စစ်ဘေးနဲ့ ငလျင်ဘေးသင့် မြန်မာလူထု သန်း ၂၀ အတွက် အကူအညီတွေဘယ်လိုရမလဲ

မန္တလေးမှာ ဧပြီလ ၃ ရက်တုန်းက အကူအညီအတွက် တန်းစီနေကြသူတွေ

ဓာတ်ပုံ ရင်းမြစ်, Reuters

မြန်မာမှာ ရှိရင်းစွဲ စစ်ဘေးနဲ့ ငလျင်ဘေးသင့်လို့ ထပ်တိုးထိခိုက်မှုတွေကြောင့် လူဦးရေ သန်း ၂၀ ကျော်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အရေးတကြီးလိုအပ်နေပါတယ်။

စစ်ဘေးကြောင့် ရွှေ့ပြောင်းနေထိုင်ရင်း ခိုလှုံစရာနေရာအတွက် ပြဿနာကြီးနေသူ သန်းနဲ့ချီ ရှိနေသလို ငလျင်ဒဏ်ကြောင့် လုံးဝပြိုပျက်သွားတဲ့ အိမ်အလုံးရေက သောင်းနဲ့ချီ ရှိနေပါတယ်။

ငလျင်မတိုင်ခင်က အခြေအနေမှာတင် ကုလသမဂ္ဂရဲ့ မြန်မာအတွက် ရန်ပုံငွေရရှိမှုလိုအပ်ချက်မြင့်တက်နေတာဖြစ်သလို စားနပ်ရိက္ခာ ထောက်ပံ့မှုတချို့ဆိုရင် လျှော့ချထားရတာရှိပါတယ်။

သန်းနဲ့ချီတဲ့ လူဦးရေအတွက် လိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ အမှန်တကယ်ရဖို့ ဘယ်လောက်ဖြစ်နိုင်လဲ။ ဘယ်လိုစိန်ခေါ် ချက်တွေ က လူထုဆီအကူအညီတွေရောက်ဖို့ခက်ခဲနေတာလဲ။

မန္တလေး၊ စစ်ကိုင်းရဲ့ စစ်ဘေးနဲ့ ငလျင်ဘေး

ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့တဲ့ စစ်ကိုင်းတံတားအဟောင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့တဲ့ စစ်ကိုင်းတံတားအဟောင်း

၂၀၂၅ မတ် ၂၈ ရက်က လှုပ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ပျက်စီးမှု အမြင့်ဆုံးဒေသထဲမှာ စစ်ကိုင်းတိုင်းရဲ့ မြို့တော်ဟောင်း စစ်ကိုင်းမြို့လည်း ပါခဲ့ပါတယ်။

မြေပြင်အရပ်ဘက်အဖွဲ့တွေရဲ့ တွက်ချက်မှုတွေအရဆိုရင် ငလျင်ကြောင့် မြို့ရဲ့ ၈၀ ရာခိုင်နှုန်းကျော်အထိ ပျက်စီးခဲ့တယ်လို့ နားလည်ရပါတယ်။

ငလျင်ဘေးမတိုင်ခင် ကုလသမဂ္ဂစာရင်းတွေအရ စစ်အာဏာသိမ်း ၄ နှစ်ကျော်အတွင်း နိုင်ငံတွင်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာနေထိုင်ရသူအရေအတွက် အများဆုံးဒေသက စစ်ကိုင်းတိုင်းဖြစ်ပါတယ်။

မြန်မာမှာ ငလျင်ဘေးမတိုင်ခင်ကတည်းက ပဋိပက္ခတွေနဲ့ ရာသီဥတုဘေးအန္တရာယ်တွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သူ ခန့်မှန်းခြေ လူဦးရေ ၁၉ ဒသမ ၉ သန်း ခန့် ရှိနေပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ငလျင်ဘေးကြောင့် ခိုလှုံစရာနေရာနဲ့ အခြေခံအိမ်သုံးပစ္စည်းတွေ လိုအပ်နေတဲ့ လူဦးရေက ၁ သန်းကနေ ၅ ဒသမ ၂ သန်းအထိ မြင့်တက်လာနေတယ်လို့ ဧပြီ ၁၈ ရက် ကုလစာရင်းက ဖော်ပြပါတယ်။

ဒါကြောင့် စစ်ဘေးနဲ့ငလျင်းဘေးကြောင့် ခိုလှုံစရာ နေရာထိုင်ခင်းအပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်နေတဲ့ ပမာဏက သန်း ၂၀ နီးပါးရှိလာတာဖြစ်ပါတယ်။

