အဖြေမထွက်ခဲ့တဲ့ TNLA နဲ့ စစ်တပ်ဆွေးနွေးပွဲ

တအာင်းတပ်(TNLA)က ဒုဗိုလ်ချုပ်ကြီးတားဂျုတ်ဂျားနဲ့ အမှတ်(၁)အထူးစစ်ဆင်ရေးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး တို့သရုပ်ဖော်ပုံ
ဓာတ်ပုံ ပုံစာ, တအာင်းတပ် (TNLA) က ဒုဗိုလ်ချုပ်ကြီးတားဂျုတ်ဂျားနဲ့ အမှတ် (၁) အထူးစစ်ဆင်ရေးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး

တရုတ်ရဲ့ ကြားဝင်စီစဥ်မှုနဲ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ၂ ရက်တာ လုပ်ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ တအာင်းတပ် (TNLA)တို့ရဲ့ ဆွေးနွေးပွဲ အဖြေမထွက် မအောင်မြင်ဘဲ ပြီးဆုံးခဲ့တယ်လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အပစ်ရပ်ဖို့ အသင့်ရှိတယ်လို့ TNLA ဘက်က ထုတ်ပြောပြီး နှစ်လအကြာမှာ ဒီဆွေးနွေးပွဲ ဖြစ်လာတာပါ။ ဖေဖော်ဝါရီ ၁၆ ရက်နဲ့ ၁၇ ရက် မှာ ပြုလုပ်ခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်တဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ထဲက ကိုးကန့်တပ်နဲ့ မြန်မာစစ်တပ်တို့အကြား တရုတ်ကြားဝင်မှုနဲ့အပစ်ရပ်လက်မှတ်ထိုးပြီးတဲ့နောက် TNLA နဲ့ ဆွေးနွေးပွဲထပ်ဖြစ်ခဲ့တာပါ။

ဆွေးနွေးပွဲအတွင်း ဘယ်လိုတောင်းဆိုချက်တွေကြောင့် အဖြေမထွက်ခဲ့တာလဲ။

နှစ်ဖက်ဆွေးနွေးချက်က ဘာတွေလဲ

TNLA ထိန်းချုပ်နယ်မြေတစ်ခု

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, TNLA ထိန်းချုပ်နယ်မြေတစ်ခု

စစ်ရေးပြဿနာတွေကိုဖြေရှင်းဖို့ တရုတ်နိုင်ငံ ကူမင်းမှာ မြန်မာစစ်တပ်နဲ့ ဆွေးနွေးမယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး - PSLF/ TNLA က ဆွေးနွေးပွဲမစခင်မှာ သတင်းထုတ်ခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ ဒီဆွေးနွေးပွဲကိုတက်ဖို့ တအာင်းတပ် (TNLA) က ဒုဗိုလ်ချုပ်ကြီးတားဂျုတ်ဂျား ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ ဦးဆောင်တာဖြစ်ပါတယ်။

မြန်မာစစ်တပ်ဘက်က အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တက်ရောက်ခဲ့ပါတယ်။ ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးဟာ ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ တွေ့ဆုံဆွေးနွေးပွဲတွေမှာလည်း ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။

အစည်းအဝေးကို တရုတ်ဘက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် တိန့်ရွှီကျင်းလည်းတက်ရောက်ခဲ့ပါတယ်။ ဆွေးနွေးပွဲက ဆွေးနွေးညှိနှိုင်းဖို့ ခက်ခဲတာကြောင့် ၂ ရက်နဲ့ ပြီးဆုံးခဲ့တာလို့ PSLF/TNLA က ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဆွေးနွေးပွဲမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်တန့်နိုင်ဖို့အတွက် အချက် ၃ ချက်ကို ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တားဘုန်းကျော်က ဘီဘီစီကို ပြောပါတယ်။

  • နှစ်ဖက်တပ်များ ရောက်ရှိတဲ့နေရာမှာ ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲရန်
  • နှစ်ဖက်စလုံးက ထိုးစစ်များပြုလုပ်ခြင်း၊ ဒရုန်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ လေယာဉ်ဗုံးကြဲချတာ အစရှိတဲ့ စစ်ရေးလှုပ်ရှားမှုတွေ အားလုံးရပ်တန့်ရန်
  • နှစ်ဖက်ထိန်းချုပ်နယ်မြေဒေသတွေမှာ ဒေသခံပြည်သူတွေတွေရဲ့ စားဝတ်နေရေး/ဆေးဝါးများ သယ်ဆောင်နိုင်ဖို့ အတွက် ဖြတ်သန်းသွားလာခွင့်ပြုရန်

