ကမ္ဘာ့စာတတ်မြောက်‌ရေးနေ့ - စစ်ပွဲကြားစာမသင်ရတဲ့ မြန်မာကလေးငယ် ၇ သန်း

စာတတ်မြောက်ရေးနေ့ အကြို စက်တင်ဘာ ၇ ရက်မှာ စာသင်နေတဲ့အိမ်ကို လေကြောင်းတိုက်ခိုက်ခံရလို့ ကျောင်းသား ၁ ဦးသေဆုံးခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Min Khant Kyaw

ဓာတ်ပုံ ပုံစာ, စာတတ်မြောက်ရေးနေ့ အကြို စက်တင်ဘာ ၇ ရက်မှာ စာသင်နေတဲ့အိမ်ကို လေကြောင်းတိုက်ခိုက်ခံရလို့ ကျောင်းသား ၁ ဦးသေဆုံးခဲ့ပါတယ်

စက်တင်ဘာ ၈ ရက်နေ့ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့(ယူနက်စကို)က နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အဖြစ် သတ်မှတ်ထားပါတယ်။

မြန်မာမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် အခြေခံပညာသင်ယူခွင့် ဆုံးရှုံးနေရတဲ့ ကလေး ခုနစ် သန်းဝန်းကျင် ရှိနေတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျူ (ISP Myanmar) က သုတေသနပြုချက်ကဖော်ပြပါတယ်။

ISP Myanmar ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စစ်ရေးအချက်အလက်တွေကို သုတေသနပြုတဲ့ အဖွဲ့ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုအောက်က မြန်မာမှာတော့ နယ်မြေဆုံးရှုံးထားရတဲ့စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုးတာတွေဆက် လုပ်နေပါတယ်။

ဒါကြောင့် တော်လှန်ရေးအားကောင်းတဲ့နေရာတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်တွေအများစုမှာ စာသင်ကျောင်းအများစု မဖွင့်နိုင်ကြသေးပါဘူး။ ဒီထဲမှာ စစ်ကိုင်းတိုင်းလည်း ပါဝင်ပါတယ်။

တော်လှန်ရေးအားကောင်းတဲ့ဒေသတွေမှာ ဘဘာဝဘေးအန္တရာယ်အပြင် လူလုပ်ဘေးလို့ပြောနိုင်တဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြား ကလေးငယ်တွေ ဘယ်လို ပညာသင်နေရပါသလဲ၊ သင်တဲ့ဆရာတွေကိုယ်တိုင် ဘာတွေကြုံနေရပါသလဲ။

လေကြောင်း အန္တရာယ်ကြောင့် စာသင်ကျောင်းကိုရှောင်ပြီး စာသင်နေကြရ

ကယားပြည်နယ် ဒီးမော့ဆိုမှာ လေကြောင်းဗုံးကြဲခံရတဲ့ စာသင်ကျောင်း

ဓာတ်ပုံ ရင်းမြစ်, Job for Kayah

ဓာတ်ပုံ ပုံစာ, ကယားပြည်နယ် ဒီးမော့ဆိုမှာ လေကြောင်းဗုံးကြဲခံရတဲ့ စာသင်ကျောင်း

စာသင်ကြားဖို့ ပထမဆုံးနဲ့ အရေးအကြီးဆုံး အခက်အခဲကတော့ စာသင်ကြားပေးနိုင်မယ့် နေရာဖြစ်ပါတယ်။ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေကို စစ်တပ်က ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခံရတာတွေကြောင့် အဲဒီနေရာတွေမှာ စာမသင်ရဲကြတော့ပါဘူး။

တချိန်က ကျေးရွာတွေမှာ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေ တွင်ကျယ်ခဲ့ပေမဲ့လည်း ဘုန်းကြီးကျောင်းတွေပါ လေကြောင်းကနေ ဗုံးကြဲခံရတဲ့အခါ ရှောင်တိမ်းကြရမယ့် နေရာဖြစ်လာပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"စာသင်ကျောင်းတွေမှာ စာမသင်ရဲတော့ဘဲ တခြားနေရာတွေရှာပြီး သင်နေကြရတယ်။ လုံခြုံရေးအရ သေချာဂရုစိုက်ပြီး ကျောင်းအနည်းအကျဉ်းလောက်က နေရာပြောင်းသင်ကြရတာပါ။ ကျောင်းအများစုကတော့ လုံခြုံရေး စိတ်မချလို့ မဖွင့်ကြသေးဘူး"လို့ ဆရာနိုင်က ပြောပါတယ်။

