ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
‘‘ဝ’’တပ်ဖွဲ့ - ရှမ်းမြောက်ပဋိပက္ခမှာအသံတိတ်အောင်နိုင်သူလား
၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတုန်းက သေနတ်တစ်ချက်မှ မဖောက်ခဲ့ဘဲ ဟိုပန်မြို့ကို ရခဲ့တဲ့ ‘‘ဝ’’တပ်ဖွဲ့ (UWSA) ဟာ ၁၀၂၇ ဒုတိယပိုင်းမှာလည်း တန့်ယန်းမြို့ကို ယာဥ်တန်းချီ ဝင်ရောက်ခဲ့ပြီး ထိန်းချုပ်ခဲ့ပါတယ်။
ဇူလိုင် ၂၈ ရက်မှာတော့ ကိုးကန့်တပ် (MNDAA) က မြို့သိမ်းတိုက်ပွဲဖော်နေတဲ့ လားရှိုးမြို့ကို ‘‘ဝ’’တပ်ဖွဲ့က ထပ်ပြီး ဝင်ရောက်နေရာယူလိုက်ပါတယ်။
UWSA က ရှမ်း(မြောက်ပိုင်း) က ပဋိပက္ခတွေမှာ သေနတ်သံမထွက်ခဲ့ဘဲ ဟိုပန်၊ ပန်လုံနဲ့ တန့်ယန်းမြို့ ၃ မြို့ ကို ဝင်ပြီး ထိန်းချုပ်ထားလိုက်နိုင်တာပါ။
နေပြည်တော်စစ်ရုံးက သတင်းရင်းမြစ်ကတော့ နေပြည်တော်နဲ့ ပန်ဆန်းကြားမှာ သဘောတူညီမှုတွေ ရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။
လားရှိုးအရေး စစ်ကောင်စီစဥ်းစားချက်
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက လားရှိုးကို "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ် ဝင်ရောက်တာကိုသိရှိတယ်လို့ ဘီဘီစီကို ဖြေပါတယ်။
‘‘ကြိုတင်အကြောင်းကြားမှု ရှိခဲ့ပါတယ်’’လို့ သူက ပြောပေမဲ့ ဘယ်လိုသဘောတူညီသတ်မှတ်ချက်တွေနဲ့ အခုလို ဝင်ရောက်သွားခဲ့တာလဲဆိုတာကိုတော့ ဖြေကြားတာမရှိပါဘူး။
နေပြည်တော်စစ်ရုံးက သတင်းရင်းမြစ်ကတော့ ဟိုပန်နဲ့ တန့်ယန်းကို ''ဝ''တပ်ဝင်ဖို့ စစ်ကောင်စီဘက်က အကူအညီတောင်းကတည်းက နေပြည်တော်မှာ သဘောထားကွဲလွဲမှုတွေ ရှိခဲ့တယ်လို့ ဘီဘီစီကို ပြောပြပါတယ်။
ဒါပေမဲ့ အရှေ့မြောက်တိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုလုံး ဆုံးရှုံးလာတဲ့ လားရှိုးကို အထိခိုက်နည်းဖို့ ''ဝ'' ကိုထပ်ပြီး တပ်ဘက်က အကူအညီတောင်းရတာလို့ ပြောပါတယ်။
‘‘တပ်ဘက်က စဥ်းစားချက်က လားရှိုးက ကိုးကန့်လက်ထဲရောက်တာထက် တိုက်ပွဲမဖော်တဲ့ ‘ဝ’ လက်ထဲရောက်တာက ဒီနယ်မြေတွေပိုပြီး စိတ်ချရတယ်ဆိုတာမျိုးဖြစ်တယ်’’ လို့ နေပြည်တော် သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ထောက်ခံသူတွေနဲ့ စစ်ကောင်စီအကြံပေးတချို့ကတော့ UWSA လားရှိုးကိုဝင်လိုက်တာက MNDAA ကို ထိန်းဖို့ တပ်ရဲ့ ကစားကွက်လို့ ဝါဒဖြန့်ပါတယ်။
