အမေရိကန်ရပ်လိုက်တဲ့ ကမ္ဘာတဝန်းအထောက်အပံ့တွေ တရုတ်ပေးမလား

ကမ္ဘောဒီးယားက မြေမြှုပ်မိုင်း ရှင်းလင်းရေးစီမံကိန်းအတွက် တစ်နှစ် အကူအညီပေးမယ်လို့ တရုတ်ကတိပြု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘောဒီးယားက မြေမြှုပ်မိုင်း ရှင်းလင်းရေးစီမံကိန်းအတွက် တစ်နှစ် အကူအညီပေးမယ်လို့ တရုတ်ကတိပြု
    • ရေးသားသူ, ရှောန် ယွမ်
    • ရာထူးတာဝန်, Global China၊ ဘီဘီစီကမ္ဘာတလွှားအသံလွှင့်ဌာန

ပြည်ပ အထောက်အပံ့တွေကို အမေရိကန်က ရုတ်တရက် ရပ်ဆိုင်းလိုက်တဲ့အတွက် ဒီအထောက်အပံ့ လိုအပ်ချက်တွေကို ဘယ်သူက ဖြည့်ဆည်းပေးမလဲဆိုတာနဲ့ ပတ်သက်လို့ ကမ္ဘာတဝန်းစိုးရိမ်မှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။

အမေရိကန်အစိုးရရဲ့ အဓိက ပြည်ပအထောက်အပံ့အေဂျင်စီက ကာလတာရှည် တစိုက်မတ်မတ် လုပ်လာတဲ့ ပြည်ပ ထောက်ပံ့မှုတွေကို ရပ်ဆိုင်းလိုက်တဲ့အတွက် ဒီထောက်ပံ့မှုတွေကို တရုတ်ကများ အစားဝင် လုပ်ဆောင်လာမလားဆိုပြီး ပြည်ပအထောက်အပံ့ မူဝါဒနဲ့ ကယ်ဆယ်ရေး အပိုင်းကဏ္ဍတွေက လူအတော်များများက တွက်ချက်ပြောဆိုကြပါတယ်။

ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးတာဟာ သြဇာလွှမ်းမိုးအောင် လုပ်နိုင်တဲ့ လက်နက်ကိရိယာတစ်ခုလို့ တရုတ်အစိုးရက ရှုမြင်ထားတာကြောင့် ဖြစ်ပါတယ်။

တရုတ်ဟာ ကမ္ဘောဒီးယားနိုင်ငံအပေါ် ထောက်ပံ့မှုတွေ ပေးဖို့ စအာရုံစိုက်နေပြီဖြစ်ပါတယ်။ ကမ္ဘောဒီယားနိုင်ငံမှာ အရပ်သားအများအပြား သေကြေ ဒဏ်ရာရခဲ့တဲ့ စစ်ပွဲကာလက မြေမြှုပ်မိုင်းတွေ ရှင်းလင်းရာမှာ ကမ္ဘောဒီးယား အစိုးရကို နိုင်ငံတကာက ထောက်ပံ့ကူညီနေတာ ဖြစ်ပါတယ်။

ပြည်ပအထောက်အပံ့တွေ ထရမ့်အစိုးရ ရပ်ဆိုင်းလိုက်အပြီး သီတင်းတစ်ပတ်အကြာမှာတင် ကမ္ဘောဒီးယားမှာ မြေမြှုပ်မိုင်းရှင်းလင်းရေး စီမံကိန်းကို ၂၀၂၅ ခုနှစ် မတ်လကစလို့ တစ်နှစ်ကြာ ဆက်လက်ဆောင်ရွက်နိုင်ရေး ဒေါ်လာ ၄.၄ သန်း ထောက်ပံ့ကူညီဖို့ တရုတ်အစိုးရက ကတိပြုလိုက်တယ်လို့ ကမ္ဘောဒီးယား မြေမြှုပ်မိုင်းရှင်းလင်းရေး စီမံကိန်း (CMAC) က ထုတ်ဖော်ကြေညာခဲ့ပါတယ်။

