ကွတ်ခိုင်၊ KIA နဲ့ TNLA ကြားက ပဋိပက္ခနဲ့ ပြည်သူ့အသံ

မတ် ၇ ရက်က ကွတ်ခိုင်မြို့ပေါ် KIA ဆက်ဆံရေးရုံးထဲ အချေအတင်ဖြစ်ခဲ့တဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, ရွှေဖီမြေ

ဓာတ်ပုံ ပုံစာ, မတ် ၇ ရက်က ကွတ်ခိုင်မြို့ပေါ် KIA ဆက်ဆံရေးရုံးထဲ အချေအတင်ဖြစ်ခဲ့တဲ့မြင်ကွင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြားပဋိပက္ခတွေကို ပြည်သူတွေရဲ့သဘောထားရယူပြီး ဆုံးဖြတ်မယ်လို့ KIA ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောပါတယ်။

ကွတ်ခိုင်မြို့ပေါ် ပြည်ထောင်စုလမ်းမကြီးဘေးမှာရှိတဲ့ KIA ရဲ့ ဆက်ဆံရေးရုံးနဲ့ ဘားတိုက်တို့ကို TNLA တပ်ဖွဲ့ဝင်တွေက ဝင်ရောက် စီးနင်းနှင်ထုတ်ခဲ့တဲ့ မတ် ၇ ရက်ဖြစ်စဉ်ကြောင့် နှစ်ဖက်အဖွဲ့အစည်းကြား အက်ကွဲကြောင်းက ပိုထင်ရှားလာပါတယ်။

"အာဏာရှင်ပြုတ်ကျပါစေဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကျွန်မတို့က ချစ်ကြတယ်။ အခုလိုဖြစ်တော့ ယူကျုံးမရ ဖြစ်မိတယ်" လို့ ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့ရတဲ့ ကွတ်ခိုင်မြို့ခံ မနီနီက ပြောပါတယ်။

ကွတ်ခိုင်မြို့ကို ၁၀၂၇ စစ်ဆင်ရေးပထမလှိုင်းမှာ သိမ်းပိုက်ခဲ့တဲ့ တအာင်းတပ် (TNLA) ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ပဋိပက္ခဟာ ထိလွယ်ရှလွယ်တာကြောင့် လူထုမပါဝင်ဖို့လိုအပ်တယ်လို့ အသိပေးလာပါတယ်။

ကွတ်ခိုင်က KIA ဆက်ဆံရေးရုံးမှာ ဘာတွေဖြစ်ခဲ့လဲ

မတ် ၇ ရက်က ကွတ်ခိုင်မြို့ပေါ် KIA ဆက်ဆံရေးရုံးထဲ အချေအတင်ဖြစ်ခဲ့တဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မတ် ၇ ရက်က ကွတ်ခိုင်မြို့ပေါ် KIA ဆက်ဆံရေးရုံးထဲ အချေအတင်ဖြစ်ခဲ့တဲ့မြင်ကွင်း

ပြည်ထောင်စုလမ်းပေါ်မှာရှိတဲ့ KIA ရဲ့ဆက်ဆံရေးရုံးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက တည်ရှိခဲ့ပြီး အရင်က လက်နက်ကိုင်တပ်သားတွေ ဝင်ရောက်နေထိုင်တာမျိုးမရှိခဲ့ဘူးလို့ မြို့ခံတွေဆီကသိရပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ကွတ်ခိုင်မြို့ကို တအာင်းတပ် TNLA က သိမ်းယူထိန်းချုပ်ထားပါတယ်။ တအာင်း ဗဟိုအထွေထွေအုပ်ချုပ်ရေးဌာနအောက်က အုပ်ချုပ်ရေးနယ်မြေများတွေကိုလည်း ခရိုင်ငါးခုနဲ့ ခွဲခြား သတ်မှတ်ထားပြီး ကွတ်ခိုင်မြို့နယ်က "သံလွင်ခရိုင်" ထဲမှာပါဝင်ပါတယ်။

မြို့ခံ လေးဦးထက်မနည်းကို ဘီဘီစီမေးမြန်းကြည့်ချက်အရ ကွတ်ခိုင်မြို့ပေါ်မှာ KIA ၊ TNLA နဲ့ MNDAA တပ်သားတွေက လက်နက်ကိုင်သွားလာတာတွေ လုပ်လေ့ရှိတယ်လို့ သိခဲ့ရပါတယ်။