‘‘ရှမ်းမြောက်မှာ ပဋိပက္ခတွေ ထပ်မကျယ်ပြန့်ဖို့ စစ်တပ်က UWSA ကို နယ်မြေငြိမ်းချမ်းရေး ထိန်းချုပ်သူအဖြစ်ရှိဖို့ ဆိုတာမျိုးနဲ့ ညှိနှိုင်းထားတယ်’’ လို့ နေပြည်တော်ရင်းမြစ်က ပြောပါတယ်။
လားရှိုးမြို့မှာရှိတဲ့ အရှေ့မြောက်တိုင်းစစ်ဌာချုပ်ဟာ စစ်တပ်ရဲ့ တိုင်းစစ်ဌာနချုပ် ၁၄ ခု ရှိတဲ့ အနက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ ပထမဆုံးသိမ်းပိုက်ခံရတဲ့ တိုင်းစစ်ဌာနချုပ်ဖြစ်ပါတယ်။
ဟိုပန်၊ ပန်လုံ၊ တန့်ယန်းနဲ့ လားရှိုးဖြစ်စဥ်ကို ဘိန်းဘုရင် ခွန်ဆာတပ်တွေရဲ့ တောင်ပိုင်းဒေသဖြစ်စဥ်နဲ့ အကဲခတ်တချို့က ချိန်ထိုးပြပါတယ်။
၁၉၉၀ ကာလက နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ဘိန်းဘုရင် ခွန်ဆာရဲ့စစ်တပ်တွေကို တိုက်ခိုက်ပေးတဲ့အတွက် “တောင်ပိုင်းဒေသ” လို့ခေါ်တဲ့ ထိုင်းနယ်စပ်ကနယ်မြေတွေကို မြန်မာစစ်တပ်က "ဝ" ကို ပေးခဲ့ပါတယ်။
‘‘စစ်တပ်ကတော့ လားရှိုးက သူနဲ့ အဆင်မပြေတဲ့ ကိုးကန့်လက်ထဲမှာရှိတာထက် ‘‘ဝ’’ လက်ထဲရှိတာ ပိုကောင်းတယ်လို့ မြင်တာပေါ့။ ဒါပေမဲ့ စစ်တပ်ရဲ့ စဥ်းစားချက်က မမှန်ပါဘူး။ ထိုင်းနယ်စပ်မှာ ခွန်ဆာကိုတိုက်ပေးပြီး ‘‘ဝ’’ နယ်မြေရသွားခဲ့တာ အခုထိပဲလေ’’ လို့ မြောက်ပိုင်းတပ်တွေအရေး လေ့လာတဲ့ နိုင်ငံရေးအကဲခတ်က ပြောပါတယ်။
UWSA ရဲ့ တောင် - မြောက်နယ်မြေထိန်းချုပ်ရေးပုံစံလား
UWSA ရဲ့ ခြေလှမ်းတွေအရ ရှမ်းမြောက်ဒေသတစ်ခုလုံးကို တတ်နိုင်သမျှချဲ့ထွင်နေရာယူဖို့ ရည်ရွယ် ချက်ရှိနိုင်တယ်လို့ သုံးသပ်သူတွေကယူဆသလို ၁၀၂၇ စစ်ဆင်ရေးနောက်ဆက်တွဲ မြောက်ပိုင်းပဋိပက္ခဟာ UWSA ရဲ့ ရည်မှန်းချက်ကို ပိုပြီးထောက်ပံ့အားကောင်းလာပါတယ်။
၁၀၂၇ စစ်ဆင်ရေးပထမပိုင်းကို ပြန်ကြည့်ရင် '' ဝ'' ဟာ မြောက်ပိုင်းမှာ ဟိုပန်ခရိုင်တစ်ခုလုံး အုပ်ချုပ်ရေးဖော်ခဲ့ပါတယ်။
