ပြည်နယ်တောင်းတဲ့ ဝ နဲ့ စစ်ကောင်စီတို့ ဘာတွေသဘောတူခဲ့သလဲ

လွန်ခဲ့တဲ့ ၃ နှစ် ဇွန်လ ၂ ရက်နေ့မှာ ဖြစ်ပါတယ်။

အဲ့ဒီနေ့ ၂၀၁၉ ခုနှစ် ဇွန်လ ၂ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ UWSA ဝ တပ်ဖွဲ့ရဲ့ နှစ် ၃၀ ပြည့် အခမ်းအနားက လက်နက်အပြည့်အစုံနဲ့ စစ်ရေးပြပွဲလုပ်ခဲ့တာနဲ့ ပတ်သက်လို့ မြန်မာတပ်မတော်က အစွမ်းကုန်သည်းခံနေရတယ်လို့ ပြောခဲ့ပါတယ်။

UWSA ခေါ် ဝ တပ်ဖွဲ့ရဲ့ စစ်အင်အားပြမှုတွေဟာ စင်ပြိုင်အစိုးရ၊ စင်ပြိုင် တပ်မတော်ပုံစံ ဆောင်ရွက်နေတာတွေကို တွေ့ရတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောခဲ့တဲ့ စစ်တပ်ဟာ စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ကျော်မှာ ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်ပြီး အခုလို တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အခု ၃ နှစ်အကြာမှာတော့ ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ကိုယ်စားလှယ်အဖွဲ့ဟာ အာဏာသိမ်းစစ်ကောင်စီနဲ့တွေ့ဆုံပြီး ငြိမ်းချမ်းရေး ဖွံဖြိုးမှုဆိုင်ရာ အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကာ ၃ ရက်တာ ဆွေးနွေးချက်များကို အတည်ပြုလက်မှက်ရေးထိုးနိုင်ခဲ့ကြတယ်လို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာ စစ်တပ်နဲ့ ဝ ကိုယ်စားလှယ်တို့ ဘာတွေ သဘောတူခဲ့နိုင်တယ်ဆိုတာနဲ့ ပတ်သက်လို့ ဝ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာစစ်တပ်ဘက်က ထုတ်ပြန်ချက်တွေမှာ မတွေ့ရပါဘူး။

နေပြည်တော်ကို ရောက်လာခဲ့တဲ့ ဝ ကိုယ်စားလှယ်အဖွဲ့ဟာ စစ်ကောင်စီနဲ့ တွေဆုံနေတဲ့ ရက်ပိုင်းမှာပဲ သူတို့ဘာတွေ သဘောထားရှိတယ်ဆိုတာနဲ့ ပတ်သက်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အခုထုတ်ပြန်ချက်မှာ ဝ အဖွဲ့က သူတို့ဟာ ပြည်ထောင်စုက ခွဲထွက်မှာ မဟုတ်ကြောင်းနဲ့ ဝ ဒေသကို ပြည်နယ်အဆင့် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့တာလည်း တွေ့ရပါတယ်။

နိုင်ငံတော် ကာကွယ်ရေးနဲ့ သံတမန်ရေးကလွဲပြီး မိမိကို မိမိတို့ အုပ်ချုပ်မယ်လို့ ဝ အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဝ အဖွဲ့က ပြည်နယ်တောင်းတာဟာ အထူးအဆန်းမဟုတ်ဘဲ အရင်လို တောင်းနေကြဖြစ်ပေမယ့် အခု ဝ ဘက်က တောင်းဆိုချက်မှာ အရင် တောင်းဆိုခဲ့တဲ့ သံတမန်ရေးလို့ဆိုတဲ့ နိုင်ငံခြားရေးကို မတောင်းတော့ဘဲ အလျှော့ပေးလိုက်တာ တွေ့ရတယ်လို့ ဝဒေသနဲ့ ပတ်သက်ပြီးနှစ်ပေါင်းမျာစွာ အနီးကပ်လေ့လာနေသူ နိုင်ငံရေးလေ့လာသူတစ်ဦးကပြောပါတယ်။

ဒီအချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ဝ ကိုယ်စားလှယ် အဖွဲ့ဝင် တစ်ဦးကို ဘီဘီစီက ဆက်သွယ်အတည်ပြုဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

စစ်ကောင်စီဘက်ကတော့ သူတို့ဘက်က ဝ ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းမှုကို ဒါ့ထက်မြင့်တဲ့ပုံစံမျိုးပေးဖို့ မူအားဖြင့် သဘောတူပြီးဖြစ်တယ်လို့ ဇွန်လ ၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) အပါအဝင် လက်နက်ကိုင် ၁၀ ဖွဲ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်စီစဉ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်မယ်ဆိုပြီး စစ်ကောင်စီဘက်က ပြောခဲ့ပါတယ်။

ဝ ဘက်ကတက်လာတဲ့ ခေါင်းဆောင်ဟာ အစိုးရဘက်မှာ အဆင့်လေးရှိတဲ့ ခေါင်းဆောင်လို့ နိုင်ငံရေးလေ့လာသူက ပြောပြီး အရင်နေပြည်တော်ကိုရောက်လာခဲ့တဲ့ ဝ ခေါင်းဆောင်တွေနဲ့ ယှဥ်ရင် အဆင့်နိမ့်တယ်လို့ ဝ ဒေသနဲ့ ပတ်သက်ပြီးနှံ့စပ်တဲ့ နိုင်ငံရေးလေ့လာသူက ဆက်ပြောပါတယ်။

ဝ မှာ စစ်တပ်ရယ် အစိုးရရယ် ပါတီရယ်ဆိုပြီး ရှိပေမယ့် အားလုံးကို တရုတ်လိုပဲ ပေါ်လစ်ဗျုရို အဖွဲ့က ဆုံးဖြတ်တာဖြစ်ကြောင်းနဲ့ အခုနေပြည်တော်ကို ရောက်လာတဲ့ ဝခေါင်းဆောင်ဟာ ဒီပေါ်လစ်ဗျူရို အဖွဲ့မှာ ပါတဲ့ သူမဟုတ်တဲ့ အတွက် တွေ့ဆုံဆွေးနွေးပြီး ဆုံးဖြတ်ခွင့် များများစားစားရှိမယ့် သဘောရှိမှာ မဟုတ်ဘူးလို့လည်း သူက သုံးသပ်ပါတယ်။

စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်နဲ့ ဝ ပြည်သွေးစည်း ညီညွတ်ရေးပါတီ(UWSP)ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကုဦးဆောင်တဲ့ အဖွဲ့တို့ မေလ၂၉ရက်နေ့ ၃၀ရက်နေ့အထိ နေပြည်တော်မှာ ငြိမ်းချမ်းရေး တွေ့ဆုံဆွေး‌နွေးခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီက ကမ်းလှမ်းတဲ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ စစ်ကောင်စီက စပြီးဖိတ်ခေါ်ကတည်းက စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင် သူကိုယ်တိုင်တွေ့ပါမယ်ဆိုပြီး ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ ကတည်းက စတင်ခဲ့တဲ့ စစ်ကောင်စီနဲ့ ဆွေနွေးနေတဲ့ ၁၀ ဖွဲထဲမှာ တစ်နိုင်ငံလုံး အပစ်ရပ်လက်မှက်ထိုးထားတဲ့ အဖွဲ့ ၇ ဖွဲ့ပါပြီး အပစ်ရပ်လက်မှက် မထိုးတဲ့ အဖွဲ ၃ ဖွဲ့လည်းပါပါတယ်။

