ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိမ်တွင်းအလုပ်သမား - ထိုင်းနိုင်ငံက ကိုယ်ပျောက်လုပ်သား
မြန်မာကနေ ထိုင်းကိုသွားပြီး အိမ်အကူလို့ ခေါ်ကြတဲ့အိမ်တွင်းအလုပ်သမားအဖြစ်အလုပ်လုပ်ကိုင်နေကြတဲ့အရေအတွက်က ဒီကနေ့ကာလမှာတင် သိန်းနဲ့ချီရှိနေပါတယ်။ အရပ်အခေါ် အိမ်အကူ အလုပ်ဖြစ်လို့လည်း အမျိုးသမီးအရွယ်စုံက အများဆုံးလုပ်ကိုင်ကြပါတယ်။
လွန်ခဲ့တဲ့ နှစ် ၄၀ နီးပါးကာလတွေကတော့ ထိုင်းမှာ အိမ်အကူလုပ်ဖို့ တရားမဝင်လမ်းကြောင်းကနေ ခိုးဝင်ပြီး အလုပ်လုပ်ကိုင်ကြရတာပါ။
ဒါပေမဲ့ ဒီကနေ့ ခေတ်ကာလမှာ နှစ်နိုင်ငံအစိုးရ အစီအစဥ်နဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းမှာအခြေခံလုပ်သားအဖြစ် အလုပ်လုပ်ကိုင်ခွင့်ကို တရားဝင်ခွင့်ပြုနေပေမဲ့ ဒီအထဲမှာ အိမ်တွင်းအလုပ်သမားကတော့မပါသေးပါဘူး။
အိမ်တွင်းအလုပ်သမားအနေနဲ့ တရားဝင်အလုပ် ခေါ်ဆိုတာမရှိတာကြောင့်ပဲ အိမ်ရှင်တွေက လုပ်ခလစာနှိမ်ပေးတာ၊ အလုပ်ချိန်ပိုဆင်းခိုင်းတာ၊ နားရက်မရှိအလုပ်လုပ်ရတာတွေကို ဆက်ဖြစ်နေစေတယ်လို့ ထိုင်းရောက် မြန်မာလုပ်သားအခွင့်အရေးဆောင်ရွက်သူတွေက ထောက်ပြနေကြပါတယ်။
အလုပ်သမားအများစုဟာ အိမ်ရှင်ရဲ့ အိမ်မှာပဲနေကြရတဲ့အတွက် သူတို့ကိုယ်တိုင် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှန်းမသိကြတဲ့အထိဖြစ်နေကြတယ်လို့ ထိုင်းအခြေစိုက်ရွှေ့ပြောင်းအိမ်တွင်းအလုပ်သမားကွန်ရက် ဥက္ကဋ္ဌ ဒေါ်ကျန်ပါးက ပြောပါတယ်။
“မကျန်ပါး”ရဲ့ နှစ် ၃၀ ကျော် ဘန်ကောက်ရက်များ
ဒေါ်ကျန်ပါးဟာ ထိုင်းမှာ အိမ်တွင်းအလုပ်သမားကို အိမ်အကူလို့ ခေါ်ကြတဲ့ လွန်ခဲ့တဲ့နှစ် ၃၀လောက်ကတည်းကနေ အခုအထိ အချိန်ပိုင်း အိမ်တွင်းအလုပ်သမားအဖြစ် ဆက်ပြီးအလုပ်လုပ်နေသူဖြစ်ပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းစွန်း ကချင်ပြည်နယ်ထဲက ရွာလေးတစ်ရွာမှာ အသက် ၁၆၊ ၁၇ နှစ် ဝန်းကျင် မိန်းကလေးငယ် အများစု ရွာကနေပျောက်သွားတာကို ကလေးအရွယ် “မကျန်ပါး” တစ်ယောက်မိခင်ကို မေးခွန်း ထုတ်ခဲ့ဖူးပါတယ်။