၁၀၂၇ ဒုတိယပိုင်း စခဲ့အပြီး ဇူလိုင် ၁၁ ရက်မှာ လားရှိုးခရိုင်ထဲက တန့်ယန်းကို ''ဝ'' တပ်တွေရောက်လာပြီး ဇူလိုင် ၂၈ ရက်မှာတော့ လားရှိုးမြို့ထဲအထိ ဝင်လာတာဖြစ်ပါတယ်။
''၁၉၉၀ ပြည့်လွန်နှစ်တွေက UWSA ရခဲ့တဲ့ ထိုင်းနိုင်ငံနဲ့ဆက်နေတဲ့ တောင်ပိုင်း ''ဝ'' ဒေသနဲ့ တရုတ်နဲ့ ဆက်နေတဲ့ ''ဝ''အုပ်ချုပ်ရေးရုံးစိုက်ထားတဲ့ မြောက်ပိုင်းတခွင်လုံးကို ချိတ်ဆက်ပြီး သြဇာလွှမ်းမိုးဖို့ဆိုတာက ပန်ဆန်းရဲ့ ရည်ရွယ်ချက်'' လို့ ကိုအမရသီဟက သူ့ရဲ့ သုတေသနပြုချက်တွေကို ကိုးကားပြီး ပြောပါတယ်။
"ဝ" ပြည် တောင်ပိုင်း (၁၇၁ စစ်ဒေသ ) ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း မြန်မာ-ထိုင်းနယ်စပ်က တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ တို့အပါအဝင် မြို့နယ် ခုနှစ်မြို့နယ် သတ်မှတ်ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ပန်ဆန်း ဗဟိုပြု "ဝ" ဒေသနဲ့ မိုင်းဆတ်ကြားမှာ ကျိုင်းတုံ၊ တာချီလိတ်ဒေသ ရှိနေပါတယ်။
UWSA ၁၇၁ စစ်ဒေသနယ်မြေရှိတဲ့ မြို့နယ် ၆ မြို့နယ်မှာ ''ဝ'' မြောက်ပိုင်း၊ ပန်ဆန်းဒေသလိုသီးခြားရှိမနေဘဲ လက်ရှိမှာ စစ်ကောင်စီထိန်းချုပ်နယ်မြေတွေ၊ တပ်တွေနဲ့ ရောယှက်နေပါတယ်။ ခေတ်အဆက်ဆက်ရဲ့ အစိုးရ ဖွဲ့စည်းပုံမှာလည်း မိုင်းဆတ်ခရိုင်နဲ့ မိုင်းဆတ်၊ မိုင်းတုံမြို့နယ်တွေပါဝင်ပါတယ်။
စစ်ကောင်စီနဲ့ နီးစပ်သူတချို့ပြောတဲ့ သတင်းအချက်တွေအရ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ UWSA က မြန်မာစစ်တပ်ကို ''ဝ'' နယ်ထဲမှာ ကျိုင်းတုံကို ထည့်သွင်းပေးဖို့အထိ ဆွေးနွေးထားသလို UWSA တောက်လျှောက်ပြောနေတဲ့ သူတို့အုပ်ချုပ်ရာဒေသကို ပြည်နယ်အဖြစ်ပြောင်းလဲပေးဖို့ဆိုတာလည်း ပါဝင်ပါတယ်။
UWSA ရဲ့ မြောက်ပိုင်းနယ်မြေတကြော က တရုတ်နိုင်ငံ နယ်နိမိတ်နဲ့ ဆက်စပ်နေသလို တရုတ်နိုင်ငံရဲ့ ရပ်ဝန်းနဲ့လမ်းကြောင်းစီမံကိန်း (BRI) အတွက် "ဝ" ဒေသ က အရေးပါတဲ့အစိတ်အပိုင်း ဖြစ်နေပါတယ်။ UWSA ရဲ့ နမ့်တစ်အထူးမြို့နယ်ဟာ စီးပွားရေးဇုန်တစ်ခုဆောက်ဖို့အထိ တရုတ်ရဲ့ လျာထားချက်ထဲပါတဲ့ဒေသ ဖြစ်ပါတယ်။