အဲ့ဒီ လက်မှက်မထိုးတဲ့ အဖွဲ့ ၃ ဖွဲ့ဟာ ဝ၊ မိုင်းလား နဲ့ SSPP တို့ဖြစ်ကြပါတယ်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုမှာ တပ်နဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ကိုမဖိတ်လို့ ပါဝင်သင့်သူတွေမပါတဲ့ အခင်းအကျင်းလို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ တိုင်းရင်းသားဒေသအချို့ အပါအဝင် မြန်မာပြည် အလယ်ပိုင်းမှာ ထိတွေ့တိုက်ပွဲတွေဖြစ်နေပေမယ့် တရုတ်နယ်စပ်က ဝ အဖွဲ့နဲ့ တိုက်ပွဲတွေ မဖြစ်ခဲ့တာ နှစ်ပေါင်း ၃၀ ကျော်ပြီလို့ လေ့လာသူတွေက ဆိုပါတယ်။

ဝ အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ သူတို့ဟာ အစိုးရနဲ့ ချုပ်ဆိုထားတဲ့ ပြည်နယ်အဆင့် အပစ်ရပ်ရေး သဘောတူစာချုပ်ကို ဆက်လက်လိုက်နာပြီး ငြိမ်းချမ်းရေးကို ထိမ်းသိန်းမယ်လို့ ဆိုပါတယ်။

အခြား တိုင်းရင်းသား ပြည်နယ်တွေနဲ့ တန်းတူ ရည်တူ အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတောင်းတဲ့ ဝ ဟာ လူဦးရေ ၆ သိန်းခန့်ရှိပြီး ဒီလူတွေအားလုံးဟာလည်း ဒီသဘောထား စိတ်ဆန္ဒ တစ်မျိုးတည်းဖြစ်တယ်လို့ ဆိုပါတယ်။

ဝ ဟာ အခုလည်း ပြည်မ ဗဟိုအစိုးရဆီက အထောက်အပံ့ရတာ မရှိသလို ပြည်မ ဗဟို အစိုးရကိုလည်း ထောက်ပံ့တာမရှိကြောင်း သူတို့အနေနဲ့က သူတို့တောင်းတဲ့ အာဏာတွေကလည်း လက်ရှိရနေတဲ့ အနေအထားမှာရှိနေတယ်လို့ သီပေါမြို့နယ် အမတ်ဟောင်း ဦးရဲထွန်းကပြောပါတယ်။

ဝ ကိုယ်စားလှယ် အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ အစိုးရဘက်မှာ မည်သူပဲအုပ်ချုပ်သည်ဖြစ်စေ ဗမာတိုင်းရင်းသားတွေရဲ့ အတွင်းရေးသာဖြစ်ပြီး ပဋိပက္ခ ပိုပြီး မဖြစ်စေလိုတာကြောင့် မည့်သည့်ဘက်ကမှ ပါဝင်မှာ မဟုတ်ဘူးလိုလည်း ပြောခဲ့ပါတယ်။

ဝ အဖွဲ့ ဟာ နယ်မြေ အနေအထားအရရော စီးပွားရေးအရပါ တရုတ်နိုင်ငံပေါ် မှီခိုရမှုတွေရှိတာကြောင့် အခုလို စစ်ကောင်စီကို လာတွေ့ရတာဟာ တရုတ်နိုင်ငံဘက်က ဖိအားတွေရှိမယ်လို့ ယူဆကြောင်း ဝဒေသ အကြောင်းနှစ်ပေါင်းများစွာ အနီးကပ်လေ့လာနေသူက ပြောပါတယ်။

စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်ကတော့ ဝရဲ့ ပြည်နယ်တောင်းဆိုမှုနဲ့ ပတ်သက်လို့ကတော့ ဒါ့ထက်မြင့်တဲ့ ပုံစံမျိုးပေးနိုင်ဖို့က ယေဘုယျ မူဝါဒ ရှိပြီးဖြစ်ပါတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

ကျန်နဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း ယခုထက်ပိုမိုပြီး ဆောင်ရွက်ခွင့် ပြဋ္ဌာန်းခွင့်ကို ပေးဖို့ မူဝါဒအားဖြင့် ရှိပြီးဖြစ်ပါတယ်လို့ သူကဆိုပါတယ်။

