စစ်ရှောင်ရင်း လူပျောက်ကြသူတွေ

"ကျေးဇူးပြုပြီး တွေ့ရင်အကြောင်းကြားပေးကြပါ"ဆိုတဲ့ စာသားတွေနဲ့ "လူပျောက်" ကြော်ငြာ တွေဟာ ရက်ခြားဆိုသလို လူမှုကွန်ရက် ဖေ့ဘွတ်ခ်မှာ တွေ့နေရပါတယ်။
ကလေး၊ ဆယ်ကျော်သက်၊ လူငယ်၊ လူလတ်၊ သက်ကြီးရွယ်အိုအထိ အရွယ်စုံ အမျိုးသား၊ အမျိုးသမီးတွေ ပျောက်နေတာပါ။
မြို့နယ်ရဲစခန်းတွေမှာ အမှုဖွင့်ထားကြသလို၊ ဘေးတွဲဆိုင်ကယ်တွေနဲ့ လူသွားလူလာများတဲ့ ဓာတ်တိုင်တွေမှာ ဓာတ်ပုံကပ်တာ၊ လူမှုကွန်ရက်ကနေ အကူအညီတောင်းကြတာတွေနဲ့ နည်းလမ်းစုံသုံးပြီး လိုက်ရှာနေကြပါတယ်။
ဘီဘီစီကနေ လက်လှမ်းမီသလောက် ပျောက်နေသူတွေကို စာရင်းပြုစုတဲ့အခါ ဇူလိုင်နဲ့ ဩဂုတ် နှစ်လအတွင်းမှာတင် အယောက် ၆၀ ဝန်းကျင် ရှိနေပြီး ပြန်တွေ့သူကတော့ ၁၀ ယောက် ရှိနေပါတယ်။
အဲဒီအထဲမှာ ပဋိပက္ခတွေကြောင့် မငြိမ်းချမ်းတဲ့ မြို့နယ်တွေကနေ စစ်ရှောင်နေကြရင်း ပျောက်တဲ့သူတွေလည်း ၅ ယောက်ထက်မနည်း ရှိနေပါတယ်။
ရန်ကုန်မှာ ရက် ၂၀ ကျော် လမ်းပျောက်သွားတဲ့ စစ်ရှောင်အမေအိုရဲ့ အပြန်လမ်း

ဓာတ်ပုံ ရင်းမြစ်, Screen Grab
တက္ကစီကားပေါ်ကနေ ခပ်သုတ်သုတ်ဆင်းလာတဲ့ အမျိုးသမီးနှစ်ယောက်နဲ့ အမျိုးသားတစ်ယောက်ဟာ ကားဝပ်ရှော့ထဲက ထိုင်ခုံတစ်လုံးပေါ် ထိုင်နေတဲ့ အမေအိုကြီးဆီ အပြေးတပိုင်း ဦးတည်လာကြပါတယ်။
"ဒေါ်လေး" "အမေ" ဆိုတဲ့ ခေါ်သံနဲ့အတူ အမေအိုရဲ့ ပခုံးနဲ့ လက်တွေကို ဆွဲကိုင်ပြီး "ဘယ်တွေလျှောက်သွားနေတာလဲ၊ ကျွန်မတို့ နေ့တိုင်းရှာနေတာ"ဆိုပြီး ငိုကြပါတော့တယ်။
အသက် ၇၂ နှစ်အရွယ် ဒေါ်စောဝင်းဟာ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက် ညပိုင်းမှာ ပျောက်သွားခဲ့ပြီး ရက် နှစ်ဆယ်ကျော်အကြာ ဩဂုတ် ၃၀ မှာ ပြန်တွေ့ခဲ့ကြတာပါ။
ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို တိုက်ပွဲတွေ ဦးတည်လာချိန်ကစပြီး စစ်ရှောင်ဖို့အတွက် ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာနေထိုင်းရင်း ပျောက်သွားတာကြောင့် မိသားစုတွေ အပူတပြင်း ရှာဖွေခဲ့ကြတာပါ။
