ဇူလိုင် ၂၁ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ်- စစ်ကောင်စီက ရေကြောင်းကနေ စဥ်ကူးမြို့ ကို လက်နက်ကြီးနဲ့ပစ်

ဓာတ်ပုံ ရင်းမြစ်, MDY-PDF
မန္တလေးတိုင်း စဥ်ကူးမြို့ ကို စစ်ကောင်စီ က ရေကြောင်းကနေ လက်နက်ကြီးတွေနဲ့ ဇူလိုင် ၂၀ ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်စစ်ရေးအရင်းအမြစ်တွေက ဘီဘီစီကို ပြောပါတယ်။
“မန္တလေးဘက်ကနေ တက်လာတဲ့ စစ်ကောင်စီ သင်္ဘော ၅ စီးက ရွှေဘိုမြို့နယ်၊ မခေါက်ရွာနား ဧရာဝတီမြစ် ထဲကနေ လှမ်းပစ်တာ။ စဥ်ကူးမြို့ နယ်၊ လက်ပန်လှကျေးရွာနားကို ၉ လုံးကျတယ် လူထိခိုက်မှုတော့ မရှိပါဘူး” လို့ ပြောပါတယ်။
ဇူလိုင် ၂၁ ရက်နေ့ ဒီကနေ့မှာတော့ စဥ်ကူးမြို့ပေါ်မှာ တိုက်ပွဲတွေဖြစ်ပွားတာ မရှိတော့ဘူးလို့လည်း စစ်ကောင်စီကို မန္တလေးပြည်သူ့ ကာကွယ်ရေးတပ်မတော်- မန္တလေး(MDY PDF)နဲ့ ပူပေါင်းတိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
မန္တလေး PDF ကလည်း စဥ်ကူးမြို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီလို့ ဇူလိုင် ၂၀ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
စဥ်ကူးမြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်းအားလုံးကိုလည်း ဇူလိုင် ၁၇ ရက်နေ့ထဲက အပြီးသတ်သိမ်း ယူနိုင်ခဲ့တာလို့လည်း မန္တလေး PDF က ပြောပါတယ်။
ဒါအပြင် လက်နက်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိတွေနဲ့ ရဲအရာရှိတွေကိုပါ ဖမ်းဆီးနိုင်ခဲ့တယ်လို့ လည်း MDY PDF က ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာစစ်တပ်ဘက်ကတော့ စဥ်ကူးမြို့ကို MDY PDF လက်ထဲကနေ ပြန်ယူနိုင်ခဲ့တယ်လို့ စစ်ကောင်စီက ဇူလိုင် ၂၀ ရက်ညပိုင်းမှာပဲ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီ သတင်းထုတ်ပြန်တာကို MDY PDF အဖွဲ့က ငြင်းဆိုခဲ့ပြီး သူတို့တပ်ဖွဲ့ဝင်တွေ ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့ MDY PDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံတစ်ဦးက ဘီဘီစီကို ဇူလိုင် ၂၁ ရက် မနက်ပိုင်းမှာပဲ ဘီဘီစီကို ဖြေကြားပါတယ်။
စဥ်ကူးမြို့နားက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလည်း စဥ်ကူးမြို့ကို စစ်ကောင်စီ ပြန်ရသွားပြီဆိုတာ ဝါဒဖြန့်တာသာဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
“စဥ်ကူးမြို့နဲ့ ၈ မိုင်လောက်ဝေးတဲ့ ဧရာဝတီမြစ်လယ်ခေါင်က ရွာသာဟာရွာမှာပဲ စစ်ကောင်စီ တပ်ဖွဲ့ဝင် အနည်းငယ်ရယ် ပျူစောထီးတွေပါတဲ့ ပြည်သူ့စစ်တွေပဲ ကျန်တော့တာ။ ကျန်တာတွေအားလုံးကို မန္တလေး (PDF) သိမ်းထားပြီးပြီ” လို့ ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ MDY PDF အဖွဲ့ ကလည်း စဥ်ကူးမြို့သိမ်းပိုက်ချိန်က ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီ တပ်ရင်းမှူး၊ စခန်းမှူးတွေနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ ဗီဒီယိုတွေကို ဇူလိုင် ၂၁ ရက်နေ့ က ဖြန့်ဝေခဲ့ပါတယ်။
ဟားခါးရဲစခန်းကို ချင်းပူးပေါင်းတပ်တွေ တိုက်ခိုက်မှုမှာ အကျဥ်းသားနဲ့အချုပ်သား ၆၀ ကျော် ပြန်လွတ်

