တရုတ်ဖိအားကြားက ရွေ့လာတဲ့ကချင်နဲ့ စစ်ကိုင်းက တိုက်ပွဲတွေ

တရုတ်ဖိအားကြားက ရွေ့လာတဲ့ ကချင် - စစ်ကိုင်းတိုက်ပွဲတွေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, KIA တပ်သားတစ်ဦး (ပုံဟောင်း)

ကချင်စစ်မျက်နှာပြင်ကို တရုတ်က ဖိအားပေးနေတဲ့ကြားကပဲ ကချင်အထူးဒေသ (၁) က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ပြီး မြို့တွေကို ကချင်လွတ်လပ်ရေးတပ်(ကေအိုင်အေ)က ဆက်တိုက်သိမ်းပိုက်နေသလို ကချင် - စစ်ကိုင်းအစပ်မှာပါ တကျော့ပြန် တိုက်ပွဲတွေဖြစ်နေပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့မှာ ဖီမော်ရွာကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် တရုတ် - မြန်မာနယ်စပ်မှာရှိတဲ့ ကချင်အထူးဒေသ (၁) ရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားနိုင်ပြီလို့ ကေအိုင်အေရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကို ပြောပါတယ်။

ကချင်ရဲ့ ထွက်ပေါက်တစ်ခုဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာလည်း အမှတ် (၁) စစ်ဒေသရဲ့ ကွပ်ကဲမှုအောက်ကနေ အင်းတော်မြို့နယ်ထဲက စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၇၇) လက်အောက်ခံတပ်တွေနဲ့ KIA/PDF ပူးပေါင်းအဖွဲ့တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပါတယ်။

ဒါဟာ ပွင့်လင်းရာသီမှာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတကြော စစ်မီးတောက်လာမယ့်အနေအထားလို့ စစ်ရေးစောင့်ကြည့်နေသူတွေက သုံးသပ်ကြပါတယ်။

သမိုင်းထဲက အထင်ကရ နယ်စပ်မျဉ်းပေါ်က ဖီမော်

သမိုင်းထဲကအထင်ကရ နယ်စပ်မျဉ်းပေါ်က ဖီမော်
ဓာတ်ပုံ ပုံစာ, ဖီမော်နေရာပြမြေပုံ

ဖီမော်၊ ဂေါ်လန်နဲ့ ကန်ဖန် နယ်မြေတွေဟာ ၁၉၆၀ ပြည့်နှစ်တွေမှာ တရုတ် - မြန်မာနယ်စပ်မျဉ်း သတ်မှတ်ချိန်တုန်းက တရုတ် - မြန်မာ ပိုင်ဆိုင်မှု နှစ်ဖက် အခြေအတင် ဆွေးနွေးခဲ့ရတဲ့ကျေးရွာတွေဖြစ်ခဲ့ပါတယ်။ အခုတော့ ဒီထဲက ဖီမော်မြို့ဟာ ဆယ်စုနှစ်ပေါင်းများစွာအတွင်းမှာ စစ်မီးတောက် ပြန်တောက်လာနေပါတယ်။

လွန်ခဲ့တဲ့ (၁၅) နှစ်ကာလ ၂၀၀၉ ခုနှစ်တုန်းက စစ်အစိုးရကနေ နယ်ခြားစောင့်တပ်ရင်းတွေဖွဲ့စည်းချိန်မှာတော့ ဒီနယ်မြေတွေဟာ ကချင်အထူးဒေသ ၁ ထဲ ပါဝင်တယ်လို့ သတ်မှတ်ခံရပါတယ်။

မြန်မာစစ်တပ်နဲ့ အစောဆုံးငြိမ်းချမ်းရေးယူခဲ့လို့ ကချင် အထူးဒေသ ၁ အဖြစ် သတ်မှတ်ခံရတာဖြစ်ပြီး တရုတ် - မြန်မာနယ်စပ်မှာရှိတဲ့ ဒီ အထူးဒေသထဲမှာ ချီဖွေ၊ ဆော့လော်နဲ့ ပန်ဝါတို့ ပါဝင်ပါတယ်။

အဲဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) မပြိုကွဲခင်က ဗကပ ၁၀၁ စစ်ဒေသအဖြစ် ရှိခဲ့တာဖြစ်ပြီး ၁၉၈၉ ခုနှစ်မှာ ဗကပ ပြိုကွဲတဲ့အခါ အဲဒီစစ်ဒေသကို ဦးဆောင်ခဲ့သူဖြစ်တဲ့ ကေအိုင်အေ ခွဲထွက် တပ်မှူးဟောင်း ဦးဇခုန်တိန့်ယိမ်းက အဲဒီဒေသမှာပဲ အခြေစိုက်တဲ့ ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDAK)အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