လူဦးရေ ၇ သောင်းကျော်နီးပါးရှိတဲ့ စစ်ကိုင်းမြို့မှာ ငလျင်ကြောင့် အိမ်ဆုံးရှုံးခဲ့သူတွေ နေထိုင်နိုင်ဖို့ အာဏာပိုင်တွေဘက်က နေရာအတည်တကျ သတ်သတ်မှတ်မှတ်လုပ်ပေးဖို့ ဘီဘီစီစကားပြောခွင့်ရတဲ့ မြို့ခံတချို့က သဘောထားတူစွာ ပြောကြပါတယ်။

စစ်ကိုင်းအတွက် အစားအသောက်ရိက္ခာပိုင်းက နောက်လအနည်းငယ်အထိ ဖူလုံတယ်လို့ ပြောပေမယ့် ငလျင်ဒဏ်ကြောင့် နေအိမ်ဆုံးရှုံးခဲ့သူတွေအတွက် နေစရာနေရာမရှိဖြစ်နေပါတယ်။

မိုးတွင်းမှာ လုံလုံခြုံခြုံနေနိုင်အောင် "ယာယီနေထိုင်လို့ရမယ့် နေရာလည်းလိုမယ်၊ ရွက်ဖျင်တဲအောက်မှာ ခင်းမယ့်ကြမ်းခင်းတွေ လိုအပ်နေတယ်"လို့ အကူအညီဖြန့်ဝေပေးနေတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ အရေးအကြီးဆုံးကတော့ ငွေကြေးထောက်ပံ့မှု လိုအပ်နေကြတာဖြစ်ပါတယ်။

ပြိုကျလုနီးပါးဖြစ်နေတဲ့အိမ်တွေ၊ မြေထဲကျွံဝင်နေတဲ့ အဆောက်အဦတွေကို ဖြိုချဖို့ရာ စက်ယန္တရားတွေ ငှားဖို့အပြင် အိမ်ပြန်ဆောက်ဖို့လည်း ငွေကြေးလိုအပ်တယ်လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

"အိမ်ကိုဖြိုချပြီး ရ သလောက်ပြန် ဆောက်ချင်ကြတယ်။ ရွက်ဖျင်တဲတွေက မိုးဒဏ်လေဒဏ် မလုံဘူး" လို့ သူက ဆိုပါတယ်။

အဆောက်အဦတွေ အခမဲ့ဖြိုပေးတဲ့ ပရဟိတအဖွဲ့တချို့ရှိပေမဲ့ စစ်ကိုင်းတစ်မြို့လုံးအတွက် လုံလောက်မှုမရှိဖြစ်နေပါတယ်။

စစ်ကိုင်းတိုင်းက ငလျင်ဘေးသင့်ခဲ့သူတချို့ အစားအသောက် တန်းစီယူနေတဲ့ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်ကိုင်းတိုင်းက ငလျင်ဘေးသင့်ခဲ့သူတချို့ အစားအသောက် တန်းစီယူနေတဲ့ မြင်ကွင်း

ယာယီတဲပေါ်မှာ အုပ်ထားတဲ့ မိုးရေကာဖျင်စတွေက မိုးဒဏ်အတွက် အဆင်ပြေပေမဲ့ လေဒဏ်ကို မခံနိုင်တာကြောင့် မိုးရာသီအတွက် လုံခြုံမှုမရှိဖြစ်မှာ စိုးရိမ်နေကြတယ်လို့ ယာယီတဲမှာ နေထိုင်နေရသူတချို့က ဘီဘီစီကို ပြောပါတယ်။

စစ်ကိုင်းမှာ နေအိမ်ဆုံးရှုံးခဲ့တဲ့သူတွေဟာ ဘုန်းကြီးကျောင်းတချို့မှာ ခိုလှုံနေရသလို ခြံထဲက မြေကွက်လပ်‌နေရာတချို့နဲ့ ဘောလုံးကွင်းပြင်တွေအပြင် ငလျင်ကယ်ဆယ်ရေးစခန်းတချို့မှာ ယာယီတဲထိုးပြီး နေနေရပါတယ်။

ရက်ပိုင်းအတွင်းရောက်လာတော့မယ့် မိုးရာသီအတွက် ယာယီတဲတွေပေါ်မှာ မိုးရေကာဖျင်စတွေကိုသာ အုပ်ထားနိုင်တဲ့အခြေအနေပါ။

စစ်ကိုင်းနဲ့ မန္တလေးမှာ ပြင်းအားအသင့်အတင့်ရှိတဲ့ နောက်ဆက်တွဲငလျင်တွေ ဆက်လှုပ်နေတာကြောင့် နေအိမ် မဆုံးရှုံးခဲ့တဲ့သူတွေကလည်း အဆောက်အဦထဲ ပြန်မဝင်ရဲကြဘူးလို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဥ်(UNDP) ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် တီတွန် မီထြာက ပြောထားပါတယ်။