ဟိုပန်၊ နမ့်တစ်၊ ပန်လုံ နဲ့ နားဝီးမြို့တွေကို စုစည်းပြီး ဟိုပန်ခရိုင်အဖြစ် သတ်မှတ်ခဲ့တာက "ဝ" လုပ်ချင်တဲ့ ခြေလှမ်းတစ်ရပ်အဖြစ် အကောင်းဆုံးသာဓကပဲလို့ မြောက်ပိုင်းအရေးလေ့လာသူတစ်ယောက်က ပြောပါတယ်။
နေပြည်တော်အုပ်ချုပ်သူတွေနဲ့ ဆက်ဆံရေးကောင်းမွန်ပြီး မြောက်ပိုင်းမဟာမိတ်တွေကြားမှာလည်း အစ်ကိုကြီးသဖွယ်ရှိနေတဲ့ ''ဝ'' ဟာ ပိုနေမြဲကျားနေမြဲ နှစ်ဖက်ကြားမိတ်မပျက် ဆက်ဆံရေးအထိုင်ကနေ ခြေလှမ်းကြီးကြီးကို တဖြည်းဖြည်းလှမ်းခဲ့ပေမဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်မှာတော့ အခွင့်အလမ်းပိုရလာတယ်လို့ ရှုမြင်ကြပါတယ်။
မြန်မာပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေကို လေ့လာတဲ့ နိုင်ငံရေးအကဲခတ်တစ်ဦးကတော့ ''UWSA ဟာ သမိုင်းတလျှောက်မှာ သြဇာအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အဖြစ် သူ့ကိုယ်သူ ပုံဖော်လာတယ်'' လို့ ပြောပါတယ်။
တရုတ်နယ်စပ်ကနေ ထိုင်းနယ်စပ်အထိ နယ်မြေထိန်းချုပ်မှုရှိထားတဲ့ ''ဝ'' ဟာ နိုင်ငံရဲ့ စစ်တပ်ပြီးရင် အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ရှိသူဖြစ်ပါတယ်။
ယေဘုယျ ရှုမြင်ချက်တွေအရ တရုတ်ရဲ့မဟာမိတ်လို့ အမြဲမှတ်ယူခံထားရတဲ့ UWSA ဟာ နယ်စပ်ခြင်း ထိစပ်နေတဲ့ ယူနန်ပြည်နယ် အစိုးရနဲ့သာမက ဗဟိုအစိုးရ ဘေဂျင်းနဲ့ပါ ဆက်ဆံရေးကောင်းရှိပါတယ်။
ကိုအမရသီဟကတော့ ''မဲခေါင်ဒေသရဲ့ နှလုံးသားတည့်တည့်လိုနေရာမှာ ရှိတယ်လို့ ပြောနိုင်တဲ့ ''ဝ'' ရဲ့ ပထဝီဝင်အနေအထားလွှမ်းမိုးမှုဟာ တရုတ်ရဲ့ အရှေ့အာရှလွှမ်းမိုးနိုင်မှုကိုပါ ထင်ဟပ်လာနိုင်တယ်'' လို့ မှတ်ချက်ပြုပါတယ်။
UWSA ရဲ့ နိုင်ငံရေးမဟာမိတ်တွေဖြစ်တဲ့ ကိုးကန့်တပ်ဟာ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာ လောက်ကိုင်၊ ချင်းရွှေဟော်အပါအဝင် တရုတ်-မြန်မာနယ်စပ်က မြို့လေးမြို့နဲ့ သိန္နီမြို့ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ လားရှိုးမြို့အထိရောက်လာပြီးရှမ်းပြည်ရဲ့မြောက်ပိုင်း တစ်ပိုင်းလုံးနီးနီးကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။
