လူစုခွဲချိန်မရလိုက်တဲ့ စစ်ကိုင်း၊ သပြေသာရွာက ဗုံးကြဲတိုက်ခိုက်ခံရမှု

လေကြောင်းပစ်ခတ်ခဲ့ရတဲ့ သပြေသာရွာဘုန်းကြီးကျောင်းဘေးက ဓမ္မာရုံ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, လေကြောင်းပစ်ခတ်ခဲ့ရတဲ့ သပြေသာရွာဘုန်းကြီးကျောင်းဘေးက ဓမ္မာရုံ

ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ၃ ရက်အတွင်း သေဆုံးသူ ၁၆ ဦးအထိမြင့်တက်လာပါတယ်။

''လူရှိသေးလားဟေ့။ လက်နဲ့ ပုတ်နိုင်ရင် လက်ကလေးပုတ်ပြပါဟေ့။ အသံပေးနိုင်ရင် ပေးပေး ...'' ဆိုပြီး တွန့်လိမ်နေတဲ့သွပ်ပြားအစအနတွေ၊ သစ်သားတိုင်၊ အုတ်ခဲတွေနဲ့ သစ်ပင်သစ်ကိုင်းအကျိုးအပဲ့ အပျက်အစီးတွေကြားမှာ အမျိုးသား ၅ ဦးထက်မနည်းက တစ်ယောက်ပြီး တစ်ယောက် ဆင့်ကဲ အော်ပြောနေတဲ့ရုပ်သံတစ်ခု လူမှုကွန်ရက်မှာ ထွက်ပေါ်လာပါတယ်။

အဲဒီလိုရှာဖွေနေတုန်း မိနစ်ပိုင်းအတွင်းမှာပဲ ရှာနေသူတွေထဲက တစ်ဦးက ''ပြန်ထွက်တော့... ဒရုန်းသံကြားတယ်။ ပြန်ထွက်ကြတော့'' လို့ အော်ပြောလိုက်တာကိုလည်း ရုပ်သံထဲမှာ ကြားရပါတယ်။

အပျက်အစီးတွေကြားမှာ ပိတ်မိနေသူတွေကိုရှာဖွေတဲ့ ၃ မိနစ်လောက်သာကြာတဲ့ဒီရုပ်သံဟာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက သပြေသာရွာကို စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲမှုအပြီး ထွက်ပေါ်လာတဲ့ ရုပ်သံလို့ ဘီဘီစီက နောက်ပိုင်းမှာ အတည်ပြုနိုင်ခဲ့ပါတယ်။

သပြေသာဟာ အိမ်ခြေနည်းပါးပြီး စစ်ကိုင်းမြို့နယ်ထဲမှာ လူသိနည်းတဲ့ကျေးရွာငယ်တစ်ရွာဖြစ်ပါတယ်။

ဒီလိုလူသိနည်းပြီး မထင်မရှားတဲ့ရွာမှာပဲ ပြည်သူ့ကာကွယ်ရေး(ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ)၊ ပြည်သူ့လုံခြုံရေး(ပလဖ)မြို့နယ်အဆင့် တာဝန်ရှိသူတွေနဲ့ ဒေသခံတွေ တွေ့ဆုံဆွေးနွေးပွဲကို ဇွန် ၈ ရက်က ကျင်းပခဲ့ကြပါတယ်။

ပ သုံးလုံး တာဝန်ရှိသူတွေနဲ့ ကျေးရွာပေါင်း ၃၀ ဝန်းကျင်က ဒေသခံ ၁၅၀ ကျော်ဟာ မနက် ၉ နာရီခွဲဝန်းကျင်လောက်ကစပြီး အစည်းအဝေးလုပ်နေခဲ့ပါတယ်။

“ပ သုံးလုံးမှာ ပါဝင်သူတွေ ညီညွတ်ဖို့၊ အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းစဉ်တွေရှင်းပြတာ၊ ပြည်သူတွေကို တွေ့ဆုံညှိနှိုင်းတာတွေအတွက် အစည်းအဝေးလုပ်တာ။ တော်လှန်ရေးဆိုတာကလည်း စည်းရုံးရေးကလည်း တဖက်လုပ်ရသေးတယ်”လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေး တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