အမေရိကန်က ပြည်ပအထောက်အပံ့တွေ ရုတ်တရက် ရပ်ဆိုင်းလိုက်တာကို အခွင့်ကောင်းယူပြီး တရုတ်အနေနဲ့ အာဖရိက၊ လက်တင်အမေရိကနဲ့ သမုဒ္ဒရာပိုင်းဒေသ စတဲ့ ကမ္ဘာ့တောင်ပိုင်းနိုင်ငံတွေမှာ သြဇာလွှမ်းမိုးမှု ပိုခိုင်မာလာအောင်နဲ့ ဆက်ဆံရေး တိုးတက်လာရေး လုပ်ဆောင်ဖို့ ဒီဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့တွေ ပေးခဲ့တယ်ဆိုတာ ထင်ဟပ်ပြနေပါတယ်။

CMAC ရဲ့ အကြီးအကဲ ဟန်း ရာတာနာ ကတော့ "အမေရိကန်အစိုးရဟာ သူတို့ရဲ့ ပြည်ပအထောက်အပံ့ မူဝါဒကို ပြန်သုံးသပ်နေပြီး အထောက်အပံ့တွေ ပြန်ပေးမှာ ဖြစ်တယ်"လို့ နောက်ပိုင်းမှာ ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ အထောက်အပံ့တွေ ပေးမယ် ဆိုပြီး တရုတ်က ချက်ချင်း ထုတ်ဖော်ကြေညာခဲ့ပေမဲ့ ဒါဟာ အမေရိကန်ရဲ့ အထောက်အပံ့တာဝန်တွေကို ကျယ်ကျယ်ပြန့်ပြန့် လွှဲပြောင်းယူမယ့် သဘောလို့ မယူဆရသလို အမေရိကန်က ရပ်ဆိုင်းလိုက်လို့ လစ်ဟာသွားတဲ့ အထောက်အပံ့တွေကို တရုတ်က ပုခုံးပြောင်း တာဝန်ယူ ကူညီပေးမယ့်သဘော မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒါပေမဲ့လည်း အနောက်အုပ်စုနိုင်ငံတွေ ဆုတ်ယုတ်ကျဆင်းလာမှုကို တရုတ်အစိုးရက နှစ်ထောင်းအားရ ဖြစ်နေတာ ကြာနေပြီဖြစ်ပါတယ်။ အမေရိကန်ရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ ပြည်ပနိုင်ငံတွေမှာ နေရာယူထားမှုတစ်ခုကို ဖြတ်တောက်လျှော့ချပစ်ဖို့ ဒေါ်နယ် ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ ရှီကျင့်ဖျင်အတွက်တော့ အံဝင်ခွင်ကျ အသုံးချစရာ ဖြစ်သွားခဲ့ပါတယ်။

အမေရိကန်နဲ့မတူတဲ့ တရုတ်ရဲ့ အထောက်အပံ့ပေးမှု ပုံစံ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တရုတ်ဟာ ကမ္ဘာတဝန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုတွေမှာ အဓိက အရေးပါတဲ့အခန်းကဏ္ဍကနေ ပါ၀င်ဆောင်ရွက်နေတာဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်အတွင်း ဒေါ်လာ ၁ ဒသမ ၂၄ ထရီလျံ အထောက်အပံ့ပေးခဲ့တဲ့ အမေရိကန်နဲ့ နှိုင်းယှဉ်ရင် တရုတ်နိုင်ငံဟာ ၂၀၀၀ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်အတွင်း ဒေါ်လာ ၁.၃၄ ထရီလျံ ထောက်ပံ့ကူညီခဲ့ပြီး ကမ္ဘာတဝန်း ဖွံ့ဖြိုးတိုးတက်ရေးမှာ အများဆုံး ထောက်ပံ့တဲ့နိုင်ငံ အဖြစ် ရပ်တည်နေတယ်လို့ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်က William & Mary ကောလိပ်ရဲ့ AidData သုတေသနအဖွဲ့ရဲ့ လေ့လာချက်က ဆိုပါတယ်။

