ထိုင်းနယ်စပ်က ဝ တပ်တွေ ဆုတ်မလား

ထိုင်းနယ်စပ်မှာရှိတဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ရဲ့ စခန်း ၉ ခုကို ထိုင်းတပ်မတော်က ပြန်ဆုတ်ခိုင်းခဲ့ပေမဲ့ ဝ က စစ်အင်အားကိုပါ တိုးချဲ့ချထားလိုက်ပါတယ်။

ထိုင်းဘက်က တစ်လ အတွင်း တပ်ဆုတ်ဖို့ အချိန်ပေးထားပြီး ဒီဇင်ဘာ ၁၈ ရက်မှာ အချိန်ပြည့်မှာ ဖြစ်ပါတယ်။

ထိုင်းက သတိပေးထားတဲ့ကာလအတွင်းမှာပဲ ဝ တပ်ဖွဲ့ UWSA က တောင်ပိုင်း (၁၇၁) စစ်ဒေသမှာ စစ်မှုထမ်းသင်တန်းကို ပထမဆုံးဖွင့်လှစ်လိုက်ပြီး ဝပြည်မြောက်ပိုင်းနဲ့ တောင်ပိုင်းအတွက် တပ်သား ရှစ်ထောင် အထိ စုဆောင်းလေ့ကျင့်ပေးသွားမယ်လို့ ကြေညာပါတယ်။

သင်တန်းဖွင့်ရတာက ပြည်ပရန်ကာကွယ်ဖို့ လို့ UWSA က ပြောပြီး ဒီဇင်ဘာ ၁၈ ရက် အလွန်မှာ ဘာတွေဆက်ဖြစ်မလဲ ဆိုတာ ဒေသတွင်းလုံခြုံရေးအတွက် စိုးရိမ်စရာကိစ္စတစ်ခုအဖြစ် စစ်ရေးအကဲခတ်တွေက ရှုမြင်ကြပါတယ်။

နယ်စပ်တင်းမာမှုရဲ့ နောက်ကွယ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)က တာချီလိတ်၊ မိုင်းဆတ် နဲ့ မိုင်းတုံ မှာ UWSA တပ်စွဲထားတာ အနှစ် ၂၀ ကျော်နေပါပြီ။

ထိုင်းက ရုတ်တရက် ဘာကြောင့် ဆုတ်ခိုင်းတာလဲဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။

အကြောင်းရင်းက "ဝ" ပြည်၊ တောင်ပိုင်း (၁၇၁) စစ်ဒေသအတွင်းကနေ ပြည်ပကိုရောက်နေတဲ့ ဝ လူမျိုးတွေကို စစ်မှုထမ်းဖို့ သြဂုတ်လကုန်မှာ ပြန်ဆင့်ခေါ်ရာကနေ စပါတယ်။

ကိုးကန့်တပ် MNDAA က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်တဲ့ လားရှိုးကို သိမ်းပိုက်လိုက်တဲ့ နောက်ခံအခြေအနေမှာ UWSA က ပြည်ပရောက် ဝ လူမျိုးတွေကို စစ်မှုထမ်းဖို့ပြန်ခေါ်တာဖြစ်ပါတယ်။

နောက်ထပ်အရေးကြီးတဲ့အချက်အလက်တစ်ခုက လာအိုနိုင်ငံက ကျားဖြန့်လုပ်ငန်းတွေမှာ လုံခြုံရေးလုပ်နေကြတဲ့ ဝ တွေကို ဆက်မလုပ်ခိုင်းတော့ဘဲ UWSA က ပြန်ခေါ်ခဲ့တာလို့ ဘီဘီစီရဲ့ လုံခြုံရေးဆိုင်ရာ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

ဝ က အဲဒီအချိန်ကတည်းက ဝ မြောက်ပိုင်း နဲ့ ဝ တောင်ပိုင်းကို စစ်အင်အား လေးထောင်စီဖြည့်တင်းမယ်လို့ သတင်းထွက်ခဲ့ပြီး နိုဝင်ဘာ ၂၆ ရက် သင်တန်းဆင်းပွဲမှ တရားဝင်ထုတ်ပြောလာတာဖြစ်ပါတယ်။