အစည်းအဝေးပြီးခါနီး မနက် ၁၁ နာရီ၊ ၁၀ မိနစ်လောက်မှာ ကျေးရွာဝန်းကျင်ကို မောင်းသူမဲ့လေယာဥ်ငယ်(ဒရုန်း)တစ်စီး နှစ်ကြိမ်လာရောက် ဝဲပျံခဲ့တာကို တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ဆီက သတင်းရသလို တံတားဦးလေဆိပ်ကနေ လေကြောင်းထွက်လာတယ်ဆိုတဲ့သတင်းရချိန်မှာ အစည်းအဝေးကို အဆုံးသတ်ပြီး လူစုခွဲဖို့ လုပ်ခဲ့ကြပါတယ်။

“လေကြောင်းတက်လာတယ်ဆိုတဲ့ သတင်းကြားပြီး နှစ်မိနစ်တောင်မကြာပါဘူး။ လေကြောင်းကနေ ဗုံးကြဲခံရတာပဲ” လို့ ပြောပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဇွန်လ ၁၀ ရက်နေ့မှာဆိုရင် ၃ ရက်အတွင်း သေဆုံးသူ ၁၆ ဦးအထိမြင့်တက်လာပါတယ်။

လူစုခွဲချိန်မရလိုက်တဲ့ လေကြောင်းတိုက်ခိုက်မှု

လေကြောင်းပစ်ခတ်ခံရပြီးနောက်ပိုင်း မြင်ရတဲ့ အပျက်စီးတွေ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, လေကြောင်းပစ်ခတ်ခံရပြီးနောက်ပိုင်း မြင်ရတဲ့ အပျက်စီးတွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

“ဂျက်ဖိုက်တာ(တိုက်ခိုက်ရေးလေယာဥ်)က တက်လာတယ်၊ လူစုခွဲမယ်၊ အစည်းအဝေးသိမ်းမယ် ဆိုပြီးပြောနေတဲ့အချိန်မှာပဲ ရော့ကတ်(ကျည်ကြီး)တစ်လုံးက ဘုန်းကြီးကျောင်းဝင်းထဲ ကျလာတယ်။ အဲဒီတစ်လုံးက အပင်တွေထိ ပြတ်ကုန်လို့ ပြေးကြတဲ့အချိန်မှာ နောက်တစ်လုံးက ကျောင်းပေါ်ကျတာ”လို့ အစည်းအဝေးမှာ ရှိနေခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဂျက်လေယာဉ် နှစ်စီးနဲ့ ဗုံးနှစ်လုံး ပစ်ပြီး နောက်တစ်စီးက ကင်းထောက်သဘော ဝဲပျံနေတာကိုလည်း တွေ့လိုက်ကြပါတယ်။

ဗုံးကြောင့် နေရာမှာတင် သေဆုံးသွားတဲ့သူတွေ၊ အပြင်းအထန် ဒဏ်ရာရသူတွေ၊ လေးလံတဲ့ပစ္စည်းတွေ ပိနေတဲ့သူတွေကို မကယ်ထုတ်နိုင်ဘဲ အစည်းအဝေးလာတဲ့ ဒေသခံတွေ ဝရုန်းသုန်းကား ထွက်ပြေးကြရပါတယ်။

“ဒဏ်ရာရထားတဲ့ ကျောင်းထိုင်ဘုန်းကြီးကို ကယ်ထုတ်ပြီးပြေးကြတယ်”လို့ ပကဖ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီအချိန်မှာ လေကြောင်းကနေ ပွိုင့် ဖိုက်(သေနတ်)နဲ့ လူတွေပြေးလွှားနေတဲ့ နေရာတွေကို နှစ်ကြိမ်ဝဲပြီး ပစ်ခတ်ပါသေးတယ်။

“ဗုံးပစ်တဲ့အချိန်၊ ပြေးနေတဲ့သူတွေကို ပွိုင့်ဖိုက်နဲ့ ပစ်တဲ့အချိန် ပေါင်းလိုက်ရင် နာရီဝက်လောက်ကြာမယ်ဗျ။ ဂျက်ဖိုက်တာကနေ ပစ်တဲ့စက်လက်နက်ကလည်း အုတ်တွေကိုတောင် ဖောက်ထွက်တယ်”လို့ ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ဂျက်လေယာဉ်သုံးစီးက သပြေသာကျေးရွာဝန်းကျင် ဝေဟင်ကနေ တစ်နာရီနီးပါး ဝဲပျံပြီးနောက်မှ ထွက်ခွာသွားပါတယ်။