"KIA လက်နက်ကိုင်တပ်သားတွေ ဆက်ဆံရေးရုံးထဲ နေရာဝင်ယူတာကို TNLA ကို အသိမပေးခဲ့ဘူး" လို့ ကွတ်ခိုင်မြို့သား ဦးပွား က ပြောပါတယ်။ ဒါကြောင့် ''KIA က မှားတာ'' လို့ သူ ယူဆပါတယ်။

ဒါဟာ ဆက်ဆံရေးရုံးမှာ KIA က အင်အားတိုးချဲ့ ချလာခဲ့တာလို့ ဦးပွားက ထောက်ပြပါတယ်။

မတ် ၇ ရက်က ကွတ်ခိုင်မြို့ပေါ် KIA ဆက်ဆံရေးရုံးထဲ အချေအတင်ဖြစ်ခဲ့တဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မတ် ၇ ရက်က ကွတ်ခိုင်မြို့ပေါ် KIA ဆက်ဆံရေးရုံးထဲ အချေအတင်ဖြစ်ခဲ့တဲ့မြင်ကွင်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မတ် ၇ ရက်၊ ညနေ ၅ နာရီခန့်မှာတော့ TNLA တပ်သား ရာဂဏန်းခန့်ရောက်ရှိလာပြီး ဆယ်နဲ့ချီတဲ့ KIA တပ်သားတွေကို ထွက်ခွာသွားဖို့ အော်ဟစ်ကြိမ်းမောင်းနေတဲ့ ရုပ်သံဗီဒီယိုတွေကို ဘီဘီစီက ကြည့်ရှု့ခွင့် ရခဲ့ပါတယ်။

ရုပ်သံမြင်ကွင်းအရ TNLA တပ်သားတွေက KIA ယူနီဖောင်းဝတ်ဆင်ထားသူတွေကိုသာမက အရပ်ဝတ် ဝတ်ဆင်ထားသူတချို့ကိုပါ အော်ဟစ်တွန်းထုတ်‌နေတာကို တွေ့ခဲ့ရပါတယ်။

"ကျွန်တော် ဗီဒီယိုရိုက်တော့ TNLA တပ်သား ပထမတစ်ယောက်က နဖူးကို လက်သီးနဲ့ ထိုးသွားတယ်။ ကျွန်တော်လည်း ခဏရပ်လိုက်ပြီး နောက် ခိုးပြီး ထပ်ရိုက်တယ်"

"အဲဒီမှာ မင်းက သတင်းထောက်လားဆိုပြီး နောက်တပ်သားတစ်ယောက်က ဝါးခြမ်းပြားနဲ့ ရိုက်တယ်။ ခြေထောက်နဲ့ ပေါင်ကို ကန်တယ်" လို့ ကိုသန်းက သူတွေ့ကြုံခဲ့ရတာကို ပြန်ပြောပြပါတယ်။

မနီနီလည်း အဲဒီဖြစ်စဉ်ကိုမျက်မြင်တွေ့ခဲ့ရပြီး TNLA တပ်သားတစ်ယောက်က KIA တပ်သားတစ်ယောက်ကို ဓားနဲ့ အန္တရာယ်ပြုဖို့ကြိုးစားခဲ့သေးတယ်လို့ ဆိုပါတယ်။

"ကျွန်မတို့ အမျိုးသမီးအုပ်လိုက်က အား... ဆိုပြီးအစုလိုက် ဝိုင်းအော်တော့မှ ဓားနဲ့မလှီးဖြစ်တော့တာလေ" လို့ မနီနီက ပြောပါတယ်။

KIA တပ်သားတွေရဲ့ ခွင့်ပြုချက်မတောင်းဘဲ ဝင်ရောက်လာတာကို အထက်ပိုင်းအရာရှိတွေနဲ့ ညှိနှိုင်းပြီး TNLA တပ်ဘက်က ဖြေရှင်းသင့်တယ်လို့ မနီနီက ယူဆပါတယ်။

"TNLA ဖြေရှင်းတဲ့နည်းက ကြမ်းတမ်းတယ်။ လူကြီးတွေနဲ့ ပြေပြေလည်လည်ပြောကြဖို့ ၊ ဘာလို့ဖမ်းတာလဲ ဆိုတာတွေပြောပိုင်ခွင့်ကို မရှိတာလေ။ ခွေးလိုဝက်လိုပဲ မောင်းထုတ်ကြတာပါ" လို့ မနီနီက ဆက်ပြောပါတယ်။