''အမေ့ကို ကျွန်မက မေးတာပေါ့။ အမေ ဟိုအိမ်က မဘယ်သူ ဘယ်ရောက်သွားလဲ၊ မတွေ့တော့ဘူး။ ဒီအိမ်က ဘယ်သူ ဘယ်ရောက်သွားလဲ၊ မတွေ့တော့ဘူးလို့ မေးရင် အမေက သူတို့က ဘန်ကောက်သွားကြတယ်လို့ ပြောတယ်'' လို့ မကျန်ပါးက သူစပြီးကြားဖူးခဲ့တဲ့ ဘန်ကောက်ဆိုတဲ့နာမည်အကြောင်း ပြောပြပါတယ်။
ဘန်ကောက်ဆိုတာ နိုင်ငံခြားလို့ မကျန်ပါး သိခဲ့ပေမဲ့ဘယ်နေရာမှာလဲ၊ ဘာအလုပ်လုပ်ကြတာလဲတော့ ဂဃနဏ မသိခဲ့ပါဘူး။
ဒါပေမဲ့ နောက်ပိုင်းမှာ ဘန်ကောက်ကနေ ရွာပြန်လာတဲ့ မိန်းကလေးတွေက သပ်သပ်ရပ်ရပ်ဝတ်စားတတ်လာပြီး ပိုလှလာကြတာ၊ သူတို့မိဘတွေကို အိမ်အသစ်တွေ ဆောက်ပေးကြတာမြင်တော့ မကျန်းပါးလည်း ဘန်ကောက်ကို သွားပြီး အလုပ်လုပ်ချင်ခဲ့ပါတယ်။
၁၉၈၀ ခုနှစ် နှောင်းပိုင်းနှစ်တွေနဲ့ ၁၉၉၀ အစောပိုင်းကာလတွေဟာ မြန်မာကနေ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ကြတာ သိသိသာသာများခဲ့တဲ့နှစ်တွေ ဖြစ်ပါတယ်။
အထူးသဖြင့် ၈၈၈၈ အရေးအခင်းနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်တာ၊ စီးပွားရေးကျဆင်းလို့ အလုပ် အကိုင် ရှားပါးလာတာ၊ ဆင်းရဲနွမ်းပါးမှုနှုန်း မြင့်တက်လာတာက နိုင်ငံသားတွေ ရေကြည်ရာမြက်နုရာထွက်ခွာကြဖို့ တွန်းအားပေးခဲ့ပါတယ်။
ဒီလို ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ခဲ့သူတွေထဲမှာ မကျန်ပါးလည်းပါခဲ့တာပါ။
“သူတို့ပြန်လာရင် သူတို့မှာပါလာတာနဲ့ မိသားစုကို အိမ်ဆောက်ပေးတာမြင်တော့ ငါလည်းဒီလိုလုပ်ပေးချင်တယ်။ ငါလည်း ဘန်ကောက်သွားမယ်ဆိုပြီး ဖြစ်လာတာပေါ့” လို့ ဆင်းရဲတဲ့မိဘတွေနဲ့ မိသားစုကို ထောက်ပံ့ချင်တဲ့ မကျန်ပါးက သူ ဘန်ကောက်ကို သွားဖို့ တွန်းအားဖြစ်စေခဲ့တာတွေကို ပြန်ပြောပြပါတယ်။
ဒီလိုနဲ့ တရားဝင်တာ မဝင်တာ နားမလည်ခဲ့ဘဲ ရွာကလူတွေသွားနေကျအတိုင်း အောက်လမ်း(တရားမဝင်လမ်း)ကနေပဲ မကျန်ပါးခက်ခက်ခဲခဲနဲ့ ဘန်ကောက်ကို ရောက်အောင်သွားခဲ့ပါတယ်။
မကျန်ပါး ထိုင်းကိုရောက်ချိန်မှာ အသက် ၁၇ နှစ် ပြည့်ဖို့ တစ်လလိုနေပါသေးတယ်။