"ကျွန်မတို့နေတဲ့ တန်းလျားနဲ့ နှစ်အိမ်ကျော်က ဈေးဆိုင်မှာ သကြားဝယ်ဖို့ ငွေ ၂၀၀ ၊ ဓာတ်မီးတစ်လက်နဲ့ ထွက်သွားတာ ၁၀ မိနစ်ကျော်လို့ ပြန်မလာတာနဲ့ လိုက်ရှာကြတာ တညလုံးပဲ"လို့ သားဖြစ်သူက ပြောပါတယ်။
နောက်ရက်တွေမှာလည်း သမီး နှစ်ယောက်၊ သားတစ်ယောက်၊ တူမတွေအပါအဝင် ဆွေမျိုးတွေက နေရာခွဲပြီး လိုက်ရှာကြပါတယ်။
၂၂ ရက်အကြာမှာတော့ မြောက်ဒဂုံမြို့ထဲက ကားဝပ်ရှော့ရှေ့ ကားလမ်းမဘေးမှာ နေပူထဲ ငုတ်တုတ်ထိုင်နေတဲ့ သက်ကြီးအမျိုးသမီးတစ်ယောက်ကိုတွေ့လို့ ကားဝပ်ရှော့ဆိုင်ရှင်နဲ့ ဝန်ထမ်းတွေက ကားဝပ်ရှော့ထဲ ခဏနားစေခဲ့ပါတယ်။
"နာရီဝက်လောက် ဆိုင်ရှေ့က လမ်းဘေးမှာ နေပူကြီးထဲ မတ်တပ်ရပ်နေတာ။ ပြီးတော့ မရပ်နိုင်တော့ဘူးထင်တယ်။ ထိုင်ချလိုက်တာနဲ့ အထဲခေါ်လိုက်တာ"လို့ ဝပ်ရှော့ဆိုင်ရှင်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, screengrab
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
သူက ဒေါ်စောဝင်းကို အလှူခံတဲ့သူထင်ပြီး ငွေပေးခဲ့ပေမဲ့ လက်မခံဘူးလို့ ပြောပါတယ်။
ဘယ်အရပ်ကလာပြီး ဘယ်ကိုပြန်မလဲဆိုတဲ့ မေးခွန်းတွေကိုလည်း သေချာမဖြေနိုင်ဘဲ သူ့နာမည်နဲ့ သားသမီးနာမည်တွေကိုသာ ပြောပြတယ်လို့ ဆိုင်ရှင်က ပြောပါတယ်။
"ဒါနဲ့ ကျွန်တော်တို့က ပရဟိတအဖွဲ့ကို အပ်ဖို့ ခေါ်ထားပြီးစောင့်နေချိန် ဖေ့ဘွတ်ခ်မှာ လူပျောက်ကြော်ငြာတွေထဲ ဝင်ရှာတော့ သူ့ကို ပျောက်လို့ ရှာနေတာကို တွေ့ရတာ။ ဒါနဲ့ မိသားစုကို ဆက်သွယ်လိုက်တာ"လို့ ဆိုင်ရှင်က ပြောပါတယ်။
မိသားစုတွေ ရောက်လာချိန်မှာတော့ ဒေါ်စောဝင်းကို သေချာပြန်အပ်ခဲ့တာကိုလည်း ဆိုင်ရှင်ရဲ့ ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။
"ဒေါ်လေးက မေ့တတ်နေပြီ။ အဝတ်လှမ်းထားလို့ ပြန်ရုပ်ထားရင်တောင် မရုပ်ရသေးဘူးထင်တာ။ ငါးနီတူရောင်းတဲ့ အမျိုးသမီးနှစ်ယောက်က သူ့ကို ခေါ်သွားပြီး ငါးနီတူတွေ ပြာခိုင်းတယ်တဲ့။ ပြီးတော့ ဘုန်းကြီးကျောင်းမှာ နေခဲ့တယ်၊ ဘုန်းကြီးတွေက ဆွမ်းခံပြန်လာရင် ထမင်းကျွေးတယ်လို့ပြောတယ်" လို့ တူမဖြစ်သူ မခိုင်ခိုင်မြင့်က ဒေါ်စောဝင်းကို မေးလို့ရသလောက် ပြောပြပါတယ်။