ဘီဘီစီကြည့်ခွင့်ရတဲ့ ရုပ်သံမြင်ကွင်းအရ အပြာရောင်ဖောကား (FAW) ပေါ်ကို KIA တပ်သားတွေကို အော်ဟစ်တက်ခိုင်းကာ "ထွက်သွား" လို့ TNLA တပ်သားတချို့ရဲ့ ဗမာလို ပြောဆိုသံကိုလည်း ကြားရပါတယ်။

ဒီကားတွေနဲ့တင်ဆောင်သွားတဲ့ KIA တပ်သားတွေကို နမ့်ဖက်ကာမြို့ဘက်သွားတဲ့ ရှုခင်းသာအနီးမှာ ချထားပေးခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

"သူတို့ရဲ့ မူရင်းတပ်ရင်းတွေဆီဆက်သွယ်ပြီးပေးပို့ပေးခဲ့တာဖြစ်တယ်" လို့ TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက မတ် ၉ ရက်ညပိုင်းမှာ ဘီဘီစီကို ဖြေကြားပါတယ်။

KIA ရဲ့ ကွတ်ခိုင်မြို့ဆက်ဆံရေးရုံးမှာ အင်အားတိုးချဲ့တဲ့လုပ်ရပ်ဟာ ပြည်သူတွေရဲ့လုံခြုံရေးကိုခြိမ်းခြောက်ရာ ရောက်ပြီး မြို့ထဲမဝင်ခင် TNLA ဆီခွင့်တောင်းဖို့၊ အရပ်ဝတ်စုံ ဝတ်လာဖို့ဆိုတဲ့အချက်တွေကို မလိုက်နာခဲ့ တာလို့ သူက တုံ့ပြန်ပါတယ်။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကိုလည်း ဘီဘီစီက မေးမြန်းဖို့ကြိုးစားနေပေမဲ့ မတ် ၉ ရက် ညပိုင်းအထိ အဆက်အသွယ်မရသေးပါဘူး။

ကွတ်ခိုင်ပြည်သူတွေရဲ့သဘောထားဘယ်လိုရှိလဲ

မန်တုံမြို့နယ်ထဲမှာ TNLA နဲ့ KIA ကြားကနှစ်ဖက်တင်းမာမှုတွေနဲ့ပတ်သက်လို့ TNLA ဦးစီးချုပ် ဗိုလ်ချုပ် တားဟိူဝ်ပ္လါင်က ဖေဖော်ဝါရီ ၂၈ ရက်မှာ ပြည်သူနဲ့ တွေ့ဆုံရှင်းလင်း

ဓာတ်ပုံ ရင်းမြစ်, TNLA

ဓာတ်ပုံ ပုံစာ, မန်တုံမြို့နယ်ထဲမှာ TNLA နဲ့ KIA ကြားကနှစ်ဖက်တင်းမာမှုတွေနဲ့ပတ်သက်လို့ TNLA ဦးစီးချုပ် ဗိုလ်ချုပ် တားဟိူဝ်ပ္လါင်က ဖေဖော်ဝါရီ ၂၈ ရက်မှာ ပြည်သူနဲ့ တွေ့ဆုံရှင်းလင်း

၂၀၂၅ နှစ်စတုန်းကလည်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာမြို့အနီး KIA နဲ့ TNLA တပ်ဖွဲ့တွေကြား နယ်မြေဆိုင်ရာ အငြင်းပွားပြီး လက်ဝှေ့ထိုးယှဉ်ပြိုင်ခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါသေးတယ်။

သေနတ်မဖောက်တဲ့ဖြေရှင်းနည်းလို့ သဘောတွေ့သူတချို့ရှိပေမဲ့ ဒါဟာ ကြီးမားတဲ့နယ်မြေပြဿနာ ဖြစ်နိုင်တဲ့ မီးစလို့ ယူဆသူတွေလည်း ရှိခဲ့ကြတာပါ။