စစ်ကောင်စီက ဝ ပြည်နယ်တောင်းဆိုမှုနဲ့ ပတ်သက်ပြီး ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မတွေဖြစ်တဲ့ ၄၃၆ က နဲ့ ၄၃၆ ခ တို့ကို ပြင်ဆင်ရေးပုဒ်မတွေကို ပြောသွားပြီး တပ်မတော်နဲ့ တိုင်းရင်းသားအဖွဲ့တွေ အခု သဘောတူထားရင် နောက်လာမယ့် လွှတ်တော်မှာ ဒါတွေဟာ တပ်နဲ့ သဘောတူထားလို့ သဘောမတူစရာမရှိဘူးလို့ ပြောသွားပါတယ်။

တပ်ရဲ့ သဘောကတော့ အခု အစိုးရရော လွှတ်တော်ရော တပ်ရောက စစ်ကောင်စီမှာပဲရှိနေတော့ အခုပြောထား သဘောတူထား နောက်ရွှေးကောက်ပွဲပြီးတက်လာမယ့် လွှတ်တော်ကလည်း တပ်ကိုထောက်ခံမယ့် လွှတ်တော်ဖြစ်လို့ သဘောမတူစရာမရှိဆို ပြီး ငြိမ်းချမ်းရေးကို ချဥ်းကပ်ပုံရတယ်လို့ နိုင်ငံရေးလေ့လာသူ တစ်ဦးကပြောပါတယ်။

ဝ ဘက်က စဥ်းစားချက်ကတော့ ဘယ်အစိုးရပဲတက်တက် သူတို့ရဲ့ ဆက်ဆံရေး နဲ့ ပြည်နယ်တောင်းဆိုမှုကို ဆက်လက် ဆုပ်ကိုင်သွားမယ်ဆိုတာမျိုး ကို ထုတ်ပြန်ချက်အရ တွေ့ရပါတယ်။

ဒါပေမဲ့ လက်ရှိ ၂၀၀၈ အခြေခံဥပဒေ အတိုင်းသတ်မှတ်ချက်တွေအရဆိုရင် ဝဟာ ပြည်နယ်ရဖို့အတွက် ရှမ်းပြည်နယ်က တိုင်းရင်းသားတွေက မဲပေးဆုံးဖြတ်ရမှာဖြစ်လို့ ထင်သလောက်မလွယ်ဘူးလို့နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

၂၀၀၈ အခြေခံ ဥပဒေရဲ့ အတားအဆီးများ

ဝ အနေနဲ့ ပြည်နယ် မျှော်မှန်းချက်ကိုရရှိဖို့ အစိုးရ အဆက်ဆက်ခေါင်းဆောင်တွေဆီမှာ တိုက်ရိုက်တောင်းခံတာ၊ ညှိနှိုင်းတာတွေ အကြိမ်ကြိမ် ပြုလုပ်နေပေမယ့် တကယ်တမ်းတော့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရှမ်းပြည်နယ်ထဲက နယ်နိမိတ်တချို့ကို ခွဲ ထုတ်လိုက်ပြီး ပြည်နယ် အသစ်တခုကို တည်ထောင်ပေးဖို့ ဆိုတာကတော့ တိုက်ရိုက်ညှိနိုင်းပြီး သဘောတူစာချုပ်မှာ လက်မှက်ရေးထိုးရုံနဲ့ မရနိုင်ပါဘူး။

စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းတာကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရလို့ အာဏာသိမ်းပြီးကတည်းက‌ ပြောထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ အခန်း၂ ၊ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ၊ ပုဒ်မ ၅၃ ပါ အပိုဒ်ခွဲများအရ ပြည်နယ် တစ်နယ်ရဲ့နယ်နိမိတ်ကို ပြင်ဆင်ဖို့ အကြောင်းရှိလာရင် အဲဒီ နယ်နိမိတ်ထဲက အကျုံးဝင်တဲ့ မြို့နယ်တွေမှာ နေထိုင်သူ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတို့ရဲ့ ဆန္ဒသဘောထားကို ပထမဆုံး ကောက်ယူရမှာ လို့ဆိုပါတယ်။