တရုတ်အစိုးရရဲ့ ပြည်ပအတွက် အထောက်အပံ့ငွေ သုံးစွဲမှုဟာ ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်း (BRI) အောက်မှာ အဆပေါင်းများစွာ တိုးလာခဲ့ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ အမှတ်သင်္ကေတ နိုင်ငံခြားရေးမူဝါဒစီမံကိန်းဖြစ်တဲ့ ဒီစီမံကိန်းကို ၂၀၁၃ ခုနှစ်မှာ စတင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ အခြေခံအဆောက်အဦတွေ ကတဆင့် တရုတ်နိုင်ငံနဲ့ တခြားကမ္ဘာ့နိုင်ငံတွေကို ပေါင်းကူးဆက်သွယ်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) နဲ့ အလားတူ တရုတ်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (CIDCA) အဖွဲ့ကို တရုတ်အစိုးရက ၂၀၁၈ ခုနှစ်မှာ ထူထောင်ခဲ့ပြီး နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ တရားဝင် စတင်ထောက်ပံ့ ဆောင်ရွက်လာခဲ့ပါတယ်။

ဒါပေမဲ့လည်း တရုတ်အစိုးရရဲ့ အထောက်အပံ့ပုံစံဟာ အမေရိကန်အစိုးရရဲ့ အထောက်အပံ့ပုံစံနဲ့ သိသိသာသာ ကွဲပြားပါတယ်။

AidData ရဲ့ လေ့လာချက်အရ ၂၀၁၂ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း အမေရိကန်ရဲ့ ပြည်ပအထောက်အပံ့ငွေ ၈၀ ရာခိုင်နှုန်းဟာ ပြန်ပေးစရာမလိုတဲ့ ထောက်ပံ့ကြေးတွေအဖြစ် ပေးခဲ့တာ ဖြစ်ပြီး တရုတ်ရဲ့ ပြည်ပအထောက်အပံ့ငွေကတော့ ၃ ရာခိုင်နှုန်းပဲ ထောက်ပံ့ကြေးအဖြစ် ပေးတာဖြစ်ပါတယ်။

ထောက်ပံ့ငွေ အများစုကို ချေးငွေ ဒါမှမဟုတ် ပို့ကုန်အကြွေး အနေနဲ့ ပေးလေ့ရှိတဲ့ တရုတ်နိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အကြီးဆုံး တရားဝင် ကြွေးရှင်နိုင်ငံကြီးဖြစ်လာခဲ့ပါတယ်။

ကျန်းမာရေးနဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေအပေါ် အဓိကအာရုံထားတဲ့ အမေရိကန်အထောက်အပံ့တွေနဲ့မတူဘဲ တရုတ်ကတော့ ကြီးမားတဲ့ အခြေခံအဆောက်အဦတွေ၊ စွမ်းအင်နဲ့ သတ္တုတွင်း စီမံကိန်းကြီးတွေမှာ အစဉ်အဆက် အဓိကထား ရင်းနှီးမြှုပ်နှံလာခဲ့တာ ဖြစ်ပါတယ်။

ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်း (BRI) ကိုကြည့်ရင် ငွေကြေးအထောက်အပံ့ တိုက်ရိုက်ပေးတာမျိုးထက် အခြေခံအဆောက်အဦတွေ ဆောက်လုပ်ပေးခြင်းအားဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် လှုံ့ဆော် အကူအညီပေးတဲ့ တရုတ်ရဲ့ ဒီချဉ်းကပ်မှုပုံစံကို မြင်နိုင်ပါတယ်။

ဒါဟာ ကမ္ဘာ့တောင်ပိုင်းနိုင်ငံတွေအကြား သယံဇာတရင်းမြစ်တွေနဲ့ အသိပညာတွေ လဲလှယ်ဝေမျှရေးကို အဓိကအာရုံစိုက်တဲ့ "တောင်ပိုင်းနိုင်ငံများ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု" အဖြစ် တရုတ်အစိုးရက သတ်မှတ်ထားပါတယ်။

တရုတ်က သူ့ရဲ့ အထောက်အပံ့ ဆောင်ရွက်မှုတွေမှာ အနောက်အုပ်စုနိုင်ငံတွေနဲ့ ပတ်သက်တာမျိုး မလုပ်ဘဲ ခပ်ဝေးဝေးနေခဲ့ပြီး အနောက်အုပ်စုနိုင်ငံတွေဟာ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်စွက်ဖက်ဖို့ အထောက်အပံ့တွေကို အသုံးချနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်ရဲ့ ထောက်ပံ့မှု စီမံကိန်းတွေဟာ အမေရိကန်ရဲ့ အထောက်အပံ့ စည်းမျဉ်းကန့်သတ်မှုတွေရဲ့ အုတ်မြစ်ဖြစ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မရှိစေရ ဆိုတဲ့အချက်ကို လစ်လျူရှုထားလေ့ ရှိတယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။

