လက်ပံတောင်းတောင်ကြေးနီစီမံကိန်း - ခြံစည်းရိုး ခတ်ခံရတဲ့ ဝက်မှေးရွာဟောင်းဒေသခံတွေ

လက်ပံတောင်း ကြေးနီ စီမံကိန်း မှာ လျော်ကြေး မယူရသေး တဲ့မြေတွေကို ဝမ်ပေါင် ကုမ္ပဏီက ၂၀၁၅ ခုနှစ်က ခြံစည်းရိုး ခတ်ခဲ့စဥ်

ဓာတ်ပုံ ရင်းမြစ်, KT

ဓာတ်ပုံ ပုံစာ, လက်ပံတောင်း ကြေးနီ စီမံကိန်း မှာ လျော်ကြေး မယူရသေး တဲ့မြေတွေကို ဝမ်ပေါင် ကုမ္ပဏီက ၂၀၁၅ ခုနှစ်က ခြံစည်းရိုး ခတ်ခဲ့စဥ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ နာမည်ကျော် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆိတ်ဆိတ်ငြိမ်နေခဲ့ပေမဲ့ အခုနှစ် ဩဂုတ် ၃ ရက်နေ့ကစလို့ အသက် ပြန်ဝင်လာပါတယ်။

တရုတ်ပိုင် ဝမ်ပေါင်ကုမ္ပဏီဟာ သူတို့ရဲ့ ကြေးနီစီမံကိန်းအနီးတဝိုက်ကို ခြံစည်းရိုးအသစ်ခတ်နေတာပဲ ဖြစ်ပါတယ်။ စီမံကိန်းရဲ့ အရှေ့တည့်တည့်မှာရှိနေတဲ့ ဝက်မှေးရွာဟောင်းကို ငုံပြီး ခြံစည်းရုံးခတ်နေတာလို့ ဒေသခံတွေဆီက သိရပါတယ်။

ဝမ်ပေါင်ကုမ္ပဏီခြံစည်းရိုးခတ်နေတာကို စစ်ကောင်စီအင်အား ရာနဲ့ချီပါ ပါဝင်ပြီးလုံခြုံရေးယူပေးနေတာ လို့လည်း မျက်မြင်တွေက ပြောပါတယ်။

“သုံးရက်နေ့ ညနေပိုင်းကစပြီး ခြံစည်းရိုးစခတ်တာ။ မြေလျော်ကြေးယူထားတဲ့ မြေတွေရော၊ မယူထားတဲ့ မြေတွေရော အကုန်‌ရောပြီးခတ်ပစ်တာ” လို့ မြေပြင်မှာရှိနေတဲ့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဝက်မှေးရွာဟောင်းရဲ့ မြောက်ဘက်မှာရှိတဲ့ ကျော်ရွာတံတားကနေစပြီးတော့ ဝမ်ပေါင်မြေစာပုံရဲ့ အရှေ့ကိုဖြတ်၊ လျှပ်စစ်ရုံးဘေးကနေကပ်ပြီး ရွာကိုခြုံ ခြံခတ်နေတာ လို့ သူက ဆက်ပြောပါတယ်။

ဝက်မှေးတစ်ရွာလုံးကို ခြုံငုံပြီး ခြံစည်းရိုးခတ်လိုက်တဲ့ သဘောပါပဲ လို့ သူက ရှင်းပြပါတယ်။။

၂၀၂၃ခုနှစ်၊ သြဂုတ် ၆ ရက် လက်ပံတောင်းတောင်မြင်ကွင်း။

ဓာတ်ပုံ ရင်းမြစ်, ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေး

ဓာတ်ပုံ ပုံစာ, ၂၀၂၃ခုနှစ်၊ သြဂုတ် ၆ ရက် လက်ပံတောင်းတောင်မြင်ကွင်း။

ခြံစည်းရိုးခတ်တာ သုံးရက်မြောက်ဖြစ်တဲ့ ဩဂုတ်လ ၆ ရက်မနက်အစောမှာတော့ ရွာရဲ့ အရှေ့တောင်ဘက်က ရွှေလှေရွာဘက်ကို ထွက်တဲ့အခြမ်းမှာပဲ ထွက်ပေါက်ရှိတော့တယ်လို့ ဝမ်ပေါင်ကုမ္ပဏီရဲ့ ခြံစည်းရိုးခတ်တဲ့ အနေအထားကို သူက ဆက်ပြောပါတယ်။ ရွှေလှေရွာကတော့ ခြံစည်းရိုးအခတ်ခံရတဲ့ထဲ မပါဝင်ပါဘူး။