စစ်တပ်သတင်းရင်းမြစ် ကတော့ TNLA က သူတို့သိမ်းပိုက်နယ်မြေတွေကို အသိအမှတ်ပြုလက်ခံပေးဖို့ ဆွေးနွေးတယ်လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေး ၂ ကြိမ်မှာ TNLA က နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေ့ါ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နဲ့ မိုးမိတ် အပါအဝင် မြို့ကြီး ၁၂ မြို့ကိုသိမ်းထားပါတယ်။

စစ်တပ်ကိုယ်စားလှယ်တွေက TNLA ကို သိမ်းထားတဲ့မြို့တွေကနေ ဆုတ်ခွာဖို့ ပြောပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် နမ့်ဆန်နဲ့ မန်တုံ မြို့နယ် ၂ ခုကို အသိအမှတ်ပြုထားတာဖြစ်လို့ အဲဒီမှာသာဆက်ရှိဖို့ ဆွေးနွေးတယ်လို့ သိရပါတယ်။

TNLA ဘက်ကတော့ အဲဒီအချက်တွေကို အတည်ပြုတာမရှိဘဲ သူတို့ဘက်က အပေါ်မှာပြောခဲ့တဲ့ အချက် ၃ ချက်ကိုပဲ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

''စကတည်းက ဆွေးနွေးပွဲက တစ်ကြိမ်တည်းနဲ့ မပြေလည်ဘူးဆိုတာ သိပြီးသားပါ။ မြင်လည်းမြင်သာတယ်။ တရုတ်ရဲ့ စကားကိုနားထောင်ရတာကြောင့် ဆွေးနွေးကြတာဆိုပေမဲ့ ကိုးကန့်နဲ့ တအာင်းရဲ့ ဆန္ဒတွေက ကွဲပြားတယ်။ ဒါကြောင့် နောက်တစ်ကြိမ်ဆွေးနွေးလည်း ခက်ခဲမှာတွေဆက်ရှိနိုင်တယ်'' လို့ ဆွေးနွေးပွဲတွေအကြောင်းသိတဲ့ စစ်ဘက် သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ရဲ့ အပြောအရ တရုတ်ဘက်က TNLA ကို သဘောထားတင်းမာမှုရှိတယ်လို့ ဆိုပါတယ်။

''တအာင်းအပေါ် တရုတ်ရဲ့ အမြင်နဲ့ သဘောထားက ကိုးကန့်နဲ့မတူဘူး။ TNLA ကို သဘောထားအတော် တင်းမာတယ်။ ဖိအားပေးတယ်'' လို့ ဆွေးနွေးပွဲအကြောင်းသိတဲ့ သတင်းရင်းမြစ်ကပြောပါတယ်။

MNDAA နဲ့ TNLA မတူတဲ့အချက်

တိုက်ပွဲအတွင်းက TNLA တပ်ဖွဲ့ဝင်‌တွေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, တိုက်ပွဲအတွင်းက TNLA တပ်ဖွဲ့ဝင်‌တွေ

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင် လက်နက်စွန့်၊ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ လမ်းကြောင်းကို ကြေညာထားပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ကတော့ ''စစ်တပ်ရဲ့ သဘောထားက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပေးထားချက်ကိုကျော်လွန်တာကို လက်မခံဘူး'' လို့ ဆိုပါတယ်။

ဆွေးနွေးပွဲတွေမှာ စစ်တပ်ဘက်က ၂၀၀၈ အခြေခံဥပဒေအရ အာဏာသိမ်းအစိုးရဖြစ်လို့ နယ်မြေ သတ်မှတ်ပေးခြင်း ဒါမှမဟုတ် နယ်မြေ သတ်မှတ်ခွဲဝေဖို့ ရေးဆွဲရေးကို လုပ်ပိုင်ခွင့်မရှိဘူးဆိုတဲ့ အချက်ကို ကိုင်စွဲပြီး အဖွဲ့တိုင်းနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

