ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
''ရွေးကောက်ပွဲကို... ကဏ္ဋကောစ မလုပ်ဘဲပူးပေါင်းဆောင်ရွက်ဖို့ပဲ လိုတယ်'' ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
''ပါတီစုံဒီမိုကရေစီစနစ်ကို တကယ်လိုချင်ရင် ကဏ္ဋကောစ လုပ်မနေဘဲနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပဲလိုပါတယ်''
ရွေးကောက်ပွဲလုပ်မယ့် အချိန်ဇယားကို ဘယ်လာရုစ်ခရီးစဥ်မှာ ထုတ်ပြောခဲ့တဲ့ မြန်မာစစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်ကို အပြန်ခရီး လေယာဥ်ပေါ်မှာ နိုင်ငံပိုင်ရုပ်သံဌာနတွေကို ရွေးကောက်ပွဲလုပ်မယ့်အကြောင်း ဖြေကြားချက်မှာ ထည့်ပြောခဲ့တဲ့ စကားဖြစ်ပါတယ်။
မတ်လ ၇ ရက်က မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ မြန်မာမှာကျင်းပမယ့် ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာ ဒါမှမဟုတ် ဇန်နဝါရီမှာ အစောဆုံး ကျင်းပသွားမယ်လို့ စစ်ခေါင်းဆောင်က ပထမဆုံးအကြိမ် အချိန်ကာလနဲ့ ထည့်ပြောခဲ့ပါတယ်။
ခရီးစဉ်မှာလိုက်ပါသွားတဲ့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း နေပြည်တော်ကို ပြန်ရောက်ပြီးနောက် မတ် ၁၀ ရက်နေ့က ပြောကြားရာမှာ ၂၀၂၅ ဒီဇင်ဘာ နောက်ဆုံးအပတ် ဒါမှမဟုတ် ၂၀၂၆ ဇန်နဝါရီ ဒုတိယအပတ်ထဲမှာ ကျင်းပဖြစ်မယ်လို့ ထပ်မံအတည်ပြုပြောပါတယ်။
"ပြည်သူတွေအနေနဲ့ ဝမ်းသာစရာက ကျွန်တော်တို့ဟာ ပြည်သူတွေ လိုလားတောင့်တခဲ့တဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို မလွဲမသွေပြန်သွားမယ်။ မလွဲမသွေ ဆောင်ရွက်ပေးမယ်။ ဒါသည် အောင်မြင်ခဲ့တဲ့ နိုင်ငံရေးနဲ့ ပတ်သက်တာဖြစ်ပါတယ်"လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး EAO တွေကို ဘာပြောလဲ
အာဏာသိမ်းထားတဲ့ ၄ နှစ်ကျော်အတွင်း ရွေးကောက်ပွဲကျင်းပပေးမယ်လို့ စစ်ခေါင်းဆောင်က တောက်လျှောက် ပြောခဲ့ပေမဲ့ ဘယ်လာရုစ် ခရီးစဥ်ကျမှ အချိန်ဇယားနဲ့တကွ ထုတ်ပြောခဲ့တာဖြစ်ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းချိန်က စတွက်ရင် အာဏာသိမ်းကာလ ၄ နှစ်ကျော် အစိုးရသက်တမ်းတစ်ခုစာ ဖြစ်လာချိန်မှ ထုတ်ပြောတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
နိုင်ငံရေးအရ ပြည်သူတောင်းဆိုတဲ့ ပါတီစုံဒီမိုကရေစီသွားမယ်လို့ ဆုံးဖြတ်ပြီးသားဖြစ်တာကြောင့် ဒါကို အကောင်အထည်ဖော်ဖို့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ကြရမယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ EAOs တွေအနေနဲ့ ဖြစ်ချင်တာတွေပဲ မတောင်းဆိုဖို့လိုတယ်ဆိုပြီးလည်း သူကပြောပါတယ်။
"EAOs တွေကို ကျွန်တော်ပြောချင်တာက ဖြစ်ချင်တာတွေကိုမပြောပါနဲ့၊ ဖြစ်သင့်တာကိုပဲ ပြောဖို့ ကောင်းတယ်" လို့ သူက ပြောပါတယ်။