တအာင်းတပ် - TNLA ကလည်း ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းမှာ ရှမ်းမြောက်ဒေသထဲက မြို့ ၇ မြို့ နဲ့ ဒုတိယပိုင်းမှာ ကျောက်မဲ၊ နောင်ချို နဲ့ မန္တလေးတိုင်းထဲက မိုးကုတ်ကို ထိန်းချုပ်ထားပါတယ်။
ဒါကြောင့် ကိုးကန့်တပ် - MNDAA တိုက်ပွဲဖော်နေတဲ့ လားရှိုးကို UWSA ဝင်လာတာက လားရှိုးကို နဂိုကတည်းက ရည်မှန်းချက်ရှိတဲ့ UWSA ရဲ့ အစီအမံပဲဆိုတဲ့ ကောက်ချက်ချမှုတွေလည်း ရှိပါတယ်။
နိုင်ငံမြောက်ပိုင်းမှာ တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုတွေကနေ UWSA နဲ့ သူ့ရဲ့ မဟာမိတ်တိုင်းရင်းသားတပ်တွေရဲ့ ထိန်းချုပ်နိုင်မှုက တရုတ်နယ်စပ်ကနေ ထိုင်းနယ်စပ်တလျှောက်အထိရောက်လာတယ်လို့ နားလည်ရပါတယ်။
အမေရိကန်ရဲ့ အဓိက မဟာမိတ်တစ်ဦးဖြစ်တဲ့ ထိုင်းနိုင်ငံကတော့ တရုတ်ဘက်ယိမ်းသလို တရုတ်ရဲ့ ကျောထောက်နောက်ခံနဲ့ တည်ရှိလှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ သူ့ရဲ့ ခြံစည်းရိုးမှာ အုပ်ချုပ်သြဇာထူထောင်လာတာကို ဘယ်လိုချဥ်းကပ်မလဲ၊ ဒီအတွက်စဥ်းစားပြင်ဆင်မှုတွေရှိနေပြီလားဆိုတာလည်း သိချင်စရာဖြစ်လာတယ်လို့ ကိုအမရသီဟကဆိုပါတယ်။
''ဒီမှာအရေးကြီးတဲ့ မေးခွန်းက အရှေ့တောင်အာရှကျွန်းမကြီးမှာ အမေရိကန်ရဲ့ ကျန်နေသေးတဲ့တစ်ဦးတည်းသော မဟာမိတ် ထိုင်းက ဒီလို ခြေတံလက်တံဆန့်လာတဲ့ မြန်မာဒေသတွင်းက ပလေယာအသစ်အတွက်ပြင်ဆင်ထားတာရှိနေပြီလားဆိုတာပါပဲ''
UWSA ၊ MNDAA နဲ့ လားရှိုးအုပ်ချုပ်ရေး ဘယ်လိုဖြစ်လာမလဲ
ကိုးကန့်တပ်- MNDAA က လားရှိုးမြို့ကို အထူးဒေသ-၁ ထဲ ထည့်ထားပေမဲ့ အဲဒီအပေါ်မှာ အငြင်းပွားမှုတွေ ရှိပါတယ်။ လားရှိုးဟာ အထူးဒေသ-၁ ထဲ မပါဘူးဆိုပြီး နိုင်ငံရေးအကဲခတ်တချို့က ပြောပါတယ်။
MNDAA ရဲ့ လားရှိုးမြို့ သိမ်းတိုက်ပွဲဟာ နေရာအနှံ့စစ်မြေပြင်မှာ ဆန့်ကျင်မှုတွေနဲ့ ရင်ဆိုင်နေရပြီး တိုက်ခိုက်ရေးစွမ်းရည်ကျ အင်အားချိနဲ့နေတဲ့ မြန်မာစစ်တပ်ကို အခွင့်အရေးယူအသုံးချတာလို့ သုံးသပ်သူတွေက အမြင်ရှိပါတယ်။
MNDAA ရောက်နေပြီးသား လားရှိုးကို ‘‘ဝ’’ တပ်ဖွဲ့တွေ ဝင်ရောက်လာပြီးတဲ့နောက်မှာ လားရှိုးမြို့ ကို UWSA ကထိန်းလိုက်ပြီဆိုတဲ့ သုံးသပ်ချက်တွေ နိုင်ငံရေးအကဲခတ်တွေကြား ထွက်ပေါ်လာပါတယ်။
