ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လုပ်အားခအပြည့်မရ၊ နားရက်မရှိ၊ ထမင်းနပ်မမှန်တဲ့ ဒူဘိုင်းနဲ့ အိုမန်ရောက် မြန်မာအမျိုးသမီးတွေ
ကမ္ဘာ့အရှေ့အလယ်ပိုင်းနိုင်ငံတွေဖြစ်တဲ့ ဒူဘိုင်းနဲ့အိုမန်ရောက် မြန်မာအမျိုးသမီး အယောက် ၃၀ ဝန်းကျင်လောက်မှာ တူညီတဲ့စကားတစ်ခုက “ ကျမတို့ကို ထမင်းတစ်နပ်ပဲကျွေးတယ် “ ဆိုတဲ့စကားပါပဲ။
မြန်မာနိုင်ငံက လူငယ်အများစုဟာ အရင်တုန်းက မလေးရှား၊ ထိုင်း၊ စင်ကာပူ စတဲ့ နိုင်ငံတွေကို အလုပ်လုပ်ဖို့ သွားကြတာများပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံ အပြင်အရှေ့အလယ်ပိုင်းနိုင်ငံတွေကိုလည်း သွားကြတာပိုများလာပါတယ်။
အခုရက်ပိုင်းမှာတော့ အဲဒီ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ အိမ်အကူအလုပ်နဲ့ အလုပ်သွားလုပ်တဲ့ မြန်မာအမျိုးသမီးတွေဟာ ထမင်းနပ် မမှန်တာအပြင်၊ လိင်အကြမ်းဖက်ခံရတာ၊ အလုပ်ချိန်များတာ၊ လုပ်အားခလျှော့ခံရတာတွေကို ရင်ဆိုင်နေကြရတယ်လို့ ဘီဘီစီကိုဆက်သွယ်ပြောကြားလာကြပါတယ်။
Live လွှင့်တဲ့ အမျိုးသမီးတွေ ဘယ်ရောက်နေပါသလဲ
ဒူဘိုင်းမှာ ဒုက္ခရောက်နေတဲ့အကြောင်း Live လွှင့်ပြီးပြောခဲ့တဲ့ အမျိုးသမီး ၈ ယောက်ကို ပြီးခဲ့တဲ့ အပတ်ဩဂုတ်လ ၂၄ ရက်မှာ ဘီဘီစီနဲ့မေးမြန်းပြီး ဩဂုတ် ၂၇ မှာ ထုတ်လွှင့်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ ရဲလာဖမ်းတယ်ဆိုတဲ့ နောက်တစ်ကြိမ် Live လွှင့်အပြီးမှာ သူတို့တွေကို အဆက်သွယ်မရတော့ပါဘူး။
ဩဂုတ်လ ၂၈ ရက်မှာတော့ အာရပ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံ ဒူဘိုင်းမြို့မှာ ပိတ်မိနေတဲ့ မြန်မာအမျိုးသမီး ၈ ယောက်ကို သွားရောက်ကူညီပေးနေပြီလို့ ဆော်ဒီအာရေးဗျနိုင်ငံ ရီရိတ်မြို့မှာရှိတဲ့ မြန်မာသံရုံးက ထုတ်ပြန်လာပါတယ်။
လက်ရှိအချိန်မှာ သူတို့တွေကို အမျိုးသမီးစောင့်ရှောက်ရေးဂေဟာလို နေရာမျိုးမှာ ထားရှိပြီး စောင့်ရှောက်ထားသလို မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်လည်ထွက်ခွာနိုင်ဖို့အတွက် ညှိနှိုင်းရရှိတယ်လို့ ပြောပါတယ်။ ပွဲစားဆိုတဲ့ အမျိုးသမီးကိုလည်း ဖမ်းမိထားပြီး စစ်ဆေးမေးမြန်းနေသလို ယူအေအီးနိုင်ငံရဲ့ ဥပဒေကို ချိုးဖောက်တာ မရှိသူတွေကို ပြန်လွှတ်ပေးမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