ထိုင်းနယ်စပ်မှာရှိတဲ့ ဝ တောင်ပိုင်းက တပ်စခန်းတွေမှာ တပ်အင်အား ထောင်ဂဏန်းအထိ ရုတ်တရက်တိုးလာတဲ့အခါ ထိုင်းစစ်တပ်က စိုးရိမ်မှု မြင့်တက်လာပါတော့တယ်။

‘’ပိုဆိုးတာက တိုးလာတဲ့အဖွဲ့တွေထဲက တချို့က မူးယစ်ဆေးဝါးကုန်ကူးတယ်လို့ ထိုင်းဘက်က သံသယ ရှိလာတယ်’’ လို့ ထိုင်းစစ်တပ်နဲ့နီးစပ်တဲ့ လုံခြုံရေးဆိုင်ရာ သတင်းအရင်းအမြစ်က ပြောပါတယ်။

ဒါကြောင့် ထိုင်းနဲ့မြန်မာနယ်စပ်အတွက်အဓိကတာဝန်ရှိတဲ့ ထိုင်းစစ်တပ်၊ အမှတ် (၃) တပ်တော် နဲ့ ဝ ပြည် တောင်ပိုင်း တို့ မူးယစ်ဆေးဝါးတားဆီးရေး ခေါင်းစဉ်နဲ့ နိုဝင်ဘာ ၁၈ ရက်က တွေ့ဆုံမှုတစ်ခု လုပ်ခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲမှာ UWSA ရဲ့ တပ်စခန်းတွေ ထိုင်းနယ်စပ်ကနေ ပြန်ဆုတ်ဖို့ အမှတ် (၃) ထိုင်းတပ်တော် က ပြောခဲ့တာ ဖြစ်ပါတယ်။

ဝ ပြည်တောင်ပိုင်း သို့မဟုတ် မဲခေါင်ရဲ့ နှလုံးသား

ထိုင်းနယ်စပ်က UWSA ရဲ့ အငြင်းပွားမှုတွေအကြောင်း ပြောတဲ့အခါ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ရဲ့ ထိန်းချုပ်နယ်မြေတွေအကြောင်းနဲ့ အတိတ်ကို နားလည်ထားဖို့လိုပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၊ ဌာနချုပ်က တရုတ်နယ်စပ် ပန်ဆန်းမှာ ရှိပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ နောက်ဆုံးဌာနချုပ်ဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)က ပန်ဆန်းနဲ့ပဲ ဝ တပ်ဖွဲ့ကို ပိုပြီးတွဲသိကြပြီး ဝ ပြည်နယ် မြောက်ပိုင်းလို့ ခေါ်ပါတယ်။

"ဝ" ပြည် တောင်ပိုင်း (၁၇၁ စစ်ဒေသ) မှာတော့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြန်မာ-ထိုင်းနယ်စပ်က တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ မြို့နယ်တွေထဲက နယ်မြေတချို့ အပါအဝင် မြို့နယ် ခုနှစ်မြို့နယ် သတ်မှတ်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဝ ပြည်နယ် (တောင်ပိုင်း) က UWSA ရဲ့ သွေးနဲ့ရင်းခဲ့ရတဲ့ နယ်မြေတွေဖြစ်ပြီး ၂၀၀၀ ခုနှစ်ကျော်မှ ရခဲ့တာဖြစ်ပါတယ်။

လက်ရှိ ဝ တပ်ဖွဲ့နေရာယူထားတဲ့ ထိုင်းနယ်စပ်က တပ်စခန်း ၉ ခုက ဘိန်းဘုရင် ခွန်ဆာရဲ့ စခန်းတွေ ဖြစ်ပါတယ်။