NDAK ဟာ မြန်မာစစ်တပ်နဲ့ ငြိမ်းချမ်းရေးယူပြီးတဲ့နောက်မှာတော့ အထူးဒေသ ၁ မှာ ကချင် နယ်ခြားစောင့်တပ်(BGF) အဖြစ် အသွင်ပြောင်းအုပ်ချုပ်နေခဲ့တာဖြစ်ပါတယ်။

ကချင်နယ်ခြားစောင့်တပ်ဟာ ချီဖွေမြို့အရှေ့ဘက် ဝေါ်ချုံးဒေသ ဖီမော်မြို့အနီးမှာ ၁၀ဝ၁ တပ်ရင်း၊ ပန်ဝါဒေသ လုပြည်ကျေးရွာအနီးမှာ ၁၀ဝ၂ တပ်ရင်းနဲ့ ချီဖွေမြို့နယ်၊ ကံပိုင်တည်(ကန်ပိုက်တီ) မြို့အနီးက ဂမ်ခွန်းကျေးရွာအနီးမှာ ၁၀ဝ၃ တပ်ရင်းအဖြစ် ဖွဲ့စည်းနေရာယူ လှုပ်ရှားနေတာဖြစ်ပါတယ်။

ဒီ BGF တပ်ရင်းသုံးရင်းလုံးကို တိုက်ခိုက်ပြီး ချီဖွေ၊ ဆော့လော်၊ ပန်ဝါမြို့တွေကို ဆက်တိုက်သိမ်းယူခဲ့တဲ့ KIA နဲ့ မဟာမိတ်တပ်တွေဟာ လဂွေရွာက အမှတ် ၂၉၈ ခြေလျင်တပ်ရင်းစခန်းနဲ့ ဖီမော်မြို့ကိုပါ နိုဝင်ဘာလဆန်းမှာတင် ထပ်သိမ်းခဲ့တာဖြစ်ပါတယ်။

“မနေ့ (နိုဝင်ဘာ ၂ ရက်) ညနေ ၂ နာရီဝန်းကျင်လောက်မှာ ဖီမော်ဘက်ကို ကျွန်တော်တို့ KIA တပ်ပေါင်းစုတွေ နေရာယူထားပါတယ်၊ ဝင်စီးလို့ပြီးပါပြီ” လို့ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို ပြောပါတယ်။

KIA ရဲ့ အချက်အလက်အရ ကချင်အထူးဒေသ ၁ ထဲက တပ်စခန်း တစ်ဒါဇင်ခန့်ကို သိမ်းယူထားနိုင်ပြီး ဂေါ်လန်နဲ့ ကန်ဖန် တကြောက လက်ကျန်စခန်း (၃) ခု လောက်မှာ တိုက်ပွဲတွေရှိနေဆဲလို့ သိရပါတယ်။

ကချင်အထူးဒေသ (၁) ကို ဘာလို့ထိုးစစ်ဆင်တာလဲ

ကချင်အထူးဒေသ (၁) ကို ဘာလို့ထိုးစစ်ဆင်တာလဲ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဦးဇခုန်တိန့်ယိမ်းဦးဆောင်တဲ့ ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDAK) က နယ်ခြားစောင့်တပ် (BGF) အဖြစ် အသွင်ပြောင်းအုပ်ချုပ်ခဲ့

ကချင်ပြည်နယ်အရှေ့ခြမ်းမှာရှိတဲ့ ဦးဇခုန်တိန့်ယိမ်းရဲ့ တပ်တွေ ထိန်းချုပ်တဲ့ အထူးဒေသ (၁) ကို KIA နဲ့ မဟာမိတ်တွေ ထိုးစစ်ဆင်ချိန်ကစလို့ တရုတ်နိုင်ငံရဲ့ သတိပေးမှု နဲ့ ဖိအားပေးမှုတွေ စတင်လာခဲ့ပါတယ်။

ဇွန် (၇) ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ဦးဇခုန်တိန့်ယိမ်းရဲ့ KIA နဲ့ PDF ပူးပေါင်းတပ်တွေကို ယတိပြတ်ခုခံ ချေမှုန်းဖို့ဆိုတဲ့ စစ်မိန့်အပါအဝင် မြန်မာစစ်တပ်မပါဝင်ဘဲ BGF ၊ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ခပ်စိပ်စိပ်တိုက်ပွဲ ရှိလာတာကြောင့် အထူးဒေသ (၁) ကို တိုက်ခိုက်ရတာလို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော် က တုံ့ပြန်ပါတယ်။

“နောက်ဆုံးအခြေအနေမှာတော့ နယ်မြေစိုးမိုးရေးရနိုင်ဖို့အတွက်ဆိုပြီး တိုက်ပွဲတွေ ဆင်နွှဲလာရတာဖြစ်ပါတယ်” လို့ ဘီဘီစီမြန်မာပိုင်းနဲ့ သီးသန့်မေးမြန်းခန်းမှာ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောခဲ့ပါတယ်။