''နိုင်ငံရေးအရပေါ်လာမယ့် အစိုးရ၊ လွှတ်တော်တွေမှာပဲဆက်ညှိပါ။ ဒါလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြခံဥပဒေအတိုင်းပဲ ဖြစ်ရမယ်။ ပြည်နယ်သစ်တွေပေါ်ထွန်းရေးဆိုတာလည်း ပိတ်ပင်ထားတာမရှိဘူး။ ၂၀၀၈ အတိုင်းပဲ ဆက်တောင်းဆိုပါ ဆိုတဲ့အထိုင်ကနေပဲ စစ်တပ်ကဆွေးနွေးနေတာ" လို့ စစ်တပ်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ရေး နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ MNDAA စစ်ရပ်စဲလိုက်တာက စစ်ရေးရည်မှန်းချက် ပြည့်မြောက်သွားတာကြောင့်ဖြစ်ပြီး TNLA ကတော့ လက်ရှိအချိန်အထိ ရှမ်း - မန်းစစ်ဆင်ရေးအနေနဲ့ ဆက်တိုက်နေတာရှိတာကြောင့် ရပ်စရာမရှိဘူးလို့ သုံးသပ်ပါတယ်။

''အနေအထားအရ သူ့အနေနဲ့ စစ်ရပ်စဲစရာမလိုပါဘူး။ ဒါပေမဲ့ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေ အကြမ်းဖက်မှုတွေ အမြောက်နဲ့ပစ်တာတွေ ရပ်ဖို့လိုတယ်။ အဲဒီလို အနေအထား တစ်ခုရောက်ရင် စစ်ရပ်စဲနိုင်တဲ့ အခြေအနေရှိလာနိုင်တယ်။ ဒါက MNDAA နဲ့ TNLA မတူတဲ့အချက်အလက်ပါ'' လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

စစ်ကောင်စီနဲ့ ကိုးကန့် (MNDAA) တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာမှာတစ်ကြိမ်၊ ၂၀၂၅ ဇန်နဝါရီမှာတစ်ကြိမ် တွေ့ဆုံခဲ့ပြီး လာမယ့်မတ်လမှာ ထပ်မံတွေ့ဆုံဖို့ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

တအာန်းတပ်ကတော့ ကူမင်းဆွေးနွေးပွဲနဲ့ပတ်သက်လို့ မကြာခင် သတင်းထုတ်ပြန်မယ်လို့ ဘီဘီစီကို ပြန်လည်ဖြေကြားထားပြီး နောက်တစ်ကြိမ် တွေ့ဆုံမှုရှိမရှိကိုတော့ မသိရသေးပါဘူး။

သတင်းတွေအရ နောက်တစ်လအကြာမှာ ထပ်တွေ့ဖို့ပြောဆိုချက်တွေရှိပေမဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ မြန်မာခရီးစဥ်နောက်မှာ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ အပေါ် တစ်ဖွဲ့ချင်းစီအလိုက် ဖိအားပေးမှုတွေကို တရုတ်က လုပ်ခဲ့တယ်လို့ အဲဒီအဖွဲ့တွေဘက်က ဖွင့်ချထားပါတယ်။

အဲဒီနောက်မှာ မြောက်ပိုင်း ၃ ဖွဲ့ပေါင်းမှ ဆွေးနွေးမယ်ဆိုတဲ့ မူပျက်သွားပြီး တရုတ်လမ်းကြောင်းအရ တစ်ဖွဲ့ချင်းပဲ ဆွေးနွေးနေကြတာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း TNLA ထိန်းချုပ်နယ်မြေတွေကို ဆွေးနွေးပွဲ မတိုင်ခင်နဲ့ ဆွေးနွေးပွဲကာလတွင်းမှာပဲ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။

အဲဒီအခြေအနေတွေကြောင့် ဆွေးနွေးပွဲစတင်တဲ့ရက်ကတည်းက စစ်တပ်ဘက်က အပေါ်စီးကနေ ဆွေးနွေးနိုင်လို့ ဆွေးနွေးပွဲအောင်မြင်ဖို့ခက်မယ့်သဘော TNLA ရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ်တားဘုန်းကျော်က ထုတ်ပြောခဲ့တာဖြစ်ပါတယ်။

နောင်ချို၊ ကွတ်ခိုင် နဲ့ နမ္မတူမြို့တွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့သလို ပြင်ဦးလွင်မြို့အနီး တောင်ခမ်းတိုက်နယ်၊ တောင်ခမ်း၊ နောင်ချို၊ သပိတ်ကျင်းမှာလည်း မြေပြင်ထိုးစစ်တွေ ပိုတိုးလုပ်လာတယ်လို့ သူက ထောက်ပြထားပါတယ်။