ဓာတ်ပုံ ရင်းမြစ်, Mindat Post
ချင်းပြည်နယ် မြို့တော် ဟားခါးက မြို့မရဲစခန်းကို ချင်းပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်ချိန် အကျဥ်းသားနဲ့ အချုပ်သား ၆၀ ကျော်ကို ပြန်လွှတ်ပေးနိုင်ခဲ့တယ်လို့ CDF ဟားခါး ဥက္ကဋ္ဌက ဘီဘီစီကို ပြောပါတယ်။
ချင်းကာကွယ်ရေး ပူးပေါင်းတပ်တွေက ဇူလိုင် ၂၀ ရက် မနက်ပိုင်းတုန်းက ဟားခါးရဲစခန်းက အချုပ်စခန်းထောင်ကို တိုက်ခိုက်ချိန် အကျဥ်းသားနဲ့အချုပ်သား အမျိုးသမီး ၄၉ ဦးနဲ့ အမျိုးသမီး ၁၃ ဦးကို ကယ်ထုတ်နိုင်ခဲ့တာလို့ CDF ဟားခါး ဥက္ကဋ္ဌက ပြောပါတယ်။
‘‘လွတ်လာသူတွေ အကုန် ဘေးကင်းကြပါပြီ။ ကျွန်တော်တို့ တပ်ဖွဲ့ဝင် ၈ ဦးလည်း ပါတယ်။ ကျန်တာက CDM လုပ်တာနဲ့တခြားအကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရတဲ့ အကျဥ်းသား အချုပ်သားတွေ ဖြစ်ပါတယ်’’ လို့ သူက အတည်ပြုပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်အချို့နဲ့အပြန်အလှန် ပစ်ခတ်ခဲ့ပြီး သေနတ် အလက် ၂၀ ကျော်နဲ့ ကျည်ဆန် အတောင့်ရေ ၅၀၀ ကျော်ကိုလည်း သိမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
ရဲစခန်းကို စီးနင်းမှုအပြီးမှာတော့ စစ်ကောင်စီတပ်က ဟားခါးမြို့ထဲမှာ လုံခြုံရေးတင်းကျပ်နေတယ်လို့ သိရပါတယ်။
မြဝတီမြို့၊ ရွှေကုက္ကိုမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ၁၁ ဦး ပြန်လွတ်မြောက်

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကရင်ပြည်နယ် မြဝတီမြို့ ရွှေကုက္ကိုမြို့ သစ်မှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ၁၁ ဦး ပြန်လည် လွတ်မြောက်လာပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဇူလိုင် ၂၀ ရက် ရက်စွဲနဲ့ သတင်းထုတ် ပြန်ပါတယ်။
အဲဒီ အိန္ဒိယနိုင်ငံသား ၁၁ ဦးဟာ ရွှေကုက္ကိုမြို့ထဲမှာ လိမ်လည်လှည့်ဖြားခံရလို့ ပိတ်မိနေခဲ့တာဖြစ်ပြီး မြန်မာအာဏာပိုင်တွေနဲ့ ဒေသခံတွေရဲ့ အကူအညီနဲ့ လွတ်မြောက်လာခဲ့တာလို့လည်း အိန္ဒိယသံရုံး က ပြောပါတယ်။
မြဝတီမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသားတွေကို နေရပ်ကို မြန်မြန်ပြန်နိုင်ရေးကို အိန္ဒိယပြည်ပရေးရာ ဝန်ကြီးက မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ဒေလီမြို့မှာ ပြီးခဲ့တဲ့လတုန်းက တွေ့ဆုံချိန်မှာ တောင်းဆို ဆွေးနွေးခဲ့အပြီးမှာ အခုလိုအစီအစဥ် ထွက်ပေါ်လာတာဖြစ်ပါတယ်။
ပြန်လွတ်လာတဲ့ အိန္ဒိယနိုင်ငံသား ၁၁ ဦး နေရပ်ပြန်ပို့နိုင်ရေး စတင်လုပ်ဆောင်နေပြီးလို့လည်း အိန္ဒိယသံရုံး က ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်တဲ့ မှတ်တမ်းဓာတ်ပုံတွေထဲမှာတော့ ပြန်လွတ်လာ သူတွေထဲမှာ အမျိုးသမီး ၉ ဦးနဲ့ အမျိုးသား ၂ ဦး ပါဝင်နေတာကို တွေ့ရပါတယ်။
မြဝတီမြို့နားက ရွှေကုက္ကိုမြို့သစ်ကို ဗိုလ်မှူးကြီးစောချစ်သူ ခေါင်းဆောင်တဲ့ ကရင်နယ်ခြား စောင့်တပ်(BGF) က အလုံးစုံထိန်းချုပ်ထားတာဖြစ်ပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့အပါအဝင် အနီးတဝိုက်က အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားတွေကို ၂၀၂၄ ခုနှစ်၊ မေ ၁ ရက်ကနေ အောက်တိုဘာ ၃၁ ရက်အတွင်း မြို့ထဲကနေ ထွက်ခွာပေးဖို့ BGF က စာထုတ်ထားတာလည်း ဖြစ်ပါတယ်။