စစ်ကောင်စီက စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ ပါဝင်ရွေးကောက်ခံမယ့် ပါတီ ၅၃ ခုလည်း စာရင်းသွင်းထားတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ရုရှားနဲ့ ဘယ်လာရုစ် နိုင်ငံတွေကို တစ်ပတ်ကြာသွားခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူကျင်းပမယ်လို့ ပြောနေတဲ့ ရွေးကောက်ပွဲကို ရုရှားနဲ့ ဘယ်လာရုစ် နိုင်ငံတွေက ထောက်ခံအားပေးတယ်လို့လည်း ပြောပါတယ်။
မြန်မာကိုလာဖို့ရှိတဲ့ ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို ကလည်း မြန်မာက ရွေး ကောက်ပွဲကို စောင့်ကြည့်လေ့လာသူတွေ လွှတ်ပေးမယ်လို့ ပြောတဲ့အကြောင်း စစ်ခေါင်းဆောင်က ဆိုပါတယ်။
ရွေးကောက်ပွဲ ဘယ်လိုဖြစ်လာနိုင်လဲ
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂၀၂၃ သြဂုတ်မှာ ရွေးကောက်ပွဲကျင်းပပေးမယ်လို့ အာဏာသိမ်းကာလ အစောပိုင်းတုန်းက ပြောခဲ့ဖူးပေမဲ့ တကယ်တန်းဖြစ်မလာခဲ့ပါဘူး။
ဒါပေမဲ့ အခု ထုတ်ပြောလာတဲ့ ရွေးကောက်ပွဲအချိန်ဇယားနဲ့ စစ်တပ်ဆွဲကိုင်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်ကောင်စီဟာ နောက်ဆုံး သက်တမ်းထပ်တိုးထားတဲ့ ၆ လပြည့်ချိန်မှာ သူ့အာဏာကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) ကို ပြန်အပ်ရမှာဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၄၁၈ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ကာလုံက နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက်စေခဲ့တဲ့ အမိန့်ကို ပုဒ်မ ၄၂၆ အရ ပယ်ဖျက်ကြောင်း ကြေညာရမှာဖြစ်ပါတယ်။
အဲဒီလိုကြေညာတဲ့နေ့ကစပြီး ခြောက်လအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နဲ့အညီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးရမှာဖြစ်ပါတယ်။
''အခုပြောတဲ့ ရွေးကောက်ပွဲကာလ တကယ်ဖြစ်လာခဲ့ရင် လာမယ့် ၂၀၂၅ ဇူလိုင်လကုန် အရေးပေါ်ကာလ သက်တမ်းကုန်ချိန်မှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး အာဏာ ၃ ရပ်ကို စစ်ကောင်စီက ကာလုံကို ပြန်အပ်ရမှာပေါ့'' လို့ စစ်တပ်နဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိတဲ့ နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။
ဒါကြောင့် ကာလုံက ဖွဲ့စည်းပေးတဲ့ ယာယီအစိုးရသစ်တစ်ရပ် ပေါ်ထွက်လာမှာဖြစ်ပါတယ်။
''ယာယီအစိုးရသစ် ဆိုတာလည်း သူ (ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) ပဲ ဦးဆောင်မှာပေါ့။ အဲဒီကပဲ ရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်ဖွဲ့မယ်။ ကော်မရှင်အသစ်ကမှ ရွေးကောက်ပွဲ ပြန်ကျင်းပပေးရမယ်လို့ အခြေခံဥပဒေကို ကိုးကားပြီး နိုင်ငံရေးသမားတစ်ဦးက ဘီဘီစီကို ရှင်းပြပါတယ်။
