စက်တင်ဘာ ၁၃ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - နီပေါဆူပူမှု သင်ခန်းစာယူဖို့ စစ်ခေါင်းဆောင်ပြော

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

နီပေါနိုင်ငံက ဆန္ဒပြပွဲတွေကို စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆူပူမှုလို့ သုံးနှုန်းလိုက်ပြီး သင်ခန်းစာဖော်ထုတ်ဖို့ သူ့ရဲ့အစိုးရအဖွဲ့ဝင်တွေကို မနေ့က မှာကြားပါတယ်။

နီပေါဖြစ်စဥ် နောက်ကွယ်မှာ အင်အားကြီး နိုင်ငံတချို့ပါဝင်နေတာကို လေ့လာသိရှိရတယ်လို့ သူကပြောပါတယ်။

စစ်ကော်မရှင်အဖွဲ့ဝင်တွေရော အစိုးရအဖွဲ့ဝင်တွေပါ ပါဝင်တဲ့ အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့တရုတ်ပြည်ခရီးစဥ်အတွေ့အကြုံတွေကို ပြောပြပြီး တရုတ်၊ရုရှားနဲ့ အိန္ဒိယနိုင်ငံတွေကို အကောင်းပြောခဲ့ပါတယ်။

နီပေါဆူပူမှုကို လေ့လာကြည့်တဲ့အခါ ဆိုရှယ်မီဒီယာတွေ မှတ်ပုံတင်ဖို့ ဆောင်ရွက်ခြင်းမှစတင် ဖြစ်ပေါ်လာတာလို့ သိရတဲ့အကြောင်း သူကပြောပါတယ်။

နီပေါအစိုးရဟာ အစိုးရချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ ပျက်ကွက်တယ်ဆိုပြီး လူမှုကွန်ရက် ပလက်ဖောင်း ၂၆ ခုကို ပြည်တွင်းမှာ ပိတ်ခဲ့တာဖြစ်ပါတယ်။

လူမှုကွန်ရက်ကုမ္ပဏီတွေ အနေနဲ့လည်း နီပေါအစိုးရ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှာ မှတ်ပုံတင်ရမယ့် နောက်ဆုံးရက်ကိုလည်း သတ်မှတ်ခဲ့ပါတယ်။

တားမြစ်တဲ့လူမှုကွန်ရက်တွေဟာ WhatsApp ၊ Facebook ၊ Instagram နဲ့ YouTube တို့ ဖြစ်ပါတယ်။

နီပေါနိုင်ငံမှာ အစိုးရက လူမှုကွန်ရက်တွေကို ပိတ်ပင်လိုက်တာနဲ့ အဂတိလိုက်စားမှု စွပ်စွဲချက်တွေကို နိုင်ငံတလွှားမှာ လူငယ်တွေဦးဆောင်တဲ့ဆန္ဒပြပွဲတွေ ထွက်ပေါ်ခဲ့ပါတယ်။

Gen Z တွေအများစုပါဝင်တဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ လမ်းပေါ်တက် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး အစိုးရပြုတ်ကျတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ချာလီကာ့ပစ်ခတ်မှု သံသယရှိသူ အဖမ်းခံ

အမေရိကန်သတင်းဌာနက ကြေညာနေတဲ့ တိုင်လာ ရော်ဘင်ဆင်ကို ဖမ်းဆီးလိုက်တဲ့သတင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်သတင်းဌာနက ကြေညာနေတဲ့ တိုင်လာ ရော်ဘင်ဆင်ကို ဖမ်းဆီးလိုက်တဲ့သတင်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အမေရိကန် သြဇာရှိကွန်ဆာဗေးတစ် ချာလီကာ့ ပစ်သတ်ခံရမှုမှာ သံသယရှိသူဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် တိုင်လာရော်ဘင်ဆင်ဆိုတဲ့ လူငယ်ဖမ်းဆီးခံလိုက်ရပြီ ဖြစ်ပါတယ်။