ဥပမာအားဖြင့် ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့မှုနဲ့ အနောက်အုပ်စုတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ ရုရှားဟာ တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့အများဆုံး ရတဲ့ နိုင်ငံတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။

အလားတူပဲ သွေးထွက်သံယို လူအသေအပျောက်များခဲ့တဲ့ ပြည်တွင်းစစ်ကာလအတွင်း အမေရိကန်ရဲ့ အထောက်အပံ့တွေ ရပ်ဆိုင်းခံခဲ့ရတဲ့ သီရိလင်္ကာနိုင်ငံကိုလည်း အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ တရုတ်က ဆက်ထောက်ပံ့ခဲ့ပါတယ်။

အမေရိကန်ရဲ့ အထောက်အပံ့ တာဝန်ကို တရုတ်က လွှဲယူဖို့ အသင့်ရှိသလား

အမေရိကန်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ USAID ဟာ စားနပ်ရိက္ခာ၊ ကျန်းမာရေးနဲ့ တခြား အရေးပေါ်ကယ်ဆယ်ရေးတွေမှာ ထဲထဲဝင်ဝင် ဆောင်ရွက်ပေးနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ USAID ဟာ စားနပ်ရိက္ခာ၊ ကျန်းမာရေးနဲ့ တခြား အရေးပေါ်ကယ်ဆယ်ရေးတွေမှာ ထဲထဲဝင်ဝင် ဆောင်ရွက်ပေးနေ

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ရဲ့ အခန်းကဏ္ဍနေရာမှာ တရုတ်က အစားထိုးဝင်ယူမယ့်ပုံ မရှိဘူးလို့ ကျွမ်းကျင်သူ အတော်များများက ပြောနေပါတယ်။

"ဒေါ်လာထောက်ပံ့ငွေ လစ်ဟာနေမှုကြီးကို တရုတ်အစိုးရက အနောက်အုပ်စုအစိုးရတွေလုပ်တဲ့နည်းအတိုင်း လုပ်ပြီး ဒေါ်လာငွေနဲ့ ဖြည့်ဆည်းပေးမယ့်ပုံ မရှိပါဘူး" လို့ AidData ဌာနရဲ့ မူဝါဒသုံးသပ်ရေး ညွှန်ကြားရေးမှူး ဆမန်သာ ကပ်စ်တာ က ပြောပါတယ်။

"နှစ်ဖက်အခြေခံ တွေးခေါ်မှုပိုင်းက မတူကြပါဘူး။" လို့ သူကပြောပါတယ်။

တွေးခေါ်မှုပိုင်းအပြင် အဓိက စိန်ခေါ်ချက်တစ်ခုက နည်းဗျူဟာပိုင်း ဖြစ်ပါတယ်။ အမေရိကန်က အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေ၊ အစိုးရအဖွဲ့တွေ၊ ဒေသခံအသိုင်းအဝိုင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကျယ်ပြန့်တဲ့ ကမ္ဘာတဝန်း ကယ်ဆယ်ရေးကွန်ရက်တစ်ခုကို ဆယ်စုနှစ်နဲ့ချီ အချိန်ယူ တည်ဆောက်ခဲ့တာပါ။

တရုတ်ကတော့ ဒီအခြေခံအဆောက်အဦမျိုး မရှိပါဘူး။ "ဒီလိုကွန်ရက်မျိုး တည်ဆောက်ဖို့ ဆယ်စုနှစ်ပေါင်း မကြာရင်တောင် အနည်းဆုံး နှစ်နဲ့ချီ ကြာနိုင်ပါတယ်" လို့ စတော့ခ်ဟုမ်းမြို့ နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့ က ဒေါက်တာ ဂျင်ဒေါင်း ယွမ် က ပြောပါတယ်။

