ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဓာတုကန်ထဲပြုတ်ကျသေဆုံးခဲ့တဲ့ ထိုင်းရောက် မြန်မာလုပ်သားနှစ်ဦး
“အဖေနဲ့ နောက်ဆုံး ဗွီဒီယိုကောမှာ ပြောခဲ့တုန်းက သူက သမီးတို့ကို ကျန်းမာရေး ဂရုစိုက်ဖို့ အထပ်ထပ်မှာတယ်။ သမီးနဲ့ မောင်လေးကို မွေးနေ့မှာ လက်ဆောင်ပေးဖို့ကို အမေ့ကို မှာခဲ့တယ်” လို့ ထိုင်းနိုင်ငံ က ဓာတုစက်ရုံမှာ အလုပ်လုပ်ရင်း ဓာတုကန်ထဲ ပြုတ်ကျ သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမား ဦးမင်းအောင်ရဲ့ သမီးဖြစ်သူ မမေသူခိုင်က ပြောရင်း ငိုရှိုက်နေပါတယ်။
အောက်တိုဘာ ၂၆ ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ ၈ နာရီဝန်းကျင်အကြာ ကားမောင်းသွားရတဲ့ ကဘင်ဘူရီခရိုင်၊ ပရာချင်ဘူရီမြို့နယ်ထဲက ဘိုတွန်စက်မှုဇုန်ထဲမှာရှိတဲ့ ဓာတုစက်ရုံမှာ လုပ်ငန်းခွင်မတော်တဆဖြစ်မှုမှာ မြန်မာနိုင်ငံသား လုပ်သား ၂ ဦး အသက်ဆုံးပါးခဲ့တဲ့အထဲ ဦးမင်းအောင် ပါဝင်ခဲ့ပါတယ်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့သား အသက် ၄၁ နှစ်အရွယ် ဦးမင်းအောင်ဟာ ထိုင်း-မြန်မာ အစိုးရချင်း နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MOU)စနစ်နဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ကမှ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခဲ့တာပါ။
ဦးမင်းအောင်နဲ့အတူ အသက် ၃၆ နှစ်အရွယ် ဦးသက်ဝေလည်း သေဆုံးခဲ့ပါတယ်။
ဦးမင်းအောင်မှာ ဇနီး၊ အသက် ၁၉ နှစ်အရွယ် သမီးတစ်ယောက်နဲ့ အသက် ၆ နှစ်အရွယ် သားတစ်ယောက် ကျန်ခဲ့ပြီး ဦးသက်ဝေမှာ ဇနီးနဲ့ အသက် သုံးနှစ်ဝန်းကျင် သားလေးတစ်ယောက် ကျန်ခဲ့ပါတယ်။
သူတို့နှစ်ယောက်ဟာ မိသားစုတွေအတွက် ရည်မှန်းချက်တွေအပြည့်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ရင်း မြန်မာနိုင်ငံက မိသားစုတွေဆီ ပြန်မလာနိုင်တော့ပါဘူး။
“ဖေဖေ့သတင်းကို အခုချိန်အထိ မယုံနိုင်သေးဘူး”လို့ ဦးမင်းအောင်ရဲ့ သမီးဖြစ်သူက ဘီဘီစီကို ပြောပါတယ်။
မမျှော်လင့်ခဲ့ကြတဲ့ အောက်တိုဘာ ၂၆ ဖြစ်ရပ်ဆိုး
ပရာချင်ဘူရီမြို့နယ်၊ ဘိုတွန်မှုဇုန်ထဲက တရုတ်နိုင်ငံသားပိုင် Xiao Xiang Non- Ferrous Metal Company Limited မှာတော့ ဦးမင်းအောင်နဲ့ ဦးသက်ဝေအပါဝင် အလုပ်သမားတွေဟာ ပုံမှန်လုပ်နေကြအတိုင်း မနက် ၉ နာရီမှာ အလုပ်စဝင်ခဲ့ကြပါတယ်။
