ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အလုပ်ရဖို့ ခက်ခဲနေဆဲ ထိုင်းရောက် မြန်မာအလုပ်သမားများ
အသက် ၂၃ နှစ်အရွယ် ကိုအောင်အောင် (အမည်လွှဲ)တစ်ယောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက မဟာချိုင်ကို ရောက်နေတာ ၄ လကျော်နေပါပြီ။ အလုပ်ရှာပေးဖို့အတွက် ပွဲစားခ ဘတ် ငါးထောင်(မြန်မာငွေ လေးသိန်းဝန်းကျင်) ပေးထားပေမဲ့ အခုချိန်အထိ အလုပ်လက်မဲ့ပဲ ဖြစ်နေပါသေးတယ်။
“ပွဲစားက ကျွန်တော်တို့ကို သွင်းပေးမယ့် အလုပ်က လူပြည့်သွားလို့ သွင်းမရတော့ဘူး။ work permit ရအောင်လုပ်ပေးမယ်ပြောတာ အခုထိလည်း မရသေးဘူး။ အလုပ်လည်းမရဘူး။ work permit လည်းမရဘူး”လို့ ကိုအောင်အောင်က ပြောပါတယ်။
စစ်ဘေးရှောင်ရင်း ရွှေ့ပြောင်းခဲ့ရသူ
ထားဝယ်မြို့က ကိုအောင်အောင်တို့ မိသားစုဟာ စစ်အာဏာမသိမ်းခင်က အဆင်ပြေခဲ့တဲ့သူတွေပါ။ ဖခင်ဖြစ်သူက ငါးလုပ်ငန်းလုပ်ကိုင်ရင်း အသက်မွေးခဲ့ကြတာဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်မှာတော့ ဖခင်ဖြစ်သူရဲ့ နှလုံးရောဂါ ပြင်းထန်လာတဲ့အတွက် အလုပ်နားခဲ့ကြရပါတယ်။
ဒါ့အပြင် လူငယ်တစ်ယောက်ဖြစ်တဲ့ ကိုအောင်အောင်ကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့ပါတယ်။ အဲဒီနောက် အကြမ်းဖက်ဖြိုခွင်းခံရတာ၊ ရွာတွေကို စီးနင်းတာတွေကို ခံခဲ့ကြရပါတယ်။
“ဒီနှစ် ဖေဖော်ဝါရီမှာကိုပဲ ရွာတွေထဲကို တော်တော်ကြမ်းကြမ်းဝင်စီးတယ်။ ဆန္ဒပြတဲ့သူတွေကိုလည်း ပီဒီအက်ဖ်နဲ့ဆက်သွယ်တယ်ဆိုပြီး ဖမ်းတယ်။ ကျွန်တော့်သူငယ်ချင်းတွေလည်း အဖမ်းခံကြရတယ်။ အဲ့တော့ အမေက သူရှိတာတွေ ရောင်းပြီး ထိုင်းကိုလွှတ်လိုက်တာပဲ”လို့ ကိုအောင်အောင်က သူရင်ဆိုင်ခဲ့ရတာတွေကို ပြောပြပါတယ်။
အလုပ်စောင့်ရင်း အကြွေးတွေ ဝိုင်း
ထားဝယ်ကနေ ထိုင်းကိုအရောက် ပွဲစားခ ဘတ် နှစ်သောင်းကို မိခင်ဖြစ်သူက ထုတ်ပေးလိုက်ပါတယ်။ သူ့လိုသွားကြမယ့်သူတွေထဲမှာ ရန်ကုန်နဲ့ ရခိုင်က လူငယ်တွေလည်းပါကြပြီး အယောက် ၃၀ လောက်ရှိတယ်လို့ ဆိုပါတယ်။
“လမ်းမှာလည်း အစစ်ဆေးကြမ်းလို့ဆိုပြီး ပွဲစားအိမ်မှာ ၂ ရက်လောက် တည်းကြရတယ်။ ထမင်းကို ကြက်ဥကြော်နဲ့ တစ်ပွဲကို နှစ်ထောင်၊ ရေသန့်တစ်ဘူးကို နှစ်ထောင်ပေးသောက်ရတာ။တောလမ်းက လမ်းလျှောက်ရတာတစ်ရက်၊ ဆိုင်ကယ်တစ်ဆင့်၊ ကားတစ်ဆင့်နဲ့သွားကြတာ” လို့ ပြောပါတယ်။
ထိုင်းကိုရောက်ပြီးနောက် မဟာချိုင်ကို ရောက်လာချိန်မှာတော့ အလုပ်သွင်းပေးမယ် ၊ work permit လုပ်ပေးမယ်ဆိုတဲ့ ပွဲစားကို ဘတ်ငါးထောင်ပေးဖို့ ထိုင်းမှာအတူရှိနေတဲ့ အမျိုးတွေဆီကနေ ချေးပေးလိုက်ရပါတယ်။