ခွန်ဆာ လက်နက်ချပြီးတဲ့နောက် မြန်မာစစ်တပ်က ဝင်ပြီးနေရာယူခဲ့ပေမဲ့ ယွက်ဆစ်အဖွဲ့ (လက်ရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်)က ပြန်တိုက်လို့ လက်လွှတ်ခဲ့ရပါတယ်။

ယွက်ဆစ်အဖွဲ့ရဲ့နောက်မှာ ထိုင်းကပံ့ပိုးပေးခဲ့တယ်လို့ ၂၀၀၂ ခုနှစ်က အစိုးရသတင်းစာတွေက ဖော်ပြခဲ့ပါတယ်။

‘’ဆုံးရှုံးသွားတဲ့ နယ်စပ်တပ်စခန်းတွေကို တစ်လအတွင်းရအောင်ပြန်တိုက်မယ်’’ လို့ ထောက်လှမ်းရေးဒုတိယအကြီးအကဲ ဗိုလ်ချုပ်ကျော်ဝင်းက သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။

ဒီအခြေအနေမှာ ဝ တပ်ဖွဲ့နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်က ယွက်ဆစ်အဖွဲ့ကိုတိုက်ဖို့ UWSA နဲ့ ညှိနှိုင်းခဲ့တယ် လို့ ၂၀၀၂ ခုနှစ်က ရန်ကုန်မြို့စစ်ရုံးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အငြိမ်းစားတပ်အရာရှိကြီးတစ်ဦးက ပြောပါတယ်။

‘’UWSA ကို တိုက်ခိုင်းဖို့အစီအစဉ်ကို ဗိုလ်ချုပ်ကြီးခင်ညွန့်က ဗိုလ်ချုပ်မှူးကြီး (သန်းရွှေ) ကို တင်ပြခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီးကလည်း သဘောတူခဲ့တယ်’’ လို့ သူက ရှင်းပြပါတယ်။

တောင်ကြီး-ကျိုင်းတုံ ကားလမ်းမြောက်ဘက်က ဝ တပ်တွေကို တောင်ဘက်ကို မြန်မာစစ်တပ်ကပဲ တပ်ရွှေ့ပေးခဲ့တယ် လို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်အရာရှိတစ်ဦးက ပြောပါတယ်။

အငြင်းပွားဖွယ်ဆုံးဖြတ်ချက်တစ်ခုက စစ်နိုင်ခဲ့ရင် ဝ တပ်ဖွဲ့တွေကို နယ်မြေအခြေချခွင့်ပေးမယ် ဆိုတာပဲဖြစ်ပြီး အရာရှိကြီးတချို့ကို စစ်ရုံးကိုခေါ်ယူရှင်းပြခဲ့တယ် လို့ အဲဒီတပ်အရာရှိကြီးက ပြောပါတယ်။

‘’သဘောကတော့ ဝ ကို Buffer Zone (ကြားခံဇုန်) ထားပြီး ထိုင်းကို ကစားချင်ခဲ့တာ။ အဲဒီတုန်းက ထိုင်းနဲ့က စစ်ရေးတင်းမာနေတဲ့အချိန်လေ’’ လို့ သူက ရှင်းပြပါတယ်။

ယွက်ဆစ်အဖွဲ့နဲ့ တိုက်ပွဲတွေမှာ ဝ ဘက်ကလည်း အကျအဆုံးများခဲ့ပြီး ဆုံးရှုံးသွားတဲ့စခန်းတွေကို တစ်လအတွင်းပြန်ရခဲ့ပါတယ်။

ဝ ပြည်တောင်ပိုင်းရယ်လို့ ဖြစ်လာတဲ့နောက်ပိုင်း ထိုင်းဘက်က ကန့်ကွက်ခဲ့ပေမဲ့ UWSA ကတော့ ပြန်မဆုတ်ခဲ့ပါဘူး။

ဝ သဘောထားဘယ်လိုရှိသလဲ

နှစ်နိုင်ငံနယ်နိမိတ်ပြဿနာနဲ့ ပတ်သက်ရင် နေပြည်တော်နဲ့ပဲ စကားပြောကြဖို့ ဝ က သဘောထားရှိပါတယ်။

UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက" ဒီလိုကိစ္စမျိုးက ကျွန်တော်တို့နဲ့မပြီးဘူး။ နိုင်ငံတော်အချင်းချင်းဆွေးနွေးရမဲ့ ကိစ္စရပ်ဖြစ်တယ်။နိုင်ငံတော် ခေါင်းဆောင်ပိုင်း ကိုလည်း သတင်းပို့ပြီးပါပြီ" လို့ "ဝ" လူငယ့်အသံကွန်ရက် ကိုပြောထားပါတယ်။

ဝ တပ်ဖွဲ့ဟာ ဒီပြဿနာကို မြန်မာစစ်တပ်ကို ဘာကြောင့်လွှဲပေးလဲဆိုတာ မေးခွန်းထုတ်စရာလို့ မြန်မာနိုင်ငံရဲ့လက်နက်ကိုင်အရေးကိုကျွမ်းကျင်သူ ဆွီဒင်သတင်းစာဆရာ ဘာတေးလစ်တနာက ပြောပါတယ်။

ဒါပေမဲ့ နေပြည်တော်စစ်ရုံးက ဘီဘီစီသတင်းအရင်းအမြစ်ကတော့ UWSA က တရားဝင် အကြောင်းကြားလာတာမရှိသေးဘူးလို့ နိုဝင်ဘာ ၂၈ ရက်က ပြောပါတယ်။

(၁၇၁) နယ်မြေမှာ နိုဝင်ဘာ ၂၆ က လုပ်တဲ့ စစ်သင်တန်းဆင်းပွဲက တပ်တွေဆုတ်ပေးမှာမဟုတ်ဘူးဆိုတဲ့ ဝ တပ်ဖွဲ့ရဲ့ရပ်တည်ချက်ကို အထင်အရှား ပြသပါတယ်။

‘’ထိုင်းနဲ့မြန်မာကြား တရားဝင် နယ်နိမိတ်စာချုပ်မရှိလို့ တပ်တွေကိုနောက်ဆုတ်ခိုင်းလို့မရဘူး’’ လို့ UWSP ပါတီဝင်တစ်ဦးက ပြောပါတယ်။

နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ခွင့်သဘောတူညီမှု၊ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ကုန်စည်စီးဆင်းမှု နဲ့ ရေပိုင်နက် နယ်နိမိတ်သဘောတူညီချက်ပဲ ရှိတဲ့အကြောင်း UWSP ပါတီဝင်က ပြောပါတယ်။

လက်ရှိထိုင်းက ဆုတ်ခိုင်းနေတဲ့နေရာဟာ နယ်စပ်မျဉ်း BP-3 နဲ့ BP-4 ကြားက တပ်စခန်းတွေလို့ ဝ တောင်ပိုင်းက UWSP တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

‘’လွယ်တိုင်းလျှံ ကို စိုးမိုးထားတဲ့ တပ်စခန်းတွေကို ဆုတ်ခိုင်းနေတာ’’ လို့ သူကပြောပါတယ်။

လွယ်တိုင်းလျှံ ဟာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရဲ့ ဌာနချုပ်ရှိရာနေရာ ဖြစ်ပါတယ်။

မြန်မာစစ်တပ် နဲ့ ဝ တောင်ပိုင်း

မြန်မာစစ်တပ်ရဲ့ ခါးသီးတဲ့ ရန်သူ ဗမာပြည်ကွန်မြူနစ်ပါတီကို ဝ တွေက ပုန်ကန်ခဲ့ပြီးတဲ့နောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကော်မတီ(နဝတ) နဲ့ ငြိမ်းချမ်းရေးယူခဲ့ကြပါတယ်။

ဝ တွေဟာ မြန်မာစစ်တပ်ထက် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ပိုပြီး ဆက်ဆံရေးကောင်းခဲ့တာလို့ ငြိမ်းချမ်းရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