အဲဒီအချိန်မှာပဲ ဓာတုကန်ထဲကနေ ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး ဓာတုကန်ပေါ်မှာ ဖုံးထားတဲ့ လက်သုံးလုံး ထုထည်ရှိတဲ့ ကွန်ကရစ်တွေပါ မြောက်တက်သွားပြီး ကန်ထဲကို သူတို့နှစ်ယောက်လုံး ပြန်ကျသွားပါတယ်။
“ဆိုးတာက ပြန်ကျတဲ့အချိန်မှာ ကိုသက်ဝေက ကန်ထဲမှာ ဒလက်ရှိတယ်၊ အဲဒီဒလက်နဲ့ နောက်စေ့နဲ့ရိုက်ပြီး အောက်ကိုတခါတည်းကျသွားပြီးမြုပ်သွားတယ်။ ကိုမင်းအောင်ကကျတော့ သတိကောင်းတော့ နဖူးကို ဒလက်နဲ့ထိပြီး ဒလက်ကို ဆွဲထားနိုင်တယ်။ သူက မြုပ်မသွားဘူး။ သူ့ကို ကယ်ပြီးတော့ ဆေးရုံပို့ပေးပေမဲ့ လမ်းမှာတင် ဆုံးသွားတယ်” လို့ ကိုသက်ဝေရဲ့ မိသားစုဝင်တစ်ယောက်က စက်ရုံဘက်ကနေ သိရတဲ့အခြေအနေကို ဘီဘီစီကိုပြောပါတယ်။
ပေါက်ကွဲသံတွေနဲ့အတူ သူတို့နှစ်ယောက်လုံး ဓာတုဆေးရည် အပူတွေထဲမှာ “ကယ်ကြပါဦး”လို့ အော်နေခဲ့ပေမဲ့ စက်ရုံတစ်ခုလုံး မှောင်ပိန်းနေတာကြောင့် ချက်ချင်း မကယ်ဆယ်နိုင်ခဲ့ဘူးလို့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ထိုင်းအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရတော့ ဓာတုပစ္စည်းတွေ ရောစပ်တဲ့ တိုင်ကီပေါက်ကွဲတာဟာ ရောစပ်ရတဲ့ဓာတ်ပစ္စည်းကို လိုတာထက်ပိုပြီး ပေါင်းထည့်ခဲ့တာကြောင့်လို့ ဖော်ပြထားပါတယ်။
အဲဒီစက်ရုံမှာ အလုပ်သမား နှစ်ရာကျော်ရှိပြီး မြန်မာနိုင်ငံသား ၁၄၀ နီးပါးရှိသလို ဓာတုတိုင်ကီပေါက်ကွဲတာကြောင့် မြန်မာနိုင်ငံသားနှစ်ယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရခဲ့ပါတယ်။
စက်ရုံလုပ်သားတစ်ဦးကတော့ ဓာတုပစ္စည်းတွေကနေ တင့်သတ္တုအရည်ပျော်တဲ့ ဒလက်ပါ ဘွိုင်လာအိုး ပေါက်ကွဲမှုမှာ ဒဏ်ရာရသူတွေကို အတတ်နိုင်ဆုံးကယ်ခဲ့ပေမဲ့ အသက်ပြန်မရခဲ့ဘူးလို့ လူမှုကွန်ရက်ပေါ်မှာ ဝမ်းနည်းကြောင်းရေးသားပါတယ်။
ထိုင်းသတင်းတွေမှာတော့ ဒီစက်ရုံပေါက်ကွဲမှုကြောင့် ဘိုတွန်နယ်မြေပိုင်အုပ်ချုပ်ရေးအဖွဲ့ဟာ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ စက်ရုံ ပတ်ဝန်းကျင်အနီးနားကို မသွားဖို့ အကြံပြုထားပြီး စက်ရုံကိုလည်း လည်ပတ်မှု ရပ်ဆိုင်းဖို့ အကြံပြုထားတယ်လို့ ဆိုပါတယ်။
သမီးကို ဂျပန်ပို့၊ သားကိုရှင်ပြုပေးဖို့ ရည်မှန်းချက်တွေနဲ့ ဦးမင်းအောင်