ဒီပြဿနာဟာ တအုံနွေးနွေးဖြစ်ခဲ့ရာကနေ မတ်လ ပထမအပတ်မှာတော့ KIA ရုံးကို TNLA က ဝင်စီးတဲ့ အထိဖြစ်ခဲ့ကာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာပါ ဝေဖန်ထောက်ပြသံတွေ ဆူညံခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဖတ်ကာ၊ မန်တုံ၊ နမ့်ခမ်း၊ မုံးကိုးစတဲ့ လေးနေရာထက်မနည်းမှာ KIA နဲ့ TNLA ကြား နယ်မြေအငြင်းပွားမှုတွေရှိနေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဇန်နဝါရီလတုန်းက ဘီဘီစီကို ဖြေကြားထားပါတယ်။

TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးရဲ့ အပြောအရတော့ ကွတ်ခိုင်မြို့ပေါ်က ဆက်ဆံရေးရုံးအပြင် မြို့ပြင်ဂိတ်တွေနဲ့ ကောင်းခါးတပ်စခန်းအနီးမှာလည်း နှစ်ဖက်ပဋိပက္ခတွေရှိနေတယ်လို့ သိရပါတယ်။

"ဗဟိုအဆင့် လူတွေ့ တွေ့ဆုံဖို့ကြိုးစားနေပါတယ်။ ဒီထက်ပိုပြီး ကြီးထွားမလာအောင် အပြန်အလှန် စာပို့ ပြောဆိုနေတာတွေရှိပါတယ်" လို့ လွေးယေဦးက ပြောပါတယ်။

ဒါဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းကြားက ပဋိပက္ခဖြစ်ကာ ထိလွယ်ရှလွယ်လို့ လူထုမပါဝင်ဖို့လိုအပ်တယ်ဆိုပြီး မတ် ၇ ရက်ဖြစ်စဉ်ကို လွေးယေဦးက မှတ်ချက်ပြုပြောပါတယ်။

"လူထုတွေလုံခြုံရေးအဓိကထားမယ်" လို့ သူက ဆိုလာတာပါ။

နှစ်စမှာဖြစ်ခဲ့တဲ့ လက်ဝှေ့ပွဲ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, နှစ်စမှာဖြစ်ခဲ့တဲ့ လက်ဝှေ့ပွဲ

အခုကွတ်ခိုင်ဖြစ်စဉ်မှာ နှစ်ဖက်အပြန်အလှန်သေနတ်နဲ့ပစ်ခတ်တာမရှိပေမဲ့ တစ်ဖက်နဲ့တစ်ဖက်လေးစားမှုရှိသင့်တယ်လို့ မြို့ခံ ဦးပွားက သူ့အမြင်ကိုပြောပါတယ်။

"ကွတ်ခိုင်က လူမျိုးပေါင်းစုံရှိတဲ့မြို့ဆိုတော့ ပြည်သူတွေက နေရခက်တယ်" လို့ သူက ဆက်ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ ဒေသခံပြည်သူတွေကြားကနေ ပေါက်ဖွားလာတာဖြစ်တာကြောင့် တပ်ဖွဲ့ဝင်တွေဟာ မြို့ခံတွေရဲ့ မိသားစုဝင်တွေဖြစ်နေပြီး ပြောဆိုရပိုခက်ခဲတယ်လို့ ဆိုသူတွေလည်း ရှိပါတယ်။

"TNLA ပဲဖြစ်ဖြစ် KIA ပဲဖြစ်ဖြစ် MNDAA ပဲဖြစ်ဖြစ် မိသားစုဝင်တွေက နေရာတကာမှာ ပါနေတယ်။ ပြည်သူနဲ့ အုပ်ချုပ်သူဆိုပြီး ခွဲခြားပြောဖို့က ရှုပ်ထွေးနေတယ်" လို့ မြေပြင်အခြေအနေကို မနီနီက ရှင်းပြပါတယ်။

ကွတ်ခိုင်မြို့နယ်အပိုင်ထဲက မုံးစီးဒေသဘက်မှာဆိုရင်လည်း မတ် ၅ ရက်နေ့တုန်းက ရွှေတူးဖော်မယ့် ကိုးကန့်တပ်သားတွေကို တားဆီးတဲ့ ဒေသခံတွေနဲ့ အငြင်းပွားရာကနေ MNDAA က သေနတ်နဲ့ပစ်ခတ်တာကြောင့် ဒေသခံ ၅ ယောက်နဲ့ KIA တပ်ဖွဲ့ဝင်တစ်ယောက် သေဆုံးခဲ့ပါတယ်။