တိုင်လာရော်ဘင်ဆင်ဟာ ယူတာပြည်နယ် Dixie နည်းပညာကောလိပ်က လျှပ်စစ်လုပ်ငန်းခွင် ဆိုင်ရာပရိုဂရမ် တတိယနှစ်ကျောင်းသားဖြစ်တယ်လို့ Utah Valley တက္ကသိုလ်ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီကို ပြောပါတယ်။

သူ့အဖေကိုယ်တိုင်က အဖမ်းခံဖို့ နားချခဲ့ပြီးတဲ့နောက် ကြာသပ‌တေးညပိုင်းမှာ ရဲအချုပ်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

သံသယရှိသူကို ဖမ်းဆီးလိုက်ပြီဆိုတဲ့အကြောင်းကို အမေရိကန်သမ္မတထရမ့်က အရင်ဆုံး ထုတ်ပြောခဲ့တာပါ။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Turning Point USA အဖွဲ့ရဲ့ယူ့တာက စကားရည်လုပွဲမှာ ချာလီကာ့ပစ်ခတ်ခံရမှုဟာ အမေရိကန်အတွက် ထိတ်လန့်စရာ ဖြစ်စေခဲ့ပါတယ်။

သံသယရှိသူ တိုင်လာရော်ဘင်ဆင်ဟာ သူ့အဖေကို ဝန်ခံပြောပြအပြီးမှာ အဖမ်းခံရတာထက် အသေခံ လိုက်မယ်လို့ ပြောဆိုနေခဲ့တာလို့ သောကြောနေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စုံစမ်းစစ်ဆေးရေး တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

ဒီနောက်မှာတော့ မိသားစုနဲ့သိကျွမ်းတဲ့ ဘာသာရေးဆရာကို သူ့ဖခင်ကခေါ်ယူပြီး ၂ ယောက်အတူနားချခဲ့ကြတာပါ။

ကြာသပတေးနေ့ ည ၁၀ နာရီဝန်းကျင်မှာ‌တော့ ဘာသာရေးဆရာက ရဲအရာရှိတွေကိုခေါ်ဆိုခဲ့ပြီး ရဲတပ်ဖွဲ့ကလာရောက် ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရချိန်မှာ မစ္စတာရော်ဘင်ဆင်ဟာ တက္ကသိုလ် CCTV မြင်ခဲ့ရတဲ့အတိုင်း ဝတ်စားထားတယ်လို့ယူ့တာအုပ်ချုပ်ရေးမှူး စပန်ဆာကော့စ်က ပြောပါတယ်။

စစ်တပ်က ကျောက်မဲမြို့နယ်ထဲ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်

သွပ်မိုးတွေ လန်ထွက်ပျက်စီးနေတဲ့ အိမ်တစ်လုံးမှာ ကျန်ရစ်ပစ္စည်းတွေ ရှာဖွေနေသူ တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၁၂ ရက်မှာ ပစ်ခတ်မှုတွေအတွင်း ဗုံးထိမှန်ခဲ့တဲ့ ကျောက်မဲမြို့နယ်၊ တောင်ဆေးလိပ်ရွာက အခြေအနေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့နယ်ထဲက ကုန်းကော်ရွာနဲ့ ခိုက်တုန်ဟုန်းရွာတွေကို စစ်တပ်က မနေ့ညနေပိုင်းကစပြီး Y-12၊ ဒရုန်းနဲ့ လက်နက်ကြီးတွေ အသုံးပြုပစ်ခတ်၊ ဗုံးကြဲတာတွေလုပ်နေတယ်လို့ ဒေသခံတချို့က ဘီဘီစီကို ပြောပါတယ်။

ဒီရွာတွေဟာ နောင်ပိန်ရွာကနေ ၅ မိုင်နဲ့ ၆ မိုင်ကြားအကွာမှာရှိတဲ့ ရွာတွေဖြစ်ပါတယ်။

"ကုန်းကော်ရွာဘက်ကတော့ အပျက်အစီးများတယ်။ ဒီမနက်အထိလည်း လက်နက်ကြီး‌သံရော လက်နက်ငယ်သံရော တရစပ်ကြားနေတယ်" လို့ ဒေသခံတစ်ဦးကပြောပါတယ်။

