ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မေ ၂၄ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်- ရွေးကောက်ပွဲမှာ ဘယ်လိုအမတ်တွေရွေးရမလဲဆိုတာနဲ့ပတ်သက်လို့ စစ်ခေါင်းဆောင်ဘာပြောလဲ
လာမယ့်ရွေးကောက်ပွဲမှာ ဒေသနဲ့ နိုင်ငံတော်အကျိုးကို အမှန်တကယ် ဖော်ဆောင်ပေးနိုင်တဲ့ ကိုယ်စားလှယ်လောင်းကို ရွေးချယ်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်က တပ်အရာရှိတွေ၊ တပ်ဖွဲ့ဝင်တွေ၊ မိသားစုဝင်တွေနဲ့ မနေ့က တွေ့ဆုံချိန်မှာ ပြောတာဖြစ်ပါတယ်။
ရွေးကောက်ပွဲ ကျင်းပပြီးချိန်မှာ ပြည်ထောင်စုအဆင့်နဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေ ခေါ်ယူချိန်မှာ လွှတ်တော်အထမြောက်ရေး ဆောင်ရွက်သွားကြရမှာ ဖြစ်သလို ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် စစ်တပ်အနေနဲ့ အမာခံဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
ရွေးကောက်ပွဲကို အမြန်ဆုံးလုပ်ဖို့ကိုလည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်နေပြီး သန်းခေါင်းစာရင်း ကောက်ယူတာတွေကို လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
သန့်ရှင်းတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဆန္ဒမဲပေးချိန်မှာ မဲစာရင်းမှားယွင်းမှု အနည်းဆုံးဖြစ်စေမယ့် အီလက်ထရောနစ် မဲပေးစက်တွေ ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးအပတ် ဒါမှမဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ဒုတိယအပတ်ထဲမှာ ကျင်းပမှာဖြစ်တယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။
ဟမ်းဘတ်မှာ အမျိုးသမီးတစ်ယောက်ဓားနဲ့တိုက်ခိုက်လို့ လူ ၁၈ ဦး ဒဏ်ရာရ
ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့ရှိ အဓိကရထားဘူတာတစ်ခုမှာ ဓားနဲ့တိုက်ခိုက်မှုတစ်ခုကြောင့် လူအများအပြား စိုးရိမ်ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဂျာမနီနိုင်ငံမြောက်ပိုင်း ဟမ်းဘတ်မြို့က ဘူတာကြီးမှာ သောကြာနေ့ ဒေသဆိုင်ရာစံတော် ည ၆ နာရီမှာ ဓားနဲ့တိုက်ခိုက်မှုကြောင့် လူ ၁၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောဆိုခဲ့ပါတယ်။
ရဲအရာရှိတွေဟာ အသက် ၃၉ နှစ်အရွယ် ဂျာမန်အမျိုးသမီးတစ်ဦးကို ဖမ်းဆီးချုပ်နှောင်ထားပြီး မနက်ဖြန် ရုံးတင်ခံရမှာဖြစ်ပါတယ်။
''ဒီလုပ်ရပ်မှာနိုင်ငံရေးအရလှုံ့ဆော်မှုမပါဝင်ဘူး'' လို့ ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
သံသယရှိသူဟာ စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေပုံရတယ်လို့ ရဲတပ်ဖွဲ့ရဲ့ပြောခွင့်ရှိသူ ဖလော်ရီယံ အက်ဘန်ဆက်က ပြောဆိုခဲ့ပါတယ်။
တိုက်ခိုက်မှုဟာ တုန်လှုပ်စရာကောင်းပြီး အရေးပေါ်ကူညီရေးအဖွဲ့အစည်းများအနေနဲ့ အမြန်ဆုံး ကူညီနိုင်ခဲ့တဲ့အတွက် ကျေးဇူးတင်ရှိကြောင်း ဂျာမန်ဝန်ကြီးချုပ် ဖရီးဒရစ် မာ့စ်ကပြောပါတယ်။
