ငလျင်သင့်မန္တလေးနဲ့ စစ်ကိုင်းမှာ ကျန်းမာရေးပြဿနာတွေ ကြုံနေကြရ

နောက်ဆက်တွဲငလျင်တွေကြောင့် ကွင်းပြင်ထဲ နေရတဲ့မန္တလေးမြို့ခံတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နောက်ဆက်တွဲငလျင်တွေကြောင့် ကွင်းပြင်ထဲ နေရတဲ့မန္တလေးမြို့ခံတွေ

ငလျင်ဒဏ် ပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့ မန္တလေးနဲ့ စစ်ကိုင်းက ငလျင်ကယ်ဆယ်ရေးစခန်းတချို့မှာ အရေပြားယားယံတဲ့ရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူတွေရှိလာနေပါတယ်။

သောက်ရေ သုံးရေ မသန့်ရှင်းတာအပြင် အစားအသောက်နဲ့ အညစ်အကြေးစွန့်တဲ့အပိုင်းတွေမှာ သန့်ရှင်းမှုမရှိတာတွေက ဒီအကျိုးဆက်ဖြစ်လာတာလို့ သဘာဝဘေးနောက်ဆက်တွဲကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့တချို့ကပြောပါတယ်။

စစ်ကိုင်းမြို့ထဲက ကယ်ဆယ်ရေးစခန်းတချို့အပြင် စစ်ရှောင်တွေနေတဲ့ နေရာတချို့မှာ သောက်သုံးရေ ပြတ်လပ်နေလို့ မသန့်ရှင်းတဲ့ မြစ်ရေကိုပဲ ကျိုချက်ပြီး သောက်နေကြရပါတယ်။

အညစ်အကြေးစွန့်တာနဲ့ သောက်ရေသုံးရေတွေကို စနစ်တကျ မစီမံပေးနိုင်ရင် ရက်ပိုင်းအတွင်းရောက်လာမယ့် မိုးရာသီမှာ ဝမ်းနဲ့ပတ်သက်တဲ့ ကူးစက်ရောဂါတွေပိုတိုးဖြစ်လာနိုင်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက သတိပေးနေကြပါတယ်။

မန္တလေးမြို့ပေါ်က ငလျင်ဘေးသင့်သူတွေ ယာယီတဲတွေနဲ့ နေရတဲ့ ကယ်ဆယ်ရေးစခန်းတစ်ခု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မန္တလေးမြို့ပေါ်က ငလျင်ဘေးသင့်သူတွေ ယာယီတဲတွေနဲ့ နေရတဲ့ ကယ်ဆယ်ရေးစခန်းတစ်ခု

စစ်ကိုင်းက ရေပြတ်လပ်မှု

ငလျင်ကြီး လှုပ်ခတ်ပြီးနောက် သုံးရေပြတ်လပ်လို့ ဧရာဝတီမြစ်ဆိပ်မှာ ရေချိုးနေကြတဲ့ စစ်ကိုင်းဒေသခံတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ငလျင်ကြီး လှုပ်ခတ်ပြီးနောက် သုံးရေပြတ်လပ်လို့ ဧရာဝတီမြစ်ဆိပ်မှာ ရေချိုးနေကြတဲ့ စစ်ကိုင်းဒေသခံတွေ

စစ်ကိုင်းမြို့အရှေ့ဘက် ဧရာဝတီမြစ်ကြောင်းတလျှောက်နဲ့ တောင်ဘက်ခြမ်း ရွာတချို့က ယာယီတဲတွေထိုးထားတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ သောက်ရေသန့်ပြတ်လပ်နေတာကြောင့် မြစ်ရေကိုသာ ကျိုချက်သောက်သုံးနေရတယ်လို့ အဲဒီစခန်းမှာနေထိုင်သူတချို့က ပြောပါတယ်။

"သုံးရေလည်း ဒါပဲ၊ သောက်ရေလည်း ဒါပဲ။ သောက်ဖို့အတွက်ကျိုတယ်၊ ကျန်တာက ဟင်းချက်ဖို့သုံးတယ်" လို့ မြစ်ဆိပ်နားမှာ ယာယီတဲထိုးနေရတဲ့သူတစ်ဦးက ရှင်းပြပါတယ်။

