ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာတွေအသက်ဆုံးခဲ့တဲ့ မဟာချိုင်တံတားပြိုကျမှု
မြန်မာရွှေ့ပြောင်းလုပ်သားတွေအများစုနေထိုင်တဲ့ ထိုင်းနိုင်ငံ၊မဟာချိုင်က တံတားလုပ်ငန်းခွင်ပြိုကျမှုမှာ မြန်မာ ၄ ဦးသေဆုံးခဲ့ရပါတယ်။
ထိုင်းက လုပ်ငန်းခွင်မတော်တဆမှုတွေမှာ မြန်မာတွေမကြာခဏ ထိခိုက်သေဆုံးမှုတွေရှိလာပြီး နိုဝင်ဘာ ၂၉ ရက် ဖြစ်စဉ်ကတော့ နောက်ထပ် ဝမ်းနည်းစရာဖြစ်ရပ်ဖြစ်ပါတယ်။
အခုပြိုကျတဲ့ ရာမ ၂ လမ်း၊ တံတား ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ မြန်မာလုပ်သား ၁၀ ဦးကျော်ရှိပြီး ၄ ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒီလုပ်ငန်းခွင်မှာပဲ မတော်တဆမှုကြောင့် မြန်မာတစ်ယောက်သေဆုံးခဲ့ရဖူးလို့ စုစုပေါင်း သေဆုံးသူ ၅ ဦးအထိ ရှိလာတဲ့ စီမံကိန်းလည်းဖြစ်ပါတယ်။
မြန်မာ ၄ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ
အသိပေးချက် - ဒီဇင်ဘာ ၃ ရက်မှာရှိထားတဲ့သတင်းအချက်အလက်တချို့ကို ထပ်မံဖြည့်စွက်ထားပါတယ်။
အသက် ၃၀ အရွယ် ကိုရွှေကြာ ဟာ အိမ်သာသွားနေခဲ့တဲ့အတွက် သေကံမရောက်ခဲ့ပေမဲ့သူ့ရဲ့ အကို နှစ်ယောက်ကတော့ ကံဆိုးခဲ့ပါတယ်။
ညဆိုင်းဆင်းထားတဲ့အတွက် မနက် ၄ နာရီအချိန်မှာ ပုံမှန်အတိုင်း အလုပ်သိမ်းဖို့ ပြင်ဆင်နေရင်း အပေါ့အပါးသွားဖို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကနေ သူ ထွက်လာခဲ့ပါတယ်။
အပေါ့သွားပြီးပြန်လာချိန်မှာတော့ ဆောက်လက်စတံတားရဲ့ သံဘောင်တွေ၊ ကွန်ကရစ်တုံးတွေ ကျိုးကျနေပြီး အစ်ကိုလတ်ဖြစ်သူကို အပျက်အစီးတွေကြားမှာ ငုတ်တုတ်ထိုင်ရက်လေး တွေ့လိုက်ရပါတယ်။
“အစ်ကို ဘာဖြစ်သွားသေးလဲမေးတော့ ဘာမှမဖြစ်ဘူး ရတယ်တဲ့၊ သူထဖို့ ကြိုးစားတော့မှ လက်ကျိုးသွားတာဖြစ်မယ်တဲ့၊ ခါးအောက်ပိုင်းလည်း လှုပ်မရဘူးပြောတယ်”လို့ ကိုရွှေကြာက ပြောပါတယ်။
အစ်ကိုလတ်ဖြစ်သူကို အပျက်အစီးတွေကြားကနေ သယ်ထုတ်ခဲ့ပြီးချိန်မှာတော့ အစ်ကိုကြီးဖြစ်သူကို လိုက်ရှာရပါတယ်။
အစ်ကိုကြီးဖြစ်သူကိုတော့ ဒဏ်ရာရလို့ ဆေးရုံပို့ဖို့ ကားပေါ်တင်နေတာကို တွေ့လိုက်ရပါတယ်။
“အစ်ကိုကြီးရဲ့ နှာခေါင်းနဲ့ ပါးစပ်တွေကနေ သွေးတွေကျလာတယ်။ ဆေးရုံနားအထိ စကားတွေပြောနိုင်ပေမဲ့ နောက်ပိုင်း စကားမပြောနိုင်တော့ဘူး”လို့ သူ့အစ်ကိုကြီးဖြစ်သူရဲ့ အခြေအနေတွေကို ပြန်ပြောပြပါတယ်။
စမွတ်စခွန်ဆေးရုံကို ရောက်တဲ့အခါ အရေးပေါ်ခန်းကနေ ခွဲစိတ်ခန်းထဲကို ပို့တဲ့အချိန်အထိ အစ်ကိုကြီးနားက သူတောက်လျှောက် လိုက်ပါခဲ့ပါတယ်။
ခွဲစိတ်ခန်းထဲကနေထွက်လာတဲ့ ဆရာဝန်က စကားပြန်ကနေတဆင့် ပြောလာခဲ့တာက “အခြေအနေအရမ်းဆိုးတယ်၊ ၃၀ ရာခိုင်နှုန်းပဲ”လို့ ပါ။