“အိမ်မှာအငယ်မို့ ပိုက်ဆံရချင်တာပဲသိတယ်။ အလုပ်က သေချာမလုပ်တတ်သေးဘူး။ ကိုယ်က ကလေးပုံမို့ အလုပ်ရှင်က ပြောချင်တိုင်းပြောတယ်။။ အလုပ်ရှင်ရဲ့အိမ်မှာနေရတော့လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာခံရတယ်။ ငယ်တာပဲ၊ အတာပဲဆိုပြီး ပုခုံးထိဘာထိ၊ ဖင်ပုတ်ခေါင်းပုတ်ပေါ့။”
အဲဒီအချိန်တုန်းက အလုပ်ရှင်ရဲ့ အပြုအမူတွေဟာ သူအဝတ်အစား မဝတ်တတ်လို့ အနေအထိုင်မတတ်လို့ဖြစ်ရတာလို့သာ မကျန်ပါးက သူ့ ကိုယ်သူ အပြစ်တင်ခဲ့ပါတယ်။
“အဲ့ဒီတုန်းကဆို ဘယ်သူ့ကိုမှမပြောရဲဘူး။ ငါ့ကိုတစ်မျိုးထင်သွားမလားလို့ ထင်ခဲ့တယ်။ အခုတွေးကြည့်လိုက်တော့ ငါ့အပြစ်မှမဟုတ်တာဆိုတာ၊ အလုပ်ရှင်ရဲ့ မကောင်းတဲ့ အတွေးဆိုတာ သိလာတယ်။”
တစ်ပတ် ၇ ရက်လုံး အလုပ်လုပ်ခဲ့ရပြီး ကျန်းမာရေးကိစ္စခွင့်ယူမယ်ဆိုရင်တောင် အလုပ်ရှင်ရဲ့အရိပ်အကဲ စောင့်ကြည့်ခဲ့ရတယ်လို့ သူက ပြန်ပြောင်းပြောပြပါတယ်။
"သူတို့မိသားစုတွေပျော်နေတဲ့အချိန်မှာ ကိုယ်က သွားပြီးတော့ မနက်ဖြန် ကျွန်မခွင့်သွားမယ်ဆိုတာ ပြောရတယ်ပေ့ါနော်။ သူတို့ခွင့်ပေးမှ ရမယ်ဆိုတော့ သူတို့ပျော်နေတဲ့အချိန်လေးကျမှ သွားတောင်းရတာပေါ့" လို့ မကျန်ပါးက သူ့ကြုံခဲ့ရတဲ့အခြေအနေတွေကို ပြန်ပြောပြပါတယ်။
သူတစ်ယောက်တည်းမဟုတ်ဘဲ တခြားအိမ်အကူသူငယ်ချင်းတွေလည်း သူ့လိုအခြေအနေတွေကို ကြုံခဲ့ဖူးကြတယ်ဆိုတာကို အချိန်ကြာလာတော့မှ အချင်းချင်းပြောမိကြရင်း မကျန်ပါးသိလာခဲ့ရပါတယ်။
တိုင်းတပါးမှာအခြေခံအလုပ်လုပ်ကြသူတိုင်းကြုံရတဲ့ ဘာသာစကားမတတ်တဲ့ပြဿနာကြောင့် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာတွေကိုလည်း မကျန်ပါးကြုံခဲ့ရပါတယ်။
အခုတော့ နှစ်ပေါင်း ၃၀ နီးပါးမှာ အိမ်တွင်းအလုပ်သမားဘဝနဲ့ ဘာသာစကား ၅ မျိုးလောက်တတ်တဲ့ အသက် ၅၀ ကျော်အရွယ် ဒေါ်ကျန်ပါးဖြစ်လာခဲ့ပါပြီ။
ဒါတင်မက အိမ်တွင်းအလုပ်သမားဘဝမှာ သူကြုံခဲ့ရတဲ့ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို အကာအကွယ်ပေးတဲ့ရွှေ့ပြောင်းအိမ်တွင်းအလုပ်သမားကွန်ရက် ဦးဆောင်သူလည်းဖြစ်လာခဲ့ပါပြီ။