၂၀၀၄ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့် ဖယ်ရှားခံခဲ့ရပြီးတဲ့နောက် ဝတပ်ဖွဲ့နဲ့ မြန်မာစစ်တပ်ကြား ဆက်ဆံရေးအေးစက်သွားခဲ့ပါတယ်။

နှစ်ဘက် ဆယ်စုနှစ်နဲ့ချီအောင် တိုက်ပွဲမဖြစ်ခဲ့ပေမဲ့ တစ်ဖက်နဲ့တစ်ဖက် အမြဲစောင့်ကြည့်နေကြပြီး စစ်ပြင်ခဲ့ကြပါတယ်။

ဝ ဟာ မြန်မာစစ်တပ်အဆိုပြုတဲ့ နယ်ခြားစောင့်တပ်အဖြစ်လည်း အသွင်မပြောင်းသလို အပစ်ရပ်စာချုပ် NCA မှာလည်း လက်မှတ်မထိုးထားပါဘူး။

ဝ မြောက်ပိုင်း ကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က တာဝန်ယူပြီး ဝ တောင်ပိုင်းကိုတော့ တြိဂံတိုင်းစစ်ဌာနချုပ်က တာဝန်ယူပါတယ်။

ဆက်ဆံရေးကိုတော့ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိ (စရဖ) တွေကပဲ တာဝန်ယူပါတယ်။

ဝ ပြည်တောင်ပိုင်းကို ဝ တွေ ရွှေ့လာပြီးတဲ့နောက် မြောက်ပိုင်းလို သီးသန့်မထားဘဲ တပ်နယ်မြေတွေနဲ့ ရောယှက်ထားပါတယ်။

ဗျူဟာအရ အရေးပါတဲ့နေရာတွေမှာ တပ်ကနေရာယူထားသလို ဝ တပ်ဖွဲ့ကလည်း ခံစစ်ကို အခိုင်အမာတည်ဆောက်ပါတယ်။

တပ်မအသွင်ယူထားတဲ့ တိုက်ခိုက်ရေးတပ်တွေဖြစ်တဲ့ အမှတ် (၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို မိုင်းဖြတ်မှာထားပြီး အမှတ် (၁၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို မိုင်းဆတ်မှာ ထားပါတယ်။

ဒီဌာနချုပ်နှစ်ခုက ဝ တောင်ပိုင်းကို ထိန်းချုပ်ထားဖို့ အဓိက တာဝန်ပေးထားတာလို့ စစ်ရုံးက အရာရှိတစ်ဦးက ပြောပါတယ်။

ဝ ဘက်ကလည်း ပန်ဆန်းကတပ်တွေကို ဝ ပြည်တောင်ပိုင်းကို အလုံးအရင်းနဲ့ ရွှေ့ခဲ့တယ်လို့ သူက ပြောပါတယ်။

ဝ ပြည် တောင်ပိုင်းကို ပန်ဆန်းက အလေးထားပြီး UWSP ဥက္ကဋ္ဌ ပေါက်ယူချန်းရဲ့သား ပေါက်အိုက်ခမ်းက (၁၇၁) မှာ တပ်ရင်းမှူးတာဝန်ယူခဲ့ဖူးပါတယ်။

ဒီဇင်ဘာ ၁၈ အလွန် ဘာတွေဖြစ်မလဲ

တရုတ်နဲ့ ဆက်ဆံရေးပြေလည်တဲ့ ဝ က အမေရိကန်မဟာမိတ် ထိုင်းနယ်စပ်မှာ ရှိနေတာဟာ ပထဝီနိုင်ငံရေးအရ ရှုပ်ထွေးတဲ့အခြေအနေတစ်ခုကို ဖြစ်စေနိုင်တယ်လို့ ဒေသတွင်းအကဲခတ်တွေက သုံးသပ်ကြပါတယ်။