“ဒီနေ့ဆိုရင် တစ်ပေါက်ထဲကျန်တော့တဲ့ ရွှေလှေရွာဘက်ထွက်တဲ့အပေါက်ကိုပါ ထပ်ပိတ်ဖို့ ကြိုးစားနေတာ” ဩဂုတ်လ ၆ ရက်နေ့ မနက်အစောပိုင်းအခြေအနေကို ဝက်မှေးဒေသခံတစ်ဦးက ပြန်ပြောပြတာပါ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရွာတစ်ရွာလုံး စီမံကိန်းထဲမှာ ပိတ်မိသွားမှာစိုးရိမ်တာကြောင့် အသက်ကြီးရင့်သူတွေနဲ့ ကလေးငယ်တွေကို ရွာ့အပြင်ပြောင်းရွှေ့ဖို့ နေ့လယ်ပိုင်းမှာသူတို့ ကြိုးစားခဲ့ကြပါတယ်။ ရလဒ်ကတော့ ခြံစည်းရိုးခတ်နေတာရဲ့ ခပ်လှမ်းလှမ်းကို ဒေသခံတွေရဲ့ ဆိုင်ကယ်ရောက်ချိန်မှာပဲ လုံခြုံရေးပေးနေတဲ့ စစ်ကောင်စီတပ်သားတွေက သေနတ် နှစ်ချက်ပစ်ခဲ့တာကို ကြုံခဲ့ရပါတယ်။

“ရွာ့အပြင်ကို ဆိုင်ကယ်နဲ့ ထွက်ဖို့လုပ်တာကမိန်းကလေးတွေနော်။ ကလေးမလေးရယ်၊ အဒေါ်ကြီး တစ်ယောက်ရယ် ထွက်ဖို့လုပ်တာ။ တစ်ချက်က ကလေးခြေသလုံးကို ရှပ်ပြီးတော့ ဆိုင်ကယ်ကိုမှန်တယ်၊ တစ်ချက်က ဆိုင်ကယ်ခြင်းကိုမှန်တာ” လို့ ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်ကို သိရှိသူတစ်ယောက်ကပြောပါတယ်။

အဲဒီဖြစ်စဉ်ပြီးတဲ့နောက် ရွှေလှေရွာဘက်ထွက်ပေါက်ပိတ်ဆို့တာကို ရပ်နားလိုက်ကြပေမဲ့ ဩဂုတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းအထိ ကုမ္ပဏီဘက်က ဒေသခံတွေဆီ အခုလိုလုပ်ရတဲ့ အကြောင်းအရင်းလာရောက် ရှင်းပြတာမျိုးမရှိပါဘူး။

“ကျုပ်တို့အကုန်လုံးကတော့ သူတို့လာပြောပြရင် အဆင်သင့်ဖြစ်အောင် ရွာထဲမှာပဲ စောင့်နေကြတယ်” လို့ ဒေသခံက ပြောပြပါတယ်။

ဒီလိုစောင့်မျှော်နေကြတဲ့ ဝက်မှေးရွာခံတွေဆီ စစ်ကောင်စီတပ်တွေက ညနေ ၃ နာရီမှာ ရောက်လာခဲ့ကြပါ တယ်။

စစ်တပ်နှင့် မဆိုင်၊ ဝမ်ပေါင်နဲ့သာဆိုင်၏

ဝမ်ပေါင်ကြေးနီစီမံကိန်းကို တောင်သူလယ်သမားတွေ ၂၀၁၆ ခုနှစ်က ဆန္ဒပြခဲ့ကြစဉ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဝမ်ပေါင်ကြေးနီစီမံကိန်းကို တောင်သူလယ်သမားတွေ ၂၀၁၆ ခုနှစ်က ဆန္ဒပြခဲ့ကြစဉ်။