လူထိခိုက်သေဆုံးမှု အခြေအနေ အတိအကျကိုတော့ မသိရသေးပါဘူး။

မနေ့ညနေကလို ပစ်ခတ်တာတွေ ခပ်စိပ်စိပ်ဖြစ်လာတာကြောင့် ကျောက်မဲမြို့နယ်ထဲကနေ စစ်ရှောင်ထွက်ခွာသူတွေတိုးလာတယ်လို့ စစ်ရှောင်ကူညီနေသူတစ်ဦးကဆိုပါတယ်။

မန္တ‌လေး-လားရှိုးလမ်းပေါ်က ခိုက်တုန်ဟုန်းရွာကနေ ကျောက်မဲမြို့ပေါ်ဟာ ၁၂ မိုင်အကွာမှာ ရှိနေတာပါ။

စစ်တပ်ထောက်ခံသူတွေရဲ့ လူမှုကွန်ရက်အကောင့်တွေမှာတော့ ကျောက်မဲပြန်သိမ်းနိုင်တော့မယ်လို့ ပြောဆိုနေကြတာဖြစ်ပါတယ်။

ကျောက်မဲစစ်ရေးနဲ့ပတ်သက်လို့ TNLA ကတော့ ထုတ်ပြန်လာတာမရှိသေးပါဘူး။

နီပေါမှာ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် တက်လာ

နီပေါ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာသူ ဆူရှီလာ ကာကီ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, နီပေါ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာသူ ဆူရှီလာ ကာကီ

နီပေါအစိုးရပြုတ်ကျသွားပြီးနောက် တရားလွှတ်တော်ချုပ်တရားသူကြီး ဆူရှီလာ ကာကီက ကြားဖြတ်ဝန်ကြီးချုပ်ဖြစ်လာပါတယ်။

ဆန္ဒပြခေါင်းဆောင်တွေနဲ့ သဘောတူညီမှု ရယူပြီးနောက်မှာ အသက် ၇၃ နှစ်အရွယ် ကာကီဟာ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

အစိုးရက လူမှုမီဒီယာတွေပိတ်ပင်တာလုပ်ပြီးနောက် ဖြစ်ပေါ်လာတဲ့ဆန္ဒပြမှုတွေအတွင်း အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်ဆုံမှုတွေကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။

ပိတ်ပင်ချက်ကို တနင်္လာနေ့မှာ ရုတ်သိမ်းခဲ့ပေမဲ့ ဆန္ဒပြမှုတွေဟာ အများပြည်သူပါဝင်တဲ့ လှုပ်ရှားမှုအဖြစ် အသွင်ပြောင်းသွားခဲ့ပါတယ်။

အင်္ဂါနေ့မှာ ဒေါသဖြစ်နေတဲ့ လူအုပ်ပြီးဟာ မြို့တော် ခတ္တမန္တူမှာရှိတဲ့ လွှတ်တော်နဲ့ အစိုးရအဆောက်အအုံတွေကို မီးတင်ရှို့ခဲ့ကြပါတယ်။ အကျိုးဆက်အဖြစ် ဝန်ကြီးချုပ် ကေပီ ရှားမား အိုလီ ဦးဆောင်တဲ့ အစိုးရ ပြုတ်ကျခဲ့ပါတယ်။

ဆွေးနွေးမှုတွေ ရက်ဆက်လုပ်ပြီးနောက်မှာ သမ္မတနဲ့ ဆန္ဒပြခေါင်းဆောင်တွေကြား သဘောတူညီမှုရရှိခဲ့ပါတယ်။ ဒီလိုဆွေးနွေးမှုမှာ တရားရေးကျွမ်းကျင်သူတွေလည်း ပါဝင်ခဲ့ပါတယ်။