End of ဒူဘိုင်းနဲ့အိုမန်မှာ အခက်ကြုံနေတဲ့မြန်မာတွေ
သူတို့ ၈ ယောက် ဘာတွေဖြစ်ခဲ့ကြသလဲ
ထိန်းသိမ်းရေးစခန်းမှာ ရောက်နေတဲ့ အမျိုးသမီး ၈ ယောက်ဟာ စစ်ကြောင်းထိုးခံနေရတဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် အပါဝင် တောင်ကြီး၊ ရန်ကုန်၊ ပဲခူး၊ ဇလွန် အစရှိတဲ့ မြို့နယ်တွေကပါ။
“ ဖယ်ခုံမှာက နေ့တိုင်း စစ်ကြောင်းထိုးတယ်။ အလုပ်တွေလည်း လုပ်လို့မရတော့ မိဘတွေက တစ်ယောက်နိုင်ငံခြားသွားရင် တစ်ယောက်အသက်ရှင်မယ်ဆိုပြီး လွှတ်လိုက်တာ၊ ကျမကလည်း မိဘတွေကိုကူညီချင်လို့၊ အရင်ကတော့ စင်ကာပူသွားဖို့ပါ။ စင်ကာပူက သုံးလလောက် စောင့်ရမယ်ဆိုလို့ ၊ ဒူဘိုင်းကျတော့ ၂ ပတ်ပဲ ကြာတယ်။ အဲ့ဒါနဲ့ရောက်လာကြတာ“လို့ ဖယ်ခုံမြို့က မကတ်သရင်းက ပြောပါတယ်။
ခင်ဦးမြို့က မရီဝေခိုင်ကလည်း “ စစ်သားတွေ ရောက်လာလို့ ထွက်ပြေးကြရတာ။ ကျမက ရန်ကုန်ကိုလာဖို့လည်း ကုန်ထားရတယ်။ ဒီမှာ အလုပ်လည်းမရဘူး။ အိမ်နဲ့လည်း အဆက်သွယ်မရဘူး။ တကယ်လို့ ပြန်လို့ရရင်တောင် လေယာဉ်လက်မှတ်ဖိုးမရှိဘူး“ လို့ ပြောပြပါတယ်။
သူတို့တွေ ဒူဘိုင်းလာဖို့အတွက် ကြိုတင်ငွေပေးရတာ မဟုတ်ဘဲ အလုပ်လုပ်ရင်း လုပ်အားခ ၃ လစာကို ဝန်ဆောင်ခကို ပေးကြရမှာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ငွေကြိုတင်မပေးရတဲ့ ယူအေအီးနိုင်ငံတွေကို ရွေးချယ်ခဲ့ကြတာပါ။
စစ်အာဏာ သိမ်းခံထားရတဲ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းမှာ အလုပ်ကိုင်ခွင့်လမ်းရှားပါးနေတဲ့ မြန်မာအမျိုးသမီးတွေဖြစ်တဲ့ သူတို့ တွေဟာ အိမ်ဖော်အလုပ်အနေနဲ့ ဒူဘိုင်းနိုင်ငံလေဆိပ်ကို ရောက်ရောက်ချင်းမှာပဲ ပွဲစားအမျိုးသမီးက ပတ်စပိုစ်စာအုပ်တွေနဲ့ Show Money အတွက် ယူလာတဲ့ငွေတွေကို သိမ်းလိုက်ပါတယ်။
ပြီးတော့ ဒူဘိုင်းအေးဂျင့်က လွှတ်လိုက်တဲ့ ကားနဲ့ အေးဂျင့်ရုံးကို ရောက်လာခဲ့ကြပါတယ်။ ရောက်တဲ့အချိန်ကစပြီး တံခါးတွေ ပိတ်ခံထားရပါတယ်။
