လက်ပံတောင်း မြေယာအစားထိုးပေးမဲ့ အစီအစဉ် တောင်သူတွေ ဘဝင်မကျ

လက်ပံတောင်းအရေး, ဆန္ဒပြ,လက်ပံတောင်းအရေးဆန္ဒပြသူအချို့ကို တွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, လက်ပံတောင်းအရေးဆန္ဒပြသူအချို့ကို တွေ့ရစဉ်

မုံရွာမြို့ တဖက်ကမ်းက လက်ပံတောင်းကြေးနီစီမံကိန်းအတွင်းပါလို့ သိမ်းဆည်းခံရတဲ့မြေယာတွေထဲက လျော်ကြေးမယူရသေးတဲ့ မြေတွေအတွက် မြေယာအစားထိုးပေးဖို့ အစိုးရကတွေ့ထားပေမယ့် သိမ်းဆည်းခံတောင်သူတွေကမကျေနပ်ပဲဖြစ်နေပါသေးတယ်။

လက်ပံတောင်းကြေးနီစီမံကိန်းဧရိယာအတွင်း အသိမ်းခံရတဲ့မြေတွေထဲက ဧက ၁၉၀၀ကျော်ဟာ လျော်ကြေးမယူပဲ စုံစမ်းစစ်ဆေးရေးကော်မရှင်အစီခံစာအတိုင်း မြေယာအစားထိုးပေးဖို့ တောင်းခံထားတာကြောင့် တိုင်းအစိုးရက တာဝန်ယူပြီးတော့ မြေယာရှာဖွေနေတာမှာ ကနီမြို့နဲ့ယင်းမာပင်မှာ ပြန်အစားထိုးပေးဖို့ မြေတွေ့ထားတယ်လို့ သိရပါတယ်။ ဒီမြေတွေတွေ့ထားကြောင်း လျော်ကြေးမယူရသေးတဲ့ရွာတွေကို စာပို့အကြောင်းကြားပေမယ့် မြေသိမ်းခံတောင်သူတွေက အဲဒီမြေတွေကို စိတ်မဝင်စားဘူးလို့ သိရပါတယ်။

သူတို့ ပြန်ပေးတဲ့ ယင်းမာပင် ကနီနယ်ဆိုတာ လက်ရှိနေတဲ့ ဒေသတွေနဲ့ ဝေးတော့ သွားလာရအဆင်မပြေဘူး ကော်မတီ အစီအရင်ခံစာမှာ အနီးအနားဝန်းကျင်မှာ မြေပြန်ပေးရေးဆိုတာပါတဲ့အတွက် ရွာသားတော်တော်များများက သူတို့ မြေအစားထိုးပေးတဲ့ နေရာမှာ ယူဖို့ စိတ်မဝင်စားကြဘူးလို့ ဆည်တည်းရွာက မြေ ၁၃ ဧကကျော် အသိမ်းခံရတဲ့ ဒေါ်ရီဝင်းက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့်လည်း လက်ရှိသူတို့ သိမ်းဆည်းခံထားရတဲ့ မြေတွေရဲ့ ပေါက်ဈေးပမာဏအတိုင်း ကုမ္ပဏီဘက်က လျော်ကြေးပေးရင်တော့ ယူကြမယ့် အလားအလာ ရှိနေတယ်လို့ ဒေါ်ရီဝင်းက ပြောပါတယ်။

လက်ပံတောင်းစီမံကိန်းဧရိယာထဲမှာ တုံရွာ၊ ဇီးတော၊ဆည်းတည်း၊မိုးကြိုးပြင်၊ ဝက်မှေး စတဲ့ ရွာတွေက မြေတွေပါပေမယ့် ဆည်တည်းကတော့ အထိနာဆုံးဖြစ်တယ်လို့ မရီဝင်းကပြောပါတယ်။ ခုလျော်ကြေးမယူတဲ့ထဲမှာလည်း ဆည်တည်းရွာက မြေပိုင်ရှင်က အများစုဖြစ်နေပါတယ်။

နီးနီးနားနားက မြေကမရှိဘူး အခုအစားထိုးပေးမယ်ဆိုတဲ့ နေရကလည်း စိုက်ပျိုးလို့ရနိုင်တဲ့ နေရာဖြစ်သလို အစိုးရအနေနဲ့ ကုမ္ပဏီဘက်က ပေးနိုင်တဲ့ အနေထားနဲ့ ဆက်လက်ညှိနှိုင်းပေးသွားမယ်လို့ ညှိနှိုင်းဖြန်ဖြေပေးရေးအဖွဲ့ ဥက္ကဌ စစ်ကိုင်းတိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ဘီဘီစီကို ပြောပါတယ်။

လက်ပံတောင်း စီမံကိန်း ဧရိယာမှာ ဧက ၆၀၀၀ ကျော်သိမ်းယူခဲ့ပြီး ၃ပုံ ၂ပုံလောက်က လျော်ကြေးယူပြီးဖြစ်ပေမယ့် ဧက၁၉၀၀ကျော်က လျော်ကြေးမယူသေးတာဖြစ်ပါတယ်။ လျော်ကြေးမယူရသေးတဲ့တောင်သူတွေက ကုမ္ပဏီ ကသိမ်းဆည်းထားပြီး စိုက်လို့ပျိုးလို့မရတဲ့အတွက် မြေဧက ၁၉၀၀ အတွက် သီနှံစိုက်ပျိုးခွင့်ဆုံးရှုံးလို့ဆိုပြီး နှစ်စဉ်နစ်နာကြေးတွေပေးဖို့နဲ့ မြေယာအစားထိုးဖန်တီးပေးဖို့ခဏတိုင်းဆိုသလို တောင်းဆိုနေတာမို့ စစ်ကိုင်းတိုင်းအစိုးရအတွက် ခေါင်းခဲစရာဖြစ်နေပြီး အဖြေထွက်ဖို့ခက်တဲ့ ပုစ္ဆာတခုဖြစ်နေဆဲဖြစ်ပါတယ်။