နီပေါ စစ်ဦးစီးချုပ်က ကြားဝင်စေ့စပ်ပေးတဲ့ ဆွေးနွေးမှုမှာ ရရှိခဲ့တဲ့ အကျိုးဆက်အဖြစ် ကာကီကို ဝန်ကြီးချုပ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

သောကြာနေ့ နှောင်းပိုင်းမှာ လွှတ်တော်ကို ဖျက်သိမ်းခဲ့ပြီး အထွေထွေရွေးကောက်ပွဲကို နောက်နှစ် မတ် ၅ ရက်မှာ ပြုလုပ်မယ်လို့ ကြေညာခဲ့ပါတယ်။

ကာကီဟာ သူ့ဝန်ကြီးအဖွဲ့ဝင်တွေကို လာမယ့်ရက်ပိုင်းအတွင်း ခန့်အပ်ဖို့ရှိပါတယ်။

ကာကီဟာ အကျင့်ပျက်ခြစားမှုကင်းစင်သူလို့ သတ်မှတ်ခံထားရပြီး ကြားဖြတ်အစိုးရကို ဦးဆောင်ဖို့ Gen Z ကျောင်းသားခေါင်းဆောင်တွေက သူ့ကို ထောက်ခံပေးထားပါတယ်။

ကာကီရဲ့ဝန်ကြီးအဖွဲ့ဟာ ငြိမ်ဝပ်ပိပြားရေး ပြန်ရှိအောင်၊ လွှတ်တော်နဲ့ တခြားအဓိကအဆောက်အအုံတွေပြန်လည်တည်ဆောက်တာ၊ အပြောင်းအလဲလိုချင်တဲ့ ဆန္ဒပြသူတွေ စိတ်တိုင်းကျဖြစ်အောင်၊ သက်တမ်းနုသေးတဲ့ ဒီမိုကရေစီစနစ်နဲ့ ဖွဲ့စည်းပုံ ပျက်သုဉ်းသွားနိုင်တယ်လို့ စိုးရိမ်နေသူတွေ အပူအပန်လျော့အောင် လုပ်တာ စတဲ့ စိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

တနင်္လာနေ့က ရဲတပ်ဖွဲ့နဲ့ထိပ်တိုက်ဆုံမှုအတွင်း လူ ၁၉ ဦးသေဆုံးခဲ့တဲ့ နေရာကို ကာကီဟာ အင်္ဂါနေ့မှာ သွားရောက်ခဲ့ပါတယ်။ ဆေးရုံမှာ ကုသမှုခံယူနေတဲ့ ဒဏ်ရာရရှိသူတချို့နဲ့လည်း သူဟာ တွေ့ဆုံခဲ့ပါတယ်။

ကာကီဟာ နီပေါရဲ့ အင်အားအကြီးဆုံး ဒီမိုကရက်တစ်ပါတီ နီပါလီကွန်ဂရက်က ကိုအီရာလာနိုင်ငံရေးမျိုးဆက်နဲ့ ပတ်သက်မှုရှိတဲ့ မိသားစုမှာ မွေးဖွားခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ အဲ့ဒီအချိန်က ပါတီခေါင်းဆောင် ဒူဂါ ဆူဘေဒီနဲ့ လက်ထပ်ခဲ့ပါတယ်။

ရှေ့နေဘဝကနေ ၂၀၁၆ ခုနှစ်မှာ နီပေါရဲ့ တရားသူကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရရှိမှုမှာ သူ့ခင်ပွန်းက အရေးကြီးတဲ့ အခန်းကဏ္ဍကပါဝင်ခဲ့တယ်လို့ ကာကီက ပြောဆိုခဲ့ဖူးပါတယ်။

ဒါပေမဲ့ ကာကီဟာလည်း အငြင်းပွားစရာ အခြေအနေကနေ မလွတ်ကင်းပါဘူး။ တရားသူကြီးချုပ်အဖြစ် ၁၁ လကြာတာဝန်ထမ်းဆောင်မှုအတွင်းမှာ စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ ကြိုးပမ်းမှုတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။