နောက်အခက်အခဲတစ်ခုက စီးပွားရေး ကန့်သတ်မှုတွေ ဖြစ်ပါတယ်။ စီးပွားရေးကောင်းခဲ့ချိန် ၂၀၁၆ ခုနှစ်မှာ တရုတ်ရဲ့ နှစ်စဉ် ထောက်ပံ့ငွေ အသုံးစရိတ်က ဒေါ်လာ ၁၂၅ ဘီလျံနဲ့ အများဆုံး ဖြစ်ခဲ့ပေမဲ့ အဲဒီအချိန်ကစလို့ တဖြည်းဖြည်း လျော့ကျသွားခဲ့ရာမှာ စီးပွားရေးနှေးကွေးလာတဲ့အတွက် ၂၀၂၁ ခုနှစ်မှာ ထောက်ပံ့ငွေအတွက် အသုံးစရိတ်ဟာ ၂၀၀၈ ခုနှစ်က ပမာဏလောက် ပြန်ကျသွားခဲ့ပါတယ်။

ပြည်တွင်းမှာ စီးပွားရေး အခြေအနေမကောင်းတဲ့အတွက် တရုတ်ပြည်သူတွေ မနည်းရုန်းကန်နေရချိန်မျိုးမှာ ပြည်ပ ကယ်ဆယ်ရေးအထောက်အပံ့တွေ ဘာ့ကြောင့် တိုးပေးရသလဲ ဆိုတာကို ပြည်သူတွေကို ရှင်းပြဖို့ တရုတ်အစိုးရအနေနဲ့ အခက်တွေ့ကောင်း တွေ့နိုင်ပါလိမ့်မယ်။

"လောလောဆယ်မှာ ဒီလိုထောက်ပံ့ငွေအသုံးစရိတ်မျိုးအတွက် ပြည်တွင်းက တွန်းအားပေးနိုင်တာမျိုး မရှိဘူးလို့ ဆိုရမှာပါ"လို့ ဂျွန်ဟော့ကင်း တက္ကသိုလ်က ပါမောက္ခ ဒီဘိုးရာ ဘရောင်တီဂမ် က ပြောပါတယ်။

ကမ္ဘာတဝန်း ထောက်ပံ့မှုတွေမှာ တရုတ်-အမေရိကန်ရဲ့ ပါဝင်ဆောင်ရွက်မှုဟာ တဖက်က ထောက်ပံ့ငွေ ရပ်လိုက်တာနဲ့ တဖက်က ချက်ချင်း တိုးထောက်ပံ့မယ်ဆိုတဲ့ တဖက်မြင့်ရင် တဖက်ကျတဲ့ စီးဆော့ စီးတာမျိုးလို မဟုတ်ပါဘူး။

မကြာသေးခင် သမိုင်းဖြစ်ရပ်တွေအရ တရုတ်ဟာ လူသားချင်းစာနာတဲ့ကယ်ဆယ်ရေး အထောက်အပံ့တွေ သိသိသာသာ တိုးမြှင့်ပေးမယ့်ပုံမျိုး မတွေ့ရပါဘူး။

ဥပမာအားဖြင့် အဂတိလိုက်စားမှုတွေ ရှိနေတယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် အီသီယိုပီးယားနိုင်ငံကို USAID က စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ ဆိုင်းငံ့လိုက်ချိန် ၂၀၂၃ ခုနှစ်တုန်းက တရုတ်နဲ့ အီသီယိုပီးယားအကြား အခြေခံအဆောက်အအုံဆိုင်ရာ ဆက်ဆံမှုတွေ အခိုင်အမာ ရှိနေပေမဲ့လည်း တရုတ်အစိုးရက အီသီယိုပီးယားအတွက် သူ့ရဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ သိသိသာသာ ပေးခဲ့တာမျိုး မလုပ်ခဲ့ပါဘူး။

"တရုတ်အစိုးရအနေနဲ့ ကြားဝင် ထောက်ပံ့ပေးနိုင်တဲ့ အခွင့်အလမ်းတွေ အတော်များများ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အများစုက အပြောသာရှိခဲ့ပြီး လက်တွေ့စီမံကိန်းတွေအဖြစ်နဲ့တော့ တကယ်တမ်းထောက်ပံ့ဆောင်ရွက်ပေးတာမျိုး မရှိခဲ့ပါဘူး"လို့ လေဒန် တက္ကသိုလ်က တွဲဘက်ပါမောက္ခ ဆန်တီနို ရက်ဂျေလ်မီ က ပြောပါတယ်။