ခြံစည်းရိုးခတ်နေပေမဲ့ ဝက်မှေးရွာဟောင်းကို မစွန့်ခွာဘဲ ကျန်နေခဲ့တဲ့ ဒေသခံဆယ်နဲ့ချီက စစ်ကောင်စီတပ်နဲ့ ရွာဦးဘုန်းကြီးကျောင်းမှာ တွေ့ခဲ့ကြပါတယ်။

“ဒါက စစ်တပ်နဲ့မဆိုင်ဘူး၊ ကုမ္ပဏီနဲ့ပဲဆိုင်တာ” လို့ စစ်ဝတ်စုံဝတ်ထားတဲ့ စစ်တပ်အရာရှိပြောသွားတဲ့ အကြောင်း နီးစပ်သူတွေက ပြောကြပါတယ်။

ဝက်မှေးရွာဟောင်းထဲမှာ ကျန်ရစ်ခဲ့တဲ့ အိမ်ထောင်စုအရေအတွက်ကို စစ်ကောင်စီက ဗလာစာအုပ်နဲ့ စာရင်းမှတ်သွားခဲ့ပါတယ်။ အခု ဝက်မှေးရွာသားတွေ ရင်ဆိုင်နေရတဲ့အခြေအနေအတွက် ဘာလုပ်ဆောင်ပေးမလဲဆိုတာတော့ စစ်တပ်ကပြောမသွားခဲ့ပါဘူး။

“သူတို့အနားမှာ ရှိနေမယ်တဲ့၊ ဒီကိစ္စတွေကတော့ ကုမ္ပဏီနဲ့ ပြောရမှာတဲ့”

တစ်ရွာလုံးသာမက ပဲစင်းငုံတွေစိုက်ပျိုးဆဲ တောင်ယာတွေကိုပါ ခြံစည်းရိုးခတ်ခံခဲ့ရတဲ့ ဝက်မှေးဒေသခံက စိတ်လှုပ်ရှားနေသံနဲ့ ဘီဘီစီကို ပြောပြပါတယ်။

သြဂုတ်လ ၅ ရက်နေ့ ညနေ ၆ နာရီမှာတော့ ဝက်မှေးရွာတခုလုံးကိုပါ ခြံစည်းရိုးအပြီးခတ်သွားခဲ့ပြီလို့ သိရပါတယ်။

“ကျုပ်တို့မှာ အထဲမှာကျန်ခဲ့တဲ့ ရွာသားတွေကိုလည်းပူရ၊ အပြင်ကိုရွှေ့ထားတဲ့ ကလေးငယ်တွေ အသက်ကြီးသူတွေကိုလည်း ပူရနဲ့”“ကိုယ်ပိုင်မြေမှာ နိုင်ထက်စီးနင်းလုပ်ခံနေရတာ” လို့ ဝက်မှေးရွာခံတစ်ဦးက ဆိုပါတယ်။

ရက်ပိုင်းအတွင်း ပိုင်ဆိုင်မှုပျောက်ဆုံးသွားကြတဲ့ ဝက်မှေးရွာဟောင်း ဒေသခံတွေအတွက် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း တာဝန်ခံလုပ်ကိုင်တဲ့ဝမ်ပေါင်ကုမ္ပဏီနဲ့ရော အာဏာပိုင်တွေနဲ့ပါ ကတောက်ကဆဖြစ်ရတာဟာ အခုမှပထမဆုံး အကြိမ်မဟုတ်ပါဘူး။

ကြေးနီစီမံကိန်းကြောင့် ဖယ်ရှားခံရတဲ့ ဝက်မှေးရွာ

ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေ အသိမ်းခံရသူတွေ ၂၀၁၂ ခုနှစ်က ဆန္ဒပြခဲ့ကြစဉ်
ဓာတ်ပုံ ပုံစာ, ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေ အသိမ်းခံရသူတွေ ၂၀၁၂ ခုနှစ်က ဆန္ဒပြခဲ့ကြစဉ်
ဆားလင်းကြီး မြို့နယ် တွင်းက ကျေးရွာ တွေမှာ သံဃာ တွေနဲ့ ဒေသခံ တွေကို ၂၀၁၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခဲ့စဉ်။
ဓာတ်ပုံ ပုံစာ, ဆားလင်းကြီး မြို့နယ် တွင်းက ကျေးရွာ တွေမှာ သံဃာ တွေနဲ့ ဒေသခံ တွေကို ၂၀၁၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခဲ့စဉ်။