အလားတူ ငလျင်ဒဏ်ကြောင့် စစ်ကိုင်းမြို့မဈေးကြီး ပျက်စီးခဲ့သလို ဆေးရုံ ဆေးခန်း အဆောက်အဦတွေလည်း ထိခိုက်ခဲ့တာကြောင့် ကျန်းမာရေးစောင့်‌ရှောက်မှုနဲ့ အစားအသောက်ဝယ်ယူရေးက မြို့ခံတွေအတွက် အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

အမျိုးသား ညီညွတ်‌ရေး (NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကတော့ စစ်ကိုင်းမှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၇၀၀ နီးပါးရှိပြီး အဆောက်အဦ ၃,၆၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ပြောပါတယ်။

"နေအိမ်ဆုံးရှုံးခဲ့တဲ့ အိမ်ထောင်စုအတိအကျကိုတော့ စာရင်းမကောက်နိုင်သေးဘူး" လို့ သူကဆိုပါတယ်။

စစ်တပ်ကတော့ စစ်ကိုင်းက သေဆုံးခဲ့တဲ့အရေအတွက် အတိအကျနဲ့ ပျက်စီးခဲ့တဲ့ အဆောက်အဦအပြင် နေအိမ်ဆုံးရှုံးခဲ့တဲ့ အိမ်ထောင်စုအရေအတွက်တို့ကို သီးသန့်ထုတ်ပြန်တာ မရှိသေးပါဘူး။

ဒါပေမဲ့ ဧပြီ ၁၉ ရက်က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှတို့ ရဲ့ စစ်ကိုင်းခရီးမှာတော့ စစ်ကိုင်းတိုင်း တစ်တိုင်းလုံးစာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ကျပ်ငွေ ဘီလီယံ ၅၀ ကို စစ်ကောင်စီ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ကို ပေးခဲ့တာတွေ့ရပါတယ်။

တချိန်တည်းမှာပဲ မြန်မာမှာ အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် နိုင်ငံတကာ အစိုးရတွေ၊ အလှူရှင်တွေဆီကနေ အလှူငွေ၊ အမိုးအကာ၊ ဆေးဝါးနဲ့ လိုအပ်တဲ့ပစ္စည်းတွေ အများအပြားထောက်ပံ့ကူညီမှုတွေရရှိခဲ့ပြီး အဲဒါတွေကို ငလျင်ဒဏ်သင့်ခဲ့တဲ့ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ်တွေကို ဖြန့်ဝေပေးထားကြောင်း စစ်ကောင်စီက စာရင်းဇယားနဲ့တကွ ထုတ်ပြန်လာပါတယ်။

အစိုးရဝန်ကြီးဌာနတွေက တာပေါ်လင် မိုးကာစ၊ မိုးကာတဲတွေနဲ့ ဆေးဝါးပစ္စည်းတွေကို ခွဲဝေယူတာတွေ့ရပြီး ကျန်တဲ့ပစ္စည်းတွေကိုတော့ ငလျင်ဘေးသင့် တိုင်းနဲ့ ပြည်နယ်လေးခုကို ခွဲဝေပေးထားကြောင်း ဖော်ပြထားပါတယ်။

ဒါပေမဲ့ မြေပြင်မှာ အကူအညီတွေ ရရှိသူတွေလည်းအများအပြားရှိသလို မရရှိသူတွေလည်း ရှိနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်လဲ့လဲ့အေး ကတော့ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့တဲ့ အလှူငွေ၊ ပစ္စည်းတွေနဲ့ပတ်သက်ပြီး သဘာဝဘေးစီမံခန့်ခွဲမှု အဖွဲ့တွေကို နိုင်ငံတော် အဆင့်၊ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်အဆင့်အလိုက် ဖွဲ့စည်းထားတယ်လို့ တုံ့ပြန်ပါတယ်။

ဒါအပြင် ဘေးသင့်လူထု အမျိုးအစားပေါ်မှာ မူတည်ပြီးတော့မှ ထောက်ပံ့တာတွေရှိသလို တပြေးညီထောက်ပံ့တာလည်းရှိတယ်လို့ဆိုပါတယ်။

'' ဥပမာ ဆန်ရိက္ခာ၊ အစရှိသဖြင့် အစားအသောက်ဆိုရင် ဘေးသင့်ပြည်သူတွေ အားလုံးကို ထောက်ပံ့သလိုမျိုး အထူးကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တဲ့ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေတို့၊ ကိုယ်ဝန်ဆောင်မိခင်တွေတို့ အဲဒါမျိုးကိုလည်း သူတို့နဲ့ လိုက်လျောညီထွေ လိုအပ်မယ့်ဟာတွေ ထောက်ပံ့ပါတယ်''