သူက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ပညာရေးတာဝန်ခံ-၂ ဖြစ်ပါတယ်။ ဒီပဲယင်းမြို့နယ်ထဲက အိုးတိန်တွင်းနဲ့ လက်ယက်ကုန်း စာသင်ကျောင်းတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ကျောင်းသားကျောင်းသူ ကလေးငယ်တွေ သေဆုံးခဲ့ကြတဲ့ဖြစ်ရပ်ဟာ နာမည်ဆိုးနဲ့ကမ္ဘာကျော်တဲ့အထိဖြစ်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ကနေ ၂၀၂၅ ခုနှစ် မေ ၃၁ အထိ စစ်ကောင်စီတပ် အသွင်ပြောင်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်း ဗုံးကြဲမှုပေါင်း ၂၆၇၉ ကြိမ်မှာ ကျောင်းပေါင်း ၂၄၀ ပျက်စီးခဲ့ပါတယ်။

ဒီအချက်အလက်တွေဟာ အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ၂၀၂၅ ခုနှစ် မေလ မှာ ထုတ်ပြန်ထားတာပါ။ စာသင်ကျောင်းသားတွေနဲ့ မိဘတွေရဲ့ လေယာဉ်ကြောက်စိတ်ကလည်း ပိုပြီး ပြင်းထန်လာကြတယ်လို့ ကြားကာလ ပညာရေးမှာ ပါဝင်သူတွေက ပြောကြပါတယ်။

ဒီပဲယင်းမြို့နယ် ၊ အိုးတိန်တွင်းရွာ စာသင်ကျောင်း လေကြောင်းကြဲခံရတာကြောင့် ဆရာမ ၂ ယောက်အပါဝင် ကျောင်းသား/ကျောင်းသူ ၂၂ ယောက် သေဆုံးခဲ့တဲ့ လေကြောင်းဗုံးကြဲခံရမှုက ကျောင်းသားတွေ ကျောင်းမသွားရဲအောင် ထိတ်လန့်စေခဲ့ပါတယ်။

"ကလေးတွေက ကျောင်းမသွားရဲဘူး။ မသွားချင်တော့ဘူးဆိုပြီး ငြင်းကြတယ်။ ကျွန်တော်တို့တွေမှာ စိတ်ပိုင်းဆိုင်ရာ တော်တော်လေး ဆွေးနွေးခဲ့ကြရတယ်။ အခုဆို စာသင်ရင်း မိုးခြိမ်းသံကြားလည်း ကြောက်ကြတယ်။ ဆိုင်ကယ် အိတ်ဇောသံကြားလည်း လန့်နေကြတယ်"လို့ ကျောင်းသားတွေရဲ့ စိုးရိမ်စိတ်တွေကြားက စာသင်နေကြရတာတွေကို ဆရာနိုင်က ပြောပြပါတယ်။

အိုးတိန်တွင်း လေကြောင်းဗုံးကြဲခံရအပြီး ကျောင်းသားတွေရဲ့ လုံခြုံရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရက ကျောင်းတွေကို ယာယီပိတ်စေခဲ့ပါတယ်။

ကျောင်းတွေကို ရှောင်ပြီး စာသင်ပေးနေတဲ့ နေအိမ်တွေလည်း လေကြောင်းဗုံးကြဲခံရတာကနေ မလွတ်ပြန်ပါဘူး။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက ကျောက်ဖြူကျေးရွာနဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ပိုင်ရပ်ရွာမှာ စာသင်နေတဲ့ နေအိမ်ကို လေကြောင်းဗုံးကြဲလို့ ကလေး ၄ ယောက်၊ ဆရာမ ၁ ယောက် အပါအဝင် ၅ သေဆုံးပြီး ကလေးအပါအဝင် ပြည်သူ ၁၄ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ချောင်းရေစီးကို ဆန်တက်ပြီး ကျောင်းတက်ရတဲ့ကျောင်းသားတွေ

ကျောင်းတက် ကျောင်းဆင်းချိန် ချောင်းရေကို ဖြတ်ကျော်ရပါတယ်

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, ကျောင်းတက် ကျောင်းဆင်းချိန် ချောင်းရေကို ဖြတ်ကျော်ရပါတယ်