သူတည်းခဲ့တယ်ဆိုတဲ့ ဘုန်းကြီးကျောင်းက ဘယ်မှာရှိတယ်ဆိုတာလည်း ဒေါ်စောဝင်းကို မေးမရခဲ့ပါဘူး။
ဘုန်းကြီးကျောင်းကနေ အိမ်ပြန်ဖို့လမ်းကို မမှတ်မိတာကြောင့် ခြေဦးတည့်ရာ လမ်းလျှောက်ပြီး သွားလာနေခဲ့ရတာမျိုး ၊ အဆင်ပြေတဲ့ နေရာမှာ အိပ်စက်ခဲ့ရတာမျိုး ဖြစ်လိမ့်မယ်လို့လည်း မိသားစုဝင်တွေက ခန့်မှန်းကြပါတယ်။
သံတွဲမြို့နယ်၊ ကြွေချိုင်ရွာမှာ နေခဲ့ချိန်က ကိုယ့်အိမ်၊ ကိုယ့်လယ်နဲ့ အေးအေးချမ်းချမ်း နေထိုင် စားသောက်ခဲ့တဲ့ ဒေါ်စောဝင်းနဲ့ မိသားစုဟာ သူစစ်ရှောင်နေတဲ့ ရန်ကုန်မှာ တန်းလျားအခန်းငှားပြီး သားတစ်ယောက် လုပ်စာကိုသာ မှီခိုနေကြရပါတယ်။
"သူ့ကိုပြန်တွေ့တော့ သူ့ကိုသနားလို့ ပေးထားတဲ့ လုံချည်တွေ၊ အင်္ကျီ၊ ထီးနဲ့ ငွေတစ်သောင်းခွဲပါတဲ့ အိတ်တစ်လုံးတွေ့တယ်။ သူပါသွားတဲ့ ဓာတ်မီးတော့ မပါလာတော့ဘူး။ ကိုယ်တွေမှာ သူ့ကို ဘာများဖြစ်နေမလဲ တွေးပူကြရတာ။ ကံကောင်းလို့ ပြန်တွေ့တာ"လို့ မခိုင်ခိုင်မြင့်က ပြောပြပါတယ်။
ဒေါ်စောဝင်းကို ပြန်တွေ့ကြပေမဲ့ ရခိုင်ပြည်နယ်ကနေ စစ်ရှောင်ရင်း ပျောက်နေတဲ့သူတွေလည်း ရှိပါသေးတယ်။
သိန်း ၂၀၀ ကျေးဇူးဆပ်မယ့် သမီးပျောက် မိခင်နဲ့ ပျောက်နေဆဲ ရခိုင်စစ်ရှောင်တွေ

ဓာတ်ပုံ ရင်းမြစ်, ဒေါ်စမ်းစမ်းအေး
တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူကနေ ရန်ကုန်မြို့ လှည်းကူးမြို့နယ်မှာ ကျောင်းလာတက်နေတဲ့ နှစ်ထပ်ကွမ်း လူရည်ချွန်ဆုရထားတဲ့ အသက် ၁၇ နှစ်အရွယ် မဆုရတနာအောင် ပျောက်နေတာဆို လေးလရှိနေပါပြီ။
သမီးဖြစ်သူ ရှာတွေ့ရင် သိန်း ၂၀၀ ကျေးဇူးဆပ်ပါမယ်ဆိုပြီး ရှာဖွေနေပေမဲ့ အခုချိန်အထိ မတွေ့သေးတာကြောင့် ရင်တွေပူလှပြီလို့လည်း မိခင်ဖြစ်သူ ဒေါ် စမ်းစမ်းအေးက ရင်ဖွင့်ပါတယ်။
"ကျွန်မသမီးလေး ဘယ်အချိန်များ ဆက်သွယ်လာမလဲဆိုပြီး ဖုန်းလည်းအချိန်ပြည့် ဖွင့်ထားပါတယ်။ အသည်းတွေလည်း ကွဲမတတ်ပါပဲ။ အချိန်ပြည့် ကျွန်မစောင့်ရှောက်ခဲ့တဲ့ ကလေးပါ။ ရန်ကုန်ကို ပို့လိုက်မိတာ မှားသွားလားတောင် မသိပါဘူး"လို့ ဒေါ်စမ်းစမ်းအေးက ပြောပါတယ်။