ဒါပေမယ့် အိမ်တွင်းမှာပဲ အလုပ်လုပ်နေရပြီး ပြင်ပနဲ့ အထိအတွေ့နည်းတဲ့ ထိုင်းရောက်မြန်မာအိမ်တွင်းအလုပ်သမား အများစုအတွက်တော့ သူတို့ရဲ့ ရပိုင်ခွင့်ကိုထုတ်ပြောဖို့မှာ အတားအဆီးအခက်အခဲတွေရှိနေသေးတယ်လို့ဆိုပါတယ်။
ထိုင်းမှာ အိမ်တွင်းအလုပ်သမားတွေကို အကာအကွယ်ပေးတဲ့ဥပဒေထွက်လာတာ ၁၃ နှစ်လောက်ရှိလာပြီဖြစ်ပါတယ်။ ဒီလို ဥပဒေရှိလာပေမဲ့ ထိုင်းရောက် မြန်မာအိမ်တွင်းအလုပ်သမားတွေအတွက် အခွင့်အရေးတွေ အပြည့်အဝမရသေးတာကိုတော့ ဒေါ်ကျန်ပါး အားရကျေနပ်မှုမရှိသေးပါဘူး။
“အစ်မကတေ့ာ အိမ်တွင်းအလုပ်သမားအခွင့်အရေး ဘယ်လောက်ရပြီလဲလို့မေးရင် ၅၀ ရာခိုင်နှုန်းရလာပြီလို့ ပြောချင်တယ်။ ၅၀ အထက်တော့ပိုပေးလို့မရသေးဘူး” လို့ ဒေါ်ကျန်ပါးက ပြောပါတယ်။
ဒီလို အခွင့်အရေးတွေအပြည့်အဝ ရလာဖို့ သာမက အိမ်အကူ၊ အိမ်ဖော် ဆိုတဲ့ အများသုံးနေတဲ့ အသုံးအနှုန်းတွေအစား ''အိမ်တွင်းအလုပ်သမား'' ဆိုတဲ့ အသုံးအနှုန်းကို ပြောင်းလဲ ခေါ်တွင်လာကြဖို့အထိ ထိုင်းအခြေစိုက်ရွှေ့ပြောင်းအိမ်တွင်းအလုပ်သမားကွန်ရက်က ကြိုးပမ်းနေတယ်လို့ဆိုပါတယ်။
အခွင့်အရေးချိုးဖောက်ခံနေရဆဲ ထိုင်းရောက် မြန်မာအိမ်အကူတွေ
အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO)ရဲ့ ၂၀၂၀ ခုနှစ်အထိ အချက်အလက်အရ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအိမ်တွင်းအလုပ်သမား ၁၀၇,၃၅၇ ယောက်(၁ သိန်းကျော်)ရှိပြီး ဒီထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သားက အများစု ဖြစ်ပါတယ်။
လက်ရှိ မြန်မာပြည်တွင်းက စစ်ရေး၊ နိုင်ငံရေးအခြေအနေကြောင့် ထိုင်းကို လာရောက်အလုပ်လုပ်ကိုင်သူတွေပိုများလာလို့ မြန်မာအိမ်တွင်းအလုပ်သမားဦးရေက ဒီထက်များနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃ ခုလောက် ကာလတွေမှာ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်တာနဲ့ အလုပ်သမားအခွင့်အရေးတွေကို ချိုးဖောက်ခံရလို့ ဘဝလုံခြုံမှုကင်းမဲ့ခဲ့ရတဲ့ ထိုင်းရောက်အိမ်အကူအများအပြားရှိခဲ့တယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးဆောင်ရွက်သူ အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း(Labour Rights Foundation) က စည်းရုံးရေးတာဝန်ခံ ဦးဇော်က ပြောပါတယ်။