နိုင်ငံရေးပါတီတွေအတွက် မဲဆွယ်ဖို့ အချိန်ကာလအနေနဲ့ ၅ လကျော် ရနိုင်ပြီး စစ်တပ်က ရွေးကောက်ပွဲကျင်းပမယ်လို့ အချိန်အတိအကျနဲ့ကြေညာချိန်မှ မြို့နယ် ၁၁၀ မှာ ပါတီရုံးတွေဖွင့်ဖို့၊ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းဖို့ နဲ့ ပါတီဝင် ၅ သောင်းရှိရမယ် စတဲ့ အချက်တွေကို တင်ပြကြရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ နိုင်ငံတွင်းမှာ ပုံမှန်ကာလမဟုတ်တဲ့အတွက် လုံခြုံရေးစိန်ခေါ် ချက်ရှိနေပါတယ်။ စစ်တပ်လက်အောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ စစ်ကောင်စီကောက်ယူထားတဲ့ ၂၀၂၄ သန်းခေါင်စာရင်းအရ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ မှာ စစ်ကောင်စီက မြို့နယ် ၁၈၀ ကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားနိုင်တယ်လို့ ဆိုပါတယ်။
''သိထားတဲ့အချက်အလက်တွေအရ ပိုင်ပိုင်နိုင်နိုင်ထိန်းနိုင်တဲ့ မြို့နယ် ၁၈၀ အပြင် နောက်ထပ် မြို့ ၈၀ လောက်က မြို့ပေါ် နေရာတွေ ထိန်းထားနိုင်တယ်။ အဲဒီတော့ အနည်းဆုံးမြို့ ၂၀၀ ကျော်လောက်တော့ လုပ်နိုင်တဲ့ သဘောတွေ့ရတယ်'' လို့ စစ်တပ်နဲ့ နီးစပ်တဲ့ အကဲခတ်တစ်ဦးက ရှင်းပြပါတယ်။
စစ်ကောင်စီက သူကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ် (PR) နဲ့ ကျင်းပပြုလုပ်လိမ့်မယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့အကြံပေးတချို့ ကပြောပါတယ်။ မြန်မာက ရွေးကောက်ပွဲတွေဟာ မဲအများဆုံးရသူ အနိုင်ရစနစ် (FPTP) ကို ကျင့်သုံးပြီး လုပ်ခဲ့ပါတယ်။
''PR က လူဦးရေအချိုးစားနဲ့ မဲပေးတဲ့အရေအတွက်ကို တွက်ချက်တဲ့ စနစ်ဖြစ်တဲ့အတွက် အရင်စနစ်အရ ဆိုရင် လူဦးရေ တစ်ထောင်ရှိတဲ့နေရာမှာ အမတ်က တစ်ယောက်ပဲဖြစ်မယ်။ ဒါပေမဲ့ PR အရဆိုရင် လူဦးရေ ၃ ထောင်ရှိတဲ့နေရာမှာ အမတ် ၃ ယောက်ဖြစ်သွားမယ်'' လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ဆက်ဆံရေးရှိတဲ့ မူဝါဒရေးရာအကြံပေးတစ်ဦးက တွက်ချက်ပြပါတယ်။
၂၀၂၄ ခုနှစ် အရေးပေါ်ကာလသက်တမ်းတိုးချိန် ဇန်နဝါရီ ၃၁ ရက်ကတော့ လွှတ်တော်မှာရွေးချယ်ခံအမတ်က တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းထက်ပိုတဲ့ အရေအတွက် ရဖို့လိုတယ်လို့ စစ်ခေါင်းဆောင်က ပြောထားပါတယ်။
စစ်ခေါင်းဆောင်က ရွေးကောက်ပွဲအသံပစ်နေပေမဲ့ အာဏာသိမ်းမှုအလွန် နိုင်ငံအနှံ့ မြို့နယ် ၂၃၀ ကျော်မှာ စစ်ရေးပဋိပက္ခတွေ ဆက်ရှိနေပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေ ကတော့ ပြည်သူ့လွှတ်တော်ကို FPTP နဲ့ အမျိုးသားလွှတ်တော်ကို PR နဲ့ ကျင်းပနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။