၁၂ တန်းစာမေးပွဲမှာ တနိုင်ငံလုံး အဆင့် ၁ ကနေ ၁၀ အတွင်း ဝင်ရမယ်ဆိုတဲ့ သမီးဖြစ်သူရဲ့ ပညာရေး ရည်မှန်းချက်ကို ဘေးကင်းကင်းနဲ့ ပညာရေးကို ဆက်လှမ်းနိုင်အောင် သူ ဖြည့်ဆည်းပေးချင်ခဲ့တာပါ။
ပြီးတော့ တိုက်ပွဲတွေ နီးကပ်လာပြီး ပစ်ခတ်သံတွေပါ ဆက်တိုက်ကြားနေရတဲ့ ကျောက်ဖြူမြို့မှာ သမီးဖြစ်သူတက်နေတဲ့ ပုဂ္ဂလိကကျောင်း ပိတ်သွားတာကြောင့် ရန်ကုန်မှာ ပညာဆက်သင်ဖို့ ၂၀၂၅ ခုနှစ် မတ် မှာ လွှတ်လိုက်ရတာပါ။
ရန်ကုန်ကို သမီးဖြစ်သူရောက်ပြီး ၁ လပြည့်ခါနီး ဧပြီ ၂၄ ရက်မှာ ပျောက်သွားတာ အခုထိ ရှာဖွေနေဆဲဖြစ်ပါတယ်။
နောက်ထပ် ရှာမတွေ့သေးတဲ့ သူတစ်ဦးကတော့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကနေ ရန်ကုန်မြို့ သာကေတမှာ အလုပ်လုပ်နေတဲ့ အသက် ၂၇ နှစ်အရွယ် ကိုနိုင်နိုင်ပါ။
ဩဂုတ် ၂၆ ရက် ညပိုင်းမှာ အပြင်ထွက်သွားပြီး ပြန်မလာတာကြောင့် ရဲစခန်းမှာ လူပျောက်တိုင်ချက်လည်း မိသားစုဝင်တွေက ဖွင့်ထားရပါတယ်။
"အလုပ်ကိုလည်း ဖုန်းဆက်တော့ အလုပ်လည်း မလာဘူးတဲ့။ စိတ်ပူနေကြတာပေါ့။ အဆိုးဆုံး မဖြစ်ဖို့ ဆုတောင်းနေသလို ဖြစ်လာရင်လည်း လက်ခံဖို့ ကြိုးစားနေကြပါတယ်"လို့ ကိုနိုင်နိုင်ရဲ့ မိသားစုဝင်က ပြောပါတယ်။
လူပျောက်ကြော်ငြာထားတဲ့ ရန်ကုန်မြို့ရောက် အသက် ၇၈ နှစ်အရွယ် ရခိုင်အမျိုးသားတစ်ယောက်ကတော့ အသက်သေဆုံးရက်သား ပြန်တွေ့ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, social media
သူက ရခိုင်အမျိုးသားပါတီ(ANP)က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအေးသိန်း ဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာ ကုသနေရတဲ့သူပါ။
အရင်က လမ်းလျှောက်ထွက်ရင် ၁၅ မိနစ်လောက်သာ ကြာပေမဲ့ ဩဂုတ် ၁၃ ရက်မှာတော့ နာရီနဲ့ချီပြီး ပြန်မလာတာကြောင့် မိသားစုဝင်တွေက လူမှုကွန်ရက်မှာ လူပျောက်ရှာဖွေခဲ့ကြသလို ရဲစခန်းမှာလည်း အမှုဖွင့်ခဲ့ပါတယ်။