ဘူတာက ပလက်ဖောင်းလေးခုကို ပိတ်ထားပြီး ဝန်ဆောင်မှုတချို့ နှောင့်နှေးတာ၊ လမ်းကြောင်းလွှဲတာတွေရှိမယ်လို့ ဂျာမန်ရထားလုပ်ငန်း Deutsche Bahn က ထုတ်ပြန်ထားပါတယ်။
ဟမ်းဘတ်ဘူတာကြီးဟာ ဂျာမနီမှာ ခရီးသည်နဲ့ ရထားအများဆုံးဝင်ထွက်ရာ ဘူတာတွေထဲက တစ်ခုဖြစ်ပြီး ခရီးသည် ၅၅၀၀၀ ကျော် နေ့စဉ်အသုံးပြုနေတယ်လို့ ဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်။
KNU နဲ့ တိုက်ပွဲကနေ စစ်ကောင်စီတပ်သား ၆၀ ကျော် ထိုင်းဘက်ထွက်ပြေး
ကရင်တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ကို မြန်မာစစ်သား ၆၂ ယောက် နယ်စပ်ဖြတ်ကျော်ပြီး ထွက်ပြေးလာတယ်လို့ ထိုင်းသတင်းဌာန Khaosod English ကနေ ရေးသားပါတယ်။
ထွက်ပြေးလာသူတွေထဲ ဒဏ်ရာရသူ ၁၁ ယောက်ရှိပြီး ၄ ယောက်က ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ပြောဆိုချက်အရ တိုက်ပွဲမှာ ၁၈ ယောက် သေဆုံးတယ်လို့ ထည့်သွင်းရေးသားပါတယ်။
ဘလယ်ဒိုတိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လူသားချင်း စာနာမှုအနေနဲ့ လက်နက်တွေ ဖြုတ်သိမ်းပြီး ထိုင်းဘက်က လက်ခံထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ ကော့ကရိတ်မြို့နယ်ထဲက ဘလယ်ဒိုကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီစခန်းကို KNLA, KNDO, PDF ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီး မေ ၂၃ ရက် ညနေပိုင်းမှာ သိမ်းပိုက်ရရှိသွားတာ ဖြစ်ပါတယ်။
ဒီစစ်စခန်းဟာ ထိုင်းနိုင်ငံ ၊ တက်ခ်ခရိုင်၊ ဖုဖရာ့မြို့နယ်အနီးမှာ တည်ရှိတာဖြစ်ပါတယ်။
ထိုင်းမှာ ရဟတ်ယာဉ် ပျက်ကျလို့ ရဲအရာရှိ သုံးယောက်သေဆုံး
ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ BELL 212 ရဟတ်ယာဉ်ဟာ မေ ၂၄ ရက် မွန်းလွဲ ၁ နာရီကျော်က ပရာကျွတ်ဂီရိခန် ခရိုင်၊ အွန်နွိုင် ခရိုင်ခွဲ၊ ဘန်နွန်ကော့ ဧရိယာမှာ ပျက်ကျခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီမတော်တဆမှုမှာ ရဟတ်ယာဉ်မောင်းသူ ရဲမှူးကြီး နဲ့ ရဲအရာရှိ တစ်ယောက်၊ စက်ပိုင်းဆိုင်ရာ တာဝန်ရှိသူ ရဲတပ်အရာရှိတစ်ယောက် သေဆုံးသွားတာ ဖြစ်ပါတယ်။
လူမှုကွန်ရက်က ရုပ်သံမှတ်တမ်းတစ်ခုမှာဆိုရင် ရဟတ်တစ်စီးလုံး မီးလောင်သွားတာကြောင့် မီးငြှိမ်းသတ်နေကြရတာကို တွေ့ရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲတွေက စုံစမ်းစစ်ဆေးဖို့နဲ့ သေဆုံးသူတွေရဲ့ မိသားစုတွေကို ကူညီထောက်ပံ့ဖို့ကို ညွှန်ကြားထားသလို ထိုင်းရဲချုပ်ကလည်း ဝမ်းနည်းကြောင်း ပြောထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်တုန်းကလည်း ထိုင်းနိုင်ငံမှာ လေ့ကျင့်ရေးလေယာဉ်တစ်စင်း ပျက်ကျခဲ့တာကြာင့် လေယာဉ်ပေါ်လိုက်ပါလာတဲ့ ရဲ ၆ ဦးသေဆုံးခဲ့ပါတယ်။
ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဘယ်လာရုစ်နိုင်ငံသွား ၊ ဒေါ်သက်သက်ခိုင်က တရုတ်ရောက်နေ