MOU အရ ဓာတုစက်ရုံနဲ့ ၂ နှစ်လုပ်ကိုင်ရမယ်လို့ စာချုပ်ချုပ်ထားရတဲ့အတွက် အန္တရာယ်များမှန်း သိပေမဲ့လည်း သည်းခံပြီးလုပ်ကိုင်နေခဲ့တယ်လို့ ဖခင်ဖြစ်သူ ဦးမင်းအောင်ရဲ့ ဆုံးဖြတ်ချက်ကို သမီးဖြစ်သူက ပြန်ပြောပြပါတယ်။
ဦးမင်းအောင် ထိုင်းကို မသွားခင်က သကြားစက်ရုံတစ်ရုံမှာ အလုပ်လုပ်ခဲ့ပေမဲ့ တစ်လကို လစာ နှစ်သိန်းဝန်းကျင်နဲ့ မိသားစု စားဝတ်နေရေး မလုံလောက်တာ၊ သမီးဖြစ်သူ ဂျပန်ဘာသာစကား သင်ယူပြီး ဂျပန်နိုင်ငံကို သွားဖို့ ပြင်ဆင်နေတာတွေအတွက် မပူမပင် ထောက်ပံ့ချင်တာကြောင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ ထွက်သွားခဲ့တာပါ။
“ဖေဖေက မောင်လေးကို ရှင်ပြုပေးချင်တယ်၊ သမီးကိုလည်း ဂျပန်ပို့ပေးချင်လို့ ကျန်းမာရေးနဲ့ မညီညွတ်မှန်း သိပေမဲ့ သူဆက်လုပ်နေတယ်။ အလုပ်က အန္တရာယ်များတယ်လို့တော့ ပြောပြတယ်။ ဘယ်လောက်အန္တရာယ်များတယ်ဆိုတာတော့ သမီးတို့ကို မပြောဘူး”လို့ သမီးဖြစ်သူက ပြောပါတယ်။
ထိုင်းလာဖို့ ယူခဲ့တဲ့ အကြွေးတွေကိုလည်း အကုန်ဆပ်ပြီးသလို လတိုင်းလည်း မိသားစုကို အသုံးစရိတ် ပုံမှန်ပို့ပေးနေခဲ့ပါတယ်။
ဦးမင်းအောင်ဟာ ထိုင်းရောက်တဲ့ တစ်နှစ်နီးပါး ကာလပတ်လုံး အလုပ်လုပ်နေချိန်၊ အိပ်နေချိန် စတဲ့ မအားလပ်တဲ့အချိန်ကလွဲလို့ ကျန်တဲ့အချိန်တော်တော်များများကို မိသားစုကို Video Call ခေါ်ပြီး စကားပြောနေကျပါ။
သူမတော်တဆဖြစ်ပြီး မဆုံးခင် ညအထိကို မိသားစုတွေနဲ့ စကားပြောနေခဲ့ပါတယ်။
“သမီးမွေးနေ့ကျရင် သမီးကို ဆွဲပြားလေးလုပ်ပေးဖို့တဲ့၊ မောင်လေးမွေးနေ့ကျရင်တော့ စက်ဘီးဝယ်ပေးဖို့ဆိုပြီး အမေ့ကို မှာနေတာ”လို့ သူက ပြောပါတယ်။
သူဖြစ်စေချင်တဲ့ ရည်မှန်းချက်တွေ မပြည့်ဝခင်၊ ထိုင်းရောက်ပြီး တစ်နှစ်ပြည့်လုနီးမှာပဲ မိသားစုကို အပြီးအပိုင် နုတ်ဆက်သွားတာကို မိသားစုဝင်တွေ လက်ခံနိုင်ဖို့ ခဲယဉ်းနေကြပါတယ်။
“ဖေဖေပြန်လာရင် မောင်လေးကို ရှင်ပြုပေးဖို့ တိုင်ပင်ထားကြတာ၊ အခုအဖေ့သတင်းကိုကြားကြားချင်း မယုံနိုင်ဘူး၊ အဖေဆုံးသွားတဲ့ ဓာတ်ပုံကို မမြင်ရရင် ယုံနိုင်မှာမဟုတ်ဘူး။ သမီးတို့မှာ နိုင်ငံကူးလက်မှတ်လည်း မရှိဘူး။ အဖေ့နာရေးကိစ္စတွေကိုလည်း အဖေရှိတဲ့နေရာမှာ လိုက်မလုပ်ပေးနိုင်ဘူး”လို့ အသက် ၁၉ နှစ်အရွယ် သမီးဖြစ်သူက ပြောပါတယ်။