၂၀၀၅၊ ၂၀၀၆ ခုနှစ်လောက်မှာ ထိုင်းရောက်မြန်မာလုပ်သားတွေကို တရားဝင်အထောက်အထားတချို့ စထုတ်ပေးခဲ့ပေမဲ့ အိမ်ရှင်တွေက အလုပ်ထွက်ခွင့်မပေးဘဲ အထောက်အထားတွေကို သိမ်းယူထားတာ၊ လစာမပေးတာမျိုးတွေကိုလည်း ကြုံခဲ့ကြရတယ်လို့ ဦးဇော်က ဆက်ရှင်းပြပါတယ်။
'' အခုလက်ရှိမှာလည်း အိမ်အကူတွေက နားရက်မရှိသလောက်ဖြစ်နေပါသေးတယ်။ တချို့ဆိုရင် နားရက်က တစ်လမှ တစ်ရက်လောက်ရတာ။ တချို့ ဆိုရင် လုံးဝမရတာမျိုးဆက်ရှိနေပါသေးတယ်'' လို့ ဦးဇော်က ဆိုပါတယ်။
ထိုင်းက အိမ်တွင်းအလုပ်သမားအများစုဟာ အလုပ်ချိန်၊ လစာ၊နားရက်နဲ့ လူမှုဖူလုံရေးခံစားခွင့် အပြည့်အဝမရကြတာက လွန်ခဲ့တဲ့နှစ် ၃၀လောက်ကနဲ့ယှဉ်ရင် များများစားစား တိုးတက်လာတာမရှိသေးဘူးလို့ အလုပ်သမားကူညီပေးရေးအဖွဲ့တွေက ထောက်ပြပါတယ်။
အပြင်မထွက်ဘဲ အိမ်ထဲမှာပဲ မိုးလင်းမိုးချုပ် အိမ်အလုပ်အားလုံးကို နားချိန်မရှိဘဲအလုပ်ကြရတာကြောင့် ကျန်းမာရေးထိခိုက်လာကြတာ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်လာတာ၊ အထီးကျန်တာနဲ့လူ့အခွင့်အရေးချိုးဖောက်ခံရတာကို ရေရှည်ခံစားလာရနိုင်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ILO ကလည်းထောက်ပြထားပါတယ်။
မြန်မာအလုပ်သမားအရေးကူညီပေးနေတဲ့ မဲဆောက်၊ မဟာချိုင်နဲ့ ဘန်ကောက်က မြန်မာလုပ်သားအရေးဆောင်ရွက်ပေးတဲ့ အဖွဲ့ ၃ ဖွဲ့ ထက်မနည်းကတော့ အိမ်တွင်းအလုပ်သမားတွေဟာ တခြားလုပ်ငန်းခွင်လို လူအများနဲ့လုပ်ကြရတာမဟုတ်ဘဲ တစ်ဦးတည်းအလုပ်လုပ်ကြရတာဖြစ်လို့ သူတို့အခွင့်အရေးချိုးဖောက်ခံရတာကို တိုင်ကြားရမှန်း မသိတာလည်းရှိနေတယ်လို့ သုံးသပ်ကြပါတယ်။