ဒါပေမဲ့ လေကြောင်းပစ်ခတ်ခံရတဲ့ နေရာကို ကယ်ဆယ်ရေးသွားလုပ်ဖို့ တစ်နာရီနီးပါးလောက် ထပ်စောင့်ကြရပါတယ်။

“လေကြောင်းထပ်လာမှာစိုးတယ်။ အခြေအနေ စောင့်ကြည့်ပြီးမှ ဝင်ကြရတာ”လို့ အခင်းဖြစ်တဲ့နေရာမှာရှိနေတဲ့ သူက ပြောပါတယ်။

သုံးရက်အတွင်း သေဆုံးသူ ၁၆ ဦး အထိမြင့်တက်လာ

လေကြောင်းပစ်ခတ်ခံရပြီးနောက်ပိုင်း မြင်ရတဲ့ အပျက်စီးတွေ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, လေကြောင်းပစ်ခတ်ခံရပြီးနောက်ပိုင်း မြင်ရတဲ့ အပျက်စီးတွေ

လေကြောင်းတိုက်ခိုက်မှုကြောင့် သပြေသာဘုန်းကြီးကျောင်းပေါ်မှာ နေ့ဆွမ်းဘုန်းပေးဖို့ ရှိနေတဲ့ သံဃာတစ်ပါး၊ ကျောင်းထိုင်ဆရာတော်ကိုဆွမ်းကပ်ဖို့ ပြင်နေတဲ့သူ့ရဲ့မယ်တော်နဲ့ ခမည်းတော်၊ နောက် ကပ္ပိယ နှစ်ယောက် စုစုပေါင်း ငါးယောက်က နေရာမှာတင် သေဆုံးသွားခဲ့ပါတယ်။

(ဆိုးဆိုးရွားရွားဖြစ်နေတဲ့ သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေနဲ့ သွေးတွေစွန်းပေနေတဲ့ ဘုန်းကြီးကျောင်းလှေကားထစ်ပုံ ဓာတ်ပုံတွေကို ဘီဘီစီက ရရှိခဲ့ပေမဲ့ ကြည့်ရှုသူတွေအတွက် အမြင်မတင့်တာကြောင့် မဖော်ပြထားပါဘူး။)

ကျောင်းထိုင်ဆရာတော်နဲ့ ကာကွယ်ရေးအဖွဲ့ဝင် ၃ ယောက်ကတော့ ဆေးကုသဖို့ ဆေးခန်းကိုပို့နေတုန်းမှာပဲ သေဆုံးသွားခဲ့ကြပါတယ်။

သေဆုံးသွားသူတွေကို သင်္ဂြိုဟ်ဖို့၊ ၁၅ ယောက်ဝန်းကျင်ရှိတဲ့ ဒဏ်ရာရသူတွေကို ကယ်ထုတ်ပြီး ဆေးကုသဖို့ ရွာထဲကို ပြန်ဝင်လာချိန်မှာ အရာတော်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်တွေက ဟောင်ဝှစ်ဇာ(အမြောက်)နဲ့ လှမ်းပစ်တဲ့အတွက် ထပ်ပြီး တိမ်းရှောင်ကြရပြန်ပါတယ်။

“ကံကောင်းတာက ရွာပတ်ဝန်းကျင်လောက်ပဲကျပြီး လယ်တောက တဲတွေမီးလောင်တာပဲရှိလိုက်တယ်”လို့ သူက ပြောပါတယ်။

ဒါ့ကြောင့် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို တစ်ယောက်ချင်းစီ သင်္ဂြိုဟ်ချိန်မရတာကြောင့် နှစ်ယောက်တစ်ကျင်း၊ သုံးယောက်တစ်ကျင်းခွဲပြီး မြေမြှုပ်သင်္ဂြိုဟ်လိုက်ရပါတယ်။