''တရုတ် စီစဉ်တဲ့ တွေ့ဆုံဆွေးနွေးပွဲနဲ့ မြန်မာပြည်တွင်းစစ်မှာ နေ့စဉ်နှင့်အမျှ အရင်းနှီးကြီးနေဆဲ'' ဆိုပြီး ဗိုလ်မှူးချုပ်တားဘုန်းကျော်က သူ့ရဲ့ လူမှုကွန်ရက်ကနေ မှတ်ချက်ပေးထားပါတယ်။

TNLA ဘက်က ထိန်းချုပ်နယ်မြေတွေ ပြန်လည်လက်လွှတ်ဖို့ တောင်းဆိုချက်တွေရှိလာတဲ့အခါမှာ အလွယ်တကူနဲ့လိုက်လျောဖို့တော့ ခက်ခဲလိမ့်မယ်လို့ ဗိုလ်မှူးချုပ် တားဘုန်းကျော်က အစောပိုင်းက ဘီဘီစီကို ပြောထားပါတယ်။

''စစ်ကောင်စီကို တိုက်ထုတ်တဲ့နေရာမှာ ကျွန်တော်တို့ အဖွဲ့တင်မဟုတ်ဘူး။ ကျွန်တော်တို့ မဟာမိတ်တွေ ရှိတယ်။ ကျွန်တော်တို့ နွေဦးတော်လှန်ရေးရဲဘော်တွေရှိတယ်။ ပြီးတော့ ပြည်သူလူထုတွေ ရှိတယ်။ ဒါတွေကို ပေးဆပ်မှုပေါင်းများစွာနဲ့ ကျွန်တော်တို့က ဒီအဆင့်ကို ရောက်အောင် လုပ်ထားတဲ့ အခြေအနေတွေဖြစ်တော့ လွယ်လွယ်ကူကူတော့ တချို့ အပေးအယူတွေလုပ်လို့မရဘူးလို့ မြင်ပါတယ်'' လို့ ဘီဘီစီနဲ့ မေးမြန်းခန်းတစ်ခုမှာ သူက ပြောပါတယ်။

''ဒါပေမဲ့ ဆွေးနွေးမှုရဲ့ သဘောသဘာ၀အရ အလျှော့အတင်းဆိုတာ အမြဲတမ်းတော့ ရှိပါတယ်။ ကျော်လို့ မရတဲ့စည်းတော့ ရှိမှာပါ။ နယ်မြေကိစ္စနဲ့ပတ်သက်ရင် တချို့ဟာတွေတော့ ကျွန်တော်တို့ဘက်က တော်တော်လေး လျှော့ဖို့ ခက်မယ့်အနေအထားတွေ ရှိနိုင်ပါတယ်'' လို့ သူက ဘီဘီစီကိုဖြေထားပါတယ်။

တစ်ဖက်မှာလည်း တရုတ်ရဲ့ ထောက်ခံရပ်တည်မှုနဲ့ စစ်တပ်က နယ်မြေသိမ်းထားတဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို တစ်ဖွဲ့ချင်းတွေ့ဆုံနေတာက NUG နဲ့ တိုင်းရင်းသားတပ်တွေကြား သွေးခွဲမှုလို့ သုံးသပ်ချက်တွေ ရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ စစ်ကောင်စီက သွေးခွဲနေပေမဲ့ အဆုံးအဖြတ်အားလုံးရဲ့ အဖြေက လူထုရဲ့ ဆန္ဒအပေါ်မှာပဲမူတည်တယ်လို့ ၂၀၂၅ အစပိုင်း အင်တာဗျူးမှာ ဘီဘီစီကို ဖြေကြားထားပါတယ်။

''NUG ကိုချန်ခဲ့ဖို့ဟာက ကျွန်မထင်တယ် သိပ်တော့ မစိုးရိမ်ဘူး။ ကျွန်မတို့တိုင်းရင်းသားတွေနဲ့ လုပ်ငန်းစဥ်တွေမှာ အတူတကွရှိနေမယ်ဆိုရင် အလုပ်အတူတူလုပ်နေမယ်ဆိုရင် ပြည်သူလူထုနဲ့ အတူတူရှိနေမယ်ဆိုရင် ကျွန်မတို့ကိုချန်ထားခဲ့လို့မရပါဘူး။''