အခုလို အငြင်းပွားဖွယ်ရာကိစ္စတွေဟာ ၂၀၁၀ ပြည့်နှစ်ကနေစတင်လာတာ ဒီကနေ့အချိန်အထိ ဆယ်စုနှစ်တစုကျော်လာပြီလို့ လက်ပံတောင်းတောင်ဒေသခံတွေက ပြောကြပါတယ်။

မြေယာသိမ်းမှု၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကစလို့ ကြေးနီစီမံကိန်းတစ်ခုလုံး ရပ်တန့်ပေးဖို့တောင်း ဆိုခဲ့တဲ့ လက်ပံတောင်းတောင်သပိတ်နဲ့ ဝက်မှေးရွာဆိုတာလည်း ခွဲခြားလို့မရပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ကြေးနီတောင်စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဒီစီမံကိန်းကို မရပ်ဖို့ ၂၀၁၃ ခုနှစ်မှာ အစီရင်ခံစာထွက်လာခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၃ ခုနှစ်၊ မတ်လကစလို့ မြေယာလျော်ကြေးတွေစပေးခဲ့ပါတယ်။

အခု ၂၀၂၃ခုနှစ်မှာ ခြံစည်းရိုးခတ်ခံရတဲ့ ဝက်မှေးရွာဆိုတာဟာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် ရွှေ့ပြောင်းရမယ့် ကျေးရွာ လေးရွာထဲက တစ်ရွာဖြစ်ပြီး ဒေသခံအများစုရွှေ့ပြောင်းသွားတာကြောင့် ရွာဟောင်းလို့ လူသိများကြပါ တယ်။

ဒီရွာမှာ မြေယာလျော်ကြေးကိုမယူဘဲ အိမ်ထောင်စု ၃၀ ကျော်နေထိုင်နေကြဆဲပါ။

“ရွှေ့ရမှာက ဝက်မှေး၊ ဆည်တည်း ၊ ဇီးတော၊ ကံတော လေးရွာပါ။ နှစ်ရွာကရွှေ့သွားပြီ ဝက်မှေးနဲ့ ဆဆည်တည်း ပဲ ရွာဟောင်းကျန်တော့တာ။ ဝက်မှေးဆိုလည်း အိမ်ခြေ ၁၀၀ ကျော်က အခု ၃၀ ကျော်ပဲကျန်တာ”

“အခုခြံခတ်တာက ဆည်တည်း မပါသေးဘူး၊ ဝက်မှေးကိုပဲလုပ်တာ” လို့ မြေပြင်မှာရှိနေတဲ့ လက်ပံတောင်းတောင်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါကြောင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတဝိုက်မှာ ဒီရွာဟောင်း နှစ်ရွာသာ ကျန်ရှိပြီး ကတ္တရာလမ်းကျော်သွားမှသာ ထန်းတော၊ ညောင်ပင်ကြီးစတဲ့ကျေးရွာတွေကို ရောက်ရှိမှာဖြစ်ပါတယ်။

“အခုအခြေအနေက သံစည်းကြိုးအခိုင်အမာနဲ့ မြေတွေကိုတင်မဟုတ်ဘူး၊ ရွာကိုပါ သိမ်းပြီး သော့ခတ်လိုက်တာ။ လူတွေရှိတာ တောင်ယာလုပ်နေတာမြင်ရက်နဲ့ သက်သက်လုပ်တာ”

“ဒီနေ့ဆိုရင် စစ်တပ်အင်အား နှစ်ရာလောက်ရှိတယ်။ ခြံစည်းရိုးခတ်တဲ့ နားတင်မဟုတ်ဘူးနော်၊ ရွာအစပ်တွေမှာလည်း ကင်းပုန်းတွေရှိနေတာ” လို့ မျက်မြင်ဒေသခံတစ်ဦးက ဆိုပါတယ်။

ဒေသခံတွေအပြောအရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဝမ်ပေါင်ကုမ္ပဏီကို လုံခြုံရေးပေးတာဟာ အခု ခြံစည်းရိုးခတ်ချိန်မှမဟုတ်ဘဲ စစ်အာဏာသိမ်းစကတည်းက စီမံကိန်းထဲ တပ်စွဲထားတာပါ။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဟာ တရုတ်ပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ရဲ့ စီးပွားရေးဖြစ်တဲ့ ဦးပိုင်ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေကြတာလည်းဖြစ်ပါတယ်။