သိပ်မကြာခင်အချိန်မှာပဲ သူ့အစ်ကိုကြီးဆုံးသွားတယ်ဆိုတာကို သိလိုက်ရပါတယ်။
အစ်ကိုလတ်ဖြစ်သူကတော့ လက်တစ်ဖက်ကျိုးသွားပြီး ညနေပိုင်း အချိန်မှာတော့ လမ်းလျှောက်သွားလာနိုင်ပြီလို့ ကိုနိုင်နိုင်က ပြောပါတယ်။
ကိုနိုင်နိုင်ရဲ့ အစ်ကိုကြီးလိုမျိုး ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ သေဆုံးသွားတဲ့ မြန်မာနှစ်ယောက်လည်း ရှိပါသေးတယ်။
“မိသားစုဝင် အမျိုးသမီးတစ်ယောက် ဆက်သွယ်လာလို့ မေးကြည့်တော့ သေဆုံးသွားတဲ့အထဲမှာ တစ်ယောက်က သူ့အမျိုးသား၊ တစ်ယောက်က သူ့မောင်လေးတဲ့။ စိတ်မကောင်းစရာပါဗျာ”လို့ သေဆုံးသွားသူ မြန်မာအလုပ်သမားတွေအတွက် လိုက်ကူညီပေးနေတဲ့ AAC မဟာမိတ် အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးခိုင်ကြီးက ဘီဘီစီကို ပြောပါတယ်။
ဆောက်လက်စတံတားပြိုကျတာကြောင့် အလုပ်သမား ၄ ယောက် သေဆုံးပြီး ၁၀ ယောက်ဝန်းကျင် ဒဏ်ရာရတယ်လို့ ထိုင်းသတင်းဌာနတွေထံကနေ သိရပါတယ်။
''သေဆုံးသူ ၃ ယောက်က မြန်မာဖြစ်ပြီး၊ တစ်ယောက်ကတော့ ထိုင်းနိုင်ငံသားဖြစ်တယ်၊ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ မြန်မာ ၂ ယောက်ပါတယ်'' လို့ အလုပ်သမားအရေး ကူညီပေးသူတွေက ပြောပါတယ်။
ဒီဇင်ဘာ ၃ ရက် နောက်ဆုံးရတဲ့ သတင်းအချက်အလက်အရ မဟာချိုင်က တံတားပြိုကျမှုမှာ မြန်မာအလုပ်သမား ၄ ယောက်အပါအဝင် ထိုင်း ၂ ဦးပါဝင်တာကြောင့် သေဆုံးသူ စုစုပေါင်း ၆ ယောက်ဖြစ်သွားတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
သေဆုံးသွားတဲ့ မြန်မာအလုပ်သမားတွေကို ဒီဇင်ဘာ ၂ ရက်မှာ သင်္ဂြုဟ်ပေးလိုက်ကြပါပြီ။ ဆေးရုံတက် လူနာ ၇ ယောက်ရှိပြီး အတွင်းလူနာအနေနဲ့ မြန်မာ ၂ ယောက်၊ ထိုင်း ၃ ယောက် ဆေးကုသမှုခံနေရပါတယ်။
သေဆုံးသူ မြန်မာအလုပ်သမားတွေ လျော်ကြေးထုတ်ယူနိုင်ဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထားတွေကို ထုတ်ပေးကူညီသွားမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိက ဒီဇင်ဘာ ၂ ရက်မှာ မိသားစုဝင်တွေကို တွေ့ဆုံပြီး ပြောသွားတယ်လို့ သိရပါတယ်။
လျော်ကြေးအနေနဲ့ ဆောက်လက်စတံတား ပြိုကျမှုမှာ အသက်သေဆုံးသွားသူ လေးယောက်အတွက် ဘတ် ၁ သန်းစီ နစ်နာကြေးပေးရမယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ကုမ္ပဏီကို ပြောလိုက်ပါတယ်။
ဒီနစ်နာကြေးငွေ ဘတ် ၁ သန်းဟာ ထိုင်းအစိုးရရဲ့ လူမှုဖူလုံရေးကြေးကနေ ပေးတာမျိုးမဟုတ်ဘဲ ကုမ္ပဏီကနေ သီးသန့်ထပ်ပေးရမှာဖြစ်တယ်လို့ အလုပ်သမား ကူညီစောင့်ရှောက်ရေး AAC မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်ကြီးက ပြောပါတယ်။