'' တနည်းအားဖြင့်တော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေက တာဝန်ယူပြီးတော့မှ သက်ဆိုင်ရာဒေသအုပ်ချုပ်‌ရေးအဖွဲ့စည်းတွေကတဆင့် ထောက်ပံ့ပေးပါတယ်။ အမျိုးသားကော်မတီကနေ ဆယ်သိန်းပါ၊ ကျွန်မတို့ လူမှုကယ်ဆယ်ဝန်ကြီးဌာနက သုံးသိန်းနဲ့ ဆယ့်သုံးသိန်းပါ" လို့ ဒေါ်လဲ့လဲ့အေးက ရှင်းပြပါတယ်။

ငလျင်ဒဏ်ကြောင့် အိမ်ထဲမှာ မနေရဲဘဲ လမ်းမပေါ်မှာ အိပ်စက်နေကြတဲ့ မန္တလေးမြို့ခံတချို့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ငလျင်ဒဏ်ကြောင့် အိမ်ထဲမှာ မနေရဲဘဲ လမ်းမပေါ်မှာ အိပ်စက်နေကြတဲ့ မန္တလေးမြို့ခံတချို့

တဖက်မှာလည်း ငလျင်ဒဏ်အကြီးအကျယ်ခံစားခဲ့ရတဲ့ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နဲ့ အင်းလေးဒေသတွေမှာ ကူညီထောက်ပံ့မှု မရသေးတာတွေလည်း ရှိနေတယ်လို့ ကယ်ဆယ်ရေးသမားတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

ကုလရဲ့ စာရင်းအရ ငလျင်ဒဏ်အဆိုးဆုံးခံခဲ့ရတဲ့ မန္တလေးမြို့မှာ နေအိမ်ဆုံးရှုံးခဲ့တဲ့သူတွေနဲ့ အိမ်ထဲပြန်မဝင်ရဲတဲ့သူတွေရဲ့ အရေအတွက်က ၆၀,၀၀၀ ကျော်အထိ ရှိတယ်လို့ ဆိုပါတယ်။

အဲဒီ ၆၀,၀၀၀ ကျော်ဟာ အပြင်ဘက် ဟာလာဟင်းလင်းနေရာတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ နေနေရတာကြောင့် သန့်ရှင်းတဲ့သောက်ရေသန့်ရဖို့နဲ့ အညစ်အကြေးစွန့်မှုတွေကို အန္တရာယ်ကင်းအောင် စီမံခန့်ခွဲနိုင်ဖို့က လိုအပ်နေသေးတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ထောက်ပြထားကြပါတယ်။

"လောလောဆယ် ရပ်ကွက်တွေကတော့ ပျက်စီးမှုစာရင်းတွေကို ရုံးတွေကို ပေးခိုင်းတာပေါ့။ တစ်အိမ်ထောင်ကို သုံးသောင်းပေးမယ်လို့တော့ ပြောတယ်။ စာရင်းတွေကို ဓာတ်ပုံတွေနဲ့ တင်ပေးရတာရှိတယ်။ ဒါလက်တလော လုပ်နေတာပေါ့။ အဲဒီဟာလောက်ပဲ ရှိတယ်။ ကျန်တာကတော့ မရှိဘူးပေါ့''

'' စခန်းတွေကတော့ ရသင့်သလောက် ရကြတယ်။ အများဆုံးက UN က ရကြတယ်။ အဲဒီလိုမျိုးတွေရှိတယ်။ နောက်ပုဂ္ဂလိက အလှူရှင်တွေ။ အဲဒီဟာတွေက ရတယ်။ ဒီရပ်ကွက်ထဲမှာ နေတဲ့သူတွေကတော့ မရဘူး။ တစ်ကျပ်မှမရဘူး" လို့ မန္တလေးမြို့ပေါ်က ငလျင်ဒဏ်ခံရသူတစ်ဦးက ရှင်းပြပါတယ်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကတော့ အဆင့်ဆင့်ထောက်ပံ့မှုတွေ လုပ်ဆောင်နေတာကြောင့် မကြာခင် ငလျင်ကြောင့် သေဆုံးခဲ့ရသူ ၃,၇၀၀ ကျော်လုံး ထောက်ပံ့ငွေတွေ ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာလည်း ငလျင်ဘေးသင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်တွေ ရှိနေဆဲဖြစ်တာကြောင့် ကုလသမဂ္ဂကလည်း နိုင်ငံတကာကို ထောက်ပံ့ကူညီဖို့ ပြောဆိုနေတာတွေရှိလို့ နိုင်ငံတကာရဲ့ အကူညီတွေ ဆက်ရဖို့ရှိတယ်လို့ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအတွေ့ကြုံရှိသူတွေက ပြောကြပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် တိုင်းနဲ့ပြည်နယ် ခြောက်ခုမှာ သေဆုံးသူ ၃၇၀၀ ကျော်၊ ထိခိုက်ဒဏ်ရာရသူ ငါးထောင်ကျော်နဲ့ ပျောက်ဆုံးသူ တစ်ရာကျော်ရှိတယ်လို့ စစ်ကောင်စီရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့စာရင်းတွေ ကဖော်ပြပါတယ်။