မြောက်ပိုင်းလက်နက်ကိုင်တပ်တွေနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင်ရှိတဲ့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က လားရှိုးဟာ UWSA လက်ထဲ ရောက်သွားတာပဲလို့ ပြောပါတယ်။
‘‘လားရှိုးကို UWSA ဝင်တာ တရုတ်ရဲ့ လမ်းကြောင်းပါ’’ လို့ သူကပြောပါတယ်။
လားရှိုးမှာရှိတဲ့ "ဝ" အဖွဲ့ရဲ့ ဆက်ဆံရေးအရာရှိ ဦးညီရမ်းကတော့ လားရှိုးမြို့နယ်ထဲက "ဝ" ရဲ့ ပြင်ပဆက်ဆံရေးရုံးတွေနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လာရောက်တာလို့ ပြောပါတယ်။
မြို့ထဲကို မဝင်ခင်မှာလည်း တိုက်ပွဲဖြစ်ပွားနေတဲ့ အဖွဲ့တွေဆီကို အကြောင်းကြားခဲ့ပြီး အဲဒီ အဖွဲ့တွေရဲ့ သဘောတူညီချက်နဲ့ ဝင်ရောက်ခဲ့တာလို့ဆိုပါတယ်။
‘‘လားရှိုးမြို့မှာ တပ်စွဲထားတဲ့ ကျွန်တော်တို့ “ဝ”လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ အဘက်ဘက်ကို ဝင်ရောက်စွက်ဖက်ခြင်း၊ ပူးပေါင်းခြင်းနဲ့ ပံ့ပိုးပေးခြင်းတွေလုပ်ဆောင်မှာမဟုတ်ပါဘူး။ လားရှိုးမြို့နဲ့ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးအမြန်ဆုံးရဖို့ကို “ဝ”ပြည်နယ်ကမျှော်လင့်ပါတယ်’’ လို့ သူက ဘီဘီစီကိုပြောပါတယ်။
တရုတ်ထောက်လှမ်းရေးနဲ့ နီးစပ်တဲ့ နောက်ထပ်ဘီဘီစီရဲ့ ရင်းမြစ်ကလည်း ကိုးကန့်တပ် လားရှိုးကို စဝင်ကတည်းက တရုတ်က လိုလားတဲ့ပုံမရှိဘူးလို့ သူသိထားတဲ့အချက်ကို ပြောပါတယ်။
UWSA လားရှိုးကို ဝင်တဲ့ ဇူလိုင် ၂၈ ရက်မှာ မြန်မာပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွက် တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးရေးမူဝါဒကို တစိုက်မတ်မတ်လိုက်နာမယ်ဆိုပြီး ကိုးကန့်တပ် (MNDAA) ကလည်း ထုတ်ပြန်ပါတယ်။
တိုက်ပွဲအမြန်ချုပ်ငြိမ်းရေးနဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ပါတဲ့ အဲဒီထုတ်ပြန်ချက်မှာ လားရှိုးမှာရှိနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းအပါအဝင် ဆိုက်ဘာမှုခင်းလုပ်ငန်းတွေကို တိုက်ဖျက်သွားမယ်လို့ ပြောထားပါတယ်။