ငလျင်ဒဏ်ကြောင့် ရေပေးနေတဲ့ မြေအောက်သံပိုက်လိုင်းတွေ ပြတ်ထွက်ပျက်စီးတာကြောင့် သောက်သုံးရေပြတ်လပ်တာလို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ကြောင်းတလျှောက်က ယာယီတဲမှာ နေထိုင်နေရသူတွေအနေနဲ့ မိုးရွာရင် အနီးနားက ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံပြီး မိုးတိတ်ရင်တော့ မြစ်ဆိပ်ဘက်ပြန်လာ ထန်းလက်နဲ့ တဲထိုးပြီး နေနေရတဲ့အခြေအနေပါ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲဒီယာယီတဲတွေဟာ အာဏာပိုင်တွေက စခန်းနေရာသတ်မှတ်ပြီး သီးသန့်ဆောက်လုပ်ပေးထားတာမျိုးမဟုတ်ဘဲ မြစ်ဆိပ်အနီးရွာမှာနေထိုင်ကြတဲ့ သူတွေ ကိုယ်ထူကိုယ်ထစနစ်နဲ့ စုဝေးပြီး တဲထိုးနေကြတာဖြစ်ပါတယ်။

"ဖြစ်သလို တဲထိုးပြီး နေနေရတာဆိုတော့ အညစ်အကြေးစွန့်ဖို့ အိမ်သာတွေလည်း မရှိဘူး။ မြစ်ထဲမှာပဲ ကိစ္စရှင်းနေကြတာ" လို့ ကယ်ဆယ်ရေးသမားတစ်ဦးက သူသိထားတဲ့အခြေအနေကိုပြောပြပါတယ်။

စစ်ရှောင် ၂၀၀ နီးပါးရှိပြီး ငလျင်ဒဏ်ခံခဲ့ရတဲ့ စစ်ကိုင်း၊ ကျောက်တာရွာမှာလည်း သင်္ကြန်မတိုင်ခင် မိုးကြီးပြီး ယာယီတဲက အောင်ခင်းကြမ်းပြားတွေ ရေမြုပ်ရာကနေ ခြင်၊ ယင်တွေ ပေါက်ဖွားလာတာကြောင့် အစားအသောက်ထားဖို့ သန့်ရှင်းတဲ့နေရာမရှိတဲ့အကြောင်း အဲဒီမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

အဲဒီရွာမှာလည်း အညစ်အကြေးစွန့်ဖို့ အိမ်သာတွေ အလုံအလောက်မရှိဘူး လို့ ဆိုပါတယ်။

ရွေ့လျားဆေးခန်းဖွင့်ပြီးကျန်းမာရေးစောင့်ရှောက်ပေးနေသူတစ်ဦးကတော့ ကျောက်တာရွာအပါအဝင် မြစ်ဆိပ်ဘက်က ယာယီတဲတွေမှာနေထိုင်သူတချို့ မှာလည်း ဝမ်းပျက် ဝမ်းလျှောနဲ့ အရေပြားယားနာတွေ စဖြစ်နေပြီလို့ ပြောပါတယ်။

တစ်ရက်ကို "ကုသရတဲ့ လူနာ ၁၀၀ ကျော်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ အရေပြားယားနာ ခံစားနေရတဲ့သူစုစုပေါင်း ၁၀ ဦးကနေ ၂၀ ဦးအထိရှိတယ်လို့ ဘီဘီစီကိုပြောပါတယ်။

"အရေးပေါ်အခြေအနေမဟုတ်ပေမယ့် မိုးရာသီမရောက်ခင် ဒါတွေကို ပျောက်အောင်ကုသပြီး အသိပညာပေးဖို့ လိုနေပြီ" လို့ အဲဒီ ကျန်းမာရေးစောင့်ရှောက်သူက ထောက်ပြပါတယ်။

အရေပြားယားယံတာကတော့ မသန့်ရှင်းတဲ့ အစားအသောက် စားမိတာ၊ အဝတ်အထည်လုံလောက်မှုမရှိဘဲ တကိုယ်ရေ သန့်ရှင်းမှုအားနည်းတာကြောင့်ဖြစ်ပြီး ကလေးငယ်တွေမှာ ပိုအဖြစ်များတယ်လို့ ဆိုပါတယ်။

ငလျင်ပြီးတဲ့နောက် ဧပြီ တတိယအပတ်အထိ အာဏာပိုင်တွေဘက်က စစ်ရှောင်ရာနဲ့ချီရှိတဲ့ စစ်ကိုင်းအရှေ့ဘက်နဲ့ တောင်ဘက်က ရွာတချို့အပြင် မင်းကွန်းဒေသဘက်ကို အကူအညီတွေ ထိရောက်အောင် မထောက်ပံ့နိုင်ဘူးလို့ မြေပြင်မှာ ထောက်ပံ့ကူညီရေးလုပ်နေသူတစ်ဦးက ရှင်းပြပါတယ်။