လက်တဖက်က လွယ်အိတ်ကို ခေါင်းပေါ်ရွက်ပြီး ထမိန်ရင်လျားနဲ့ ချောင်းရေကို ဖြတ်ကူးလာကြတဲ့ အပျိုဖော်ဝင်စ မိန်းကလေးတွေ၊ ခန္ဓာကိုယ် အပေါ်ပိုင်း အဝတ်မပါဘဲ လွယ်အိတ်ကိုင်ပြီး ကူးလာတဲ့ ယောက်ျားလေးတွေက မင်းကင်းမြို့နယ်က ကျောင်းသားတွေပါ။

နွေရာသီမှာ ဒူးလောက်သာရှိပေမဲ့ မိုးရာသီမှာ ရေစီးသန်နေတဲ့ ချောင်းမကြီးချောင်းကို ဖြတ်ပြီး ကျောင်းတက်ကြရတာပါ။

တစ်ခါတလေ ချောင်းရေက လည်ပင်းအထိ တက်နေလို့ ရေစီးနဲ့မျောပါသွားပြီး ခေါင်းမြုပ်သွားချိန် ဘေးက အတူပါလာတဲ့သူတွေက ဝိုင်းကူကြရပါတယ်။

"ကျွန်တော်တို့မှာ ချောင်းစပ်ကနေ ရင်တမမနဲ့ ကြည့်နေကြရတာ။ သုံးလေးယောက် တွဲကူးရင်း ရေထဲနစ်သွားရင် ဝိုင်းအော်ကြရတာ။ ဟိုဘက်ကမ်းကို ရောက်တော့မှ အသက်ရှုရတယ်"လို့ လုပ်အားပေးဆရာတစ်ယောက်က ပြောပါတယ်။

အခန့်မသင့်တာနဲ့ ခြေတစ်ချက်ချော်ပြီး အသက်အန္တရာယ်ရှိနိုင်တဲ့ ချောင်းရေကို ဖြတ်ကူးပြီး စာသင်ကြရပေမဲ့ စိတ်အေးချမ်းသာ မသင်ကြရပါဘူး။

လေကြောင်းရန်ကို အမြဲတစေ သတိထားပြီး စာသင်ကြရတာပါ။

စာသင်နေရင်း လေကြောင်းသတိပေးချက် ကြားရတဲ့အခါမှာလည်း နီးစပ်ရာ ဗုံးခိုကျင်းနဲ့ ဘန်ကာတွေကို ပြေးကြရပါတယ်။

လေကြောင်းရန်အကြား စာသင်ပြီး အိမ်အပြန်တဲ့အခါမှာလည်း ရေနစ်နိုင်တဲ့ ချောင်းရေဖြတ်ကြရပြန်ပါတယ်။

စာသင်ပေးမယ့် ဆရာ/ဆရာမ အင်အား နဲ့ သင်ထောက်ကူ မလုံလောက်မှု

ဆရာ/ဆရာမ မလုံလောက်မှုကလည်း စစ်ကိုင်းတိုင်းထဲက စာသင်ကျောင်းတွေအတွက် အခက်အခဲတစ်ခု ဖြစ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့

ဓာတ်ပုံ ပုံစာ, ဆရာ/ဆရာမ မလုံလောက်မှုကလည်း စစ်ကိုင်းတိုင်းထဲက စာသင်ကျောင်းတွေအတွက် အခက်အခဲတစ်ခု ဖြစ်နေပါတယ်။

နောက်ထပ် အခက်အခဲကတော့ ဆရာ/ဆရာမတွေ မလုံလောက်တာနဲ့ သင်ထောက်ကူပစ္စည်းတွေ ရရှိဖို့ မလွယ်တဲ့ အချက်ပါဘဲ။

ရွာမှာ ဆရာမရှိတဲ့အခါ တခြားရွာက ဆရာကို ခေါ်ကြရပါတယ်။ ဒါပေမဲ့လည်း လာသင်ပေးမယ့် ဆရာအတွက် လစာကို ငွေကျပ် သောင်းဂဏန်းကနေ တစ်သိန်းဝန်းကျင်အထိသာ ပေးနိုင်ကြပါတယ်။