အခြေခံကွန်ပျူတာကျွမ်းကျင်ပြီး အလုပ်ရမယ်လို့ ဖျားယောင်းခံရတဲ့ အိန္ဒိယလူငယ်တွေဟာ ထိုင်းနယ် စပ်ကိုဖြတ်ကျော်ကာ မြန်မာနိုင်ငံ၊ မြဝတီဘက်ခြမ်းမှာ အလုပ်စေခိုင်းခံရတဲ့လူငယ် ၅၀ နီးပါးကို အိန္ဒိယအာဏာပိုင်တွေက ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်း ကယ်ဆယ်ဖူးပါတယ်။
လာအိုမှာ ပြုလုပ်မယ့် အာဆီယံအစည်းအဝေးမှာ မြန်မာ့အရေးအာရုံစိုက်ဆွေးနွေးမယ်လို့ အင်ဒိုနီးရှားပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ဇူလိုင် ၂၁ ကနေ ၂၇ ရက်အထိ ကျင်းပဖို့ရှိနေတဲ့ ၅၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ အာဆီယံဘုံသဘောတူညီချက် (၅)ရပ်ကို ဆွေးနွေးသွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံ ဘုံသဘောတူညီချက် (၅) ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ အရေးကြီးသလို လူသားခြင်းစာနာထောက်ထားမှု အကူအညီပေးရေး နည်းလမ်းတွေကို အာရုံစိုက်ဆွေးနွေး သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။
ဒါ့အပြင် အင်ဒိုနီးရှား၊ လာအိုနဲ့ မလေးရှားနိုင်ငံတွေပါဝင်ဖွဲ့စည်းထားတဲ့ အာဆီယံအလှည့်ကျ ၃ နိုင်ငံ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နဲ့လည်း မြန်မာ့အရေးပတ်သက်ပြီး ဆွေးနွေးဖို့ရှိနေတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
သီတင်းတစ်ပတ်ကြာကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဥရောပသမဂ္ဂ (အီးယူ)က အကြီးတန်းအရာရှိတွေအပါအဝင် အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ကနေဒါ ရုရှား၊ ဂျပန်၊ အိန္ဒိယ စတဲ့ နိုင်ငံပေါင်း ၃၀ ကျော်က အဆင့်မြင့်အရာရှိကြီးတွေ တက်ရောက်ဖို့ရှိနေတယ်လို့လည်း အာဆီယံအဖွဲ့ က ထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေး အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ဘုံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီသဘောတူညီချက်တွေကို စစ်ကောင်စီဘက်က အကောင်အထည်ဖော်မှုအပိုင်းမှာ လိုအပ်ချက်တွေရှိတယ်ဆိုပြီး အာဆီယံက မြန်မာစစ်ခေါင်းဆောင်ကိုရော၊ သူ့ရဲ့နိုင်ငံခြားရေးဝန်ကြီးကိုပါ ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်ခွင့် ပိတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒီအစားနိုင်ငံရေးရာထူးမယူထားသူ အဆင့်မြင့်ကိုယ်စားလှယ်တစ်ဦးကိုပဲ တက်ရောက်ဖို့ အာဆီယံဘက်က ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက ဆုံးဖြတ်ခဲ့ပေမဲ့ စစ်ကောင်စီဘက်ကလည်း ကိုယ်စားလှယ် မလွှတ်ခဲ့ပါဘူး။
ဒါပေမဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းတုန်းက လာအိုနိုင်ငံ၊ လွမ်ဘရာဘန်မှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအစည်းအဝေးကိုတော့ ၂ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အနေနဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက အကြီးတန်းအရာရှိ ဒေါ်မာလာသန်းထိုက် တက်ရောက်ခဲ့တာတွေ့ ရပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆက်စပ် အစည်းအဝေးတွေမှာ စစ်ကောင်စီကိုယ်စားလှယ်ကို မဖိတ်ကြားဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကိုယ်စားလှယ်ကို တက်ရောက်ခွင့်ပြုဖို့ တော်လှန်ရေးအဖွဲ့တွေနဲ့ လူ့အခွင့်အရေးအဖွဲ့ ပေါင်း ၃၃၀ ကျော်က အာဆီယံအထွေထွေအတွင်းရေးမှူးဆီ ကို ဇူလိုင် ၁၇ ရက်က စာပေးပို့ တောင်းဆိုခဲ့ပါတယ်။
ပညာရေးနဲ့သက်ဆိုင်တဲ့နေရာ ၁၇၀ ကျော်တိုက်ခိုက်ခံခဲ့ရတယ်လို့ Myanmar Witness ပြော

ဓာတ်ပုံ ရင်းမြစ်, CJ
မြန်မာမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်အတွင်း စာသင်ကျောင်းတွေအပါအဝင် ပညာရေးနဲ့ဆိုင်တဲ့ နေရာပေါင်း ၁၇၄ နေရာအထိ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဗြိတိန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ (Myanmar Witness) က အစီရင်ခံစာ ထုတ်ပြန်လာပါတယ်။
ဒါ့အပြင် စာသင်ကျောင်းပေါင်း ၁၃၀ ထက်မနည်း ပျက်စီးခဲ့တယ်လို့လည်း ဇူလိုင် ၂၀ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီအစီရင်ခံစာထဲမှာ Myanmar Witness အဖွဲ့က ပြောပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာတွေ၊ ဒရုန်းနဲ့ဗုံးကြဲချတာတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ် တာတွေအပြင် တခြားပစ်ခတ်တိုက်ခိုက်တာတွေကို အကြိမ်ပေါင်းများစွာလုပ်ခဲ့တယ်လို့လည်း Myanmar Witness အဖွဲ့ ကပြောပါတယ်။
မြန်မာစစ်တပ်တိုက်ခိုက်မှုတွေအတွင်း ၆၄ ကြိမ်ဟာ လူသေဆုံးတဲ့အထိဖြစ်ခဲ့ပြီး နောက်ထပ် ၁၀၆ ကြိမ်ကတော့ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ပါရှိပါတယ်။
စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီတပ်ရဲ့ အခုလိုတိုက်ခိုက်မှုကို အများဆုံးကြုံခဲ့ရပြီး အကြိမ်ရေ ၄၀ နီးပါးအထိရှိတယ်လို့ ပြောသလို ရှမ်း၊ ကရင်နဲ့ ကယား(ကရင်နီ) ပြည်နယ်တွေမှာလည်း ၁၁ ကြိမ်အထိ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အစီရင်ခံစာအချက်အလက်တွေကိုတော့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီနဲ့ ပညာရေးတိုက်ခိုက်ခံရမှု ကမ္ဘာဆိုင်ရာ ကာကွယ်ရေးအဖွဲ့တွေရဲ့ အချက်အလက်တွေကိုလည်း ကိုးကားထည့်သွင်းထားတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။
ဒါတွေဟာ စစ်အာဏာသိမ်းမှုစတင်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ်၊ မတ်လ အတွင်း ဖြစ်ပွားခဲ့တာတွေကို စုဆောင်းထားတဲ့အချက်အလက်တွေလို့လည်း Myanmar Witness အဖွဲ့ ကပြောထားပါတယ်။
စာသင်ကျောင်းလို အခြေခံအဆောက်အအုံတွေ အခုလို တိုက်ခိုက်ခံရတာကြောင့် ကလေးငယ်တွေရဲ့ ပညာရေးအပေါ် ရေတိုရော၊ ရေရှည်မှာပါ သက်ရောက်မှုရှိလာစေတယ်လို့ အဲဒီအဖွဲ့က မီးမောင်းထိုးပြထားပါတယ်။
တရုတ်ကွန်မြူနစ်ပါတီက ဖိတ်လို့ နိုင်ငံရေးပါတီ ၄ ပါတီ တရုတ်ပြည်သွား

ဓာတ်ပုံ ရင်းမြစ်, ပြည်သူ့ပါတီ
တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ကြားလို့ နိုင်ငံရေးပါတီ ၄ ပါတီ တစ်ပတ်ကြာ တရုတ်ခရီးစဥ် စတင်ပြီလို့ ဖိတ်ကြားခံရတဲ့ နိုင်ငံရေးပါတီတွေက ဇူလိုင် ၂၀ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
တရုတ်ကဖိတ်ကြားတဲ့ နိုင်ငံရေးပါတီတွေကတော့ အငြိမ်းစား စစ်ဗိုလ်ချုပ်တွေ ဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၊ ဦးကိုကိုကြီး ခေါင်းဆောင်တဲ့ ပြည်သူ့ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ နဲ့ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ(AFP) တို့ ဖြစ်ပါတယ်။
ပြည်သူ့ပါတီရဲ့ ဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ဗဟို အမျိုးသမီးနဲ့ကလေးသူငယ်ရေးရာတာဝန်ခံ ဒေါ်စန္ဒာဝင်း၊ ဗဟို ကော်မတီဝင် ဦးစိုင်းသန်းထိုက်တို့ ၃ ဦး တရုတ်ကိုထွက်ခွာသွားပြီလို့ ပြည်သူ့ပါတီက ထုတ်ပြန်ပါတယ်။
တရုတ်ခရီးစဥ်အတွင်း လက်ရှိပြည်တွင်းအကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး ပြောဆိုဖိုရှိတယ်လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ဘီဘီစီကို အစောပိုင်းတုန်းက ပြောပါတယ်။
“မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ ပြည်သူတွေခံစားနေရတဲ့ အနိဌာရုံတွေကို အဲဒါနဲ့ ပတ်သက်ပြီးတော့ အိမ်နီးချင်းနိုင်ငံချင်း အမြင်သဘောထားချင်း ဖလှယ်တာမျိုးတွေ အတတ်နိုင်ဆုံးဆောင်ရွက်သွားဖို့ ရည်ရွယ်တာရှိပါတယ်” လို့ ဦးကိုကိုကြီးက ပြောပါတယ်။
စစ်ဗိုလ်ချုပ်ဟောင်းတွေဦးဆောင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ကတော့ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ဦးမောင်မြင့်နဲ့ ဦးလှဆွေတို့အပါအဝင် အဖွဲ့ဝင် (၉) ဦးပါတဲ့ ကိုယ်စားလှယ်အဖွဲ့လည်း တရုတ်ကို ထွက်ခွာသွားပြီလို့ USDP ပါတီက ထုတ်ပြန်ထားပါတယ်။
ခရီးစဥ်အတွင်း တရုတ်ဒုတိယနိုင်ငံခြားရေးနဲ့တွေ့ဆုံဖို့ရှိတယ်လို့လည်း နေပြည်တော်နယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေက ဘီဘီစီကို ပြောထားပါတယ်။
တရုတ်က နိုင်ငံရေးပါတီ ၄ ပါတီကို ဖိတ်ကြားတာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) သိရှိတဲ့အကြောင်း ပါတီရဲ့ တရုတ်နိုင်ငံဆိုင်ရာ ဆက်ဆံရေးတာဝန်ခံ ဦးဘိုဘိုဦးကလည်း အစောပိုင်းမှာ ဘီဘီစီကို ပြောထားပါတယ်။
တရုတ်နိုင်ငံရဲ့ ကျေးလက်ဒေသဖွံဖြိုးရေးနဲ့ ပိုးလမ်းမစီမံကိန်း အကောင်အထည်ဖော်ရေး အပါအဝင် တရုတ် ကျွမ်းကျင်သူတွေနဲ့ အမြင်သဘောချင်း ဆွေးနွေးဖလှယ်ဖို့ ဆိုပြီး ပါတီ ၄ ခုက တာဝန်ရှိသူတွေကို ဇူလိုင် ၂၀ ရက်ကနေ ၂၇ ရက်အထိ တစ်ပတ်ကြာလာရောက်ဖို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။
အဲဒီပါတီ ၄ ပါတီဟာ စစ်ကောင်စီလက်ထက်ပြန်လည်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံပြန်တင်ထားတဲ့ပါတီတွေဖြစ်ပြီး ကြံ့ခိုင်ရေးပါတီကို ၉ ဦးထိ ဖိတ်ကြားခဲ့ပြီး ကျန်တဲ့ ပါတီတွေကိုတော့ ၃ ဦးစီ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ် ချုပ်မှူးကြီးစိုးဝင်းတို့ကို တရုတ်ကို ဆက်တိုက်ဖိတ်ကြားပြီးတဲ့နောက် ပါတီတွေကိုပါ ဖိတ်ကြား လာတာဖြစ်ပါတယ်။