အာဏာပိုင်တွေအနေနဲ့ အကူအညီလိုအပ်နေသူတွေအတွက် အရေးပေါ် ခိုလှုံဖို့ နေစရာသတ်မှတ်ထားရှိပေးဖို့အပြင် မပြိုဘဲ ကျန်နေခဲ့တဲ့ အဆောက်အဦတွေကိုလည်း ကြံ့ခိုင်မှုစစ်ဆေးပြီး အန္တရာယ်ကင်းတဲ့အိမ်ဆိုရင် ပြန်နေထိုင်နိုင်ရေး လူထုကို အသိပေးဖို့လိုကြောင်း ပညာရှင်တွေက ထောက်ပြနေပါတယ်။

မြို့ပြဒေသတွေမှာ ငလျင်ကြောင့် ထိခိုက်မှုပိုကြီးတာကြောင့် လူထုတွေဟာ အထောက်အပံ့တွေကိုပဲ ရေရှည် မှီခိုနေရတာမျိုးမဖြစ်အောင် အိမ်ထောင်စုအလိုက် ငွေကြေးထောက်ပံ့ပေးဖို့ လိုတယ်လို့ လူသားစာနာကူညီပေးရေးလုပ်ငန်းတွေမှာ အတွေ့အကြုံရှိသူ တစ်ဦးက ပြောပါတယ်။

ဒါအပြင် ပြန်လည်ထူထောင်ရေးအတွက် အခြေခံအဆောက်အဦတွေ ပြင်ဆင်ပေးဖို့ အခရာကျတယ်လို့ ထောက်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ ငလျင်ဒဏ်ကြောင့် မန္တလေးတိုင်းထဲက လူပေါင်း ၂,၆၀၀ ကျော် သေဆုံးခဲ့ပြီး အဆောက်အဦပေါင်း ၁၇,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

စစ်တပ်နဲ့ နိုင်ငံတကာထောက်ပံ့မှုအပါအဝင် တခြားအရပ်ဖက်အဖွဲ့ရဲ့ အကူအညီတွေနဲ့ မန္တလေးမြို့ထဲမှာ ယာယီငလျင်ကယ်ဆယ်ရေးစခန်းတွေ ဆောက်လုပ်ပေးနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

"သွပ် အမိုးအကာတွေနဲ့ ကြမ်းခင်းအပြားတွေ ပေးတယ်။ အဲဒါတွေကို တဲလို ပြန်ဆောက်ပေးရတာ" လို့ သူက ရှင်းပြပါတယ်။

NUG ကလည်း အရပ်ဖက်အဖွဲ့တချို့အကူအညီနဲ့ မန္တလေးမြို့မှာ ယာယီနေထိုင်နိုင်ရေး နေရာတွေဆောက်လုပ်ပေးနေတယ်လို့ ဆိုပြီး လုံခြုံရေးအရ အတိအကျမပြောနိုင်ဘူးလို့ ပြောပါတယ်။

တစ်ဖက်မှာလည်း မန္တလေးမှာ နောက်ဆက်တွဲငလျင်တွေကြောင့် အိမ်ထဲမှာ မနေရဲတော့ဘဲ နေစရာထိုင်ခင်းစီစဉ်ပေးဖို့ အကူအညီတောင်းကြသူတွေ ထပ်တိုးနေတုန်းပဲလို့ ကူညီထောက်ပံ့ရေးလုပ်ပေးနေသူတစ်ဦးက ပြောပြပါတယ်။

စစ်ကောင်စီ နဲ့ NUG ရဲ့ အကူအညီဘယ်လိုလဲ

မတ် ၂၈ ရက်က ငလျင်ဒဏ်ကြောင့် စစ်ကိုင်းမြို့ပေါ်က ပြိုကျခဲ့တဲ့ နေအိမ်

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, မတ် ၂၈ ရက်က ငလျင်ဒဏ်ကြောင့် စစ်ကိုင်းမြို့ပေါ်က ပြိုကျခဲ့တဲ့ နေအိမ်

ဧပြီလဆန်းပိုင်းတုန်းကတော့ ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် နိုင်ငံတော်ဘတ်ဂျက်ထဲကနေ ငလျင်ဘေးသင့်တဲ့ဒေသတွေမှာ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ဘီလျံ ၅၀၀ ထုတ်သုံးမယ်လို့ စစ်ခေါင်းဆောင်က ကတိပေးထားပါတယ်။