“ ထမင်းကို ပဲဟင်းရေကျဲနဲ့ တစ်နပ်ပဲကျွေးတယ်။ အလုပ်လည်း မလုပ်ရဘူး။ ပြီးတော့ ဒီမှာအလုပ်ကမရှိဘူးတဲ့ အီရတ်ကိုပို့မယ်ဆိုတော့ ကျမတို့ မသွားနိုင်ဘူး၊ အီရတ်ဆိုတာလည်း မြန်မာလိုပဲ စစ်ဖြစ်နေတဲ့နိုင်ငံလေ။ ကျမတို့မသွားနိုင်ဘူးပြောတော့ လျော်ကြေး သိန်း ၁၀၀ ပေးတဲ့။ ပိုက်ဆံမရှိလို့ အနိမ့်ကျဆုံးအလုပ် အိမ်ဖော်အလုပ်လာလုပ်ပါတယ်ဆိုမှ ဘယ်မှာ ပေးစရာသိန်း ၁၀၀ ရှိမှာလဲ။ အဲ့ဒါနဲ့ ကျမတို့တွေ တံခါးဖျက်ပြီး ထွက်ပြေးဖို့ လုပ်ကြတာ“လို့ ရန်ကုန်မြို့ကနေ အိမ်ဖော်အလုပ်သွားလုပ်ရင်း ရင်ဆိုင်နေရတာကို မခိုင်မာလာက ပြောပြပါတယ်။
အဲ့ဒီနောက် သူတို့ ၈ ယောက်က တံခါးကိုသော့ဖျက်ပြီး ပြေးဖို့လုပ်နေတုန်း ဒူဘိုင်းအေးဂျင့်ကလူတွေရောက်လာပြီး ဝရုန်းသုန်းကား ဖြစ်ကုန်ကြပါတယ်။ သူတို့ ၈ ယောက်ဟာ သူတို့ကို ပိတ်ထားတဲ့ အိမ်ရှေ့အရောက်မှာ အေးဂျင့်ကလူတွေ ဝိုင်းဖမ်းတာခံရပါတယ်။
“ ကျမတို့ကို ဆံပင်တွေဆွဲတယ်။ လက်သည်းတွေနဲ့ကုတ်တယ်။ ယောက်ျားလေးတွေက အတင်းလိုက်ဆွဲတယ်။ အင်္ကျီတွေတောင်ပြဲတယ်။ ဖုန်းတွေကို ရိုက်ခွဲတယ်။ လမ်းလယ်ခေါင်မှာဖြစ်နေတာ ဘယ်သူမှ ဝင်မဆွဲရဲကြဘူး။ ကျမတို့က တခြားနိုင်ငံသားဖြစ်နေတာကိုး “ လို့ မခိုင်မာလာက သူတို့ဖြစ်ရပ်ကို ရှင်းပြပါတယ်။
အဲ့နောက် သူတို့တွေ ရဲစခန်းရောက်ပြီး ဖြစ်ကြောင်းကုန်စင်ပြောပြပြီး ပွဲစားအမျိုးသမီးကို တရားစွဲဖို့ တရားရုံးတွေအထိ ရောက်ခဲ့ကြပါတယ်။ အဲ့နောက်မှာတော့ သူတို့ထဲက ဖုန်းနှစ်လုံးကို ရောင်းပြီး ၁၅ ရက်အတွက် အိမ်ငှားနေခဲ့ကြပါတယ်။ အဲ့နောက်ပိုင်းမှာ သူတို့အကူညီရနိုင်ဖို့ ဆက်သွယ်လာခဲ့ကြတာပါ။
End of စစ်ကိုင်း ခင်ဦးအနှံ့က ထိုးစစ်တွေကြောင့် လူသောင်းချီ စစ်ရှောင်နေရ
End of ကယားပြည်နယ်ကို ဘယ်သူတွေအုပ်ချုပ်နေသလဲ
အေးဂျင့်ရုံးတွေမှာ အပိတ်ခံထားရသူတွေလည်းရှိပြီး အဆက်သွယ်ပြတ်နေ
သူတို့လိုပဲ ဒူဘိုင်းအေးဂျင့်ရုံးမှာ လက်ရှိအခန်းပိတ်ခံထားရတဲ့ မြန်မာအမျိုးသမီးတွေကလည်း ဆက်သွယ်လာကြပါတယ်။
ဒီအဖွဲ့ကတော့ မြန်မာအေးဂျင့်ကို ဝန်ဆောင်ခ ၁၅ သိန်းကနေ သိန်း ၂၀ အထိ ပေးပြီးလာခဲ့ကြရတာလို့ပြောကြပါတယ်။