ဘာကြောင့် ခြံစည်းရိုးခတ်ရတာလဲ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အကာအကွယ်ပေးဖို့ စီမံကိန်းထဲမှာ လုံခြုံရေး ယူပေးကြ

ဓာတ်ပုံ ရင်းမြစ်, KT

ဓာတ်ပုံ ပုံစာ, လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အကာအကွယ်ပေးဖို့ စီမံကိန်းထဲမှာ လုံခြုံရေး ယူပေးကြ

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အကာအကွယ်ပေးဖို့ စီမံကိန်းထဲမှာ လုံခြုံရေး ယူပေးကြသလို ဘေးပတ်လည်မှာရှိတဲ့ ရွှေလှေ၊ လယ်တီစတဲ့ ရွာတွေမှာလည်း ရဲကင်းတွေနဲ့ အထိုင်ချနေကြတာပါ။

ဒီလို စစ်ကောင်စီတပ်အင်အားအလုံးအရင်းရှိနေတဲ့ ဝမ်ပေါင်စီမံကိန်းနေရာကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ က မကြာခဏ တိုက်ခိုက်လေ့ရှိပါတယ်။

“အာဏာသိမ်းပြီးနောက်ပိုင်း ဝမ်ပေါင်ကုမ္ပဏီကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မကြာခဏ တိုက်ခိုက်မှုတွေရှိနေတာကြောင့် မူလအုတ်တံတိုင်းကို ထပ်ကာရံပြီး ခြံစည်းရိုးထပ်ခတ်တာလို့ ထင်တယ်” လို့ ဆားလင်းကြီးဒေသမှာ တော်လှန်ရေးလှုပ်ရှားနေသူတစ်ဦးက ပြောပါတယ်။

“ဝမ်ပေါင်ကုမ္ပဏီကို တစ်ခါလာတိုက်ခိုက်ရင် သူတို့ (စစ်ကောင်စီတပ်)တွေက ရွာတွေကို မီးရှို့တယ်” လို့ စစ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ခွဲကာလအတွင်း လက်ပံတောင်းတောင်ဒေသက စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ သူကဆက်ပြောပါတယ်။

“အခုနှစ်ထဲဆို ဆားလင်းကြီးကပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝမ်ပေါင်ကို မတိုက်ခိုက်ကြတော့ဘူး။ အခြားဒေသအဖွဲ့တွေကနေ လက်နက်ကြီးတွေနဲ့လာပစ်တာတွေပဲ ရှိတော့တာ” လို့ အခုနှစ် နှစ်ဝက်ကျော်ကာလ ဆားလင်းကြီးအခြေအနေကို အခုလိုပြောခဲ့တာပါ။

တရုတ်စီမံကိန်းတွေရှိတဲ့ ဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားတာ တစ်နှစ်အတွင်း ထက်ဝက်ကျော်လျော့ခဲ့တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လမှာပဲ တရုတ် - မြန်မာအရေးစောင့်ကြည့်နေတဲ့ ISP Myanmar က စာရင်းထုတ်ပြန်ထားပါတယ်။

စီမံကိန်းထဲ တပ်စွဲတာအပါအဝင် ခြံစည်းရိုးခတ်တဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီသတင်း ထုတ်ပြန်ရေးအဖွဲ့ကိုရော ဝမ်ပေါင်ကုမ္ပဏီကိုပါ မေးမြန်းဖို့ ဘီဘီစီက ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ ဝမ်ပေါင်ကုမ္ပဏီဘက်က တစ်ကြိမ်တည်းသာတရားဝင်စာထုတ်ခဲ့ဖူးပါတယ်။

“ကြေးနီးစီမံကိန်းကို ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ယာယီရပ်ဆိုင်းထားပါသည်” ဆိုတဲ့ အကြောင်းကိုသာ ၂၀၂၂ခုနှစ်၊ မေလ ၆ ရက် ရက်စွဲနဲ့ ထုတ်ပြောခဲ့တာပါ။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းပြန်စပြီလား