ကမ္ဘာတဝန်း သြဇာလွှမ်းနိုင်ဖို့ တရုတ်ရဲ့ ရေရှည် နည်းဗျူဟာ

USAID ကြောင့် လပ်ဟာသွားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ငွေတွေကို တရုတ်က ဝင်ဖြည့်ပေးမှာ မဟုတ်ပေမဲ့ ရေရှည် နည်းဗျူဟာတွေကနေတဆင့် ကမ္ဘာတဝန်း သြဇာလွှမ်းမိုးနိုင်အောင်တော့ တရုတ်က တဖြည်းဖြည်းချင်း ရှေ့တိုး လုပ်ဆောင်လာနေပါတယ်။

USAID က တရုတ်အစိုးရရဲ့ ချဉ်းကပ်ပုံကို သိထားပြီး တရုတ်ရဲ့ သြဇာလွှမ်းမိုးလာမှုကို တန်ပြန်နိုင်ဖို့ အရင်ကတည်းကိုက အထူးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားခဲ့ပြီး ဖြစ်ပါတယ်။

အထောက်အပံ့တွေ ရပ်ဆိုင်းလိုက်တဲ့အတွက် ဖြစ်လာမယ့် ရေရှည်အကျိုးဆက်တွေကို သတိပေးရင်း USAID အဖွဲ့ရဲ့ တရုတ်ရေးရာ ထိပ်တန်း အကြံပေးပုဂ္ဂိုလ်ဟောင်း ဖရန်စစ္စကို ဘန်ကော့စ်မီက "ဂေဟစနစ်ကြီးတစ်ခုလုံး" ထိခိုက်ပျက်စီးသွားပြီ ဖြစ်ကြောင်းနဲ့ နီပေါနဲ့ ကမ္ဘောဒီးယားလို USAID ရဲ့ မိတ်ဖက်နိုင်ငံတွေကို တရုတ်က လှမ်းဆက်သွယ်ထားပြီး ဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။

"ဒါက ဖွင့်လိုက် ပိတ်လိုက်လုပ်တဲ့ မီးခလုတ်မျိုး မဟုတ်ဘူး"လို့လည်း သူက ပြောပါတယ်။

သူ့လိုပဲ အလားတူစိုးရိမ်မှုတွေ အမေရိကန်အစိုးရအဖွဲ့အတွင်းမှာလည်း ပေါ်ထွက်ခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံအများအပြား အားထားနေရတဲ့ အရေးပါတဲ့ အထောက်အပံ့တွေ ရုတ်တရက် ဆိုင်းငံ့လိုက်တာက တရုတ်အတွက် အားသာချက် ဖြစ်သွားစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောနေပါတယ်။

ဒီလိုလုပ်လိုက်တဲ့အတွက် တရုတ်ဟာ တခြားမိတ်ဖက်နိုင်ငံတွေမျိုးသာ မကဘဲ ကမ္ဘာ့နိုင်ငံတွေ လိုလားနှစ်သက်တဲ့ မိတ်ဖက်နိုင်ငံဖြစ်တယ်ဆိုတဲ့ တရုတ်အစိုးရပြောနေကျစကားကို ပိုခိုင်မာသွားစေမှာ ဖြစ်ပါတယ်။

"ဘာမှ မလုပ်ပဲ နေပြခြင်းအားဖြင့် တရုတ်က အခွင့်ကောင်းယူထားနိုင်ခဲ့ပါပြီ"လို့ AidData အဖွဲ့က ကလပ်စတာ က ပြောပါတယ်။ "အမေရိကန်အပေါ် ယုံကြည်စိတ်ချရမှုကို မေးခွန်းထုတ်ဖို့ တိုက်တွန်းခြင်းအားဖြင့် အပြုသဘောပြယုဂ် တည်ဆောက် ပြနိုင်ခဲ့ပါတယ်"