“နောက်မှာကလည်း အရာတော်ကနေ ဟောင်ဝှစ်ဇာ လက်နက်ကြီးနဲ့ပစ်နေတယ်။ လေကြောင်းကလည်း စိတ်မချရသေးဘူးဆိုတော့ မိသားစုဝင်တွေရဲ့ ဆန္ဒကိုမေးပြီး ခပ်မြန်မြန် သင်္ဂြိုဟ်လိုက်ရတာ”လို့ ပြောပါတယ်။

အစပိုင်းမှာ ရေးသားခဲ့သလိုပဲ သပြေသာရွာဟာ လူသိနည်းသလို မြေပုံပေါ်မှာလည်း လွယ်လွယ်ကူကူ ရှာလို့မရတဲ့ နေရာဖြစ်တာကြောင့် အစည်းအဝေးလုပ်ဖို့ ရွေးခဲ့တာလို့ ပကဖ တာဝန်ရှိသူက ပြောပါတယ်။

“ရွာကသေးလည်းသေးတယ်၊ ပြီးတော့ ဘုန်းကြီးကျောင်းဆိုတာကလည်း သစ်ပင်ကြီးတွေနဲ့ အုံ့ဆိုင်းနေလို့ အပေါ်ကကြည့်ရင် တော်ရုံမမြင်ရဘူး။ ဒါက အတွင်းသတင်းပေါက်လို့ဖြစ်တာပေါ့ဗျာ။ ဘုန်းကြီးကျောင်းနားမှာရှိနေတဲ့ လူ့လက်နှစ်ဖက်စာရှိတဲ့ သစ်ကိုင်းတွေကြောင့် ခံသာတာ၊ မဟုတ်ရင် မလွယ်ဘူး”လို့ ပြောပါတယ်။

စစ်ကိုင်းမှာ စစ်တပ်က ဒရုန်းတွေသုံးလာတယ်လို့ဆို

စစ်ကောင်စီက ထုတ်ပြထားတဲ့ စစ်သုံးပစ္စည်းတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီက ထုတ်ပြထားတဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ

အရင်က ဒရုန်းတွေကို တော်လှန်ရေးအဖွဲ့အစည်းတွေကသာ အသုံးပြုတာများခဲ့ပေမဲ့ စစ်ကိုင်းမြို့နယ်အတွင်းမှာတော့ ၂၀၂၃ ခုနှစ်ကစပြီး စစ်ကြောင်းရှေ့ပြေးအနေနဲ့ ဒရုန်းတွေ သုံးလာတယ်လို့ စစ်ကိုင်းမြို့နယ်ထဲက ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

“အရင်က စစ်ကြောင်းသွားမယ့်နေရာဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ အရင်ပစ်ပြီး လမ်းရှင်းတယ်ပေါ့။ အခုတော့ သူတို့ပါ ဒရုန်းတွေသုံးလာတယ်။ တစ်ခါတလေ လူစုပြီး လယ်စိုက်နေရင်တောင် ဒရုန်းကြားလို့ ကြည့်လိုက်ရင် ဒရုန်းဝမ်းဗိုက်မှာ ဗုံးသုံးလုံးလောက်ပါလို့ လုပ်လက်စတွေထားပြီး တောင်သူတွေ ထွက်ပြေးကြရတယ်”လို့ စစ်ကိုင်းမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ယောက်က ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ လူပေါင်း ၃၀ ကျော် အသတ်ခံရတဲ့ဖြစ်စဥ် ဖြစ်တုန်းကလည်း စစ်ကြောင်းမလာခင် ဒရုန်းတွေနဲ့ ကင်းထောက်ခဲ့တယ်လို့လည်း ဒေသခံကာကွယ်ရေးအဖွဲ့တွေက ဘီဘီဘီစီကို ပြောထားဖူးပါတယ်။

စစ်ကောင်စီဟာ စစ်ကိုင်းမြို့နယ်ထဲမှာတင်မဟုတ်ဘဲ တန့်ဆည်မှာလည်း ဒရုန်းသုံးတာတွေ ရှိနေတယ်ဆိုတာကို တန့်ဆည်နဲ့ရေဦးက မြေပြင်သတင်းတွေကို ဖော်ပြနေတဲ့ ထူးခန့်ဇော်စာမျက်နှာက ရေးပါတယ်။