“ သမီးတို့ကို စခေါ်တုန်းက မြန်မာအေးဂျင့်က အလုပ်တန်းရမယ်။ လစာကို မြန်မာငွေ ၈ သိန်းလောက်ရမယ်ပြောတယ်။ အခုထိ အလုပ်မရသေးဘဲ အခန်းထဲထည့်ထားတယ်။ ပြန်ပို့ဆိုတော့ သိန်း ၆၀ လျော်ကြေးတောင်းတယ်။ ထမင်းလည်း မစားရတစ်ရက် စားရတစ်ရက်နဲ့ ၊ ရေကို အိမ်သာထဲက ဘေလ်စင်ထဲကရေကိုပဲ သောက်ရတယ်။ “လို့ ဒူဘိုင်းမြို့ရဲ့အေးဂျင့်ရုံးမှာ ပိတ်လှောင်ခံထားရတဲ့ မသွန်းသီရိက ပြောလာတာပါ။
တချို့မိဘတွေက သမီးတွေရဲ့ အဖြစ်ကြောင့် မရှိရှိတာကနေ သူတို့တောင်းတဲ့ လျော်ကြေးငွေတွေကို ကြံဖန်ရှာဖွေပြီး ပေးပြီးပေမဲ့လည်း ပြန်လို့မရကြသေးဘူးလို့လည်း ပြောပါတယ်။
ဘီဘီစီကို ဩဂုတ် ၂၆ ရက်က ဘိုက်ဘာကနေစာပို့ဆက်သွယ်ပြောလာတာဖြစ်ပြီး နောက်ရက်မှာတော့
“ ညီမဖုန်းခိုးသုံးတာကို အမှတ်တမဲ့ဝင်လာပြီး ဖုန်းလုသွားတယ်။ ကျမကို စောင့်တွန်းပြီး ဆဲသွားတယ်။ နောက်တစ်ခေါက်ထပ်လာပြီး လက်ပြင်ကို ရိုက်သွားတယ်။ အခုကျမတို့ ဖုန်းတွေကိုသိမ်းထားတာ၊ အခုက ကျမဖုန်းမဟုတ်ဘူး။ ဒီဖုန်းတောင်မှပဲ ဖွက်ပြီး အိမ်သာထဲသုံးနေရတာပါ “ လို့ ပြောပြီးနောက်ပိုင်းကနေ အခုချိန်အထိ အဆက်သွယ်မရတော့ပါဘူး။
အိုမန်မှာ လက်ရှိအိမ်ဖော်လုပ်နေတဲ့ နန့်သန်းသန်းဝင်းအပါဝင် မြန်မာအမျိုးသမီး ၇ ယောက်ကလည်း အခက်ခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
သူတို့ကို ဒူဘိုင်းမှာအလုပ်လုပ်ရမယ်ဆိုပြီးနောက် အိုမန်နိုင်ငံကို အပို့ခံလိုက်ရတာပါ။
“ သမီးနေမကောင်းဘူး။ ကျန်းမာရေးက အရင်လိုမဟုတ်ဘူးပြောတော့ အိုမန်ရုံးမှာလည်း ညီမတို့ကို တစ်ခါတလေ ထမင်းတောင်မကျွှေးဘူး။ အိမ်ရှင်အိမ်မှာ အဆင်မပြေလို့ ပြန်လာတော့ အခန်းပိတ်ထားပြီး ဖုန်းတွေသိမ်းထားကြတယ်။ ညီမတို့ အိုမန်မှာ ဆက်မလုပ်ရင်၊ မလုပ်နိုင်ရင် ညီမတို့ကို အဆက်သွယ်မရတဲ့ နေရာကိုပို့မယ့်လို့ ခြိမ်းခြောက်ထားတယ်။ ကူညီပါဦး ၊ အနူးညွတ်တောင်းပန်ပါတယ် “လို့ ဆက်သွယ်ပြောလာတာပါ။
အိမ်ရှင်တွေရဲ့ လိင်အကြမ်းဖက်ခံကြရတာတွေလည်းရှိ
အလုပ်မရသူတွေလည်း အကျပ်တည်းဖြစ်နေရုံသာမက အိမ်ရှင်ခေါ်လို့ အလုပ်ရသူတွေ ရင်ဆိုင်နေရတဲ့ ပြဿနာထဲမှာ လိင်အကြမ်းဖက်ခံရတာတွေပါပဲ။