ဒါအပြင် လူမျိုးရေး၊ ဘာသာရေး အပါအဝင် ခွဲခြားဆက်ဆံမှုမရှိဘဲ လားရှိုးမြို့ရဲ့အုပ်ချုပ်ရေးယန္တရားတွေကို အပြည့်အဝ ထိန်းချုပ်ကိုင်တွယ်သွားမယ်လို့လည်း MNDAA က ဆိုပါတယ်။
လားရှိုးကို UWSA ဝင်လာပေမဲ့ စစ်တပ်နဲ့ ကိုးကန့်တပ်တွေအကြား တိုက်ပွဲတွေက ဆက်ရှိခဲ့ပါတယ်။ ဒါကြောင့် ကိုးကန့်တပ်ကလည်း လောလောဆယ်မှာ လားရှိုးကနေ ထွက်မယ့်ဟန်မရှိဘူးလို့ နားလည်ရပါတယ်။
မြောက်ပိုင်းလက်နက်ကိုင်တပ်တွေနဲ့ပတ်သက်ပြီး သုတေသနပြုနေတဲ့ Peace Research Institute Oslo (PRIO) က သုတေသီ ကိုအမရသီဟကတော့ လားရှိုးမြို့ အုပ်ချုပ်ရေးပုံစံက တန့်ယန်း မိုဒယ်ဖြစ်လာနိုင်တယ်လို့ ကောက်ချက်ချပါတယ်။
တန့်ယန်းမှာ စစ်ကောင်စီတပ်တွေဆုတ်ခွာတာမရှိဘဲ UWSA ကဝင်ထိန်းထားတဲ့ပုံစံကို သူက ရည်ညွှန်းတာ ဖြစ်ပါတယ်။
‘‘လားရှိုး ကို တိုက်ရိုက်ကြီး 'ဝ' အုပ်ချုပ်မှုအောက်ထည့်မှာမျိုးတော့ ချက်ချင်းကြီးဖြစ်မလာနိုင်ဘူး’’ လို့ ကိုအမရသီဟက ရှုမြင်ပါတယ်။
UWSA နဲ့ နီးစပ်တဲ့နောက်ထပ် နိုင်ငံရေးအကဲခတ်တစ်ဦးကတော့ လားရှိုးကို MNDAA ကပဲအုပ်ချုပ်ရေးဖော်မှာလို့ ပြောပါတယ်။
''အုပ်ချုပ်ရေးက MNDAA ကပဲလုပ်မှာ။ ဒါပေမဲ့ နောက်မှာ UWSA ရှိနေမယ်။ အုပ်ချုပ်ရေးအတွေ့အကြုံနည်းတဲ့ ကိုးကန့်ကို ''ဝ'' က ကူညီမှာ'' လို့ သူ့အမြင်ကို ပြောပါတယ်။
စစ်တပ်ထောက်ခံသူတချို့ကတော့ MNDAA တိုက်ပွဲဖော်နေတဲ့နေရာကို UWSA ဝင်လာတာက ဒီတပ်ဖွဲ့ ၂ ဖွဲ့ကြားမှာ တင်းမာမှုတွေရှိလာနိုင်တယ်လို့ ပြောဆိုရေးသားနေပေမဲ့ အဲဒီလိုဖြစ်လာစရာမရှိဘူးလို့ မြောက်ပိုင်းအဖွဲ့တွေနဲ့ နီးကပ်တဲ့ အကဲခတ်က တုံ့ပြန်ပါတယ်။
‘‘ဝ’’ တပ်ဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင် (၇) ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ ရဲ့ ဦးဆောင်သူဖြစ်ပါတယ်။
FPNCC မှာ ကချင်လွတ်လပ်ရေးတပ် (KIA)၊ အာရက္ခတပ်တော် (AA)၊ တအာင်းတပ် (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (NDAA) မိုင်းလား၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နဲ့ “ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) တို့ ပါဝင်ပါတယ်။