အဲ့ဒီလိုကောက်ရမှာ မဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ၅၀ ရာခိုင်နှုန်းကျော်က ပြည်နယ် တစ်နယ်ရဲ့ နယ်နိမိတ်ပြင်ဆင်ဖို့ကို ထောက်ခံခြင်း မပြုရင် နယ်နိမိတ်ပြင်ဆင် သတ်မှတ်တာတွေ လုံးဝ မပြုရဘူးလို့ ပြဋ္ဌာန်းထားပါတယ်။

အကယ်၍ ဒေသခံ မဲပေးပိုင်ခွင့်ရှိသူ အားလုံးထဲကမှ ၅၀ ရာနှုန်းကျော်ရဲ့ ထောက်ခံမဲတွေ ရရှိခဲ့တယ်ဆိုရင် ဒုတိယအဆင့် အနေနဲ့ သက်ဆိုင်ရာ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ဆန္ဒကို ထပ်မံ ရယူရမယ်လို့ ဆိုပါတယ်။

သက်ဆိုင်ရာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့လေးပုံသုံးပုံနဲ့ အထက်က ထောက်ခံ ဆန္ဒမဲပေးတယ်ဆိုရင် တော့ ပြည်ထောင်စု လွှတ်တော်ရဲ့သဘောတူညီချက်ရယူပြီး ပြည်နယ် နယ်နိမိတ်ကို ပြင်ဆင်ပေးဖို့ နိုင်ငံတော် သမ္မတထံကို တင်ပြကာ ခွင့်ပြုချက်ယူရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်ရဲ့ လေးပုံ သုံးပုံ အထက် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံ ဆန္ဒမဲ ပေးလျှင်နိုင်ငံတော် သမ္မတက တိုင်းဒေသကြီး ပြည်နယ်နယ်နမိတ်ကို လိုအပ်သလို ပြင်ဆင်ဆောင်ရွှက်ပေးရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ပုဒ်မ ၅၅ မှာတော့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း တစ်ခုခုရဲ့ အမည်ကို ပြောင်းလဲမယ်ဆိုရင် ပြည်နယ်ဝန်ကြီးချုပ်က သမ္မတထံ ထောက်ခံတင်ပြပေးရမှာ ဖြစ်သလို တင်ပြစာကို သမ္မတက လိုအပ်သလို ဆောင်ရွက်ပေးရမယ်လို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

ဝ ကို လက်ရှိမှာတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ၂၀၀၈ အခြေခံဥပဒေမှာ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

လက်ရှိရှမ်းပြည်နယ်ရဲ့ နိုင်ငံရေး အနေအထား လက်နက်ကိုင်အဖွဲ့တွေရဲ့ နယ်မြေသတ်မှတ်ချက်တွေနဲ့ အခြေခံဥပဒေပါ အချက်တွေနဲ့ဆိုရင် ဝ ပြည်နယ်ကိစ္စဟာ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲမှာ မဖြစ်နိုင်ဘူးလို့ ဝ‌ ဒေသ အကြောင်းနှစ်ပေါင်းများစွာလေ့လာနေသူ တစ်ဦးက‌ပြောပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို ရှမ်းပြည်နယ်ထဲက ဖယ်ထုတ်ပြီး သီးခြား ပြည်နယ်သစ်တခုအဖြစ် ထူထောင်ခွင့် ရဖို့ဆိုရင် ဝ ခေါင်းဆောင်တွေနဲ့ ဝ လူမျိုးတွေရဲ့ စိတ်ဆန္ဒအပြင် လက်ရှိ ရှမ်းပြည်နယ်ထဲမှာ အတူယှဉ်တွဲနေထိုင် နေ ကြတဲ့ ရှမ်း၊ တအန်း၊ ပအို့ဝ် စတဲ့ ခေါင်းဆောင်တွေနဲ့ ဒေသခံတွေရဲ့ သဘောထားကလည်း အရေးပါနေပါတယ်။