အဲဒီရက် ညပိုင်းမှာပဲ ကမ္ဘာအေးဘုရားလမ်းဘက်ခြမ်း အင်းယားကန်ဘောင်မှာ ဦးအေးသိန်းကို ရေနစ်ပြီး သေဆုံးရက်သား တွေ့ရှိခဲ့ကြပါတယ်။
"သူမသေဆုံးခင် ကင်ဆာကုနေတုန်းမှာပဲ နောက်ထပ် အကြိတ်ထပ်ပေါ်လာလို့ မိသားစုအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်မလားတွေးနေပုံပဲ။ သားမက်ဖြစ်သူကလည်း ကင်ဆာရောဂါကို ပြင်းပြင်းထန်ထန် ခံစားပြီးမှ သေဆုံးသွားတာဆိုတော့ သူစိတ်ပိုင်းဆိုင်ရာ ထိခိုက်နေပုံရတယ်။ သူသေဆုံးတဲ့နေရာနားမှာ ဖိနပ်နဲ့ ဦးထုတ်က ကန်ဘောင်ပေါ်မှာ ရှိနေတယ်"လို့ ဦးအေးသိန်းရဲ့ မိသားစုဝင်နဲ့ နီးစပ်သူက ပြောပါတယ်။
ရိုးမတောင်တန်းတွေနဲ့ ပင်လယ်အကြား တည်ရှိနေထိုင်ခဲ့ကြတဲ့ ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုက ရခိုင်တိုင်းရင်းသားတွေဟာ တိုက်ပွဲတွေ၊ စီးပွားရေး ကျပ်တည်းမှုတွေကြောင့် ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီ စတဲ့တိုင်းတွေကို ရွှေ့ပြောင်းကြတာ အရေအတွက် သိန်းနဲ့ချီ ရှိမယ်လို့ ခန့်မှန်းကြပါတယ်။
မွေးချိန်ကနေ အသက်ကြီးတဲ့အထိ နေလာခဲ့ရတဲ့ ကိုယ်ပိုင်အိမ်၊ လုပ်ငန်းတွေကို စွန့်ခွာပြီး အစိမ်းသက်သက် တခြားမြို့နယ်ကို ရောက်တဲ့အခါ နေသားမကျတာတွေ၊ အလုပ်မရှိတာတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ကြရပါတယ်။
"နေထိုင်ရတဲ့ ပုံစံပြောင်းသွားတယ်။ ပတ်ဝန်းကျင်ကလည်း မတူတော့ဘူး။ ဘာသာစကားကလည်း မတူတော့ ပြောရခက်ခဲတယ်၊ လမ်းတွေလည်း မမှတ်မိကြတော့ သက်ကြီးပိုင်းတွေမှာ စိတ်တော်တော် ဖိစီးကြတယ်"လို့ စစ်တွေကနေ ရန်ကုန်ကို ပြောင်းရွှေ့လာတဲ့ စစ်ဘေးရှောင်တစ်ယောက်က ပြောပါတယ်။
ပျောက်ကြရတဲ့ နောက်ခံအကြောင်းအရင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူပျောက်သူတွေကို လူမှုကွန်ရက်ကနေ ကြော်ငြာတင်ပြီး ကူညီရှာဖွေပေးနေတဲ့ အဖွဲ့နဲ့ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးမှာ လုပ်သက် ၁၀ နှစ်အထက်ရှိခဲ့တဲ့ အငြိမ်းစားအရာရှိရဲ့ ပြောဆိုချက်အရ အချက် ၄ ချက်ကို တွေ့ရပါတယ်။