"ဆရာ/ဆရာမတွေဘက်ကကြည့်ရင်လည်း သူတို့ရွာကနေ စာလာသင်ရတဲ့ ဆီဖိုးနဲ့ စားဝတ်နေရေးအတွက်က အဆင်မပြေဘူးလေ။ စစ်ဘေးဒဏ်နဲ့ နယ်မြေကလည်း မတည်ငြိမ်၊ ငွေကြေးကလည်း လုံလုံလောက်လောက် မထောက်ပံ့နိုင်ဘူးဖြစ်နေတာ "လို့ ပုလဲမြို့နယ် ဒေသခံတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် သင်ထောက်ကူ ပစ္စည်းတွေကလည်း စစ်ကော်မရှင်ရဲ့ တားဆီး ပိတ်ဆို့မှုတွေကြောင့် လွယ်လွယ်ကူကူ ဝယ်ယူလို့ မရကြပါဘူး။

ကျောင်းသုံးပြဋ္ဌာန်းစာအုပ် မူရင်းဈေး ကျပ် သုံး သောင်းကနေ လမ်းခရီးမှာ အခက်အခဲတွေကြားကနေ လက်ဝယ်ရောက်ရှိချိန်မှာ ၆ သောင်းကနေ ၈ သောင်းဝန်းကျင် ဖြစ်သွားပါတယ်။

"ဒီတော့ ပုံနှိပ်စာအုပ်တွေကို ဆင့်ကဲသုံးနိုင်ဖို့ မပျက်စီးအောင် ကလေးတွေကို သတိပေးရတယ်"လို့ မင်းကင်းမြို့နယ် ပညာရေးဝန်ထမ်းက ပြောပါတယ်။

အသစ်ပြောင်းလဲလိုက်တဲ့ G-12 (၁၂တန်း) ပညာရေးအရ အထက်တန်းကျောင်းသားတွေဟာ ကွန်ပျူတာ သုံးပြီး အင်တာနက်ကနေ လေ့ကျင့်ခန်းလုပ်ရမယ့် သင်ခန်းစာတွေ ပါဝင်ပါတယ်။

ဒါပေမဲ့ လျှပ်စစ်မီးဖြတ်တောက်ခံထားရတဲ့အတွက် လက်ကိုင်ဖုန်းကို သုံးပြီးတော့ အင်တာနက် ရတဲ့နေရာတွေကို သွားရောက် လေ့ကျင့်ကြရပါတယ်။

ဒီလို အသက်ဘေးနဲ့ အခက်အခဲ အကျပ်အတည်းကြားကနေ စာသင်ကြားရတာကြောင့် တချို့ အလယ်တန်းနဲ့ အထက်တန်းကျောင်းသားတချို့ စာသင်ကျောင်းကို စွန့်ခွာသွားတာတွေလည်း ရှိလာတယ်လို့ ပညာရေးမှာ ပါဝင်သူတွေက ပြောကြပါတယ်။

မြန်မာမှာ ကျောင်းနေအရွယ်ကလေး တဝက်နီးပါး ပညာသင်ခွင့်ဆုံးရှုံးနေ

အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားတချို့ ကျောင်းထွက်တာတွေ ရှိလာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့

ဓာတ်ပုံ ပုံစာ, အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားတချို့ ကျောင်းထွက်တာတွေ ရှိလာပါတယ်။

မြန်မာနိုင်ငံမှာ ရှိသင့်တဲ့ ကျောင်းသားဦးရေထက် လျော့နည်းနေတာကိုလည်း ISP Myanmar သုတေသနအဖွဲ့က ထောက်ပြပါတယ်။

၂၀၁၉ -၂၀ ပညာသင်နှစ်မှာ ကျောင်းအပ်နှံတဲ့ ဦးရေက ၉ ဒသမ ၇ သန်းကျော် ရှိခဲ့ပါတယ်။

၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းနဲ့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)တို့ရဲ့ ထုတ်ပြန်ချက်တွေကို အခြေခံပြီး တွက်ချက်ရင် ၂၀၂၅-၂၆ ပညာသင်နှစ်မှာ ကျောင်းနေရမယ့် ဦးရေက ၁၃ သန်းရှိရမယ်လို့ ISP Myanmar က ဖော်ပြထားပါတယ်။

ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီး ၄ နှစ်အကြာ ၂၀၂၅-၂၆ ပညာသင်နှစ်မှာတော့ ကျောင်းအပ်တဲ့သူ ၆ ဒသမ ၁ သန်း(၄၇ ရာခိုင်နှုန်း)ပဲ ရှိခဲ့တဲ့အတွက် ကျောင်းတက်ရမယ့် ကလေး ၇ သန်းဝန်းကျင် ( ၅၃ ရာခိုင်နှုန်း) က ပညာသင်ယူခွင့် ဆုံးရှုံးနေပါတယ်။