''အမျိုးသားလွှတ်တော်ဆိုတာက တိုင်းရင်းသားနယ်မြေတွေ အကုန်လုံး တစ်နယ်ကို ၁၂ ယောက် အချိုးကျပါတဲ့ တိုင်းရင်းသားလွှတ်တော်သဘောမျိုး။ အဲဒီအတွက်ကြောင့် PR သွားနိုင်တယ်။ အားလုံးပါဝင်စေချင်တဲ့ ဆန္ဒပေါ့။ ဒါပေမယ့် ပြည်သူ့လွှတ်တော်ကတော့ FPTP နဲ့သွားနိုင်တယ်လို့ ကျွန်တော်တို့ မှန်းထားတယ်''
''အစိုးရကတော့ တရားဝင် မပြောသေးဘူး။ ဒါပေမယ့် UEC (ရွေးကောက်ပွဲကော်မရှင်) ပြောတာနဲ့ လုပ်ပုံကိုင်ပုံကို ကြည့်ရတာက နှစ်ခုလုံးအတွက်ကို သူတို့ပြင်ဆင်ထားပြီးသားလို့ ကျွန်တော်တို့ ယုံကြည်တယ်ဗျာ" လို့ ဦးလှဆွေက ပြောပါတယ်။
စစ်ကောင်စီက ရွေးကောက်ပွဲကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ တစ်ပြိုင်တည်းမလုပ်နိုင်ရင် အဲဒီဒေသတွေကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်းတာ၊ လုံခြုံရေးယူတာတွေလုပ်ပြီး ကျင်းပသွားနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ ပြောလာပေမဲ့ လက်ရှိမှာ ပြည်တွင်းစစ်ဘောင် ကျယ်ပြန့်နေလို့ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေအနေနဲ့ စည်းရုံးရေးလုပ်ငန်းတွေ လုပ်နိုင်ဖို့ အခက်အခဲရှိနိုင်တယ်လို့ ပါတီတွေဘက်က တုံ့ပြန်ချက်တွေလည်း ရှိနေပါတယ်။
ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကတော့ ပါတီတွေအနေနဲ့ ရွေးကောက်ပွဲဥပဒေထွက်လာမှ စည်းရုံးရေးလုပ်ငန်းတွေ စနိုင်မယ်လို့ ပြောပါတယ်။
"ရွေးကောက်ပွဲဥပဒေတို့ ဘာတို့ပေါ်ထွန်းမှပဲ နိုင်ငံရေးပါတီတွေဘက်က အသက်ဝင်မယ်ထင်တယ်။ ရွေးကောက်ပွဲဥပဒေ ပေါ်ပေါက်လာရင် လွှတ်တော်ကိုယ်စားလှယ်များရဲ့ အရည်အချင်းသတ်မှတ်ချက် ပေါ်လာမယ်။ ဘယ်လို ရွေးကောက်ပွဲစနစ်နဲ့ ကျင်းပမယ်ဆိုတာလည်း ပါမှာပေါ့။ မဲဆွယ်စည်းရုံးတဲ့ ပုံသဏ္ဍာန်လည်း ပါလာမှာပေါ့။ အဲဒါတွေကို ထုတ်ပြီးမှပဲ ပါတီတွေ အသက်ဝင်မယ် ထင်တယ်" လို့ ဒေါက်တာအေးမောင်က ဆိုပါတယ်။
လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက မြို့ပေါင်း ၉၀ ကျော်ကို သိမ်းပိုက်ထားသလို အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)နဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ)တို့ကို မြန်မာစစ်တပ်က လက်လွှတ်ထားရပါတယ်။
မြန်မာမှာ ရွေးကောက်ပွဲလမ်းကြောင်းကနေ နိုင်ငံရေးအပြောင်းအလဲဖြစ်ဖို့ တရုတ်က တွန်းအားပေးနေပေမဲ့ အမေရိကန်အပါအဝင်အနောက်နိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတချို့ကတော့ လွတ်လပ်ပြီး တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲဟာ ပြည်တွင်းအကျပ်အတည်းကို ပိုရှည်ကြာစေနိုင်တယ်လို့ ပြောဆိုထားကြပါတယ်။
တစ်ဖက်မှာလည်း တော်လှန်ရေးတိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကတော့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကိုလက်မခံဘဲ စစ်အာဏာရှင် အမြစ်ဖြတ်တဲ့ အထိတိုက်ခိုက်မယ်လို့ တုံ့ပြန်ထားကြပါတယ်။