KIA တပ်ဖွဲ့ဝင်ဟာ တာဝန်ချိန်ပြင်ပ ခွင့်ယူထားချိန်၊ လက်နက်မကိုင်ဆောင်ထားချိန်မှာ အခုလိုသေဆုံးခဲ့တာလို့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက မတ် ၆ ရက်မှာ ဘီဘီစီကို ဖြေကြားထားပါတယ်။

မြေပြင်မှာဆိုရင် ကွတ်ခိုင်မြို့နယ်ထဲက ကချင်ရွာတွေမှာ KIA တပ်၊ တအာင်းရွာတွေမှာ တအာင်းတပ်ရှိနေပြီး ပြည်ထောင်စု လမ်းတလျှောက်မှာလည်း တပ်အသီးသီးရှိနေပါတယ်။

လေကြောင်းရန်ကာကွယ်ရေးနဲ့ ကုန်ဈေးနှုန်းကျဆင်းဖို့မျှော်လင့်တဲ့ ပြည်သူတွေ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က လမ်းဘေးဈေးသည်မြင်ကွင်းကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာတွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က လမ်းဘေးဈေးသည်မြင်ကွင်းကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာတွေ့ရစဉ်

နှစ်ဖက်အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တချို့အပါအဝင် နီးစပ်သူတွေကလည်း လက်ရှိအခင်းအကျင်းနဲ့ ပတ်သက်လို့ သူတို့ရဲ့ သဘောထားတွေကို လူမှုကွန်ရက်စာမျက်နှာပေါ် ထုတ်ဖော်ရေးသားနေကြပါတယ်။

TNLA စတင်ဖွဲ့စည်းချိန်သာမက ၂၀၀၉ နောက်ပိုင်း ကိုးကန့်တပ်ရဲ့ရပ်တည်ရေးအတွက်ရော ၂၀၂၁ အာဏာသိမ်းပြီးပေါ်ပေါက်လာတဲ့တပ်တွေကို ကူညီလေ့ရှိတာဟာ KIA ရဲ့ ဂုဏ်ယူစရာအလေ့အကျင့် တစ်ခုလို့ နီးစပ်သူတွေကဖော်ပြကြပါတယ်။

"တော်လှန်ရေးလုပ်သူတွေဟာ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပါပဲ" လို့ ကချင်လူ့အခွင့်အရေးလှုပ်ရှားသူ မခွန်ဂျာက ရေးသားထားပါတယ်။

KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ကလည်း အခုအခင်းအကျင်းအတွက် ရှမ်းပြည်နယ်မြောက်ပိုင်းက ပြည်သူတွေနဲ့အစည်းအဝေးလုပ်မယ်လို့ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မတ် ၈ ရက်ညနေပိုင်းက ဖော်ပြပါတယ်။

လူထုရဲ့သဘောထားကိုရယူပြီးတော့ ဆုံးဖြတ်ချက်ချနိုင်မယ်လို့ ထင်မြင်တဲ့အကြောင်း ဖော်ပြခဲ့တာပါ။

ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်ဖော်ပြချက်

ဓာတ်ပုံ ရင်းမြစ်, Gun Maw

ဓာတ်ပုံ ပုံစာ, ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်ဖော်ပြချက်

တအာင်းလူမျိုး မြေပြင်သတင်းထောက်တစ်ဦးဖြစ်တဲ့ မိုင်းအိုက်နိုင်ကတော့ "နှစ်ဖက်စလုံးက သွေးဆူနေကြတယ်။ အပြုသဘောမဆောင်ဘဲ လောင်စာတွေထပ်ထည့်မယ်ဆိုရင် မီးလောင်တဲ့အချိန်ကျမှ ဝိုင်းကြည့်ကြပေါ့" ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ သဘောထားမှတ်ချက်ဖော်ပြပါတယ်။

ဒါဟာ စစ်ကောင်စီရဲ့ သဘောကျဖြစ်သွားလိမ့်မယ်လို့လည်း သူက သတိပေးထားပါတယ်။

TNLA က ဗိုလ်ချုပ် တားဘုန်းကျော်ကလည်း မတ် ၇ ရက်ဖြစ်ခဲ့တဲ့ဖြစ်ရပ်အကြောင်း ဒေသတွင်းမီဒီယာ တစ်ခုရဲ့ သတင်းကို သူ့ရဲ့ဖေ့စ်စာမျက်နှာမှာပြန်လည်မျှဝေပြီး "အဲဒါပဲ" ဆိုတဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ မှတ်ချက်တို ရေးသားခဲ့ပါတယ်။