လက်ပံတောင်းတောင်စီမံကိန်း

ဓာတ်ပုံ ရင်းမြစ်, Myanmar Wanbao Mining

ဓာတ်ပုံ ပုံစာ, လက်ပံတောင်းတောင်စီမံကိန်း

မနှစ်ကစလို့ ကြေးနီစီမံကိန်းပြန်စနေပြီလို့ ဒေသခံအချို့က ယုံကြည်နေကြပါတယ်။

“စီမံကိန်းထဲမှာ နေပြီးလုပ်ကိုင်နေကြသူအချို့ ရှိနေတာကို သိထားရတယ်” လို့ လက်ပံတောင်းတောင်ဒေသခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အခုနှစ်ထဲမှာ ဝမ်ပေါင်ကုမ္ပဏီက အလုပ်သမားခေါ်ယူနေကြောင်း အလုပ်အကိုင်ရှာဖွေရေး ဝဘ်ဆိုက်အချို့ မှာ ဖော်ပြတာကိုတွေ့ခဲ့ရပါတယ်။ မတ်လထဲမှာတော့ ဝန်ထမ်းအသစ်တွေကို မွမ်းမံသင်တန်းတွေ စီစဉ်ပေး နေတဲ့အကြောင်း ဝမ်ပေါင်ကုမ္ပဏီရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြပါတယ်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းပြန်စဖို့ လူအင်အားဖြည့်တင်းနေတာလားဆိုတာကိုတော့ ကုမ္ပဏီက ရှင်းရှင်းလင်းလင်းမပြောထားသလို ဘီဘီစီကလည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီလို ခြံစည်းရိုးခတ်တာဟာ ကြေးနီစီမံကိန်းပြန်စဖို့ ခြေလှမ်းစတာဖြစ်နိုင်မလားလို့ ဝက်မှေးဒေသခံကို ဘီဘီစီက မေးခွန်းထုတ်ခဲ့ပါတယ်။

“သူတို့ စီမံကိန်းစတာ မ စတာထက်၊ အခုကာလကို အခွင့်ကောင်းယူနေကြတာ”လို့ လက်ပံတောင်းတောင် ဒေသခံတစ်ဦးက သူ့အမြင်ကို ပြောပါတယ်။

“အိမ်တွေမီးရှို့ခံရရင်က ခြံဝိုင်းတွေကျန်တယ်။ အဆင်ပြေသွားတဲ့နေ့ ပြန်လာပြီး သူတို့မှာ နေစရာရှိတယ်”

“ကျုပ်တို့ကတော့ လုပ်စားစရာတောင်ယာလည်းမရှိတော့ဘူး။ လမ်းဘေးရောက်တော့မှာ” လို့ ခြံစည်းရိုးခတ်တာကြောင့် ရွာ့အပြင်ရွှေ့ပြောင်းခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

နိုင်ငံတော်အတွက် အကျိုးအမြတ် ၅၁ ရာခိုင်နှုန်းရတယ်ဆိုတဲ့ ဒီစီမံကိန်းရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကလည်း တစုံတရာတုံ့ပြန်တာမရှိပါဘူး။

ဝမ်ပေါင်ကုမ္ပဏီဘက်ကလည်း ညနေစောင်းပိုင်းအထိ ဝက်မှေးဒေသခံတွေဆီ ဆက်သွယ်လာတာမျိုးမရှိဘူး လို့ သိရပါတယ်။ ဝက်မှေးဒေသခံတွေကတော့ အခုလုပ်ရပ်တွေနဲ့ပတ်သက်လို့ ကုမ္ပဏီဘက်က ပွင့်ပွင့်လင်းလင်း လာရောက်ပြောပြဖို့ မျှော်လင့်နေကြပါတယ်။

“ဒေသခံတွေရဲ့ ဘဝကို ထည့်မတွက်ဘူး”

“ကျုပ်တို့ကို ဘယ်သူမှ မကူညီဘူး။ လူ့အခွင့်အရေး၊ ရှိသမျှအခွင့်အရေးချိုးဖောက်ခံနေရတာ”လို့

ဝက်မှေးဒေသခံတစ်ဦးက ဘီဘီစီကို ပြောခဲ့ပါတယ်။