ရွေးကောက်ပွဲဝင်မယ့် ပါတီတွေဖြစ်ကြတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဥက္ကဋ္ဌတွေ ဘယ်လာရုစ်နဲ့ တရုတ်နိုင်ငံတွေဆီ မေလအတွင်းမှာ အလည်အပတ်ခရီးတွေထွက်ခွာနေကြပါတယ်။
ဦးခင်ရီဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်အဖွဲ့တွေဟာ ဘီလာရုစ်နိုင်ငံ Belays Rus ပါတီက ဖိတ်တာကြောင့် မေ ၁၅ ရက်ကနေ ၁၇ ရက်အထိ သွားရောက်ခဲ့တာဖြစ်ပါတယ်။
USDP နဲ့ ဘယ်လာရုစ်နိုင်ငံ အနိုင်ရပါတီဖြစ်တဲ့ Belaya Rus ပါတီတို့ကြား နှစ်နိုင်ငံ ပါတီလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူ စာချုပ်ကိုလည်း လက်မှတ်ထိုးခဲ့ကြပါတယ်။
"အမျိုးသမီး၊ လူငယ်၊ မီဒီယာ စတဲ့ကဏ္ဍတွေမှာ ပါတီအချင်းချင်း အပြန်အလှန် ထိတွေ့ဖို့ ၊ စည်းရုံးရေးကိစ္စ အမြင်ဖလှယ်ဖို့တွေကို နှစ်နိုင်ငံ ပြည်တွင်းရေးကို မနှောင့်ယှက်ရဘူး၊ တည်ဆဲဥပဒေတွေ လေးစားရမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ လက်မှတ်ရေးထိုးကြတာ"လို့ ဦးခင်ရီက USDP လူမှုကွန်ရက်စာမျက်နှာရဲ့ အင်တာဗျူးမှာ ဖြေထားပါတယ်။
ဒါအပြင် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကလည်း တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားမှုကြောင့် မေ ၂၀ ရက်ကစတင်ပြီး တရုတ်နိုင်ငံကို တစ်ပတ်ကြာခရီးစဉ် သွားရောက်နေတာပါ။
စစ်ကောင်စီက ဒီနှစ် ဒီဇင်ဘာ ဒါမှမဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားပါတယ်။
မွန်နှစ်ဖွဲ့ပေါင်းပြီး ရာမညမွန်တပ်တော်ဖွဲ့
မွန်ပြည်သစ်ပါတီ ( စစ်အာဏာရှင် တိုက်ဖျက်ရေး)(NMSP-AD) နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ ပေါင်းစည်းပြီး ရာမညမွန်တပ်တော်(RMA)ကို မေ ၂၄ ရက်မှာ ဖွဲ့စည်းလိုက်တယ်လို့ မွန်ပြည်သစ်ပါတီက ထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်စနစ် တိုက်ဖျက်ဖို့၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် အပြည့်အဝ ရှိတဲ့ မွန်ပြည် ပေါ်ပေါက်လာဖို့ ရည်ရွယ်ချက်နဲ့ ပေါင်းစည်းတာဖြစ်တယ်လို့ သိရပါတယ်။
အဖွဲ့ဝင် ၉ ယောက်ပါတဲ့ NMSP-AD နိုင်ငံရေး စစ်ရေးကော်မတီ ဦးဆောင်မှုကနေ ရာမညမွန်တပ်တော် RMA ရဲ့ စစ်ရေးဆိုင်ရာ လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ အဖွဲ့ဝင် (၇) ယောက်ပါတဲ့ စစ်ကော်မတီကိုလည်း ဖွဲ့စည်းထားပါတယ်။
ရာမညမွန်တပ်တော် RMA အနေနဲ့ အဖိနှိပ်ခံ ဘဝတူ တိုင်းရင်းသား တော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်ရေး တပ်တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ဘလယ်ဒိုစစ်စခန်းကို KNUနဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲက ဘလယ်ဒိုကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို မေ ၂၃ ရက် ညနေ ၅ နာရီမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တွေကပူးပေါင်း တိုက်ခိုက်ခဲ့ကြတာပါ။
ဘလယ်ဒို စစ်ကောင်စီစခန်းကို ၂၀၂၂ ခုနှစ်လယ်ပိုင်းလောက်မှာ KNLA နဲ့ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီကနေ ပြန်ပြီး ထိုးစစ်ဆင်လာတာကြောင့် ပြန်ဆုတ်ခွာခဲ့ကြတာပါ။