ရန်ကုန်မှာ အေအေ ထောက်ပံ့ရေးအဖွဲ့ဝင် ၃ ဦးအပါအဝင် ၁၆ ဦးကို မူးယစ်ဆေးတွေနဲ့ဖမ်းမိတယ်လို့ စစ်ကော်မရှင်ထုတ်ပြန်

ကား၃ ဦးရဲ့ အရှေ့မှာ ရပ်နေတဲ့ အမျိုးသား ၁၆ ဦး သူတို့ရဲ့ ရှေ့က မြွေရေခွံအိတ် အဖြူရောင် အစိမ်းအထုပ်များ

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, စစ်ကော်မရှင်ထုတ် စက်တင်ဘာ ၁၃ ရက်သတင်းစာမှာတွေ့ရတဲ့ ဖမ်းမိမူးယစ်ဆေးဝါးနဲ့ ရောင်းဝယ်သူ ၁၆ ဦး

မလေးရှားနိုင်ငံကို ပို့မယ့် ငွေကျပ်ဘီလျံပေါင်းရာချီတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ အာရက္ခတပ်တော် အေအေ ထောက်ပံ့ရေးအဖွဲ့ဝင် ၃ ဦးအပါအဝင် ၁၆ ဦးကို ရန်ကုန်မှာဖမ်းမိတယ်လို့ စစ်ကော်မရှင်ထုတ် စက်တင်ဘာ ၁၃ ရက် သတင်းစာမှာ ဖော်ပြပါတယ်။

သူတို့ကို စက်တင်ဘာ ၅ ရက်နဲ့ ၇ ရက်တွေမှာ ရွှေပြည်သာ၊ မြောက်ဥက္ကလာပ၊ သာကေတ၊ ပန်းဘဲတန်းမြို့နယ်တွေကနေ ဖမ်းမိတာလို့ စစ်ကော်မရှင်က ဆိုပါတယ်။

ဖမ်းမိတဲ့ထဲမှာ ICE ၄၄၄၀ ကီလိုဂရမ်၊ ကတ်တမင်း ၁၁၀၀ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၄၀၊ ဘိန်းဖြူ ၁၄ ကီလိုဂရမ် နဲ့ ကား ၅ စီးလည်း ပါဝင်ပါတယ်။

အေအေဟာ အဖွဲ့ရပ်တည်ရေးနဲ့ လက်နက်ခဲယမ်းအတွက် မူးယစ်ဆေးဝါး ရောင်းဝယ်နေတယ်လို့ အေအေ ထောက်ပံ့ရေးဒုတိယတာဝန်ခံထွက်ဆိုချက်အရဆိုပြီး စစ်ကော်မရှင်က စွပ်စွဲထားပါတယ်။

အခုဖမ်းမိသူတွေအပြင် အေအေရဲ့‌ထောက်ပံ့ရေးတာဝန်ခံ တစ်ဦးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းကျေးရွာနေသူ တစ်ဦးကို ဆက်လက်ဖမ်းဆီးဖို့ ကျန်တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

သြဂုတ် ၂၃ ရက်တုန်းကလည်း မလေးရှားပို့မယ့်မူးယစ်ဆေးဝါးတွေကို မြေပုံမြို့နယ်က အေအေ အကောက်ခွန်မှူးက အခွန်‌ကောက်ပြီးပို့ဆောင်ပေးနေတယ်လို့ စစ်တပ်က စွပ်စွဲထားတာကို အေအေဘက်က ငြင်းဆိုထားပါတယ်။

အခုတစ်ခါ စစ်တပ်ရဲ့ ထပ်မံစွပ်စွဲချက်နဲ့ ပတ်သက်လို့ ဘီဘီစီက အာရက္ခတပ်တော် အေအေ ပြောခွင့်ရ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