၁။ သတိမေ့လျော့တတ်တာကြောင့် အိမ်ပြန်လမ်း မမှတ်မိတဲ့ သက်ကြီးရွယ်အိုတွေ၊
၂။ စိတ်မတည်ငြိမ်တာကြောင့် သွားချင်တဲ့အချိန်၊ သွားချင်တဲ့နေရာကို လျှောက်သွားတတ်တဲ့ အရွယ်ရောက်ပြီး စိတ်ပိုင်းဆိုင်ရာ ရောဂါရှိသူတွေ၊
၃။ မိသားစုနဲ့ အဆင်မပြေတာ၊ မိသားစုနဲ့ဝေးရာနေရာမှာ အလုပ်ရှာဖို့ သွားကြတဲ့ အရွယ်ရောက်ပြီးသားလူတွေ၊
၄။ ဂိမ်းကစားမက်ပြီး အိမ်မပြန်ရဲတာ၊ မိသားစုက ရိုက်နှက်တာအပါအဝင် အိမ်တွင်းအကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးကြတဲ့ ၁၀ နှစ်အထက် ကလေးတွေ ရှိနေတာပါ။
"လူပျောက်တယ်ဆိုတာက အခုမှမဟုတ်ပါဘူး အရင်ကတည်းက ရှိနေတာ။ အခုခေတ်က လူမှုကွန်ရက်ပေါ် တင်ကြတော့ လူပျောက်များသလိုဖြစ်နေတာ။ မိသားစုကြား လူမှုရေးအကြောင်းအရင်းခံတွေကြောင့် ထွက်သွားကြတာများတယ်"လို့ လူကုန်တား အငြိမ်းစားအရာရှိက ပြောပါတယ်။
နာမည်စာရင်းသွင်းပြီးမှ စစ်မှုထမ်းသင်တန်းသား စုဆောင်းတာဖြစ်တဲ့အတွက် လူသစ်စုဆောင်းတဲ့အထဲပါသွားလို့ လူပျောက်တာမျိုးမဟုတ်ဘူးလို့တော့ သူက ငြင်းဆိုပါတယ်။
ဒါပေမဲ့လည်း သွားလာရင်း လူသစ်စုဆောင်းခံရတဲ့သူတွေရဲ့ မိသားစုဝင်တွေနဲ့ ကူညီရှာဖွေပေးနေသူတွေက ပြောပြချက်အရ စစ်မှုထမ်းဖို့ ဆွဲခေါ်ခံရတာကလည်း လူပျောက်ရတဲ့အကြောင်းအရင်းတစ်ခုဖြစ်တယ်လို့လည်း ပြောကြပါတယ်။
စစ်မှုထမ်းအသက်အရွယ် လူငယ် အယောက် ၂၀ ဝန်းကျင်ရဲ့ မိသားစုဝင်တွေက လူပျောက်ကြေညာထားတာကို ဇူလိုင်နဲ့ ဩဂုတ် နှစ်လအတွင်းမှာ တွေ့ရပါတယ်။
ပျောက်ဆုံးနဲ့ မျက်ကွယ်ပြုခံ ကလေးသူငယ်နဲ့ လူများအရေး( Center for Missing & Omitted Children of Myanmar-CMOCOM) အဖွဲ့က လူပျောက်သူတွေကို ၂၀၂၄ ခုနှစ်၊ ဇွန် ကစပြီး ကူညီရှာဖွေပေးခဲ့တာပါ။
သူတို့ကူညီပေးရတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ ပျောက်ဆုံးသူ ၇၀ ကျော်မှာ ၂၀ ကျော်က ပြန်တွေ့ပြီး ကျန်တဲ့သူတွေကတော့ ပြန်မတွေ့သေးဘူးလို့ အဖွဲ့တည်ထောင်သူက ပြောပါတယ်။
