊ အမှတ် ၁၅ တပ်ရင်းမှူး ပျံလွှားက ပြောပါတယ်။

လက်ပံတောင်းစီမံကိန်းယာဉ်တန်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူထံ ဘီဘီစီက ဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ အဆက်အသွယ်မရခဲ့ပါဘူး။