"ကျွန်တော်တို့ဆီလာတိုင်ရင်တော့ ထိုင်းကအမျိုးသမီးရေးရာအဖွဲ့ဆီကိုလွှဲပေးပါတယ်။ ဒါပေမယ့် တခြားရွှေ့ပြောင်းအလုပ်သမားတွေလောက် အိမ်အလုပ်လုပ်တဲ့သူတွေက လာမတိုင်ကြဘူး။ ဒါကလည်း မတိုင်ရဲကြတာလား၊ တိုင်လို့ရမယ့်နေရာကိုမသိတာလားလို့ သံသယဖြစ်မိတယ်။"လို့ WAG အဖွဲ့က ကိုမုန်တိုင်းက ပြောပါတယ်။
နှစ် ၃၀ ကျော်နားရက်မရှိခဲ့သူ ဒေါ်ငွေ
အိမ်တွင်းအလုပ်သမားတွေရဲ့ အခွင့်အရေးကိုမသိဘဲ နှစ်ပေါင်းများစွာနားရက်မယူဘဲ အလုပ်လုပ်ခဲ့သူ တစ်ဦးကိုလည်း ဘီဘီစီက မေးမြန်းခွင့်ရခဲ့ပါတယ်။ သူကတော့ ထိုင်းမှာ အိမ်အကူ လုပ်သက် နှစ် ၃၀ ရှိလာတဲ့ မွန်ပြည်နယ်က ဒေါ်ငွေဖြစ်ပါတယ်။
ဒေါ်ငွေလည်း အသက် ၅၀ ကျော်ရှိလာပြီး သူလည်း ဒေါ်ကျန်ပါးနဲ့ မတိမ်းမယိမ်း ထိုင်းကိုရောက်လာခဲ့သူလို့ နားလည်ရပါတယ်။
မွေးရပ်ဒေသမှာ စားဝတ်နေရေးခက်ခဲလို့ ၁၉၉၄ ခုနှစ်လောက်မှာ မွန်ပြည်နယ်ကနေ ထိုင်းကို တရားမဝင်လမ်းကတဆင့် ဝင်လာခဲ့တဲ့ သူတစ်ဦးဖြစ်ပါတယ်။
ဆယ်ကျော်သက်အရွယ်မှာ ထိုင်းနိုင်ငံရဲ့ သတ်မှတ်အနိမ့်ဆုံးလုပ်ခလစာရဲ့ တဝက်လောက်နဲ့ အိမ်အကူဘဝကို သူစခဲ့ပါတယ်။
အခုချိန်မှာ ဘန်ကောက်မြို့ရဲ့အခြေခံလုပ်ခလစာကျော်ရုံ ပိုရလာပေမယ့် အလုပ်ချိန်ကတော့ မနက် ၄ နာရီလောက်ကစပြီး မအိပ်မချင်း ညသန်းခေါင်နီးတဲ့အထိ အိမ်အလုပ်တွေ လုပ်ရပါတယ်။
“နားရက်ကတော့ မဲဆောက်မှာ ဘတ် ၅၀၀နဲ့ လုပ်လာတဲ့ခေတ်ကနေ အခုထိမရဖူးတာပဲ။ ဒီအိမ်မှာလုပ်တာ ၁၅ နှစ် ရှိပြီ”လို့ ဒေါ်ငွေက ပြောပါတယ်။
မိသားစုအတွက် တိုင်းတပါးမှာရုန်းကန်ခဲ့တဲ့ ဒေါ်ငွေတစ်ယောက် သူ့မိဘနှစ်ပါးလုံး နာမကျန်းဖြစ်ဆုံးပါးချိန် မှာ အနားမရှိနိုင်ခဲ့လို့ ကျန်းမာရေးမကောင်းတဲ့အိမ်ရှင်ကို မိဘသဖွယ်သဘောထားပြီး နေ့ညမနား စောင့်ရှောက်ပေးခဲ့တယ်လို့ သူ့ခံယူချက်ကို ပြောပြပါတယ်။
ဒါပေမဲ့ အဲဒီအတွက် အချိန်ပိုကြေးခံစားခွင့်လည်းမရှိခဲ့ပါဘူး။ ဒါအပြင် နားရက်ယူဖို့ပြောရင် အလုပ်ရှင်ငြိုငြင်ပြီး အလုပ်လက်လွှတ်ရမှာကြောက်တဲ့စိတ်နဲ့ သူကိုယ်တိုင်မပြောခဲ့လို့ နားရက်လည်းမရှိခဲ့ဘူးလို့ ဒေါ်ငွေကပြောပြပါတယ်။
သူကမပြောခဲ့သလို အိမ်ရှင်ကလည်း နားရက်အနေနဲ့ ပေးတာမျိုးမရှိခဲ့ဘူးလို့ဆိုပါတယ်။