ရှမ်းပြည်နယ်ရဲ့ နယ်နိမိတ်ကို ပြည်နယ်အသစ် တွေကို တည်ထောင်မလားဆိုတာကတော့ ရှမ်းပြည်နယ်အတွင်းမှာ နေထိုင်တဲ့ တိုင်းရင်းသား လူမျိုးအလိုက် ခေါင်း ဆောင်တွေ အားလုံးက ညှိနှိုင်းကြရမှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင်လက်ရှိရှမ်းပြည်နယ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဓနု ပအိုဝ်း ပလောင် ကိုးကန့် ဆိုတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွေလည်းရှိနေတာ‌ကြောင့် ရှမ်းပြည်နယ်ထဲ ပြည်နယ်တစ်ခုထပ်ခွဲရင် အခြားတိုင်းရင်းသားတွေဘက်ကလည်း လိုလားချက်တွေရှိလာနိုင်ပါတယ်။

ဒါကြောင့် ဝ ဟာ ပြည်နယ်ရရေး အတွက် အစိုးရအဆက်ဆက်နဲ့ တိုက်ရိုက်ညှိနိုင်းတဲ့ နည်းကိုသာ သုံးပြီးချဥ်းကပ်နေတာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

၂၁ ရာစုပင်လုံမှာ ဝ ဘက်က ဖတ်ကြားခဲ့တဲ့ စာတမ်းတွေမှာ ဆိုရင်လည်း ဝ ဟာ ၂၀၀၈ အခြေခံဥပဒေက တပ်မတော်သား ၂၅ ရာခိုင်နှုန်း နေရာမှာ အားနည်းတဲ့လူမျိုးတွေကို တိုက်ရိုက်တင်မြှောက်ဖို့ဆိုတာမျိုး ဖတ်ကြားခဲ့တာရှိတယ်လို့ ငြိမ်းချမ်းရေးလေ့လာသူတွေက ဆိုပါတယ်။

ဒါဆိုရင် ဝ က စစ်ကောင်စီနဲ့ ဘာလို့လာတွေ့နေသလဲလို့ မေးလာရင်တော့ တိုက်ရိုက်ညှိနိုင်းတဲ့ နည်းသုံးသလို သူတို့ အပေါ် နိုင်ငံရေး စီးပွားရေး လွှမ်းမိုးမှုရှိတဲ့ တရုတ်ဖိအားကြောင့် မိတ်မပျက်ဆက်ဆံရေးကို ကိုင်ထားချင်တာကြောင့်လို့ သုံးသပ်ကြပါတယ်။

စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှုမှန်သမျှဟာ တရားမဝင်သလို အဲဒီလို အပေးအယူ လုပ်တာတွေကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သာမက နောင်ဆက်ခံမယ့် ဘယ်အစိုးရကမှ အသိအမှတ်ပြုလက်ခံမှာ မဟုတ်ဘူးဆိုပြီး NUG က ဇွန်လ ၁ ရက်မှာ ပြောလာပါတယ်။

လက်ရှိမှာ နိုင်ငံတော်ရဲ့ စစ်မှန်တဲ့ အချုပ်အခြာဟာ ရွေးကောက်ပွဲကတစ်ဆင့် လူထုက တရားဝင်အာဏာအပ်နှင်းတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရမှာ တည်တာ၊ နောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA)ဟာ ပြည်ထောင်စုအစိုးရနဲ့ တိုင်းသားအဖွဲ့အစည်းတွေကြား ချုပ်ဆိုခဲ့တဲ့ စာချုပ်ဖြစ်တာကြောင့် စစ်ကောင်စီအနေနဲ့ ပြည်ထောင်စုအစိုးရလို စာချုပ်မှာပါဝင်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်း အပေးအယူလုပ်ခွင့် မရှိဘူးလို့လည်း NUG က ပြောပါတယ်။

