ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြတဲ့ အီလက်ထရွန်နစ် မဲပေးစနစ်
စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က Myanmar Electronic Voting Machine (MEVM) ကို စစ်ကောင်စီ ဥက္ကဋ္ဌနဲ့ အဖွဲ့ကို ကြာသပတေးနေ့က ပြသခဲ့ပါတယ်။
MEVM ကို မြန်မာလို ဘယ်လို တရားဝင် အမည် မှည့်ခေါ်မလဲ ဆိုတာ မသိကြ ရသေးပေမယ့် ဒီပစ္စည်းမှာ ဆန္ဒပြုစက်၊ ဆန္ဒပြုမှုကိုမှန်ကန်မှု ရှိ/မရှိ ပြသပေးတဲ့စက်နဲ့ ထိန်းချုပ်စက်တွေပါဝင်တယ်လို့ ဆိုပါတယ်။ ၁၂ ဗို့ ဘက်ထရီနဲ့ ဒီစက်တွေကို လည်ပတ် အသုံးပြုနိုင်တယ်လို့ လည်း ထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်တဲ့ပုံတွေအရ မဲရုံတွေမှာ မဲပုံးအစား အသုံးပြုမယ့် အရာလို့ ယူဆနိုင်ပြီး မဲဆန္ဒရှင်တွေက ဘယ်လို အသုံးပြုရမယ်၊ အရင် ပုံမှန် စာရွက်အသုံးပြုပြီး မဲပေးရပုံ နဲ့ အခုစက်နဲ့ မဲပေးရပုံ ဘယ်လို သက်သာ ကောင်းမွန်သွားမယ်၊ မဲရေတွက်မှုကို ဘယ်လို အကျိုးဖြစ်စေမယ်စတဲ့ အသေးစိတ်တွေကိုတော့ မသိရသေးပါဘူး။
MEVM ရဲ့အလုပ်လုပ်ပုံကို ရွေးကောက်ပွဲကော်မရှင်က စစ်ကောင်စီ ဥက္ကဋ္ဌကို ပြသခဲ့ပြီးတဲ့နောက် မဲပုံးတွေနေရာမှာ ဒီစက်တွေရောက်လာတော့မလားလို့ သုံးသပ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။
ဒါ့အပြင် လာမယ့်ရွေးကောက်ပွဲတွေမှာ MEVM စက်တွေကို တချို့မဲရုံတွေမှာ အသုံးပြုလာမယ့်ပုံ တွေ့ရပါတယ်။
“ပြောင်းလဲဖို့ရှိပါတယ်။ ပြောင်းလဲဖို့ရှိပါတယ်ဆိုတာက အားလုံး၊ နေရာအားလုံးမှာ ပြောင်းလဲမယ်ဆိုပြီး အားလုံး၊ နေရာအားလုံးမှာ ပြောင်းလဲသွားမယ်ဆိုတာတော့ ကျွန်တော်တို့လည်း ရာနှုန်းပြည့် မပြောနိုင်သေးပါဘူး။ ပြောင်းလဲ အသုံးပြုဖို့တော့ ရှိတယ်။ တချို့နေရာတွေမှာလည်း အရင်မဲပေးတဲ့ စနစ်အတိုင်း မဲပေးဖို့ရှိသေးတယ်။ ဘယ်လိုပဲ ပြောပြော ကျွန်တော်တို့က ဒီစက်ကို အသုံးပြုနိုင်အောင် စီစဉ်ပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်”လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
MEVM ကို စမ်းသပ်အသုံးပြုလို့ အဆင်ပြေရင် အလုံးရေများများထုတ်သွားဖို့ စစ်ကောင်စီက ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။
ဒီစက်ကို ပြည်တွင်းမှာထုတ်တဲ့အခါ ဘယ်နိုင်ငံက နည်းပညာထောက်ပံ့ခဲ့သလဲ ဆိုတဲ့အပေါ် စစ်ကောင်စီကထုတ်မပြောပေမယ့် ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူတွေ ကတော့ ရုရှားနဲ့ အိန္ဒိယရဲ့ အကူအညီပါဝင်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။
အီလက်ထရွန်နစ်နည်းပညာကို မဲပေးရာမှာ ပုံစံအမျိုးမျိုးနဲ့ သုံးကြတာတွေ နိုင်ငံအများအပြားမှာ ရှိကြပါတယ်။ ဒါပေမယ့် ဖွံ့ဖြိုးပြီးနိုင်ငံ အများအပြားမှာတောင် သာမန် မဲပေးစနစ်ဖြစ်တဲ့ မဲကတ်ပြားပေါ်မှာ မဲဆန္ဒရှင်က ကိုယ်တိုင် ကိုယ်မဲပေးလိုတဲ့ နိုင်ငံရေးပါတီ အမှတ်အသားဘေးမှာ ရေးခြစ်ပြီး မဲပေးနေကြဆဲပါ။
မဲပေးတဲ့နေရာမှာ၊ မဲရေတွက်တဲ့နေရာမှာ၊ အွန်လိုင်းက တဆင့်မဲပေးရမှာ စသဖြင့် အမျိုးမျိုး အသုံးပြုကြသလို မဲရလဒ်ကို အပြောင်းအလဲ လုပ်သွားနိုင်လား၊ မဲမသမာမှုတွေ ပေါ်လာနိုင်သလား ဆိုတဲ့ သံသယနဲ့ ပတ်သက်လို့ အငြင်းပွားနေကြ တာတွေလည်း အမြဲတစေ ထွက်ပေါ် နေတာပါ။
စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့နောက် သူတို့ကျင်းပပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲ အပေါ် ပြည်သူက အယုံအကြည်ရှိပါ့မလား၊ ပါဝင်ပြီး မဲသွားထည့်ပါ့မလား ဆိုတဲ့ အမေးတွေ ကျယ်ကျယ်ပြန့်ပြန့်ပေါ်ထွက်နေတဲ့ကြားကပဲ အရင် မဲပေးပုံနည်းလမ်းနဲ့ မတူတဲ့ MEVM ကို စစ်ကောင်စီက ထုတ်ပြလာတဲ့ အပေါ် စိုးရိမ်စိတ်နဲ့ မြင်ကြသူ တွေလည်း ရှိပါတယ်။
“ကျွန်တော်တို့နိုင်ငံမှာ ဒါ ပထမဆုံးလုပ်တာပေါ့နော်။ မှန်းဆကြည့်ရတာတော့ Conflict (လက်နက်ကိုင် ပဋိပက္ခ) ဖြစ်နေတဲ့ ဧရိယာတွေမှာ၊ သူတို့ (စစ်ကောင်စီ) မထိန်းချုပ်နိုင်တဲ့ ဧရိယာတွေမှာ ဒီစနစ်ကို သုံးလာလေမလားလို့ ယူဆမိတယ်” လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူ တစ်ဦးဖြစ်တဲ့ မအေးသန္တာအောင်က ပြောပါတယ်။
နိုင်ငံရေးပါတီတချို့ကတော့ မကြာခင်ထုတ်ပြန်နိုင်ဖွယ်ရှိတဲ့ ရွေးကောက်ပွဲ ဥပဒေတွေမှာ အီလက်ထရွန်နစ်မဲပေးစနစ်အကြောင်း ထည့်သွင်း ပြဋ္ဌာန်း လာနိုင်တယ်လို့ သုံးသပ်နေကြပြီး မဲဆန္ဒရှင်တွေကို အသိပညာပေးဖို့ လိုအပ် လိမ့်မယ်လို့ ဘီဘီစီကို ပြောပါတယ်။