“စာချုပ်ချုပ်တုန်းကတော့ နားရက်ရှိတယ်လို့တော့သိပါတယ်။ အလုပ်ရှင်နဲ့တော့ ဘယ်နေ့နားမယ် ဆိုပြီး မပြောဖူးဘူး။ သူကတော့ ခွင့်ယူရင်ကြိုပြောလို့ပြောပေမယ့် အားနာတာနဲ့မပြောဖြစ်ဘူး။” လို့ ဒေါ်ငွေက ပြန်ပြောပြပါတယ်။
ကျန်းမာရေးမကောင်းတဲ့ အိမ်ရှင်/အလုပ်ရှင်ဆုံးသွားရင် မြန်မာနိုင်ငံပြန်တော့မယ်လို့တွေးထားခဲ့ပေမယ့် ဒေါ်ငွေပြန်ခွင့်မသာနိုင်သေးပါဘူး။
အလုပ်ရှင်ဆုံးတဲ့ ၂၀၂၄ ဖေဖော်ဝါရီလမှာပဲ မြန်မာနိုင်ငံက စစ်မှုမထမ်းမနေရ ဥပဒေကြောင့်မွန်ပြည်နယ်က ရွာမှာကျန်နေတဲ့ သူ့မိသားစုတောင် ထိုင်းဘက်ကိုရှောင်ဖို့ဖြစ်လာခဲ့ပါတယ်။
“အိမ်ကလူတောင် ဘယ်ချိန်ပြေးရမှန်းမသိတော့ ကိုယ်လည်းမပြန်ရဲတော့ဘူး။ နားချင်လွန်းလို့ ပြန်မယ်ဆိုလည်း မြဝတီလမ်းက တိုက်ပွဲရှိတော့ ဒီမှာနေတာကမှ အကောင်း ပြန်မှသေနေမယ်ဆိုပြီး မပြန်ရဲတာ”လို့ ဒေါ်ငွေက စိတ်ပျက်ဟန်နဲ့ ပြောပြပါတယ်။
ဒီတော့ အနားယူပြီး အသေးစားခွဲစိတ်ဖို့လိုတဲ့ သူ့ရဲ့ ကျန်းမာရေးပြဿနာနဲ့ အလုပ်ချိန်များလို့ စိတ်ကျန်းမာရေးပြဿနာရှိနေပေမယ့် နားရက်မရှိတဲ့အလုပ်မှာ ဆက်လုပ်နေရဆဲလို့ ဆိုပါတယ်။
ကွင်းစကွင်းပိတ်ထဲ သူတို့ထွက်လာနိုင်မလား
အိမ်တွင်းအလုပ်သမားတွေ အခက်အခဲတွေကြုံနေရပါတယ်ဆိုတဲ့အသံ အပြင်ထွက်လာဖို့က အခွင့်အရေးနည်းပါးတယ်လို့ ရွှေ့ပြောင်းအိမ်တွင်းအလုပ်သမားကွန်ရက်ရဲ့ ဥက္ကဋ္ဌ ဒေါ်ကျန်ပါးကပြောပါတယ်။
“အလုပ်ရှင်ရဲ့ကိုယ်ပိုင်အိမ်မှာ စက်ရုံထဲဝင်စစ်သလို ဌာနဆိုင်ရာဝင်စစ်လို့မရဘူး။ အလုပ်သမားကိုယ်တိုင်ကမှ မပြောရင် ပြဿနာတွေက အပြင်ထွက်မလာဘူးပေါ့။ အစိုးရက စိစစ်တာမရှိတော့ အလုပ်ရှင်တချို့က ဒီဥပဒေရှိပေမယ့် ဂရုမစိုက်ဘူး” လို့ ရွှေ့ပြောင်းအိမ်တွင်းအလုပ်သမားကွန်ရက်ရဲ့ ဥက္ကဋ္ဌ ဒေါ်ကျန်ပါးက လစ်ဟာနေတဲ့ အချက်တချို့ကိုထောက်ပြပါတယ်။
လက်ရှိ ဒေါ်ကျန်ပါးတို့ ကွန်ရက်မှာတော့ မြန်မာအိမ်တွင်းအလုပ်သမား ၄၀၂ ယောက်ပဲရှိသေးလို့ အဖွဲ့ဝင်အတော်လေး နည်းနေသေးတယ်လို့ ဆိုပါတယ်။