စစ်ကိုင်း၊ မင်းကွန်းတောင်ရိုးပေါ်က ရွာတချို့မှာလည်း ဧပြီ ၁၉ ရက်အထိ သုံးရေပြတ်လပ်တာမျိုး ကြုံနေရပြီး နယ်မြေလုံခြုံရေးအခက်အခဲကြောင့် အလှူရှင်တွေလည်း အရောက် အပေါက်နည်းတယ် လို့ ရွာခံတွေက ဖွင့်ပြောပါတယ်။

မတ်လတုန်းက မင်းကွန်းဒေသ၊ တောင်ရိုးဘေးက ရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်တပ်နဲ့ တော်လှန်ရေးအင်အားစု နှစ်ဖက်ကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။

ဒါကြောင့် "လှူမယ့်အဖွဲ့တွေလည်း နယ်မြေအခြေအနေကြောင့် မလာရဲကြဘူး၊ ရေလာလှူတဲ့ အဖွဲ့ရှိပေမယ့် ရှိတဲ့လူအင်အားနဲ့ ဘယ်လိုမှ မလောက်ဘူး" လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကိုင်းမြို့ပေါ်မှာတော့ ငလျင်ကယ်ဆယ်ရေးစခန်း ၆ ခုဆောက်လုပ်ပေးထားပြီး ငလျင်ဘေး ဒုက္ခသည်အရေအတွက် ၁,၁၀၀ ဝန်းကျင်ရှိတယ်လို့ စစ်ကိုင်းခရိုင် ကြက်ခြေနီအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"အိမ်သာတွေလည်း အလုံအလောက်ရှိပါတယ်။ ဝမ်းရောဂါ အဆင့်ကိုတော့ အခုထိ မတွေ့ရသေးပါဘူး။ ဝမ်းပျက်ဝမ်းလျှောဖြစ်တာလောက်ပဲ ရှိတယ်" လို့ သူက ဆက်ပြောထားပါတယ်။

မန္တလေးက ဝမ်းပျက် ဝမ်းလျှောအခြေအနေ

မန္တလေးမှာ သောက်ရေသန့်နဲ့ ဆန် အလှူ ပေးဝေနေတဲ့မြင်ကွင်း (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မန္တလေးမှာ သောက်ရေသန့်နဲ့ ဆန် အလှူ ပေးဝေနေတဲ့မြင်ကွင်း (ပုံဟောင်း)

ဧရာဝတီမြစ်တဖက်ကမ်း မန္တလေးမြို့က ငလျင်ကယ်ဆယ်ရေးစခန်းတချို့မှာလည်း သောက်သုံးရေနဲ့ အညစ်အကြေးစွန့်တဲ့နေရာ မသန့်ရှင်းတာတွေကြောင့် ဝမ်းပျက် ဝမ်းလျှောဖြစ်တဲ့သူတွေ တွေ့လာရတယ်လို့ မန္တလေးမြို့ ရွေ့လျားဆေးခန်းတချို့ရဲ့ တာဝန်ရှိသူ ၃ ဦးထက်မနည်းက ပြောကြပါတယ်။

မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်နဲ့ အမရပူရမြို့နယ်တွေမှာ ဝမ်းပျက်သူတွေပိုများလာလို့ ကုသပေးရတာတွေရှိလာတယ်လို့ ဆိုပြီး အရေအတွက်ကိုတော့ စိစစ်နေဆဲလို့ အခမဲ့ဆေးကုသပေးနေတဲ့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

ငလျင်ကြောင့် ပြိုကျပျက်စီးမှုတွေထဲ ဆေးခန်းတွေဖွင့်ထားတဲ့တိုက်တွေလည်းပါတာကြောင့် ဆေးခန်းတွေပိတ်ထားရတာလို့ဆိုပါတယ်။ ဒါကြောင့်လည်း ရုတ်တရက်ရောဂါတွေဖြစ်လာတဲ့အခါ ကုသဖို့အခက်အခဲရှိကြတယ်လို့သိရပါတယ်။

မန္တလေးမြို့မှာ ဧပြီ တတိယအပတ်အတွင်း ဝမ်းပျက်၊ ဝမ်းလျှောဖြစ်လို့ ကုသခဲ့ရတဲ့သူ အယောက် ၂၀ ရှိတယ်လို့ ရွေ့လျားဆေးခန်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တစ်ဖက်မှာလည်း မန္တလေးမှာ ရုပ်အလောင်းထုတ်တာ အဆောက်အဦတွေဖြိုချတာ စတဲ့ ရှင်းလင်းရေးလုပ်ငန်းစဉ်တွေ ဧပြီ တတိယအပတ်အထိ မပြီးသေးတာ တွေ့ရပါတယ်။