လက်ရှိကွတ်ခိုင်မြို့ပေါ်မှာတော့ TNLA တပ်ဖွဲ့ဝင်တွေအပြင် ကိုးကန့်တပ်တွေလည်း လက်နက်ကိုင်သွားလာ လှုပ်ရှားနေကြပေမဲ့ TNLA တပ်ဖွဲ့ဝင်နဲ့ ဆက်ဆံရေးအဆင်ပြေပုံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

TNLA ဗိုလ်ချုပ် တားဘုန်းကျော်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်ဖော်ပြချက်

ဓာတ်ပုံ ရင်းမြစ်, Mai Tea Land

ဓာတ်ပုံ ပုံစာ, TNLA ဗိုလ်ချုပ် တားဘုန်းကျော်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်ဖော်ပြချက်

မတ် ၇ ရက်ဖြစ်စဉ်ပြီးတဲ့နောက် ကွတ်ခိုင်ရဲ့နေရာအများစုမှာ TNLA တပ်ဖွဲ့ဝင်အသီးသီးက နေရာယူထားပြီး စစ်ဆေးရေးပိုတိုးလုပ်လာတယ်လို့ သိရပါတယ်။

"လမ်းကွေ့တွေမှာ စစ်ဆေးတာပါ။ KIA တွေလက်နက်ကိုင်ဝင်လာမလားဆိုပြီး စစ်ဆေးတဲ့သဘောပါ။ ပြည်သူဆိုရင်က ဘာပြဿနာမှမရှိဘူး" လို့ ကွတ်ခိုင်မြို့ မှာ အရောင်းဝန်ထမ်းလုပ်နေသူ ကိုမောင်က သူမြင်တွေ့ရတဲ့အခြေအနေကို ပြောပါတယ်။

လူမျိုးရေးပဋိပက္ခအသွင်မဆောင်ဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား စည်းစည်းလုံးလုံးရှိစေချင် တယ်လို့ ဘီဘီစီစကားပြောခွင့်ရတဲ့ ကွတ်ခိုင်ပြည်သူတွေက သဘောထားမှတ်ချက်ပေးကြပါတယ်။

မြို့ခံ ဦးပွားရဲ့သဘောထားကတော့ "ဘယ်အဖွဲ့အစည်းအုပ်ချုပ်ပါဆိုတာမျိုး ကျွန်တော်တို့မှာမရှိဘူး။ စစ်ကောင်စီရဲ့ လေယာဉ်လာမှာပဲ ကြောက်တာပါ" လို့ ဘီဘီစီကို ဖြေကြားပါတယ်။

စစ်အာဏာရှင်အမြစ်ဖြတ်ရေးဆိုကာ စစ်ကောင်စီတပ်တွေကိုခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ကာအတူတကွ ဖြတ်သန်းခဲ့ကြတာဖြစ်လို့ စည်းလုံးစေချင်တယ်လို့ မနီနီက သူ့ခံစားချက်ကို ပြောပါတယ်။

"ငါတို့ကတိုက်ထားရတယ်။ ငါတို့နိမ့်ကျတုန်းကဘယ်လိုဆက်ဆံထားလို့ဆိုတာမျိုးတွေ လူမျိုးအသွင်ဆောင် လာတာတွေမဖြစ်စေချင်ဘူး" လို့ သူ့ရဲ့ စိုးရိမ်ချက်ကို ပွင့်ပွင့်လင်းလင်းပြောခဲ့တာပါ။

ကျောက်မဲမြို့နယ်မှာဖြတ်သန်းသွားလာတဲ့ မော်တော်ယာဉ်တစ်စီးကို စစ်ဆေးနေတဲ့ တအာင်းတပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကျောက်မဲမြို့နယ်မှာဖြတ်သန်းသွားလာတဲ့ မော်တော်ယာဉ်တစ်စီးကို စစ်ဆေးနေတဲ့ တအာင်းတပ်ဖွဲ့ဝင်တွေ