တန့်ဆည်မြို့ တောင်ဘက်ခြမ်း ရွှေကတော်၊ ကျွဲဆွဲရွာဘက်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေဟာ အနောက်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့အပြင် ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတာတွေရှိနေတယ်လို့ စစ်တပ်လှုပ်ရှားမှု၊ တိုက်ပွဲတွေနဲ့ စစ်ရှောင်တွေအခြေအနေ ဖော်ပြတဲ့ အဲဒီစာမျက်နှာက ဆိုပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာတွေ များနေတဲ့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်ထော်ညူ ဂူတားရက်ရှ်က ဇွန် ၆ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

ဒီလိုထုတ်ပြန်ပြီး နောက်တစ်ရက်မှာပဲ စစ်ကိုင်းမြို့နယ်၊ သပြေသာရွာဘုန်းကြီးကျောင်းဝင်း လေကြောင်းကနေ ပစ်ခတ်ခံခဲ့ရတာပါ။

စစ်အာဏာသိမ်းပြီးနောက် သုံးနှစ်နီးပါးအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုပေါင်း ၃,၄၀၀ နီးပါးရှိခဲ့ပြီး အဲဒီအထဲက အကြိမ် ၁,၃၀၀ ကျော်ဟာ ၂၀၂၃ ခုနှစ် နှောင်းပိုင်းသုံးလမှာဖြစ်ခဲ့တာလို့ ISP Myanmar က ပြီးခဲ့တဲ့ ၂၀၂၄ ဖေဖော်ဝါရီမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီကိန်းဂဏန်းတွေထဲမှာတော့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်း လေကြောင်းပစ်ခတ်မှုတွေ မပါဝင်သေးပါဘူး။

စစ်ကိုင်းမြို့နယ်ထဲက လက်ရှိ စစ်ကြောင်းထိုးခံရတဲ့အခြေအနေ

လေကြောင်းပစ်ခတ်ခံရပြီးနောက်ပိုင်း မြင်ရတဲ့ အပျက်စီးတွေ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, လေကြောင်းပစ်ခတ်ခံရပြီးနောက်ပိုင်း မြင်ရတဲ့ အပျက်စီးတွေ

စစ်ကိုင်းမြို့နယ်ထဲမှာ တင့်ကားတွေ၊ လက်နက်ကြီးတွေ တပ်ဆင်ထားတဲ့ အုန်းတော ၆၀၀၅ တပ်က စစ်ကောင်စီတပ် အင်အား ၈၀ ဝန်းကျင်ဟာ စစ်ကိုင်း-ဆားတောင်-ရွှေဘိုလမ်းတစ်လျှောက်ကို စစ်ကြောင်းထိုးနေပါတယ်။

ဒါ့ကြောင့် ရုန်းပင်ကန် အပါအဝင် ကျေးရွာ ၄ ရွာလောက်က ဒေသခံတွေ စစ်ဘေးရှောင်နေကြရပါတယ်။

ဇွန် ၈ ရက် မနေ့က လေကြောင်းတိုက်ခိုက်ခံရတဲ့ သပြေသာရွာမှာလည်း ပျက်စီးနေတဲ့ နေရာတွေကို မရှင်းလင်းနိုင်ကြသေးပါဘူး။

စစ်ကောင်စီက လူစုလူဝေးရှိတဲ့နေရာတွေကို သတင်းရတာနဲ့ လေကြောင်းပစ်ခတ်တာတွေ ဆက်တိုက်လုပ်လာတာကြောင့် နောက်ပိုင်းမှာ လူစုလူဝေးလုပ်ဖို့ သတိထားရတော့မယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ကျွန်တော်တို့တွေ လူစုလူဝေးလုပ်တာတွေ ရှောင်ရတော့မယ်။ တော်လှန်ရေးအတွက် အရေးကြီးတဲ့ စည်းရုံးရေးကိုလည်း အွန်လိုင်း၊ ဒါမှမဟုတ် လူနည်းနည်းနဲ့ပဲ သီးခြားလုပ်မလား စဉ်းစားရတော့မယ်။ အခု ပြောနေရင်း ဒရုန်းတွေဝဲလာလို့ ဖုန်းချလိုက်တော့မယ်ဗျ”လို့ ပြောပြီး သူ စကားဖြတ်သွားပါတယ်။