မိုးရာသီမတိုင်ခင် ရှင်းလင်းရေးပြီးဖို့ အာရုံစိုက်နေကြတာကြောင့် ငလျင်ဘေးသင့်တဲ့သူတွေကိုထားတဲ့ စခန်းတစ်ခုစီတိုင်းရဲ့ လိုအပ်ချက်တွေကို အပြည့်အဝမဖြည့်ဆည်းနိုင်ဘူးလို့ မန္တလေးတိုင်း၊ ကြက်ခြေနီအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

စခန်းထဲက အညစ်အကြေးစွန့်တဲ့ အိမ်သာတွေ မသန့်ရှင်းတာ၊ အိမ်သာမလုံလောက်တာ၊ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျရှင်းလင်းရေးမလုပ်နိုင်တာတွေက ဝမ်းပျက်ဝမ်းလျှောရောဂါကို ဦးတည်စေတယ်လို့ သူက ထောက်ပြပါတယ်။

တစ်ဖက်မှာလည်း လူစုလူဝေးနဲ့ ငလျင်ကယ်ဆယ်ရေးစခန်းမှာနေရတဲ့ ဒုက္ခသည်တွေကို ကျန်းမာရေးအသိပညာပေးရေးတွေ ထိရောက်အောင်လုပ်ပေးဖို့က အာဏာပိုင်တွေမှာ တာဝန်ရှိတယ်လို့ ကျန်းမာရေးဝန်ထမ်းတချို့က ထောက်ပြပါတယ်။

တကိုယ်ရေသန့်ရှင်းဖို့ ကျန်းမာရေးအဖွဲ့တွေက လိုက်ပြောပေမယ့် ရတဲ့အလှူငွေက ဒုက္ခသည်တွေအနေနဲ့ မိသားစုဝမ်းရေးထဲပဲ ရောက်တာများတော့ အဝတ်အထည်တွေလိုအပ်နေတယ်လို့ မြေပြင်မှာထောက်ပံ့နေတဲ့သူတွေက ပြောပါတယ်။

ဧပြီ တတိယအပတ်ကစပြီး မန္တလေးမှာ ရိက္ခာလှူတာ သိပ်မရှိတော့ဘဲ တနိုင်တပိုင် အလှူရှင်တွေက ငွေကြေးပမာဏအလိုက် လှူဒါန်းတာပိုများတယ်လို့ သူတို့က ဆိုပါတယ်။

လူလတ်တန်းစားတွေနဲ့ ငွေကြေးပြည့်စုံတဲ့သူတွေကတော့ ငလျင်ဒဏ်ခံရလည်း အခြေခံလိုအပ်ချက်ဖြစ်တဲ့ အဝတ်အထည်အတွက် ဝယ်ခြမ်းရတာအဆင်ပြေပေမယ့် ငွေကြေးမပြည့်စုံတဲ့ မိသားစုတွေအတွက် ဒုက္ခများတဲ့အခြေအနေပါ။

"ငွေကြေးမရှိတော့ တကိုယ်ရေအတွက် လိုအပ်တဲ့ ပစ္စည်းတွေ မဝယ်နိုင်ဘူး"လို့ အကူအညီလိုအပ်နေတဲ့ မန္တလေးကယာယီကယ်ဆယ်ရေးစခန်းတခုမှာနေထိုင်နေသူတစ်ဦးက ပြောပါတယ်။

တစ်ဖက်မှာလည်း အာဏာပိုင်တွေဘက်က ငလျင်ဒဏ်ခံစားခဲ့ရတဲ့ အိမ်ထောင်စုအလိုက် ငွေကြေးထောက်ပံ့တာမျိုး မရှိသေးဘူးလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မန္တလေးတိုင်း ကြက်ခြေနီအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ သောက်ရေသန့်တွေ အလုံအလောက် ဖြန့်ဝေထားတယ်။ သုံးရေအတွက်လည်း မြစ်ထဲကနေစုပ်တင်ပြီး သန့်စင်တဲ့ စက်တွေ ထားပေးထားတယ်လို့ ဘီဘီစီကို ပြောပါတယ်။

"ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ရွေ့လျားဆေးခန်းတွေလည်း ရှိတယ်"လို့ဆိုပြီး ဝမ်းရောဂါအတွက် စိတ်ပူစရာမလိုကြောင်း သူက ဆက်ပြောပါတယ်။