အရောင်းဝန်ထမ်း ကိုမောင်ကတော့ စီးပွားရေးချောင်လည်အောင်လုပ်ဆောင်ပေးနိုင်သူတွေက အုပ်ချုပ်သင့်တယ်လို့ ရှုမြင်ပါတယ်။

"အခုက လျှပ်စစ်မီးမရ၊ ကုန်ဈေးနှုန်းက တအားတက်နေတယ်။ တရုတ်ကဝင်တဲ့ကုန်ပစ္စည်းတွေရှိပေမဲ့ တချို့က ရက်လွန်ပစ္စည်းတွေဖြစ်နေပြီ။ ပြည်တွင်းက ပစ္စည်းတွေက အနည်းအကျဉ်းပဲရှိတယ်" လို့ ကိုမောင်က ပြောပါတယ်။

ကုန်ဈေးနှုန်းအဆမတန်ဈေးတက်တာ၊ လျှပ်စစ်မီးမရတာအပြင် လေကြောင်းရန်ကာကွယ်ဖို့တွေက ပြည်သူတွေလိုအပ်ချက်လို့ ထောက်ပြပါတယ်။

တအာင်းရဲတပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, TNLA

ဓာတ်ပုံ ပုံစာ, တအာင်းရဲတပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်

"၁၀၂၇ မတိုင်ခင်က ဘိန်းသမား ဓားပြရန်ကိုကြောက်ရတယ်။ အခုက TNLA တို့ MNDAA တို့ရှိတော့ ဒါတွေတော့ မကြောက်ရဘူးပေါ့" လို့ မြို့ခံ ကိုမောင်က ကာလအပိုင်းအခြားနှစ်ခုကို နှိုင်းယှဉ်ပြောပါသေးတယ်။

တအာင်းရဲတပ်ဖွဲ့ကနေ ကွတ်ခိုင်အပါအဝင် ၆ မြို့နယ်မှာ မူးယစ်ဆေးဝါး နှိမ်နင်းရေးတွေလုပ်ဆောင်နေပြီး ဖေဖော်ဝါရီတစ်လတာအတွင်းမှာတင် မူးယစ်ဆေးဝါးသုံးစွဲသူ ၈၅ ဦးနဲ့ ရောင်းဝယ်သူ ၇ ဦးဖမ်းဆီးထား တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများပြားတာရဲ့ အားနည်းချက်တစ်ချက်အဖြစ် အဖွဲ့အလိုက် အခွန်အခကောက်ခံနေတာဟာ စီးပွားရေးမကောင်းချိန်မှာပြည်သူတွေအပေါ်သက်ရောက်မှုရှိနေတယ် လို့ ဆိုကြပါတယ်။

"စီးပွားရေးမကောင်းချိန် အခွန်တွေ ပုံစံအစုံနဲ့ ကောက်တော့ ဒါတွေကိုညှိနှိုင်းလုပ်စေချင်တယ်" လို့ ကွတ်ခိုင်မြို့ခံ ကိုမောင်က သူလိုလားတဲ့ပုံစံကို ပြောပါတယ်။

ပြည်သူတွေရဲ့ ထောက်ပြချက်အပါအဝင် ပဋိပက္ခတွေနဲ့ပတ်သက်လို့ TNLA အနေနဲ့ နည်းလမ်းရှာဖွေ ဆောင်ရွက်နေတယ်လို့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ဘီဘီစီကို တုံ့ပြန်ဖြေကြားပါတယ်။

KIA ဟာ TNLA နဲ့မဟာမိတ်စာချုပ်ချုပ်ဆိုထားတာဖြစ်လို့ တဖက်နဲ့ တဖက်လေးစားမှုရှိရမှာဖြစ်ပြီး TNLA က သူတို့ရဲ့ ထိန်းချုပ်နေရာတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ဆောင်ရွက်မယ်လို့ လွေးယေဦးက ဆိုလာပါတယ်။

"ဗဟိုချင်းဆွေးနွေးပြီး ပြေလည်သွားမှာဖြစ်ပါတယ်"

အသိပေးချက် - လုံခြုံရေးအရ ကွတ်ခိုင်မြို့ခံတွေဖြစ်တဲ့ ဦးပွား၊ ကိုသန်း၊ ကိုမောင်နဲ့ မနီနီတို့ရဲ့ အမည်တွေကို အစားထိုးဖော်ပြထားပါတယ်။