(FPNCC) အဖွဲ့ ရဲ့ ဦးဆောင်သူဖြစ်တဲ့ ''ဝ'' မှာ သူ့ရဲ့ မဟာမိတ်တပ်တွေနဲ့ ဆက်ဆံရေးကလည်း ခိုင်ခိုင်မာမာ ရှိနေပါတယ်။ အထူးသဖြင့် UWSA၊ MNDAA နဲ့ NDAA တို့ကြားဆက်ဆံရေးက တခြားအဖွဲ့တွေထက် ပိုပြီးနီးကပ်ပါတယ်။
''ဝ ''တပ်ဖွဲ့ဟာ သူထိန်းချုပ်ခွင့်ရတဲ့ နယ်မြေတွေကို စစ်ရေးအရရော ဖွံ့ဖြိုးတိုးတက်ရေးပါ တပြိုင်တည်းခိုင်မာအောင်လုပ်နိုင်ခဲ့တဲ့ သာဓက တွေရှိခဲ့ပါတယ်။
တဖက်မှာလည်း ပါးနပ်တဲ့ ''ဝ'' ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အခမ်းအနားတွေမှာ ဝ အလံ နဲ့အတူ မြန်မာနိုင်ငံတော်အလံကိုပါလွှင့်ထားပြီး စစ်ခေါင်းဆောင် အဆက်ဆက်နဲ့ ဆက်ဆံရေးကောင်း တစ်ခု ထူထောင်ထားနိုင်ခဲ့ပါတယ်။
နိုင်ငံရေးသုတေသီ ကိုအမရသီဟကတော့ UWSA ရဲ့ နယ်မြေချဲ့ထွင်မှုနဲ့ချိတ်ဆက်နေတယ်လို့ ယူဆပါတယ်။
''အရင်ကတော့ ''ဝ'' က တောင်ပိုင်းကိုကြည့်တယ်။ အခုတော့ မြောက်ပိုင်းမှာ Power Vaccum ( အာဏာလေဟာနယ်) ဖြစ်လာတာရော၊ SAC (စစ်ကောင်စီ) ဘက်ကပါ တရားဝင်နေရာပေးလိုက်တာက သူတို့အတွက်ပိုပြီး expansion (နယ်မြေချဲ့ထွင်) ဖို့ ပိုကောင်းတာပေါ့'' လို့ ကိုအမရသီဟက ပြောပါတယ်။
အခုလိုဖြစ်ပျက်မှုတွေ ပေါ်ပေါက်လာပြီးချိန်မှာတော့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ ထိုးစစ်ဆင်နေတဲ့ ရှမ်းမြောက်ဒေသမှာ ‘‘ဝ’’ တပ်ဖွဲ့ ရဲ့ မဟာဗျူဟာနဲ့ ရည်မှန်းချက်တွေကဘာတွေလဲဆိုတာမျိုး မေးခွန်းတွေ ထွက်လာပါတယ်။
လောလောဆယ်မှာ လားရှိုးမြို့ဟာ ဘယ်လက်နက်ကိုင်တပ်ဖွဲ့လက်ထဲဆက်ရှိမလဲဆိုတဲ့ မေးခွန်းအတွက်အဖြေကို တိတိကျကျပြောဖို့ကတော့ မှန်းဆရခက်နေကြဆဲပါ။
ဒါပေမဲ့ UWSA ကို သူ့ရဲ့ မဟာမိတ်တွေနဲ့ ဆက်ဆံရေးနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာ အချက်တချို့ရှိနေပါတယ်။
UWSA အနေနဲ့ သူ့မဟာမိတ်တွေကို မထိန်းချုပ်နိုင်တဲ့အနေအထားရောက်အောင်၊ သူ့ရဲ့ နိုင်ငံရေးလွှမ်းမိုးနိုင်စွမ်းကို စိန်ခေါ် တဲ့အထိဖြစ်လာနိုင်အောင်၊ လက်ရှိ သူ့ရဲ့ ရှိရင်းစွဲ အနေအထားကို ဖျက်ဆီးလိုက်တဲ့အနေအထားရောက်အောင် ခွင့်ပြုမလားဆိုတာပါပဲ။