ကချင်ပြည်နယ်၊ ပူတာအိုမြို့ကနေ ဒူဘိုင်းကို အိမ်ဖော်အလုပ်နဲ့ ရောက်နေတဲ့ ခေါ်ကွဲနင်ဆာရ်း ဆိုတဲ့ အသက် ၁၉ နှစ်အရွယ် ကချင်တိုင်းရင်းသူတစ်ယောက်ဟာ ဒူဘိုင်းအေးဂျင့်ရုံးမှာ ရှိနေတုန်း ည ၁၀ နာရီလောက်မှာ အိမ်ရှင်အမျိုးသားတစ်ယောက် လာခေါ်ခဲ့ပါတယ်။
သူ့ကို အိမ်ကိုမခေါ်ဘဲ ဟိုတယ်ကို ခေါ်သွားတယ်လို့ သူက ပြောပါတယ်။
“သူက ကားနဲ့အရင် ဟိုတယ်နားကိုပတ်နေတယ်။ သူက ဒီမှာတည်းတာတဲ့ ။ ပြီးတော့ ဟိုတယ်ကိုခေါ်သွားပြီး ဒီမှာနေရမယ်လို့ပြောတယ်။ အဲ့မှာ ကျမကို ဟိုကိုင်ဒီကိုင်လုပ်တော့ ကျမလည်း တတ်တဲ့စကားနဲ့ ငြင်းပြီး အေးဂျင့်ရုံးကို ပြန်ပို့ပေးဖို့ပြောတယ်။ ကျမအတင်းငြင်းနေတော့ သူက ပြန်ပို့ပေးတယ် ”
အဲ့ဒီ အိမ်ရှင်ဆီမှာ အလုပ်မလုပ်နိုင်တဲ့အကြောင်း အေးဂျင့်ကို ပြောပြတဲ့အခါ သူ့ကို အိုမန်ကို ပို့ပါတယ်။ အဲ့ဒီမှာလည်း အဓမ္မပြုကျင့်ဖို့ ကြိုးစားခံရပြန်ပါတယ်။
“ အိုမန်ကနေ အိမ်ရှင်ရဲ့ယာဉ်မောင်းက လာခေါ်တယ်။ အိမ်ရောက်တော့ အိမ်ရှင်အမျိုးသားက ခရီးသွားနေတာ။ မဒမ်က ကလေးတွေကို ကျောင်းသွားကြိုတယ်။ အဲ့ကားမောင်းသမားက မီးဖိုချောင်ထဲမှာ ပစ္စည်းတွေလိုနေတယ်၊ လာကြည့်ဦးလို့ပြောလို့သွားကြည့်တော့ သူက တံခါးကို ပိတ်လိုက်တယ်။ ကျမကို အတင်းဆွဲတယ်။ ကျမလည်း တော်တော်ရုန်းပြီး ထွက်ပြေးလာရတယ်“
နောက်ရက်မှာ အိမ်ရှင်ကို ဒီအဖြစ်ပျက်ကို တိုင်ဖို့ ပြင်ချိန်မှာတော့ အဲ့ဒီကားသမားက အလုပ်ထွက်သွားပြီလို့ပြောပါတယ်။
သူ့လိုပဲ အိမ်ဖော်အလုပ်သွားလုပ်ရတဲ့ မြန်မာအမျိုးသမီးတချို့လည်း လိင်အကြမ်းဖက်ခံရတာတွေ ရှိနေတာကို ပြောပြကြတာတွေရှိပါတယ်။
လုပ်အားခအပြည့်မရ၊ နားရက်မရှိတဲ့ဒူဘိုင်းရောက် မြန်မာအိမ်ဖော်
ပွဲစားတွေရဲ့ စကားအရ ဒူဘိုင်းငွေ ဒါဟမ် AED 1500 မြန်မာငွေ ၈ သိန်းကျော်ရမယ်၊ အင်္ဂလိပ်စကားလည်း ကျွမ်းကျင်စရာမလို၊ နေထိုင်စားသောက်ဖို့ ပူပင်စရာမလိုဘူးဆိုတဲ့ စကားတွေနဲ့ မြန်မာအမျိုးသမီးတွေ သွားခဲ့ကြတာပါ။