အထူးသဖြင့် မြန်မာပြည်တည်ငြိမ်မှုမရှိတဲ့အချိန်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ နယ်မြေချဲ့ထွင်မှုတွေဖြစ်နေချိန်မှာ အိမ်နီးချင်းထိုင်းနိုင်ငံအနေနဲ့ သူ့နယ်စပ်လုံခြုံရေးကို ပိုအာရုံစိုက်လိမ့်မယ် လို့ လုံခြုံရေးဆိုင်ရာအကဲခတ်တွေကပြောပါတယ်။

ဒါပေမဲ့ ထိုင်းနယ်စပ်မှာ နှစ်ပေါင်းများစွာရှိနေခဲ့တဲ့ ဝ တပ်တွေကိုနောက်ဆုတ်ဖို့ ဖိအားထပ်ပေးတာက မြန်မာစစ်ခေါင်းဆောင်နဲ့ ထိုင်းဝန်ကြီးချုပ်တို့ နိုဝင်ဘာလဆန်းက တရုတ်မှာတွေ့တုန်း ဆွေးနွေးခဲ့တာတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပေထုန်တန် တို့ တွေ့ဆုံမှုမှာ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနဲ့ အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ် လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

‘’မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနဲ့ အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေး ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး တောင်းဆိုရင် ငြင်းရခက်တယ်။ မူအားဖြင့် သဘောကိုတူပေးရတယ်’’ လို့ အကဲခတ်တစ်ဦးက ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဒူးစစ် မေနဖန် ဟာ နိုဝင်ဘာ ၂၇ ရက်က နေပြည်တော်ကိုသွားခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံမှုမှာ နယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် မစ္စတာ ဒူးစစ်ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ NSPNC နဲ့ ပါတွေ့ပါတယ်။ NSPMC ခေါင်းဆောင်က နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၉ ရက် နဲ့ ၂၀ ရက်မှာ ထိုင်းနိုင်ငံမှာ မြန်မာ့အရေးဆွေးနွေးပွဲတစ်ခုရှိနေပြီး နယ်စပ်အရေးကိစ္စက အဓိကဆွေးနွေးစရာဖြစ်လာလိမ့်မယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

ထိုင်းစစ်တပ်ဟာ ဝ တပ်တွေကို ဝင်တိုက်မယ့် နည်းလမ်းကို သုံးမှာမဟုတ်ဘဲ သူတို့ကန့်ကွက်မှုကို မှတ်တမ်းယူတဲ့သဘောလို့လည်း ဒေသတွင်းအကဲခတ်တွေက သုံးသပ်နေကြပါတယ်။

ဒီဇင်ဘာ ၁၈ ပြည့်လို့ ဝ တပ်တွေပြန်မဆုတ်ရင်တောင် ‘’ထိုင်းဘက်ကတော့ ဇွတ်လုပ်မယ်မထင်ဘူး’’ လို့ နိုင်ငံရေးအကဲခတ်တစ်ဦးကပြောပါတယ်။

မြန်မာ့အရေးကျွမ်းကျင်သူ ဆွီဒင်သတင်းစာဆရာ ဘာတေးလစ်တနာက ဒီနယ်စပ်အရေး အငြင်းပွားမှုဟာ အသစ်မဟုတ်ဘူးလို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ကာလတွေတုန်းက ဒီလိုပဋိပက္ခမျိုးက တိကျတဲ့သဘောတူညီချက်တွေ မရဘဲ အဖျားရှူးသွားခဲ့တယ် လို့ သူက ပြောပါတယ်။

‘’ဒါပေမဲ့ အခုတစ်ကြိမ်မှာ အသစ်ဖြစ်တာကတော့ ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ်ကြား မဟုတ်ဘဲ ထိုင်းစစ်တပ်နဲ့ ဝ တပ်ဖွဲ့တို့ကြားက အခြေအတင်ဖြစ်တဲ့အနေအထား ဖြစ်ပါတယ်’’ လို့ UWSA အကြောင်းနှံ့နှံ့စပ်စပ်သိတဲ့ ဆွီဒင်သတင်းစာဆရာ ဘာတေးလစ်တနာက ပြောပါတယ်။