ဦးဇခုန်တိန့်ယိမ်းရဲ့စစ်မိန့်နဲ့ပတ်သက်လို့ ကချင်လွတ်လပ်ရေးကောင်စီ (KIC) ရဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော် က စက်တင်ဘာ (၁၀) ရက်မှာ တုံ့ပြန်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Gunmaw Sumlut

ဓာတ်ပုံ ပုံစာ, ဦးဇခုန်တိန့်ယိမ်းရဲ့စစ်မိန့်နဲ့ပတ်သက်လို့ ကချင်လွတ်လပ်ရေးကောင်စီ (KIC) ရဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော် က စက်တင်ဘာ (၁၀) ရက်မှာ တုံ့ပြန်ခဲ့

တရုတ်နဲ့ KIA တို့ ရံဖန်ရံခါတွေ့ဆုံလေ့ရှိနေပြီး “နယ်စပ်ဒေသတည်ငြိမ်ရေးသာမက မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတခုလုံးမှာပါ တိုက်ပွဲတွေမရှိ” ဖို့ တရုတ်က ဆန္ဒရှိနေတယ်လို့ သူက ဆက်ပြောပြပါတယ်။

လက်တွေ့မှာလည်း KIA ထိန်းချုပ်နယ်မြေတွေနဲ့ ဆက်စပ်နေတဲ့ နယ်စပ်ဂိတ်သုံးခုကို တရုတ်ဘက်က အောက်တိုဘာ (၁၈) ရက်ကစလို့ ပိတ်ခဲ့ပါတယ်။

ဒါပေမဲ့ တရုတ် - မြန်မာနယ်စပ်မျဉ်း ပေါ် အထူးဒေသ (၁)က တိုက်ပွဲတွေကတော့ ဆက်ဖြစ်ခဲ့ပြီး ဒီဒေသရဲ့ ၆၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်တဲ့အကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက နိုဝင်ဘာ ၃ ရက်နေ့မှာ ဘီဘီစီကို ဖြေကြားခဲ့ပါတယ်။

ကချင်ပြည်နယ်ရဲ့ စစ်ရေးအခြေအနေကိုကြည့်မယ်ဆိုရင် အထူးဒေသ ၁ မှာ သာမက ဗန်းမော် - မိုးမောက် ကြား၊ မိုးညှင်း - အင်းတော် ကြားမှာပါ စစ်ကောင်စီတပ်တွေနဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဆက်ရှိနေပါတယ်။

တကျော့ပြန်တိုက်ပွဲဖြစ်လာတဲ့ အင်းတော်

တကျော့ပြန်တိုက်ပွဲဖြစ်လာတဲ့ အင်းတော်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်တုန်းက အင်းတော်မြို့ပေါ် မီးလောင်ကျွမ်းနေတဲ့မြင်ကွင်းကို အဝေးကတွေ့မြင်ရစဉ်

ကချင်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ စစ်ကိုင်းတိုင်း၊ အင်းတော် မှာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက မြို့သိမ်းတိုက်ပွဲ ဖြစ်ခဲ့ပြီးနောက် တစ်လကျော်ကြာ တိုက်ပွဲရပ်ခဲ့ပါတယ်။

နိုဝင်ဘာ ၁ ရက် မနက် အရုဏ်တက်ချိန်မှာတော့ တကျော့ပြန်တိုက်ပွဲ ပြန်စတင်ခဲ့ပါတယ်။

အင်းတော်မြို့ရဲ့မြောက်ဘက်မှာရှိတဲ့ စစ်တပ်ကုန်းနဲ့ ဘုရားကုန်းတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ အမှတ် ၇၇ ခြေမြန်တပ်မရဲ့ လက်အောက်ခံတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးအရင်းအမြစ်တွေဆီက သိရပါတယ်။

“၁ရက်နေ့တုန်းက တစ်ကြိမ်၊ ၂ ရက်နေ့မှာ တစ်ကြိမ်၊ ဒီမနက်မှာလည်း တစ်ကြိမ် ဆက်တိုက်လေကြောင်းနဲ့ ဗုံးလာကြဲနေတယ်” လို့ အင်းတော်မြို့ခံတစ်ဦးက တိုက်ပွဲအခြေအနေကိုပြောပြပါတယ်။

သြဂုတ်လတိုက်ပွဲအတွင်း နဘား စစ်ကောင်စီတပ်စခန်းအပါအဝင် မြို့ပေါ်နေရာအများစုကို ထိန်းချုပ်ထားပြီး ဖြစ်တာကြောင့် မြို့မြောက်ပိုင်းက ဒီတပ်တွေဟာ အင်းတော်မြို့နယ်ထဲမှာ နောက်ဆုံးလက်ကျန်တပ်တွေလည်း ဖြစ်ပါတယ်။