တကယ့်လက်တွေ့မှာတော့ ဒူဘိုင်းအေးဂျင့်က AED ၁၂၀၀ သာပေးမယ်ပြောပြီး အိမ်ရှင်ဆီရောက်တဲ့အခါ ၁၀၀၀ ပဲ ရမယ်ဆိုပြီး အပြောင်းလဲ ဖြစ်သွားပါတယ်။
မနက် ၄ နာရီခွဲ ၅ နာရီလောက်မှ ထရပြီး ည ၁၁ နာရီအထိ အိမ်ရှင်တွေက အိပ်ဖို့မပြောမချင်း မအိပ်ကြရပါဘူး။
ဒူဘိုင်းနဲ့ အိုမန်နိုင်ငံအစပ်မှာ အိမ်ဖော်လုပ်နေရတဲ့ မခင်စန္ဒာထွေးက “ ရာသီဥတုက အရမ်းပူတယ်။ ထမင်းဟင်းတွေကို အပြင်ထွက်ချက်ရတယ်။ ထမင်းလည်း တစ်နပ်ပဲကျွေးတာ။ ကြက်တွေ၊ ဝက်တွေလည်းမွေးထားတော့ အစာတွေလုပ်ရ ကျွေးရတယ်။ ခြေထောက်တွေဆို မထောက်နိုင်ဘူး၊ သူဌေးက လုံးဝမကောင်းဘူး။ အရမ်းခိုင်းတယ်။ ပြန်မယ်ပြောတော့ ဗီဇာသက်တမ်းတိုးပေးထားတာတွေရှိလို့ ပြန်လျော်ခိုင်းတယ်။ အိမ်ရှင်ကလာခေါ်တုန်းက အေးဂျင့်နဲ့ အိမ်ရှင် စာချုပ်ချုပ်တယ်။ စာချုပ်ထဲမှာ ဘာတွေပါလဲ ကျမမသိရဘူး။ အေးဂျင့်ဆီကို ပြန်ရောက်ရင်လည်း အီရတ်ဘက်ကို ပို့မယ်ပြောတော့ မပြန်ရဲဘူး။ မြန်မာပြည်ပဲ ပြန်ချင်တယ်“ လို့ ငိုသံနဲ့ပြောလာပါတယ်။
အိုမန်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ မခိုင်သဇင်မြင့်ကလည်း “ နေမကောင်းရင်တောင် ဆေးခန်းမပြပေးဘူး။ အိမ်ရှင်သားကလည်း ညဘက်ဆို တံခါးလာခေါက်လိုက်၊ ဖွင့်လိုက်နဲ့ သူ့မိဘတွေလစ်ရင် လစ်သလို အနားလာလာကပ်လို့ ရှောင်နေရတာ။ အန္တရာယ်နဲ့ နေနေရတယ်“ လို့ ပြောပါတယ်။
ကချင်တိုင်းရင်းသူ ခေါ်ကွဲနင်ဆာရ်းကလည်း လက်ရှိအိမ်ရှင်ဆီမှာ အလုပ်လုပ်တာ ၂ လပြည့်ပြီဖြစ်ပေမဲ့ လုပ်အားခ တစ်လစာပဲရပါတယ်။
“ သူဌေးမက အလုပ်မရှိလည်း မနားခိုင်းဘူး။ ထမင်းလည်း တစ်နပ်ပဲကျွေးတယ်။ ပတ်စပိုစ်လည်းယူထားတယ်။ ထမင်းလည်း ကောင်းကောင်းမစားရ၊ ကောင်းကောင်းမအိပ်ရဘူး။ လုပ်ခကလည်း ပွဲစားပြောတော့ ၁၃၀၀ ၊ အိမ်ရှင်ပေးတော့ ၁၀၀၀ တည်း၊ အဲ့ဒါတောင် ဗီဇာလုပ်ပေးထားလို့ဆိုပြီး တစ်လစာမပေးဘူး။ “ လို့ ပြောပါတယ်။
အီရတ်ကိုရောက်သွားတဲ့ မြန်မာအိမ်ဖော်
အီရတ်နိုင်ငံ ဘက္ကဒက်မြို့ကို ရောက်နေတဲ့ မြန်မာအမျိုးသမီးတစ်ယောက်ကတော့ လက်ရှိအိမ်ရှင်က ပြောဆိုဆက်ဆံရတာ အဆင်ပြေပေမဲ့ ဒေါ်လာ ၄၀၀ ရမယ်ဆိုပြီး ၃၅၀ သာရတဲ့အကြောင်း၊ မနက် ၈ နာရီကနေ ည ၁၂ နာရီအထိ အလုပ်လုပ်ရပြီး နားချိန်နည်းတဲ့အတွက် အရမ်းပင်ပန်းနေတယ်လို့ ပြောပါတယ်။