ပြန်မတွေ့သူအများစုက စစ်မှုထမ်းအသက်နဲ့ အကျုံးဝင်တဲ့ လူငယ်တွေများပါတယ်။
"လူငယ်တွေ ပျောက်သွားတဲ့နေရာအများစုက စစ်တပ်ရှိတဲ့နေရာတွေမှာ ဖြစ်သွားခဲ့တာရှိတယ်။ တယ်။ ဒါကြောင့် ပေါ်တာဆွဲခံရတာ၊ စစ်မှုထမ်းအတွက် လူစားထိုးခံရတာတွေ ရှိနိုင်ပါတယ်'' လို့ ပြောပါတယ်။
ပျောက်ဆုံးသွားတဲ့အထဲက ကလေးနှစ်ယောက်ကတော့ အသတ်ခံရပြီး အလောင်းပြန်တွေ့တာလည်း ရှိခဲ့တယ်လို့လည်း သူက ထပ်ပြောပါတယ်။
ပျောက်ဆုံးပြီးမှ အလောင်းသာပြန်ရခဲ့တဲ့ ကလေးငယ်တွေရဲ့ အဖြစ်တွေလည်း ရှိနေပါတယ်။
တစ်ခုက ပဲခူးမြို့မှာ မေလတုန်းက ဖြစ်ခဲ့တဲ့ ပြန်ပေးဆွဲခံရတဲ့အသက် ၁၄ နှစ်အရွယ်လူငယ်တစ်ဦးကို အလောင်းပဲ ပြန်တွေ့ခဲ့ရတာ၊ နောက် မန္တလေးမှာ ပြီးခဲ့တဲ့မတ်လ ဆန်းပိုင်းတုန်းက တစ်ပတ်ကျော်ကြာ ပျောက်နေတဲ့ အသက် ၁၃ နှစ်နဲ့ ၁၀ နှစ်အရွယ် ကလေး နှစ်ဦးကို အလောင်းတွေ အဖြစ်သာ ပြန်တွေ့ခဲ့ရတဲ့ဖြစ်စဉ်တွေဖြစ်ပါတယ်။
အဲဒီဖြစ်ရပ်တွေမှာတော့ ကျူးလွန်တဲ့အမျိုးသား ၄ ဦးထက်မနည်းကို အာဏာပိုင်တွေက ဖမ်းဆီးထားပြီးဖြစ်ပါတယ်။
ဘီဘီစီက စုစည်းထားတဲ့ ဇူလိုင်နဲ့ ဩဂုတ်အတွင်း လူပျောက်ကြေညာထားတဲ့ အသက် ၁၀ နှစ်အထက် ကလေး အရေအတွက်ဟာ ၁၄ ယောက်ရှိနေပြီး အဲဒီထဲက ၅ ယောက်ကိုတော့ ပြန်တွေ့ပြီလို့ မိသားစုဝင်တွေက ပြောပါတယ်။
ပူပင်နေတဲ့မိသားစုဝင်တွေကို လိမ်လည်တဲ့ဖုန်းတွေ

ဓာတ်ပုံ ရင်းမြစ်, Social Media
လူပျောက်ကြော်ငြာ တင်ထားတဲ့ မိသားစုဆီ ဆက်သွယ်လာတဲ့ ဖုန်းခေါ်ဆိုမှုတွေထဲမှာ ပျောက်နေတဲ့သူကို တွေ့ထားပြီး ပြန်ပို့ပေးစေချင်ရင် ငွေကြေးဘယ်လောက် ပေးရမယ်ဆိုတဲ့ ဖုန်းတွေဝင်လာပါတယ်။
လူပျောက်မိသားစုဝင် ၁၀ ယောက်ထက်မနည်း ဘီဘီစီက ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ ဒီလို လိမ်လည်တဲ့ ဖုန်းခေါ်တာတွေ တစ်ကြိမ်နဲ့အထက် ကြုံခဲ့ရတယ်လို့ ပြောပါတယ်။
စစ်ရှောင်အမျိုးသမီးကြီး ဒေါ်စောဝင်းရဲ့ မိသားစုဝင်၊ ရှာတွေ့ရင် သိန်း ၂၀၀ ကျေးဇူးဆပ်ပါမယ်ဆိုတဲ့ မဆုရတနာအောင်ရဲ့ မိခင် ဒေါ်စမ်းစမ်းအေး၊ တွေ့ရင်ခေါ်ထားပေးပါ သိန်း ၃၀ ကျေးဇူးဆပ်ပါမယ်ဆိုတဲ့ မပပအောင်မင်းရဲ့ မိသားစုဝင်တွေလည်း အပါအဝင်ပါ။