အဲဒီစခန်းကနေ လက်နက်တွေ သိမ်းပိုက်ရရှိထားတာတွေကို ဓာတ်ပုံတွေနဲ့ ထုတ်ပြန်ထားပေမဲ့ စစ်သုံ့ပန်း ဘယ်နှယောက်ဖမ်းမိတယ်၊ စခန်းစွန့် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဘယ်ကိုပြေးတယ်ဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။
ပြီးခဲ့တဲ့ မေလဆန်းတုန်းကလည်း ထိုင်း-မြန်မာနယ်စပ် ထီးခီးစစ်ကောင်စီစခန်းကို သိမ်းပိုက်နိုင်ခဲ့သလို ၊ မယ်လစစ်ကောင်စီစခန်း၊ ပိုင်ကျုံမြို့ အပိုင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KNLA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ခဲ့ပါတယ်။
ထိုင်းစစ်တပ်ကြောင့် မြန်မာနိုင်ငံသားတစ်ယောက်သေဆုံးမှုကို စုံစမ်းစစ်ဆေးဖို့ ထိုင်းရှေ့နေများကောင်စီက အလုပ်အဖွဲ့ဖွဲ့စည်း
ထိုင်းနိုင်ငံမှာ မနှစ်က မြန်မာနိုင်ငံသားတစ်ယောက်ကို ထိုင်းစစ်တပ်က နှိပ်စက်လို့ အသက်သေဆုံးတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ထိုင်းနိုင်ငံ တရားလွှတ်တော်ရှေ့နေများကောင်စီက အလုပ်အဖွဲ့ဖွဲ့စည်းလိုက်တယ်လို့ Fortify Right လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ထိုင်းစစ်တပ်က သတ်လို့သေဆုံးသွားရတဲ့ မြန်မာနိုင်ငံသား ကိုအောင်ကိုကိုအတွက် တရားမျှတမှု ရအောင် Fortify Right အဖွဲ့က ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၂ ရက်က ကိုအောင်ကိုကိုကို ထိုင်းစစ်တပ်က ဖမ်းဆီးပြီးတဲ့နောက် အသတ်ခံရတဲ့ သက်သေတွေကို Fortify Right အဖွဲ့က ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၃ ရက်မှာ ထိုင်းတရားလွှတ်တော်ရှေ့နေများကောင်စီကို တင်ပြခဲ့ကြတာပါ။
Fortify Rights က ရရှိထားတဲ့ သက်သေတွေမှာ ကျောဘက်၊ မျက်နှာနှစ်ဘက်၊ နှာခေါင်းတို့မှာ ညိုမဲနေတဲ့ ဒဏ်ရာတွေ တွေ့ရှိထားတယ်လို့လည်း သိရပါတယ်။
သက်သေတွေအရ အတည်ပြုနိုင်တဲ့အတွက် အခုလို စုံစမ်းစစ်ဆေးဖို့ အလုပ်အဖွဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ ထို
င်းစစ်တပ်က ကိုအောင်ကိုကို ကို သတ်တဲ့အမှုအတွက် ဒီနေ့အချိန်အထိ ဘယ်သူမှ တာဝန်ယူမှု မရှိသေးဘူးလို့လည်း Fortify Rights က ထုတ်ပြန်ထားပါတယ်။
"တရားမျှတမှု၊ တာဝန်ယူမှုနဲ့ တရားဥပဒေ စိုးမိုးမူကို ထည်တံ့အောင် အာဏာပိုင်တွေက လုပ်ဆောင်မယ်လို့ မျှော်လင့်ပါတယ်"လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ထိုင်းစစ်တပ်ဖွဲ့ဝင် ၄ ယောက်က အသက် ၃၇ နှစ်အရွယ် ကိုအောင်ကိုကို ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၂ ရက် မနက် ၁၁ နာရီလောက်မှာ ဖမ်းဆီးပြီး ညနေ ၃ နာရီလောက်မှာ ပွန်းပဲ့ဒဏ်ရာတွေ၊ သွေးစွန်းပေနေတဲ့ ဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေတာ ဖြစ်တယ်လို့လည်း Fortify Rights ထုတ်ပြန်ချက်ကနေ သိရပါတယ်။