အင်အားကြီး တိုင်းရင်းသားနက်လက်ကိုင်အဖွဲ့ဖြစ်တဲ့ ဝ ကိုယ်စားလှယ်တွေက စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံပြီး လက်ရှိပြည်တွင်းရေးမှာ ဘယ်ဘက်မှမပါဝင်ဘဲ ဝ ပြည်နယ်ကို တခြား တိုင်းရင်းသားပြည်နယ်နဲ့ တန်းတူရည်တူတဲ့ ဝ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တည်ထောင်ရေး တောင်းဆိုခဲ့တယ်လို့ ပြောဆိုလာအပြီးမှာ NUG ဘက်က အခုလိုပြောလာတာဖြစ်ပါတယ်။

ဝ ဘက်က အခုလို စစ်ကောင်စီနဲ့ တိုက်ရိုက်ဆွေးနွေးတာဟာ တရုတ်ဘက်က မြန်မာကို ဆက်ဆံတဲ့ ဆက်ဆံရေး ပုံစံဖြစ်တယ်လို့လည်း နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

ဒါပေမဲ့ ဝ ဟာ တရားဝင်ရွေးကောက်ခံအစိုးရဆီက ပြည်နယ်တောင်းရေးကို ပိုပြီး လိုလားတယ်လို့ ဝ‌ဒေသအကြောင်း နှစ်ပေါင်းများစွာ လေ့လာနေသူတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ အပြီး ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ လက်ထက်မှာ အမျိုးသားညီညွတ်ရေးဖွဲ့စည်းရေးအတွက် ဒေသခံတိုင်းရင်းသားပါတီတွေရဲ့ သဘောထားတွေကို လိုက်လံ စုဆောင်းနေတဲ့ ‌ဒေါက်တာအောင်မိုးညိုခေါင်းဆောင်တဲ့ NLD ကိုယ်စားလှယ်အဖွဲ့နဲ့ ဝ ဘက်က WNP ပါတီခေါင်းဆောင်တွေ ဇန်နဝါရီ ၁၅ ရက်နေ့ မနက်က တောင်ကြီးမြို့မှာ တွေ့ဆုံစဥ်က ပြည်နယ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။

လက်ရှိ စစ်ကောင်စီနဲ့ ဇွန်လ ၁ ရက်နေ့အထိ ၃ ရက်ကြာ ဆွေးနွေးမှု သဘောတူညီမှု ဘာတွေရခဲ့တယ်ဆိုတာ နှစ်ဖက်စလုံးက မထုတ်ပြန်ပေမယ့် သဘောတူညီမှု မရပါက လက်ရှိအနေအထားကို ထိမ်းသိမ်းရန်နဲ့ နှစ်ဖက်ကြား ပဋိပက္ခတွေကို ရှောင်ရှားရန်တို့ အနာဂတ်မှာ ငြိမ်းချမ်းရေးဆွေးနွေးမှု အဆင်ပြေစေရန်အတွက် ငြိမ်းချမ်းရေးကို အတတ်နိုင်ဆုံးထိမ်းသိမ်းရန်ဆိုပြီးတောင်းဆိုခဲ့တယ်လို့ ဝ ဘက်က ပြောပါတယ်။

"အခု နေပြည်တော်ရောက်လတာဲ့ ဝ ကိုယ်စားလှယ်က လားဟူလူမျိုးလေ၊ ဝ လူမျိုး မဟုတ်ဘူး ဝရဲ့ စစ်ကောင်စီဘက်ကို လွှတ်တဲ့ကိုယ်စားလှယ်ကို ကြည့်ရင် ဝရဲ့ ဆွေးနွေးပွဲအပေါ်မှာ စိတ်ဝင်စားမှုကို ပိုမြင်ရတယ် "လို့ လည်း နိုင်ငံရေးလေ့လာ သုံးသပ်သူက ပြောပါတယ်။