ခရိုင်အုပ်ချုပ်ရေးမှူး ခွန်နပ်ရစ် နိရာမိုင်ဝန်က မတော်တဆမှုမှာ သေဆုံးသွားတဲ့ မိသားစုဝင်တွေနဲ့ ဒဏ်ရာရတဲ့ အလုပ်သမားတွေကိုလည်း တွေ့ဆုံခဲ့သလို တံတားတည်ဆောက်ရေး လုပ်ငန်းခွင်မှာ အလုပ်ဝင်နေတဲ့ အလုပ်သမားတွေကို သင်တန်းမပေးဘဲ ခိုင်းစေတာတွေ၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရေးကို ဦးစားမပေးတာတွေကို စစ်ဆေးသွားမှာဖြစ်ပြီး လုပ်ငန်းခွင်ကိုလည်း ရပ်ဆိုင်းဖို့ ခရိုင်အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ အများဆုံးရောက်တဲ့ မြန်မာလူငယ်တွေ
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင် အခွင့်အလမ်းရှာဖွေဖို့ ထိုင်းနိုင်ငံကို ရောက်လာတဲ့ လူငယ်တွေနဲ့ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း ရှောင်တိမ်းလာကြတဲ့ လူငယ်တွေ အများစုက အထောက်အထားမရှိကြဘူးလို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
အထောက်အထားမဲ့တဲ့ မြန်မာလူငယ်အများစုဟာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်ကြတာ များပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေထဲမှာမှ အခုလိုမျိုး ထိုင်းအစိုးရရဲ့ စီမံကိန်းလုပ်ငန်းခွင်တွေမှာဆိုရင် အစစ်အဆေး နည်းပါးတာကြောင့် ဒီလို လမ်းတံတား ဆောက်လုပ်ရေးတွေမှာ ဝင်လုပ်ကြတာ များတယ်လို့ ဦးခိုင်ကြီးက ပြောပါတယ်။
“ဒီတံတားစီမံကိန်းမှာ အလုပ်လုပ်ကြတဲ့ လူငယ်တွေအများစုက စစ်မှုထမ်းရှောင်တဲ့သူတွေများတယ်။ အထောက်အထား မရှိကြသူတွေများတယ်။ ဒါပေမဲ့ အခုလိုမျိုး အရေးပေါ် ဖြစ်လာရင်တော့ ဆေးရုံက ကုပေးပါတယ်။ လုပ်ငန်းရှင်က လျော်ပေးရမှာပေါ့”လို့ သူက ပြောပါတယ်။
အထောက်အထားမဲ့တဲ့ မြန်မာလူငယ်တွေဟာ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်ရပေမဲ့ လုပ်အားခ နှိမ်တာကိုလည်း ခံနေကြရပါတယ်။
ထိုင်းနိုင်ငံသားဆိုရင် ဥပဒေအရ သတ်မှတ်ထားတဲ့ လုပ်အားခကို မဖြစ်မနေ ပေးကြရမှာဖြစ်တာကြောင့် အလုပ်လိုအပ်နေတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ နေ့စားခအတိုင်းသာ ပေးတာတွေလည်း ရှိပါတယ်။
“ထိုင်းနိုင်ငံသားဆိုရင် အခုလို အန္တရာယ်များတဲ့ အမြင့်တက်ရရင် တစ်နေ့ ၇ နာရီပဲလုပ်ရတယ်။ တစ်ရက် ဘတ် ၇၀၀ လောက်ပေးရတယ်။ မြန်မာဆိုရင်တော့ အလုပ်ချိန် ၈ နာရီထိလုပ်ရတယ်။ နေ့စားခ တစ်ရက်ကို ၃၆၅ ဘတ်ပဲရတယ်”လို့ ဦးခိုင်ကြီးက မြန်မာအလုပ်သမားတွေ လုပ်အားခ ချိုးနှိမ်ခံရတာတွေကိုလည်း ရှင်းပြပါတယ်။
ဒါ့အပြင် ၂၀၂၄ ခုနှစ် ဇန်နဝါရီတုန်းကလည်း ဒီတံတားဆောက်လုပ်ရေး လုပ်ငန်းခွင်က မြန်မာအလုပ်သမား ၅၀ ကျော် လုပ်အားခမရလို့ AAC မဟာမိတ်အဖွဲ့က လုပ်ခလစာရအောင် ကူညီခဲ့ကြရပါသေးတယ်။
မြန်မာနိုင်ငံသားသေဆုံးမှုတွေ ဖြစ်ခဲ့တဲ့ တံတားရာဇဝင်
ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ရာမ ၂ လမ်းက လမ်းဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းခွင်မှာ ၆ နှစ်အတွင်း မတော်တဆမှုပေါင်း ၂၂၀၀ ကျော်၊ သေဆုံးသူ ၁၃၂ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၁၃၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
“ဒီတံတားကို အပြီးသတ်ပြီး အစိုးရကို အပ်နှံဖို့က ၂၀၂၄ ခုနှစ် ဒီဇင်ဘာအထိသာ ခွင့်ပြုချက်ရထားတာ၊ အလုပ်က မပြီးတော့ ၂၀၂၅ ခုနှစ်အထိ သက်တမ်းတိုးပေးထားတာ၊ အဲဒါကို အပြီးသတ်ဖို့ နေ့ရော၊ ညပါ လုပ်နေကြတာ” လို့ ဦးခိုင်ကြီးက ပြောပါတယ်။
စမွတ်စခွန်မြို့ပိုင်းအတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာတော့ ၆၀ ရာခိုင်နှုန်းလောက်သာ ပြီးစီးထားတဲ့ အခြေအနေလို့ သူ့မျက်မြင်တွေ့ရှိရတာကို ပြောပြပါတယ်။
“စဆောက်တုန်းကလည်း MOU နဲ့လာတဲ့ မြန်မာအလုပ်သမား တစ်ယောက် ဆုံးဖူးတယ်။ နစ်နာကြေးတွေလည်း ရကြတယ်။ အခုဆို အသက်ပေးရတာ မြန်မာ ၄ ယောက်ရှိပြီ”လို့ ဦးခိုင်ကြီးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်က မတော်တဆမှုဖြစ်ခဲ့ပြီး အလုပ်သမားတစ်ယောက် သေဆုံးသလို၊ ၂၀၂၃ ခုနှစ် မေ တုန်းကလည်း ကရိန်းမြှင့်တင်နေရင်း ကွန်ကရစ်ကျောက်ပြား ပြိုကျတာကြောင့် အလုပ်သမား တစ်ယောက် သေဆုံးခဲ့တယ်လို့ ထိုင်း သတင်းဌာနတွေရဲ့ အချက်အလက်အရ သိရပါတယ်။
ထိုင်းဝန်ကြီးချုပ်ကလည်း တံတားပြိုကျရတဲ့ အကြောင်းအရင်းကို ရှာဖွေဖို့နဲ့ ကန်ထရိုက်ကိုလည်း အပြစ်တင်ခဲ့ပါတယ်။
အခုသေဆုံးသွားသူ မြန်မာနိုင်ငံသား ၃ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူတွေအတွက် လျော်ကြေး နစ်နာကြေးတွေရဖို့ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူတွေက မိသားစုဝင်တွေကို ကူညီပေးနေပါတယ်။
သေဆုံးသူတစ်ယောက်အတွက် သင်္ဂြိုဟ်စရိတ် ဘတ် ၅ သောင်းအပါအဝင် ထောက်ပံ့ကြေး စုစုပေါင်း ၇ သိန်း ၂ သောင်း ရဖို့ အခွင့်အရေးရှိပါတယ်။
“ထောက်ပံ့ကြေးတွေအပြင် ကုမ္ပဏီက ကရုဏာကြေးပေးတာမျိုးလည်း ရှိပါတယ်။ ဒဏ်ရာရတဲ့သူတွေကတော့ သူတို့ဆေးကုပြီးမှ ဆေးမှတ်တမ်းပေါ်မူတည်ပြီး ပေးရတာပေါ့လေ”လို့ ဦးခိုင်ကြီးက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံအလုပ်သမားတွေဟာ လုပ်ငန်းခွင်မတော်တဆမှုတွေနဲ့ သေဆုံးတာတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။
ဒီနှစ် ၂၀၂၄ ခုနှစ် အတွင်းမှာတင် မတ် ၂၉ ရက်က ချွန်ဘူရီခရိုင်၊ ရယောင်မြို့နယ်ထဲက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ကရိန်းပြုတ်ကျလို့ မြန်မာအလုပ်သမား ၆ ယောက် သေဆုံးခဲ့ပါတယ်။
အောက်တိုဘာ ၂၆ ရက်မှာ ကဘင်ဘူရီခရိုင်၊ ပရာချင်ဘူရီက ဓာတုစက်ရုံမှာ ပေါက်ကွဲမှုဖြစ်ပြီး မြန်မာအလုပ်သမား ၂ ယောက် သေဆုံးခဲ့ကြပါတယ်။