အလားတူ မိုးရာသီမရောက်ခင် အမိုးအကာအောက်မှာ လုံခြုံစွာနေထိုင်နိုင်ရေးအတွက် စီစဉ်ပေးမယ်ဆိုပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီ ဒုတိယအပတ်မှာ ထပ်ပြောပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဧပြီ ပထမအပတ်တုန်းက ကျင်းပခဲ့တဲ့ ကျင်းပခဲ့တဲ့ ဘင်္ဂလားပင်လယ်အော် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) ထိပ်သီးအစည်းအဝေးပွဲမှာလည်း စစ်ခေါင်းဆောင်ဟာ ငလျင်ဘေးနဲ့ပတ်သက်ပြီး လိုအပ်နေတဲ့ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် အဖွဲ့ဝင်နိုင်ငံတွေကို အကူအညီတောင်းခံခဲ့ပါတယ်။

အဲဒီနောက် ငလျင်ဒဏ်ခံရတဲ့ မြန်မာနဲ့ ထိုင်းတို့ရဲ့ အခြေအနေကို နားလည်ပြီး အကူအညီပေးဖို့ BIMSTEC အဖွဲ့ဝင်နိုင်ငံတွေက သဘောတူညီခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

NUG ကတော့ ငလျင်ဒဏ်သင့်တဲ့ မန္တလေးနဲ့ စစ်ကိုင်းတိုင်းတို့မှာ အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၁ သန်းနဲ့ ညီမျှတဲ့ ရန်ပုံငွေ မတည်ထားပြီး အဲဒီထဲက ငွေကျပ် ၆ ဒသမ ၃ သန်းကျော် (အမေရိကန်ဒေါ်လာ ၁၄၃,၀၀၀) ကျော် အသုံးပြုထားတယ်လို့ ဘီဘီစီကိုပြောပါတယ်။

NUG စာရင်းအရ ထောက်ပံ့ထားတဲ့ အိမ်ထောင်စုပေါင်း ၆,၂၀၀ ကျော်ရှိပြီး မြို့နယ်အရေအတွက်ကတော့ ၄၁ မြို့နယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီနဲ့ NUG နှစ်ဖက်လုံးရဲ့ ထိန်းချုပ်နယ်မြေအလိုက် ပြန်လည်ထူထောင်ရေးလုပ်ကိုင်မှုတွေနဲ့ ပတ်သက်ပြီး ထင်သာမြင်သာမတွေ့ရသေးဘူးလို့လည်း ငလျင်ဘေးသင့် စစ်ကိုင်းနဲ့ မန္တလေးမြို့ခံ ၃ ဦးထက်မနည်းက ပြောပါတယ်။

စစ်ကိုင်းမြို့က ငလျင်ဘေးသင့်ခဲ့တဲ့သူတချို့ ရိက္ခာအလှူအတွက် တန်းစီယူနေတဲ့ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်ကိုင်းမြို့က ငလျင်ဘေးသင့်ခဲ့တဲ့သူတချို့ အစားအသောက်ရိက္ခာ တန်းစီယူနေတဲ့ မြင်ကွင်း

ကုလသမဂ္ဂက‌တော့ မြန်မာက ငလျင်ဒဏ်သင့်တဲ့ဒေသတွေအတွက် အရေးပေါ်ရန်ပုံငွေထဲကနေ အမေရိကန်ဒေါ်လာ ၅ သန်းထုတ်သုံးမယ်လို့ ကြေညာထားပါတယ်။ ဒါ့အပြင် အကူအညီပေးရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ ကုလဝန်ထမ်းတွေကို စေလွှတ်မယ်လို့ ဆိုပါတယ်။

UNOCHA ရဲ့ ထုတ်ပြန်ချက်အရ အဓိကထိခိုက်သူ ၁ ဒသမ ၁ သန်းအတွက် အမေရိကန် ဒေါ်လာ ၂၇၅ သန်း အရေးပေါ်လိုအပ်တယ်လို့ ပြောထားတာကြောင့် လူတစ်ယောက်အတွက် အမေရိကန်ဒေါ်လာ ၂၅၀ (ပြင်ပ ငွေလဲနှုန်းပေါက်ဈေး ကျပ် ၁၁ သိန်း) နီးပါး လိုအပ်နေတာဖြစ်ပါတယ်။

စစ်ကိုင်းနဲ့ မန္တလေးမြို့တွေမှာတော့ စားရေရိက္ခာနဲ့ အမိုးအကာအတွက် ထောက်ပံ့မှုတွေရပေမယ့် အာဏာပိုင်တွေအပြင် NUG ဘက်က အိမ်ထောင်စုအလိုက် ငွေကြေးထောက်ပံ့တာမျိုးကိုတော့ လက်ခံရတာမရှိဘူးလို့ဆိုပါတယ်။