မြေပြင်အခြေအနေသိသူတချို့ကတော့ အာဏာပိုင်တွေဘက်က ရေသန့်စင်တဲ့ စက်တွေကို အလုံအလောက် မထောက်ပံ့နိုင်တာကြောင့် အရပ်ဖက်အဖွဲ့တွေကပါ ဝိုင်းဝန်းကူညီလှူထားရတယ်လို့ တုံ့ပြန်ကြပါတယ်။

ဝမ်းပျက်ဝမ်းလျှောခံစားခဲ့ရတဲ့သူတချို့ကလည်း ရွေ့လျားဆေးခန်းတွေရှိတာကောင်းပေမဲ့ တဖက်မှာလည်း တစ်ရက်ကို တစ်နေရာ ပြောင်းရွှေ့နေတာကြောင့် ဆေးကုသရတဲ့အပိုင်းမှာ အဆင်မပြေမှုတွေရှိတယ်လို့ ဘီဘီစီ ကို ပြောပါတယ်။

"မသက်သာလို့ ဆေးခန်းထပ်သွားပြရင် ကုတဲ့ဆရာဝန်ရော၊ ဆေးတွေပါ ပြောင်းတော့ ဆေးပတ်မလည်တာမျိုးဖြစ်တယ်" လို့ ငလျင်ကယ်ဆယ်ရေးစခန်းမှာ နေထိုင်သူတစ်ဦးက ဆိုပါတယ်။

ရွေ့လျားဆေးခန်းတွေအနေနဲ့ နေရာတစ်နေရာမှာ ၃ ရက်လောက်အထိ ဖွင့်စေချင်တယ်လို့ ငလျင်ဘေးသင့်သူတွေက တောင်းဆိုကြပါတယ်။

တဖက်မှာလည်း မန္တလေးမြို့ က အာဏာပိုင်တွေက ဧပြီ ၁၈ ရက်ကစလို့ လမ်းဘေးနဲ့ ကွင်းပြင်မှာ သီးခြားနေထိုင်သူတွေအနေနဲ့ ယာယီကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့ကြဖို့ ဆော်သြနေပါတယ်။

ဒါပေမဲ့ ယာယီကယ်ဆယ်ရေးစခန်းတွေ မဖြစ်မနေ ပြောင်းရွှေ့ကြရချိန်မှာ နေရာထိုင်ခင်းစနစ်တကျ မစီစဥ်ပေးထားရင် ကူးစက်ရောဂါတွေ ပိုဖြစ်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဥ် UNDP ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေ ကိုယ်စားလှယ် တီတွန် မီထြာကတော့ မန္တလေးမှာ လူဦးရေအနည်းဆုံး ၆ သောင်းခွဲဟာ အပြင်ဘက် ဟာလာဟင်းလင်းဘက်မှာ နေထိုင်နေရတယ်လို့ ဘီဘီစီနဲ့ အင်တာဗျူးမှာ ဖြေထားပါတယ်။

ဒါ့အပြင် ငလျင်သင့်တဲ့ ဒေသတွေမှာ ရေကတဆင့်ကူးစက်တဲ့ ရောဂါ တွေ့လာရတာကြောင့် ကူးစက်ရောဂါပြန့်နှံ့ပေါက်ကွဲထွက်မလာအောင် သန့်ရှင်းတဲ့ ရေ ရနိုင်ရေးနဲ့ အညစ်အကြေး စွန့်မှုကို အန္တရာယ်ကင်းအောင် စီမံ ခန့်ခွဲနိုင်ဖို့လိုပြီလို့ သူက မှတ်ချက်ပြုပါတယ်။

မန္တလေးမြို့က ငလျင်ဒုက္ခသည်စခန်းမှာ နေထိုင်နေရသူတချို့ကတော့ မိုးရာသီမတိုင်ခင် အညစ်အကြေးစွန့်တဲ့ အိမ်သာတွေ အလုံအလောက်ထားပေးဖို့နဲ့ လုံခြုံမှုရှိတဲ့ နေစရာထိုင်ခင်းတွေ စီစဉ်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုပါတယ်လို့ ဘီဘီစီကို ဖြေကြပါတယ်။

ကျန်းမာရေးပညာရှင်တွေကတော့ ရေကတဆင့်ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားယားနာတွေကို အချိန်မီမတားဆီးနိုင်ရင် မိုးရာသီရောက်တဲ့အခါ အသက်အန္တရာယ်အထိစိုးရိမ်ရတဲ့ ဝမ်းနဲ့ပတ်သက်တဲ့ ကူးစက်ရောဂါတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးနေကြပါတယ်။