အောက်တိုဘာ ၂၈ ရက်မှာတော့ ဖခင်ဖြစ်သူသင်္ဂြိုဟ်တာကို Video Call နဲ့သာ လိုက်ပါပို့ဆောင်ခွင့် ရခဲ့ကြပါတယ်။
နိုဝင်ဘာဆိုရင် ဦးမင်းအောင် ထိုင်းမှာ အလုပ်လုပ်တာ တစ်နှစ်ပြည့်ပြီဖြစ်ပါတယ်။
အကြွေးတွေဆပ်ဖို့ ထိုင်းရောက်ခဲ့တဲ့ ကိုသက်ဝေ
မောင်နှမ ၇ ယောက်ထဲမှာ အငယ်ဆုံးဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် ကိုသက်ဝေကလည်း ထိုင်းရောက်တာ ၉ လဝန်းကျင်သာ ရှိပါသေးတယ်။
ထိုင်းကို မလာခင် ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်က မလေးရှားမှာ အလုပ်သွားလုပ်ခဲ့ပြီး အလုပ်အဆင်မပြေလို့ မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ ဒုတိယအကြိမ် မလေးရှားကို သွားခဲ့ပြီး အလုပ်တွေအဆင်ပြေတာကြောင့် အရင်းအနှီးတချို့ နဲ့ သူ့မွေးရပ်ဇာတိ မွန်ပြည်နယ်၊ ဘီးလင်းမြို့ကို ပြန်လာခဲ့ပါတယ်။
အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ အလုပ်အကိုင်တွေ အဆင်မပြေတာ၊ အရှုံးပေါ်တာတွေကြောင့် ချေးငွေတွေ ယူခဲ့ရတာကြောင့် အကြွေးတွေပြန်ဆပ်ဖို့နဲ့ မိသားစု အဆင်ပြေဖို့အတွက် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ရင်း အခုလို ဖြစ်ခဲ့တာပါ။
“သူက အရမ်းသည်းခံတတ်တယ်၊ အနစ်နာခံတယ်၊ စက်ရုံကလူတွေနဲ့ဆိုလည်း အကုန်တည့်တယ်။ လူချစ်လူခင်များတယ်”လို့ သူ့ရဲ့ မိသားစုဝင်တစ်ယောက်က ပြောပါတယ်။
ဓာတုကန်ထဲပြုတ်ကျသေဆုံးသွားပြီး နောက်ရက် ပြန်ဆယ်ထုတ်လာချိန်မှာတော့ “နောက်စေ့အပေါ်ပိုင်း လက်တစ်မိုက်လောက်ကွဲသွားတယ်။ အရေပြားတွေလည်း ကွာပြီး သွေးစတွေတောင် ပေါ်နေတယ်”လို့ ကိုသက်ဝေရဲ့ အခြေအနေကို ပြောပြပါတယ်။
သေဆုံးသူတွေအတွက် လျော်ကြေးတွေ
ထိုင်းနိုင်ငံမှာ လုပ်ငန်းခွင်အတွင်း မတော်တဆ သေဆုံးရင် သင်္ဂြိုဟ်စရိတ် ဘတ် ၄ သောင်းကနေ ၅ သောင်းအထိ ရနိုင်ပြီး လျော်ကြေးငွေကိုလည်း လုပ်သက်နဲ့ လူမှုဖူလုံရေးအလိုက် ရနိုင်တယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
“သူတို့ဆိုရင် လုပ်ဖော်ကိုင်ဘက်တွေက စာရွက်စာတမ်းတွေ စုစည်းပြီး တင်ရင် ထိုင်းဥပဒေအရ ဘတ် ငါးသိန်းကနေ ၁၅ သိန်းအထိ ရနိုင်တယ်” လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