ဖြည့်စွက်ချက် - ရန်ကုန်မှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့လုံးဝ ဆက်စပ်ပတ်သက်မှုမရှိဘူးလို့ အာရက္ခတပ်တော် အေအေရဲ့ ပြောခွင့်ရ ဦးခိုင်သုခက ဒီနေ့ မွန်းလွဲပိုင်းမှာ ဘီဘီစီကို ပြန်လည်ဖြေကြားထားပါတယ်။

အာရက္ခတပ်‌တော် အေအေရဲ့ ရပ်တည်ရေးနဲ့ လက်နက်ခဲယမ်းအတွက် မူးယစ်‌ဆေးဝါးရောင်းဝယ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ ဦးခိုင်သုခက" ကျွန်တော်တို့က ထမင်းငတ်နေတဲ့အဖွဲ့အစည်းမဟုတ်ဘူး။ ဒါကြောင့် အောက်တန်းကျ လူညွန့်တုံးစေတဲ့လုပ်ရပ်ကို ဘယ်တော့မှမလုပ်ဘူး"လို့ တုံ့ပြန်ပါတယ်။

မြန်မာအတွက် ဖွံ့ဖြိုးရေးအကူအညီတွေ လာမယ့်နှစ်မှာ ဆွီဒင်ရပ်တန့်မယ်

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲက Press ဦးထုပ်ဆောင်းတဲ့ သတင်းထောက်နဲ့ ဆန္ဒပြနေတဲ့ လူစု

ဓာတ်ပုံ ရင်းမြစ်, May Khin

ဓာတ်ပုံ ပုံစာ, ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲ

ဆွီဒင်အစိုးရက မြန်မာနိုင်ငံကို ပေးအပ်နေတဲ့ ဖွံ့ဖြိုးရေးအထောက်အပံ့ရန်ပုံငွေတွေကို ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက်မှာ ရပ်တန့်မယ်လို့ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ယူကရိန်းကို ဦးစားပေးထောက်ပံ့မှာဖြစ်တာကြောင့် မြန်မာအတွက်အထောက်အပံ့တွေကို ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်တာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဥရောပအတွက် ယူကရိန်းဟာ အဓိက ခံတပ်တစ်ခုဖြစ်သလို သူတို့နိုင်ငံရဲ့လွတ်လပ်ရေးနဲ့ ဥရောပ အတွက်ပါ ခုခံပေးနေတာကြောင့် ဆွီဒင်ရဲ့အကူအညီတွေ ပြောင်းရွှေ့ပေးဖို့က အရေးကြီးဆုံးအချိန် ဖြစ်တယ်လို့ ပြောထားတာပါ။

မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အခြေအနေတွေဟာ စစ်တပ်အာဏာသိမ်းလိုက်ကတည်းက တဖြည်းဖြည်းဆုတ်ယုတ်လာခဲ့တယ်လို့ ဆွီဒင်အစိုးရကဆိုပါတယ်။

ဆွီဒင်က မြန်မာရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၄ ကနေ ၂၀၂၆ အထိ ချမှတ်ထားတဲ့ ဗျူဟာအရ အကူအညီပေးလက်စဖြစ်ပါတယ်။

ဒီဗျူဟာအရ ၂၀၂၅ ခုနှစ်အတွက် ဆွီဒင်ခရိုနာ ၁၇၅ သန်း(အမေရိကန်ဒေါ်လာ ၁၈ သန်းကျော်) နဲ့ ၂၀၂၆ ခုနှစ်အတွက် ဆွီဒင်ခရိုနာ ၁၄၀ သန်း(အမေရိကန်ဒေါ်လာ ၁၅သန်းကျော်)ကို နောက်ဆုံးရရှိမှာ ဖြစ်ပါတယ်။