KIA နဲ့ PDF တို့ပူးပေါင်းသိမ်းပိုက်နိုင်တဲ့ ပင်လည်ဘူးမြို့ကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရောက်ရှိလာစဉ်

ဓာတ်ပုံ ရင်းမြစ်, NUG MOD

ဓာတ်ပုံ ပုံစာ, KIA နဲ့ PDF တို့ပူးပေါင်းသိမ်းပိုက်နိုင်တဲ့ ပင်လည်ဘူးမြို့ကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရောက်ရှိလာစဉ်

အင်းတော်တိုက်ပွဲကို NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ကနေ လှုပ်ရှားတာဖြစ်ပြီး PDF တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေး (ပကဖ) အဖွဲ့တွေသာမက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်တွေပါ ပါဝင်တိုက်ခိုက်နေပါတယ်။

ဒါဟာ ကချင် - တရုတ်နယ်စပ်မှာ တိုက်ပွဲပြင်းထန်နေချိန် စစ်ကိုင်းတိုင်းထဲမှာပါ တပြိုင်နက်စစ်ရေးလှုပ်ရှား တဲ့ သဘောလားလို့ အမှတ် (၁) စစ်ဒေသတာဝန်ရှိသူတစ်ဦးကို ဘီဘီစီက မေးမြန်းခဲ့ပါတယ်။

“ဆက်စပ်လှုပ်ရှားတာမျိုးတော့မဟုတ်ပါဘူး။ ထိတွေ့မှုတွေက စစ်ကိုင်းတတိုင်းလုံး စစ်ဒေသတခွင်လုံးမှာ ရှိနေတာပါပဲ။ ကောလင်း၊ ကန့်ဘလူ၊ ရွှေဘို၊ မုံရွာ ဘက်မှာလည်းရှိတယ်” လို့ အမှတ် (၁) စစ်ဒေသကွပ်ကဲရေးအဖွဲ့ဝင် ကိုသြဇာက ပြောပါတယ်။

အမှတ် (၁) စစ်ဒေသကို ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA )ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ခေါင်လွမ်းက စစ်ဒေသမှူးအဖြစ်ကွပ်ကဲခဲ့ပြီး ခရိုင်ကွပ်ကဲရေးအဖြစ် KIA အရာရှိကြီးတွေက ဆောင်ရွက်တာပါ။

လက်ရှိမှာတော့ အမှတ် (၁) စစ်ဒေသကွပ်ကဲရေးမှူးအဖြစ် KIA က အတွေ့အကြုံရှိတဲ့ အရာရှိကြီးတစ်ဦးက ဆက်လက်တာဝန်ယူနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

KIA အမျိုးသမီးတပ်ဖွဲ့ဝင်တွေကို ဌာနချုပ်မှာတွေ့ရစဉ် (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, KIA အမျိုးသမီးတပ်ဖွဲ့ဝင်တွေကို ဌာနချုပ်မှာတွေ့ရစဉ် (ပုံဟောင်း)

စစ်ရေးလေ့လာသူတွေကတော့ တိုက်ပွဲပြင်းထန်လေ့ရှိတဲ့ ပွင့်လင်းရာသီအတွက် ကချင် - စစ်ကိုင်းအစပ်ဒေသတွေဟာ သတိပြုစောင့်ကြည့်ရမယ့် စစ်ရေးဇုန်တွေလို့ သုံးသပ်ကြပါတယ်။

“နိုဝင်ဘာဆို ပွင့်လင်းရာသီရောက်ပါပြီ။ ရှမ်းမြောက်ကလည်းဆင်းလာတဲ့တပ်တွေရှိနေတော့ ဒီဒေသမှာ ဟန်ချက်ညီညီသွားနိုင်ခြင်းနဲ့ မသွားနိုင်ခြင်းကိုပဲ ကြည့်ရမှာဖြစ်ပါတယ်” လို့ CDM ဗိုလ်ကြီး ဇင်ယော် က သူ့အမြင်ကို အခုလိုပြောပါတယ်။

“စစ်ကိုင်းနဲ့ ကချင်အစပ်မှာ တိုက်ပွဲတွေကတော့ ထင်တာထက်တောင်ပိုပြီးတော့ ကြီးမားလာနိုင်တယ်” လို့ သူက သုံးသပ်ပါတယ်။

ကချင်လွတ်လပ်ရေးကောင်စီ (KIC) ရဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော် ကိုယ်တိုင်ကလည်း ကချင် နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းတလျှောက်လုံးမှာ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နွေဦးတော်လှန်ရေးအစ ကတည်းက လက်တွဲဆောင်ရွက်နေတယ်လို့ ဘီဘီစီနဲ့ သီးသန့်အင်တာဗျူးမှာ ပြောထားပါတယ်။