မြန်မာအိမ်တွင်းအလုပ်သမားအဖွဲ့အစည်းက ထိုင်းမှာ ဒီတစ်ခုလောက်သာရှိနေပြီး ကျန်တဲ့အဖွဲ့အစည်းအများစုက တခြားရွှေ့ပြောင်းအလုပ်သမားတွေကို အကူအညီပေးရေးအဖွဲ့တွေဖြစ်ပါတယ်။
ဒေါ်ကျန်ပါးက “ကွန်ရက်အဖွဲ့ဝင်တွေထဲမှာလည်း ခွင့်ရက်မရကြသေးတဲ့သူတွေ ရှိသေးတယ်။ အစိုးရပိုင်းကလည်း လူမှုဖူလုံရေးဥပဒေ အပိုဒ် ၃၃ ရပိုင်ခွင့်ကို ကွင်းစကွင်းပိတ်နဲ့ (အိမ်အကူအလုပ်သမားကလွဲရင်) လို့ ပြောထားတယ်။” လို့ ပြောပါတယ်။
၂၀၁၁ ခုနှစ် အိမ်တွင်းအလုပ်သမားကို အကာအကွယ်ပေးတဲ့ဥပဒေအရဆိုရင် အိမ်တွင်းအလုပ်သမားတစ်ယောက်ဟာ တစ်ပတ်ကို တစ်ရက်နားခွင့်၊ တစ်နှစ်ကို နွေရာသီအားလပ်ရက် ၆ ရက်နဲ့ အများပြည်သူရုံးပိတ်ရက် ၁၃ ရက်ကို ရပိုင်ခွင့်နားပိုင်ခွင့်ပေးထားပါတယ်။
လူမှုဖူလုံရေးဥပဒေ အပိုဒ် ၃၃ မှာ ခံစားခွင့် ၇ မျိုးဖြစ်တဲ့ အလုပ်ကြောင့်မဟုတ်တဲ့ ဖျားနာတာ ဒါမှမဟုတ် ထိခိုက်တာ၊ မသန်စွမ်းဖြစ်တာ၊ သေဆုံးတာ၊ ပင်စင်၊ ကလေးစရိတ်၊ အလုပ်ပြုတ်တာနဲ့ မီးဖွားတာတွေအတွက် ခံစားခွင့်တွေရှိတာပါ။
လူမှုဖူလုံရေးထောက်ပံ့ကြေးခံစားခွင့်တွေကို သတ်မှတ်နှုန်းအတိုင်းရနိုင်တာဖြစ်ပါတယ်။
မေလ ၁ရက်နေ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာတော့ ရွှေ့ပြောင်းအလုပ်သမားကွန်ရက်နဲ့ထိုင်း အိမ်တွင်းအလုပ်သမားအဖွဲ့တွေက ဒီခံစားခွင့်ရဖို့တောင်းဆိုခဲ့ကြပါတယ်။
ဇွန်လ ၁၆ ရက်နေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအိမ်တွင်းအလုပ်သမားနေ့မှာလည်း ဒီအချက်တွေကို ထိုင်းက ရွှေ့ပြောင်းအိမ်တွင်းအလုပ်သမားတွေတောင်းဆိုနေဆဲပါ။
"ကျွန်မတို့ ၁၀ ချက်တောင်းလို့ ၂ ချက်လောက် ရလာရင်လည်း ဒီ ၂ ချက်လောက်နဲ့ ကျွန်မတို့ စရမယ်။ ရကိုရရမယ့် ကျွန်မတို့ရပိုင်ခွင့်ဖြစ်လို့ အလုပ်ရှင်ကို အားနာစရာမလိုဘူးဆိုတာလည်း သူတို့ရပိုင်ခွင့်တွေကို သိအောင်ပြောပြရင်းနဲ့ ကျွန်မဆက်ပြောသွားမယ်"
နှစ် ၃၀အတွင်း တစ်ဝက်လောက်ပြည့်လာတဲ့ ထိုင်းက အိမ်တွင်းအလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ဆက်တောင်းဆိုဖို့ ဒေါ်ကျန်ပါးက တိုက်တွန်းနေမယ်လို့ဆိုပါတယ်။