"အိမ်ထောင်စုတွေကို စာရင်းအတိအကျလိုက်ကောက်တာလည်းမရှိဘူး။ အိမ်ခြေမဲ့သွားတဲ့သူတွေကို ငွေကြေးထောက်ပံ့တာလည်း အခုထိ မလာသေးဘူး" လို့ ကူညီထောက်ပံ့သူတစ်ဦးက ပြောပါတယ်။

တစ်ဖက်မှာလည်း အနုပညာရှင်တချို့နဲ့ ပရဟိတအဖွဲ့အစည်းတွေဘက်က တစ်အိမ်ထောင်ကို ငွေကျပ် ၅,၀၀၀ ကနေ ကျပ်သိန်း ၂၀ အထိ ထောက်ပံ့တာတွေရှိပေမယ့် အဲဒါကလည်း နေအိမ်ဆုံးရှုံးခဲ့သူအားလုံးအတွက် မကာမိဘူးလို့ မြို့ခံတွေက ထောက်ပြပါတယ်။

"ရပ်ကွက်တိုင်းကို အကူအညီ တန်းတူမရောက်ဘူး၊ ရတဲ့နေရာက ရတယ်၊ မရတဲ့‌ နေရာက မရဘူးပေါ့" လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

NUG ဘက်ကတော့ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းထဲက သူတို့ထိန်းချုပ်နယ်မြေထဲက ငလျင်သင့် မြို့တွေကို တိုက်ရိုက်အကူအညီပေးနိုင်ပြီး စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့ပေါ်ဧရိယာကိုတော့ မြေပြင်အချိတ်အဆက်တွေနဲ့ပဲ ကူညီနေရတဲ့အခြေအနေလို့ ဘီဘီစီကို ပြောပါတယ်။

NUG အပြောအရ ငလျင်ကြီးလှုပ်ခတ်ပြီးနောက် သီတင်းပတ် ၃ ပတ်ကျော်ကြာတဲ့အထိ နေအိမ်ဆုံးရှုံးခဲ့သူတွေအတွက် စားရေရိက္ခာနဲ့ ယာယီနေရာထိုင်ခင်းအတွက် မိုးရေကာဖျင်စတွေလောက်ပဲ ထောက်ပံ့ထားနိုင်တယ်လို့ နားလည်ရပါတယ်။

စစ်ကောင်စီက စစ်ကိုင်းနဲ့ မန္တလေးမြို့ပေါ်တွေမှာ အကူအညီပေးတဲ့အဖွဲ့အစည်းတွေကို စနစ်တကျစောင့်ကြည့်နေတာကြောင့် မြို့ပေါ်တွေမှာ တိုက်ရိုက်ကူညီလို့မရတဲ့အကြောင်း NUG ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဘီဘီစီကို တုံ့ပြန်ပါတယ်။

ဒါပေမဲ့ NUG အနေနဲ့ ငလျင်ဘေးသင့်လူထုတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ထောက်ပံ့ ကူညီနိုင်ဖို့ အစီအစဥ်တွေရှိတယ်လို့ ဆိုပါတယ်။

"ပြန်လည်ထူထောင်ရေးအတွက် စဉ်းစားထားတဲ့ အစီအစဉ်တွေ ရှိပါတယ်။ အချိန်ကတော့ ယူရပါဦးမယ်"လို့ သူက ပြောပါတယ်။

လက်ရှိ မြန်မာငလျင်ဘေးနဲ့ ပဋိပက္ခတွေကြောင့် သန်းနဲ့ချီတဲ့ လူထုကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးတဲ့အပိုင်းမှာ သီးခြားစီလုပ်ဆောင်နေတာမျိုးဖြစ်နေတယ်လို့ သဘာဝဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိတဲ့ နိုင်ငံရေးအကဲခတ် ဒေါက်တာစိုင်းကြည်ဇင်စိုးက ထောက်ပြပါတယ်။

ကူညီကယ်ဆယ်ရေးတွေလုပ်ငန်းတွေကို ကုလသမဂ္ဂလက်အောက်အကူအညီပေးရေး အေဂျင်စီတွေက သီးခြားစီ လုပ်ကိုင်နေကြသလို ကိုယ်ထူကိုယ်ထ အရပ်ဘက်ကူညီကယ်ဆယ်ရေးတွေကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကူညီထောက်ပံ့ရေးလုပ်နေကြတာကိုတွေ့ရပါတယ်။