အခု ရန်ပုံငွေရပ်တန့်မယ့် ဆုံးဖြတ်ချက်ဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အပေါ်မှာ တော့ သက်ရောက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အမေရိကန်အစိုးရရဲ့ မြန်မာအတွက် အ‌ထောက်အပံ့တွေဖြတ်တောက်မှုရဲ့နောက်မှာ ဆွီဒင်ကပါ ထပ်မံ ရပ်တန့်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာ့အရပ်ဘက်အဖွဲ့အစည်း၊ လူ့အခွင့်အရေးကာကွယ်စောင့် ရှောက်သူတွေနဲ့ လွတ်လပ်တဲ့မီဒီယာတွေအတွက် တုန်လှုပ်စရာဆုံးဖြတ်ချက်လို့ Human Rights Myanmar အဖွဲ့က မနေ့ကထုတ်ပြန်ပါတယ်။

ဆွီဒင်ဖြတ်တောက်မယ့်အကူအညီထဲမှာ မီဒီယာနဲ့ လူ့အခွင့်အရေးအဖွဲ့တွေအတွက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၅ သန်းပေးအပ်နေတဲ့ အကူအညီလည်း ပါဝင်နေတာပါ။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ အုပ်ချုပ်မှုကဏ္ဍအတွက် အဓိကအလှူရှင်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်နဲ့ ဆွီဒင်ရဲ့ဆုတ်ခွာမှုဟာ ရန်ပုံငွေမလုံလောက်ရမှာထက် ပိုတဲ့ဆုံးရှုံးမှုလို့ လူ့အခွင့်အရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဆိုထားပါတယ်။

ကျောက်တော်လေကြောင်းတိုက်ခိုက်ခံရမှု ပြင်းထန်စွာ လက်တုံ့ပြန်မယ်လို့ အေအေပြော

လွင့်စင်ပြန့်ကြဲနေတဲ့ ကျောင်းသုံးဗလာစာအုပ်တစ်အုပ်၊ ကျောင်းစိမ်းဝတ်စုံ၊ ကွန်ပါဘူး အနီရောင်

ဓာတ်ပုံ ရင်းမြစ်, Prae Phroe Naing

ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၁၂ ရက်မှာ လေကြောင်းတိုက်ခံရတဲ့ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာက ပညာပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်းအခြေအနေ

လူဒါဇင်ကျော် သေဆုံးခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်က စာသင်ကျောင်းဗုံးကြဲခံရမှုအတွက် တရားမျှတမှု ရအောင် ဆောင်ရွက်သွားမှာဖြစ်သလို ကျူးလွန်သူ၊ စေခိုင်းသူနဲ့ ပါဝင်ပတ်သက်သူတွေကို ပြင်းထန်စွာလက်တုံ့ ပြန်သွားမယ်လို့ အာရက္ခတပ်တော် အေအေက စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

မနေ့က စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာက ပညာပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်းက ကျောင်းသား၊ ကျောင်းသူ ၁၉ ဦးသေဆုံးရတာနဲ့ ပတ်သက်လို့ ထုတ်ပြန်ချက်မှာ ပြောထားတာပါ။

ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသား၊ ကျောင်းသူတွေအပါအဝင် အရပ်သား ၂၂ ဦး လည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ အေအေက ဆိုပါတယ်။

ပညာပန်းခင်းကျောင်းလေကြောင်းတိုက်ခိုက်မှုအပါအဝင် ၂၀၂၅ ခုနှစ်အတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း အရပ်သားအစုလိုက်သေဆုံးမှု ၆ ခုရှိခဲ့တယ်လို့အေအေကထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအထိ ရမ်းဗြဲ၊ မြောက်ဦး၊ ရသေ့‌တောင်နဲ့ ကျောက်တော်မြို့နယ်တွေက လေကြောင်းတိုက်ခိုက်မှု ၅ ခုကြောင့် အရပ်သား ၈၉ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၉၁ ဦးရှိခဲ့တယ်လို့ အေအေကထုတ်ပြန်ပါတယ်။

ဒီနေ့ထုတ်ပြန်ချက်မှာ စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်တာတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ လက်ပိုက်ကြည့်မနေဘဲ ထိထိရောက်ရောက်အရေးယူဖို့ အေအေက တိုက်တွန်းထားပါတယ်။