ဒါဆိုရင် အခြေခံပညာတက်ရမယ့် ကျောင်းသား အယောက် တစ်ထောင်မှာ ၄၉၆ ယောက်ပဲ ကျောင်းတက်နေပြီး ၅၃၁ ယောက်က ပညာသင်ခွင့်ဆုံးရှုံးနေတာကို တွေ့ရပါတယ်။

ပညာသင်ဖို့ အခက်အခဲတွေက မပြေလည်တဲ့ စီးပွားရေးအခြေအနေတွေ၊ ဝင်ငွေထွက်ငွေ မမျှတာတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေထဲမှာ စိတ်မချရတဲ့ လုံခြုံရေးတွေကြောင့်လို့ ISP Myanmar က မှတ်ချက်ဖော်ပြထားပါတယ်။

ပုလဲ၊ ဒီပဲယင်းနဲ့ မင်းက ပညာရေးမှာ ဆောင်ရွက်သူတွေနဲ့ မေးမြန်းတဲ့အခါမှာလည်း တူညီတဲ့ဒီအချက်တွေ ပါဝင်နေပါတယ်။

ဒီပဲယင်းမြို့နယ်မှာဆိုရင် အိုးတိန်တွင်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက်ပိုင်း အလယ်တန်းနဲ့ အထက်တန်း ကျောင်းသား ၂၀ ရာခိုင်နှုန်းလောက် ကျောင်းထွက်သွားကြတယ်လို့ ဆရာနိုင်က ပြောပါတယ်။

"ပညာတပိုင်းတစနဲ့ ပြည်ပမှာ အလုပ်လုပ်ဖို့၊ တခြားမြို့တွေမှာ အလုပ်လုပ်ဖို့ သွားကြတယ်"လို့ သူက ပြောပါတယ်။

အခက်အခဲတွေ မျိုးစုံကြားမှာ ကျောင်းမထွက်အောင် တတ်နိုင်သလောက် ထိန်းပေမဲ့ လက်လွှတ်လိုက်ကြရတာတွေ ရှိနေတာပါ။

ပညာမစုံခင် လုပ်ငန်းခွင်ဝင်တဲ့အခါ ပညာရေးလိုအပ်ချက်ကြောင့် အလုပ်အကိုင်ကောင်းတွေ မရနိုင်တာ၊ အရွယ်နဲ့ မမျှတဲ့ အလုပ်တွေ လုပ်ကြရတာတွေ ကြုံတွေ့နေရတယ်လို့လည်း ပြောကြပါတယ်။

မြန်မာမှာ စစ်အာဏာသိမ်းမှုအောက်ရောက်လာတာ ဆယ်စုနှစ် တစ်ဝက်နီးပါး နီးပါးကို ချဉ်းနင်းဝင်ရောက်လာပြီဖြစ်ပါတယ်။

ဒီအချိန်မှာ အခြေခံ ပညာရေးပြတ်တောက်တာမှုဖြစ်ပြီး သန်းနဲ့ချီတဲ့ကလေးငယ်တွေ ပညာသင်အခွင့်အလမ်း ချို့တဲ့နေတာဟာ နိုင်ငံ့ပညာရေး ဒီထက်ပို နိမ့်ကျနိုင်ပြီး အနာဂတ်မှာ လူ့စွမ်းအား အရင်းအမြစ် ခါးဆက်ပြတ်သွားမှာကို စိုးရိမ်စရာအခြေအနေလို့ ထောက်ပြပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ပညာရေးကဏ္ဍတိုက်ခိုက်ခံရမှုတွေကနေ အကာအကွယ်ပေးရေး ကမ္ဘာလုံးဆိုင်ရာညွန့်ပေါင်းအဖွဲ့ (GCPEA) ကတော့ ကလေးတွေ ပြုလွယ်ပြောင်းလွယ်ဖြစ်တဲ့ပညာရေး လက်လှမ်းမီနိုင်ဖို့ဆိုရင် ပညာရေးအထောက်အကူပေးသူတွေ၊ နိုင်ငံတကာ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာအေဂျင်စီတွေနဲ့ အလှူရှင်တွေဟာ ဒေသန္တရ အသိုက်အဝန်းတွေနဲ့ အောက်ခြေအဖွဲ့အစည်းတွေကို အကူအညီပေးသင့်တယ်လို့ ထောက်ပြအကြံပြုထားပါတယ်။