"အမေပျောက် ရှာနေရလို့ အလုပ်မသွားနိုင်၊ ဝင်ငွေမရှိပါဘူးဆိုမှ ကော့ကရိတ်က စစ်ဆေးရေးဂိတ်မှာ တွေ့ထားတယ်။ ပြန်ပို့ပေးဖို့ လမ်းစရိတ် သုံးသိန်းတောင်းတယ်။ ဒါဆို အမေ့ကို ဗွီဒီယိုကောနဲ့ စကားပြောမယ်ဆိုတော့ အင်တာနက်လိုင်းမရဘူးတဲ့။ ကျွန်တော့် အမေမှန်း ဘယ်လိုသိလဲဆိုတော့ အွန်လိုင်းမှာ တွေ့လို့တဲ့။ စကားက ရှေ့နောက်မညီဘူး။ ကိုယ့်မှာတောင် ဒုက္ခရောက်နေရတဲ့ကြားထဲ"လို့ ဖုန်းလိမ်လည်ခေါ်ဆိုခံရတဲ့ ဒေါ်စောဝင်းရဲ့သားဖြစ်သူက ပြောပါတယ်။
မပပအောင်မင်းရဲ့ မိသားစုဝင်တွေဆိုရင် ဓာတ်ပုံနဲ့ ဗွီဒီယိုတွေကို AI (ဉာဏ်ရည်တု နည်းပညာ) တွေသုံးပြီး လိမ်လည်တာတွေလည်း ရှိခဲ့ပါတယ်။
"ညီမလေးကို တွေ့ တယ်ဆိုပြီး Viber ကနေ စာပို့လာတယ်။ ဒါနဲ့ ညီမရဲ့ပုံကို ပြဆိုတော့ ကျွန်မတို့ လူပျောက်ကြော်ငြာက ဓာတ်ပုံကို AI နဲ့ ပြင်ထားတာကို ပို့လာတယ်။ ကျွန်မက မယုံလို့ ဘလော့လိုက်တော့ AI နဲ့သုံးပြီး ညီမလေးစကားပြောတဲ့ ပုံစံနဲ့ ဗွီဒီယိုကို အဖေ့ဖုန်းကို ပို့လာတယ်" လို့ မပပအောင်မင်းရဲ့အစ်မဖြစ်သူက ပြောပြပါတယ်။
လိမ်ညာပြီး ဖုန်းဆက်လာသူတွေထဲမှာ ခက်ထန် ပြတ်သားတဲ့ စကားတွေနဲ့ စစ်ကော်မရှင်တပ်ရဲ့ အရာရှိလို့ ပြောပြီး ငွေတောင်းတာတွေလည်း ရှိတယ်လို့ လူပျောက်မိသားစုဝင်တွေက ပြောကြပါတယ်။
တချို့မိသားစုဝင်တွေကတော့ တကယ်ပြန်တွေ့တာ ဟုတ်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သူတို့တောင်းတဲ့ငွေ လွှဲပေးလိုက်တာလည်း ရှိပါတယ်။
သူတို့ပြောတဲ့နေရာကို လိုက်သွားတဲ့အခါမှာတော့ ရှာမတွေ့ကြတော့ပါဘူး။ ပျောက်နေတဲ့သူ ရှာတွေ့တယ်ဆိုပြီး ဆက်သွယ်လာတဲ့ဖုန်းကိုလည်း ဆက်သွယ်လို့မရကြတော့ပါဘူး။
ဒေါ်စောဝင်းအပါအဝင် ပျောက်တဲ့သူကို တချို့အသက်ရှင်ရက် ပြန်တွေ့တာရှိပေမဲ့ ပြန်မတွေ့ကြသေးတဲ့သူတွေရဲ့ မိသားစုဝင်တွေကတော့ "ပျောက်သောသူ ရှာရင်တွေ့" ဆိုတဲ့ မျှော်လင့်ချက်နဲ့ မိသားစုဝင်တွေက ဆက်ပြီးရှာနေကြပါတယ်။