မင်းကင်းက ရွာနှစ်ရွာလေကြောင်းဗုံးကြဲခံရ၊ ကလေးအပါအဝင် ၇ ဦးထက်မနည်းသေဆုံး
Update- ဒဏ်ရာရသူတွေထဲက နောက်ထပ် ၆ ယောက်သေဆုံးတာကြောင့် ကလေးအပါအဝအဝင်သေဆုံးသူအရေအတွက် စုစုပေါင်း ၁၃ ယောက်ရှိသွားပြီလို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ သာစည်ရွာနဲ့ မင်းစုရွာကို မေ ၂၃ ရက် ညနေပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာကြောင့် ကလေးအပါအဝင် အရပ်သား ၇ ယောက် သေဆုံးတယ်လို့ ကူညီပေးနေသူက ပြောပါတယ်။
ဒီအရေအတွက်ဟာ မေ ၂၃ ရက် လေကြောင်းတိုက်ခိုက်ခံရပြီးချိန်မှာ သိရှိရတဲ့ အရေအတွက်ဖြစ်ပြီး ဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် ထပ်မသိရသေးဘူးလို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေထဲမှာလည်း ကလေးတွေ အပါအဝင် ၁၅ ယောက်လောက်ရှိနေပါတယ်။
"ရွာထဲကို ဗုံးကျပြီးတော့ ဘေးအိမ်တွေကိုပါ ထိတာ။ သေဆုံးအရေအတွက်က တိုးနိုင်သေးတယ်။ ဘာဖြစ်လို့လဲဆို ကျွန်တော်တို့ဆီ ရောက်လာပြီး ဆေးရုံပို့ဖို့ ကူညီပေးနေချိန်မှာတောင် ဗိုက်ထိထားတဲ့ ကလေးတွေပါလာတယ်။ အခြေအနေမဟန်ဘူးဗျ"လို့ ဒဏ်ရာရထားသူတွေကို ဆေးရုံပို့ဖို့ ကူညီပေးသူက ပြောပါတယ်။
သာစည်ရွာနဲ့ မင်းစုရွာဟာ ကလေး- မင်းကင်း ကားလမ်မရဲ့ တစ်ဖက်စီမှာ ရှိပြီး တစ်ချိန်တည်းမှာပဲ ဗုံးကြဲခံရတာလို့ ပြောပါတယ်။
ဗုံးကြဲခံရတဲ့ ကျေးရွာတွေနဲ့ နှစ်ရွာလောက်ခြားတဲ့ မအူရွာကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကာကွယ်ရေးအဖွဲ့တွေက မေ ၂၃ ရက် မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲပြင်းပြင်း ထန်ထန် မဟုတ်ခဲ့ဘဲ တော်လှန်ရေးအဖွဲ့တွေ ပြန်ဆုတ်လာပြီးနောက်ပိုင်း ညနေပိုင်းမှာ စစ်ကောင်စီက ဗုံးကြဲခဲ့တာလို့ ပြောပါတယ်။
စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ၊ မအူရွာကို တိုက်ခိုက်ဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာ မအူရွာနဲ့ ၂ မိုင်အကွာအဝေးရှိတဲ့ မြို့မကျေးရွာကို ရောက်ရှိနေတယ်လို့ ရေးသားထားကြပါတယ်။
မင်းကင်းမြို့နယ် မတောရွာ မင်္ဂလာဆောင်ကို ၂၀၂၄ ခုနှစ် ဇွန် ၃ ရက်က လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား ၃၀ ကျော် သေဆုံးခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မေ ၁၆ ရက် ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ကနေ ၂၀၂၅ မေလ (၁၂) ရက်နေ့အထိ စစ်ကောင်စီက ရန်ကုန်နဲ့ နေပြည်တော်ကလွဲပြီး ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၂,၆၇၉ ခု ပြုလုပ်ခဲ့ပြီး ပြည်သူ ၃,၀၄၃ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူတွေထဲမှာ အသက် (၁၈) နှစ်အောက် ကလေးငယ် ၄၄၁ ယောက် ပါဝင်သလို လေကြောင်းတိုက်ခိုက်တာတွေကြောင့် စာသင်ကျောင်း ၂၄၀ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၉၆ ခုနဲ့ ဘာသာရေးအဆောက်အဦ ၄၃၅ ခု ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။