“ ပြန်လို့လည်းမရဘူး၊ စာအုပ်ကိုရုံးက သိမ်းထားတယ်။ မပေးဘူး။ လေဆိပ်ရောက်တာနဲ့သူတို့က သိမ်းထားတာ။ နှစ်နှစ်ပြည့်အောင်လုပ်ရမယ်။ မပြည့်ဘဲပြန်ရင် ၃ လ ရုံးမှာ အလုပ်လုပ်ပေးရမယ်။ လျော်ပေးရမယ်တဲ့ ။ စည်းကမ်းတွေအများကြီးပဲ ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ တအားဆုံးရှုံးတယ်။ အခု ညီမပြောပြတာတွေကို ညီမပုံတွေ မပါစေချင်ဘူး၊ မြန်မာအေးဂျင့်သိရင် သူတို့ကိုအရှက်ခွဲတယ်ဆိုပြီး ပြန်လို့မရအောင် လုပ်လိမ့်မယ်။“လို့ ဆက်သွယ်ပြောပြလာတာပါ။
အိမ်အပြန်အတွက် ကူညီကြဖို့နဲ့ နောက်ထပ်မလာကြဖို့ ကာယကံရှင်တွေပြော
လက်ရှိလည်း ဖေ့ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်မှာလည်း ဒူဘိုင်းနဲ့ အိုမန်နိုင်ငံတွေမှာ အိမ်အကူလုပ်မယ့် အမျိုးသမီးတွေလိုအပ်တဲ့အကြောင်း၊ အသက် ၂၀ ကနေ ၃၆ နှစ်အထိ ၊အကြွေးစနစ်လည်းရသလို ၊လက်ငင်းပေးလည်းရတဲ့အကြောင်း၊ အကြွေးစနစ်ဆိုရင်တော့ ၂ လပြတ်ဖြစ်တယ်လို့ အလုပ်ခေါ်နေတဲ့သူတွေလည်းရှိပါတယ်။
စက်ရုံအလုပ်ရုံတွေပိတ်သိမ်းတာ၊ အလုပ်ကိုင်ခွင့်လမ်းတွေရှားလာတာ၊ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာနဲ့အမျှ အိမ်အသုံးစရိတ်တွေ လိုအပ်လာတဲ့ လူငယ်တွေကလည်း ပြည်ပမှာအလုပ်သွားလုပ်ဖို့ ကြိုးစားနေကြပါတယ်။
ဒါပေမဲ့ အိုမန်နဲ့ ဒူဘိုင်းရောက် မြန်မာနိုင်ငံသား အိမ်ဖော်တွေ ပြောပြတာကတော့ မလာကြဖို့ပါ။
ကချင်တိုင်းရင်းသူ ခေါ်ကွဲနင်ဆာရ်းက “ကျမတို့ကိုလည်း အိမ်ပြန်နိုင်ဖို့ ကူညီပေးကြပါ။ နောက်ထပ်လူတွေလည်းမလာကြပါနဲ့၊ အရင်ရောက်တဲ့သူတွေ ပြောတာကို မယုံလို့ လာမိတာ။ သူဌေးတွေကလည်း မကောင်းဘူး။ သူဌေးယောက်ကျားတွေကလည်း ...အယ်.. အယ်.. သူဌေးမလာလို့ ဒါပဲနော် “ လို့ ပြောပြီး ဖုန်းကျသွားပါတယ်။
(ဒူဘိုင်းကို မြန်မာအမျိုးသမီးတွေ အိမ်ဖော်အဖြစ်ခေါ်ယူခဲ့တယ်ဆိုတဲ့ မြန်မာအေးဂျင်နဲ့ ရော ဒူဘိုင်းကအေးဂျင့်နဲ့ပါ ဒီအမျိုးသမီးငယ်တွေရဲ့ပြောဆိုမှုနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ ဘီဘီစီက ကြိုးစားနေဆဲဖြစ်ပါတယ်။)