၄ လ လောက်ကြာတဲ့အထိ အလုပ်ရော work permit ရော အကောင်အထည်မပေါ်လာတဲ့အခါ နောက်ထပ်ပွဲစားတစ်ယောက်ကိုချိတ်ပြီး အလုပ်ထပ်ရှာရပါတယ်။ အဲ့ဒီပွဲစားကိုလည်း ဘတ် ၂ ထောင်ပေးရပါတယ်။
“အဲ့ပွဲစားနဲ့ပြောထားတာက အလုပ်ရှာပေးမယ်၊ ကြိုက်မှလုပ် ၊ မကြိုက်ရင်မလုပ်နဲ့တဲ့။ တကယ်တမ်းသွားတော့ မင်းဒီမှာလုပ်လိုက် ငါအလုပ်ပြောပြီးပြီတဲ့။ ကျွန်တော့်ကိုပြောတုန်းက မကြိုက်ရင် မလုပ်နဲ့လို့ပြောထားတာလေဆိုတာ့ 'မရဘူး။ ငါက ထိုင်းတွေကိုလည်းပေးရဦးမှာ' ဆိုပြီး ပြောထားတဲ့ ဘတ် ၂၀၀၀ ကိုပဲ အတင်းတောင်းတယ်။ ကျွန်တော်လည်း ပေးလိုက်ရတယ်။ အလုပ်တော့မလုပ်ဖြစ်ဘူး။ အဲ့အလုပ်က ကျွန်တော်နေတဲ့နေရာနဲ့လည်းဝေးတယ်။ လမ်းမှာအဖမ်းဆီးတွေကလည်းများတော့ အဆင်မပြေလို့လေ။ သူတို့တွေကဗျာ၊ မြန်မာအချင်းချင်းတွေကို လုပ်ရက်ကြတာ။”
အလုပ်လုပ်ခွင့်စောင့်နေကြရတဲ့ ဘန်ကောက်က မြန်မာအလုပ်သမားတွေ ထောင်ချီရှိ
ကိုအောင်အောင်လိုပဲ ဘန်ကောက်မြို့အနီး မဟာချိုင်က ငါးသေတ္တာစက်ရုံတစ်ခုမှာ အလုပ်သွင်းပေးမယ်ဆိုလို့ ပွဲစားခတွေပေးပြီး စောင့်နေရတဲ့သူတွေ နှစ်ထောင်ဝန်းကျင်လောက်ရှိတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ငါးသေတ္တာစက်ရုံမှာ အလုပ်သွင်းပေးမယ်ဆိုပြီး ပွဲစားတွေက အခကြေးငွေယူထားပေမဲ့ အလုပ်လုပ်ခွင့်မရကြသေးဘူးလို့ သူတို့က ပြောပါတယ်။
"အဲ့ဒီငါးသေတ္တာစက်ရုံက အရင်က အလုပ်သမားတွေကို တိုက်ရိုက်ခေါ်ခဲ့တာပါ။ ဒါပေမဲ့ အလုပ်ခေါ်တယ်ဆိုတဲ့ သတင်းကိုကြားပြီး အလုပ်လိုချင်တဲ့ မြန်မာအလုပ်သမားတွေဟာ စက်ရုံရှေ့မှာ တန်းစီစောင့်နေရင်း အဖမ်းခံရတာတွေ ရှိခဲ့ပါတယ်။ ဒ့ါကြောင့် စက်ရုံက အလုပ်သမားပွဲစားတွေကနေတစ်ဆင့် အလုပ်ခေါ်တာဖြစ်တယ်"လို့ အလုပ်သမားအရေး ကူညီပေးနေသူတစ်ယောက်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှားပါးလာတာ၊ အဖမ်းအဆီးတွေများလာတာ၊ လုံခြုံမှုတွေမရှိတော့တာတွေကြောင့် အလုပ်လုပ်နိုင်တဲ့ လူငယ်တွေဟာ ပြည်ပနိုင်ငံတွေကို တရားဝင်လမ်းကြောင်းကနေရော တရားမဝင်ကနေပါ သွားနေကြပါတယ်။
တရားမဝင် ထိုင်းနိုင်ငံကိုသွားတဲ့အခါ အလုပ်ရဖို့အတွက် ပွဲစားတွေကို အဓိက အားကိုးကြရပါတယ်။
“အလုပ်ရမယ်လို့ ပွဲစားကပြောတယ်။ အဲ့မှာ တစ်ယောက်ကို ဘတ် ၈၀၀၀ ကနေ ၁၀၀၀၀ အထိတောင်းကြတယ်။ ဒါပေမဲ့ အလုပ်မရတဲ့ အလုပ်သမားတွေ ၂ ထောင်ဝန်းကျင်လောက်ရှိတယ်။ စက်ရုံကလည်း သူတို့အလုပ်ပေးနိုင်တဲ့လူလောက်ပဲ ခေါ်တာလေ။ တချို့ပွဲစားတွေဆိုလည်း ဖုန်းတွေကို ဘလော့ပြီး ပြေးကြတယ်”လို့ အလုပ်သမားအရေးတွေကို ကူညီပေးနေတဲ့ မမေလဒီက ပြောပါတယ်။