စာရွက်စာတမ်း အထောက်အထားတွေကို ထိုင်းရှေ့နေများကောင်စီ၊ လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှုဖောင်ဒေးရှင်း (HRDF)၊ မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးတို့ကို ပေးပို့တောင်းဆိုရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လျော်ကြေးငွေကိုတော့ မိသားစုဝင်တွေကသာ ရယူနိုင်မှာဖြစ်ပြီး လုပ်ဖော်ကိုင်ဘက်တွေက ကိုယ်စားထုတ်ယူခွင့်မရှိဘူးလို့လည်း သိရပါတယ်။
ဒါ့ကြောင့် နိုင်ငံကူးလက်မှတ်မရှိတဲ့ ဦးမင်းအောင်ရဲ့ မိသားစုဝင်တွေက ထိုင်းနိုင်ငံကို လာရောက်ဖို့ အခက်ခဲဖြစ်နေကြပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ရင်း ပြီးခဲ့တဲ့ မတ်လတုန်းက ကရိန်းပြိုကျပြီး မတော်တဆ သေဆုံးခဲ့ရတဲ့ မြန်မာနိုင်ငံသား ၆ ယောက်ထဲက ၂ ယောက်ရဲ့ မိသားစုဝင်တွေဟာ နိုင်ငံကူးလက်မှတ်မရှိတာကြောင့် လျော်ကြေးငွေယူလို့ မရကြသေးဘူးလို့ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) က ကိုမုန်တိုင်းက ပြောပါတယ်။
ဓာတုဆေးဖျော်ကန်ထဲ မတော်တဆပြုတ်ကျ သေဆုံးသွားတဲ့ မြန်မာနိုင်ငံသား အလုပ်သမားနှစ်ယောက်နဲ့ ပတ်သက်ပြီး ဘန်ကောက်မြို့က အလုပ်သမားသံအရာရှိရုံးကို ဘီဘီစီက ဆက်သွယ်မေးမြန်းပေမဲ့ မရခဲ့ပါဘူး။
လက်ရှိအခြေအနေအရတော့ အလုပ်သမားတွေ သေဆုံးတဲ့စက်ရုံကို မြန်မာနိုင်ငံဘက်က ဘယ်အာဏာပိုင်အဖွဲ့အစည်းကမှ ရောက်မလာသေးဘူးလို့လည်း သိရပါတယ်။
“အလောင်းတွေကို ဘယ်အချိန်ကတည်းက ထုတ်လာလည်းမသိဘူး။ သင်္ဂြိုဟ်စက်နားရောက်မှ ဦးမင်းအောင်ရဲ့နယ်က အလုပ်သမားကို လျော်ကြေး ဘတ်ငါးသိန်းပေးမယ် လက်မှတ်ထိုးဆိုပြီး ထိုးခိုင်းတယ်။ ကျွန်တော်တို့ကတော့ သဘောမတူဘူးဆိုပြီး မထိုးပေးလို့ အလောင်းကို ဒီအတိုင်း ထားခဲ့တယ်” လို့ ဦးသက်ဝေရဲ့ မိသားစုဝင်က အောက်တိုဘာ ၂၈ ရက် ညနေပိုင်းမှာ ဖြစ်ခဲ့တဲ့ နောက်ဆုံးအခြေအနေကို ပြောပါတယ်။
ဦးသက်ဝေ သေဆုံးမှုအတွက် လျော်ကြေးငွေ ဘတ် ၈ သိန်းကျော်အထိ ညှိနှိုင်းခဲ့ပြီး မိသားစုဝင်တွေက ဥပဒေနဲ့အညီသာ လျော်ကြေးပေးဖို့နဲ့ လက်ရှိလျော်ကြေးကို သဘောမတူတာကြောင့် အလောင်းကို မသင်္ဂြိုဟ်ဖြစ်ကြသေးပါဘူး။
ဒါပေမဲ့ အောက်တိုဘာလ ၂၉ ရက် ညနေပိုင်းမှာတော့ ဦးသက်ဝေရဲ့ မိသားစုဟာ သေဆုံးသူအတွက် လျော်ကြေးကို ထိုင်းဘတ်ငွေ ၉ သိန်းကျော်နဲ့ ညှိနှိုင်းနိုင်ခဲ့တာကြောင့် ဦးသက်ဝေရဲ့ ရုပ်အလောင်းကိုလည်း သင်္ဂြိုဟ်လိုက်ပြီဖြစ်ပါတယ်။