စစ်တပ်ကလည်း အစိုးရယန္တရားနဲ့ ကူညီရေးလုပ်နေတယ်လို့ပြောနေသလို တဖက် NUG ကလည်း သူ့ထိန်းချုပ်နယ်မြေတွေမှာ ဦးစားပေးလုပ်နိုင်တဲ့အခြေအနေလို့ နားလည်ရပါတယ်။

ဒီလို ယန္တရားတွေ ချိတ်ဆက်မှုမရှိ ထောက်ပံ့နေတာက ရေရှည်ထိရောက်တာမျိုးမဖြစ်ဘူးလို့ ပြောဆိုချက်တွေရှိလာပါတယ်။

'' အားလုံးက မနိုင်မနင်းဖြစ်နေကြတယ်။ စစ်ကောင်စီယန္တရားအောက်မှာ လုပ်တဲ့ NGO/INGO တွေအနေနဲ့ မှတ်ပုံတင်ရတယ်။ အဲဒီမှာ ကိုယ်ထူကိုယ်ထအဖွဲ့ငယ်တွေကျတော့ သတင်းပို့ရတာနဲ့ စိစစ်တာနဲ့ဆိုတော့ စစ်ကောင်စီနဲ့ ဆက်စပ်ရာမှာကို မဝံ့မရဲဖြစ်တာ ကြောက်ကြတာရှိတယ်။ ဒီတော့ သူတို့ကလည်း သေချာမလုပ်နိုင်ကြဘူး'' လို့ ဒေါက်တာစိုင်းကြည်ဇင်စိုးက မြေပြင်အခြေအနေကို ပြောပြပါတယ်။

သန်းနဲ့ချီတဲ့ လူဦးရေအတွက် စစ်ဘေးနဲ့ ငလျင်ဘေးကြားမှာ ရေရှည်ကူညီထောက်ပံ့ရေးနဲ့ ပြန်လည်ထူထောင်ရေးကို လုပ်နိုင်ကြဖို့ဆိုရင် စစ်ကောင်စီဘက်က ဖြေလျော့မှုတွေ လုပ်မှရမယ်လို့ ပြောဆိုချက်တွေ ကုလယန္တရားအောက် အလုပ်လုပ်နေသူ ကွင်းဆင်းအရာရှိတစ်ဦးက ရှင်းပြပါတယ်။

ဒီအချက်ကို ဒေါက်တာစိုင်းကြည်ဇင်စိုးကလည်း ထပ်ဆင့် သဘောတူကြောင်းပြောပါတယ်။

'' ဒီလိုကာလမှာ ယူနီဆက်ဖ်တို့ Save the Childrean တို့ ကသူတို့ နဂိုပရောဂျက်ဝင်ထားတဲ့ မကွေး၊စစ်ကိုင်းတို့ ရှမ်းတောင်ကြီးတို့ကို ငလျင်ကယ်ဆယ်ရေးပစ္စည်းတွေ သွင်းဖို့ကြိုးစားကြတယ်။ ဒါပေမဲ့ အဲဒီလိုသွင်းမယ်ဆိုရင် စစ်ကောင်စီလက်အောက် အဖွဲ့တွေက အရင်အတိုင်းပဲ ၆ လလောက် ကြာပြီးမှခွင့်ပြုတယ်ဆိုတာမျိုးဖြစ်နေတယ်။ အဲဒီတော့ လိုအပ်တဲ့သူတွေဆီကို လိုအပ်တဲ့ ပစ္စည်းတွေ မြန်မြန်ဆန်ဆန် သွင်းဖို့ခက်တာပေါ့'' လို့ ဒေါက်တာစိုင်းကြည်ဇင်စိုးက သူသိထားတဲ့အချက်အလက်တွေကို ကိုးကားပြီး ပြောပါတယ်။

တဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်တဲ့ ဒေသတွေကို ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဆောင်မယ်ဆိုလည်း တားဆီးစစ်ဆေးခံရတာတွေ ကန့်သတ်တာတွေ ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

'' နယ်မြေအလိုက် ကူညီကယ်ဆယ်ရေးတွေလုပ်ရတဲ့အပိုင်းမှာ ရှုပ်ထွေးနေတာတွေကို ရှင်းဖို့ဆိုရင် အာဆီယံရဲ့ လူသားချင်းစာနာမှုအကူအညီပေး‌ရေးစင်တာ(AHA Center)လို အဖွဲ့က ကြားဝင်ပြီး နှစ်ဖက်လုံးရဲ့ နယ်မြေတွေက တကယ်လုပ်နေတဲ့ အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ထိထိရောက်ရောက်ဝင်ရောက်ပေးမှပဲ ရေရှည်အောင်မြင်အောင်လုပ်နိုင်မယ်'' လို့ ဒေါက်တာစိုင်းကြည်ဇင်စိုးက မှတ်ချက်ပြုပါတယ်။