နှုတ်အပြောအပြင် တရုတ်က ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်းမှာ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ ငွေတွေ အလေးအနက် ပုံအောသုံးပြခဲ့ခြင်းအားဖြင့် ကမ္ဘာ့တောင်ပိုင်းနိုင်ငံ အတော်များများရဲ့ ချစ်ခင်နှစ်သက်မှုကို ခံခဲ့ရပါတယ်။

ပြည်တွင်းရေး ဝင်မစွက်တဲ့ မိတ်ဖက်နိုင်ငံအဖြစ် သူ့ကိုယ်သူ ဖော်ညွှန်းပြောဆိုရင်း တရုတ်အစိုးရဟာ နိုင်ငံအတော်များများမှာ သူ့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထောက်အပံ့စီမံကိန်းတွေကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ အာဖရိကဒေသတဝန်းမှာ အားကစားရုံတွေ တည်ဆောက်ပေးတာမျိုး၊ ငွေကြေးထောက်ပံ့တာမျိုးတွေ လုပ်ခဲ့သလို လက်တင်အမေရိကဒေသမှာဆိုရင်လည်း ဧရာမ ဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းကြီးတွေ လုပ်ပေးရင်းနဲ့ အရေးပါတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းကြီးတွေအတွက် အားထားရတဲ့ မိတ်ဖက်နိုင်ငံအဖြစ် နေရာယူလာနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း တရုတ်က ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သူ့ရဲ့ အထောက်အပံ့ငွေတွေအပေါ် ချမှတ်ထားတဲ့ အရေးပါတဲ့ စည်းမျဉ်းကန့်သတ်မှုကတော့ ထိုင်ဝမ်ဟာ တရုတ်ရဲ့ လက်အောက်မှာ ရှိတဲ့ "တစ်ခုတည်းသော တရုတ်နိုင်ငံ "ဆိုတဲ့ မူဝါဒကို လိုက်နာဖို့ ဖြစ်ပါတယ်။

မကြာသေးခင်က လုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ ကမ္ဘာ့တောင်ပိုင်းမှာ အများအားဖြင့် ရှိတဲ့ နိုင်ငံပေါင်း ၇၀ က "တစ်ခုတည်းသော တရုတ်နိုင်ငံ "ဆိုတဲ့ မူဝါဒကို လက်ခံထားကြတာ တွေ့ရပါတယ်။ ဒီလို ငွေကြေးထောက်ပံ့ပေးမှုဆိုင်ရာ သံတမန်ဆက်ဆံရေးကြောင့် ထိုင်ဝမ်နဲ့ မိတ်ဖက်နိုင်ငံတွေ တရုတ်ပြည်မကြီးနဲ့ ပေါင်းသွားကြတာတွေ့ရတယ်လို့ သုံးသပ်ချက်က ဆိုပါတယ်။

"တရုတ်ခေါင်းဆောင်တွေ ဟိုးကတည်းက လိုလားနေတဲ့ နိုင်ငံအများအပြား အာဏာရလာတာမျိုး အခုအခါ ဖြစ်လာနေပြီ ဖြစ်ပြီး ထရမ့်အစိုးရရဲ့ လုပ်ရပ်တွေက ဒီလိုဖြစ်လာအောင် အရှိန်မြှင့်ပေးနေတဲ့ပုံမျိုး ဖြစ်နေပါတယ်"လို့ ပါမောက္ခ ဘရောင်တီဂမ် ကပြောပါတယ်။

USAID က အထောက်အပံ့တွေ ရပ်ဆိုင်းလိုက်အပြီးမှာ ကမ္ဘာတဝန်း အထောက်အပံ့ပေးနေတဲ့ နိုင်ငံတစ်ခုအဖြစ် အမေရိကန်ရဲ့ နေရာမှာ အစားထိုး နေရာယူဖို့ကို တရုတ်အစိုးရအတွက် နှစ်ပေါင်းများစွာ လေးလေးနက်နက် အချိန်ယူ စဉ်းစားရဖွယ် ရှိနေပါတယ်။

အဲဒီအချိန်မတိုင်ခင်အထိတော့ တရုတ်အစိုးရရဲ့ ဖြေးဖြေးမှန်မှန် ရေရှည် နည်းဗျူဟာက သူ့အတွက် ဆုလာဘ်တွေ ရလာနိုင်ဖို့ ရှိနေပါတယ်။