ဒ့ါအပြင် တရားဝင်သွားပြီး တရားဝင်အလုပ်လုပ်ခွင့်ရထားတဲ့ မြန်မာအလုပ်သမားတွေမှာလည်း နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဖို့ အခက်အခဲတွေ ရှိနေပြန်ပါတယ်။
နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ခါနီးတဲ့အတွက် သက်တမ်းတိုးဖို့ စောင့်ဆိုင်းနေရင်း သက်တမ်းလွန်သွားနိုင်တဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတာပါ။
ထိုင်းနိုင်ငံက မြန်မာသံရုံးမှာ စာအုပ်သက်တမ်းတိုးဖို့ ဖုန်းဆက်ပြီး တန်းစီရမယ်ဆိုပေမဲ့ သံရုံးဖုန်းတွေက ဆက်သွယ်လို့မရတဲ့အတွက် သံရုံးကို သုံးကြိမ်လောက် သွားမေးပေမဲ့ တူညီတဲ့အဖြေပဲရခဲ့တယ်လို့ ဘန်ကောက်မြို့က မြန်မာအလုပ်သမားတစ်ယောက်က ပြောပါတယ်။
“ကျွန်တော့်စာအုပ်က နောက် ၆ လဆို သက်တမ်းကုန်တော့မယ်။ အဲ့တော့ သံရုံးဖုန်းတွေကဆက်မလို့ သွားမေးတော့လည်း အဲ့ဒီဖုန်းတွေကိုပဲဆက်တဲ့။ ကျွန်တော်သူတို့ရှေ့မှာတင် ဆက်ပြတယ်၊ စက်ပိတ်ထားတာနဲ့ ဆက်သွယ်လို့မရတာနဲ့ ဖြစ်နေတာ။ အဲ့ဒါလည်း အဲ့ဖုန်းတွေကိုပဲ ဆက်ခိုင်းတယ်။ တကယ်လို့ သက်တမ်းတိုးမရရင် ကျွန်တော်တို့ အလုပ်လုပ်ခွင့်ကတ်တွေလည်း သက်တမ်းတိုးလို့မရတော့ဘူး။ အဲ့ဒါဆို တရားမဝင်ဖြစ်သွားလိမ့်မယ်။”
ထိုင်းနိုင်ငံက မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရ သက်တမ်းတိုးရင် ဘတ် တစ်ထောင်ဝန်းကျင်သာ ကုန်ကျမှာပါ။ ပွဲစားတွေကနေတစ်ဆင့် သက်တမ်းတိုးမယ်ဆိုရင်တော့ လွယ်လွယ်ကူကူ ရနိုင်ပေမဲ့ ကုန်ကျငွေက ဘတ် တစ်သောင်းကျော် (မြန်မာငွေ ၈ သိန်း) ဝန်းကျင် ကုန်ကျမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
“ပွဲစားနဲ့လုပ်တဲ့သူဆိုရင် ညနေပိုင်း လာတန်းစီရင်တောင် ရတယ်။ အလုပ်သမား ရဲ့ တစ်ရက်ဝင်ငွေက ဘတ် ၄၀၀ ( မြန်မာငွေ ၃ သောင်းခွဲဝန်းကျင်)လောက်ပဲရှိတာ။ သူတို့ပွဲစားခတွေနဲ့ ဘယ်တတ်နိုင်မလဲ။ ဒါတွေက တကယ်ဖြစ်နေတဲ့ ပြဿနာတွေ၊ ဒီပြဿနာတွေကလည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှ သံရုံးတွေက ဒီလိုဖြစ်လာတာ။ အရင်တုန်းက လုပ်ရတာလွယ်တယ်”လို့ ဘန်ကောက်မြို့က အလုပ်သမားအရေးကူညီပေးနေတဲ့ Myanmar Migrant Bangkok က အဖွဲ့ဝင်တစ်ယောက် ပြောပါတယ်။
အခုလို ဖြစ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမဲ့ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ ရောက်နေကြတဲ့ မြန်မာအလုပ်သမားတွေ အကျပ်အတည်း အခက်ခဲတွေနဲ့ရင်ဆိုင်နေကြရတာပါ။ ကိုအောင်အောင်လို တရားမဝင်သွားရင်း၊ ပွဲစားကနေတစ်ဆင့် အလုပ်ရှာဖွေရင်း အကြွေးဝိုင်းနေကြတာကြောင့် အိမ်ကိုပြန်ပို့ပေးဖို့ အသာထား၊ လတ်တလော အကြွေးတွေဆပ်ဖို့အတွက် အလုပ်သာ အရေးတကြီးလိုအပ်နေတာ ဖြစ်ပါတယ်။