NCA လက်မှတ်ထိုးပြီး ၃ နှစ်တာကာလအတွင်း စိတ်ဝင်စားဖွယ် ရက်စွဲတချို့

NCA အပစ်အခတ် ရပ်စဲရေးစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့စတင်လက်မှတ်ရေးထိုးခဲ့တာ ၃ နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက်မှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အပစ်ရပ်တိုင်းရင်းသား အဖွဲ့အစည်းတွေ နေပြည်တော်မှာ တွေ့ဆုံကြဖို့ သဘောတူခဲ့ကြပါပြီ။ မူလက ညီလာခံကို ပုပ္ပားမှာလုပ်ဖို့ ရည်ရွယ်ထားပေမယ့် အခုတော့ နေပြည်တော်မှာ ပြောင်းလဲပြုလုပ်မှာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၆ ရက်

KNU ကရင်အမျိုးသားအစည်းအရုံးက အောက်တိုဘာလ ၁၅ ရက်မှာပြုလုပ်မယ့် ဆွေးနွေးပွဲကို ရက်ရွှေ့ဆိုင်းဖို့ ကြေညာချက်ထုတ်တောင်းဆိုခဲ့ပါတယ်။ NCA နဲ့ ပတ်သက်ပြီး အကြီးဆုံး အခက်အခဲ နှစ်ခုအဖြစ် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆောင်ရွက်သူတော်တော်များများ နားလည်ထားကြတဲ့ တခုတည်းသော တပ်မတော်ဖွဲ့ထားရှိမှုကို တိုင်းရင်းသားတွေဘက်က လက်ခံရေး၊ ပြည်ထောင်စုကနေ ခွဲမထွက်ပါဘူးလို့ တိုင်းရင်းသားတွေဘက်က ကတိကဝတ်ပြုရေး အပြင်မှာ တစ်ဆို့နေတဲ့ အချက်တွေ အများအပြားရှိနေတဲ့ အတွက် ရက်ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုတာလို့ KNU ကဆိုပါတယ်။

၂၀၁၈ ခုသြဂုတ်လ ၈ ရက်

မြန်မာတနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ် မထိုးရသေးတဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ TNLA၊ ရက္ခိုင့်တပ်မတော် AA နဲ့ ကိုးကန့် တပ်ဖွဲ့ဖြစ်တဲ့ မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ MNDAA တို့ဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ သြဂုတ်လ ၁၁ ရက်နေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားပေမယ့် ကော်မရှင်ဘက်က ရွှေ့ဆိုင်းခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးသံတမန် ဆွန်ကော်ရှန်းရဲ့ ကြားဝင် စေ့စပ်ပေးမှုနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပေမယ့် သြဂုတ်လ ၈ ရက်နေ့မှာ ဒီတွေ့ဆုံပွဲကို ကော်မရှင်ဘက်က ရွှေ့ဆိုင်းကြောင်း အထူးသံတမန်ကတဆင့် အကြောင်းကြားလာတယ်လို့ TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ဘီဘီစီကို ပြောပါတယ်။

၂၀၁၈ ခုနှစ် ဇူလိုင် ၂၀ ရက်

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် တချို့ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ဖြစ်တဲ့ KIA ကချင် လွတ်မြောက်ရေး အဖွဲ့၊ RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီတို့နဲ့ ဇူလိုင်လ ၂၀ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နဲ့ RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီတို့ ဆွေးနွေးပွဲမှာ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်ပြီး အစိုးရဘက်က အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနက အတွင်းရေးမှူး အငြိမ်းစား ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ဦးဆောင် ခဲ့ပါတယ်။

RCSS/SSA နဲ့ မြန်မာ့တပ်မတော်တို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီ ချက်နဲ့ပတ်သက်ပြီး နားလည်မှုကွဲလွဲတဲ့အချက်တချို့ကို ပြန်လည်ညှိနှိုင်းကြဖို့ သဘောတူခဲ့ပါတယ်။

၂၀၁၈ ခုဇူလိုင်လ ၁၁ ရက်

၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တတိယ အကြိမ် အစည်းအဝေးကို ဇူလိုင်လ ၁၁ ရက်နေ့ နေပြည်တော်မှာ စတင် ကျင်းပခဲ့ပါတယ်။ ဒီညီလာခံကို အပစ်ရပ် လက်မှတ်မထိုး ရသေးတဲ့ ဝ၊ ကေအိုင်အေ စတဲ့ မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့လည်း တက်ရောက်ကြပါတယ်။

လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းအားလုံးကို ဖိတ်ကြားခဲ့ပေမယ့် မွန်ပြည်သစ်ပါတီလက်မှတ်ရေးထိုးစဉ်က တခါတည်း အတူတူလက်မှတ် မရေးထိုးခဲ့တဲ့ ANC ရခိုင် အမျိုးသား ကောင်စီကိုတော့ မဖိတ်ကြားဘဲ ခြွင်းချန်ခဲ့ပါတယ်။

၂၀၁၈ ဖေဖော်ဝါရီလ ၁၃ ရက်

မွန်ပြည်သစ်ပါတီ NMSP ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ ANC ရခိုင် အမျိုးသား ကောင်စီက မူလက လက်မှတ်ရေးထိုးဖို့ သဘောတူထားပေမယ့် တန်းတူညီမျှတဲ့ အခွင့်အရေးမရလို့ လက်မှတ်မရေးထိုးခဲ့ပါဘူး။ ANC ရခိုင် အမျိုးသား ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်ပွား နေတာမရှိတဲ့အတွက် အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်တဲ့လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်မပြုဘူးဆိုလို့ တန်းတူအခွင့်အရေးမရဘူးဆိုပြီး နောက်ဆုတ်သွားတာ ဖြစ်ပါတယ်။

၂၀၁၈ ခုဇန်နဝါရီလ ၅ ရက်

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လမ်းကြောင်းဟာ ထိရောက်မှု မရှိတော့တဲ့ အတွက် မကြာခင် ပြုလုပ်မယ့် ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် ဆွေးနွေးပွဲကို ဆိုင်းငံ့ထားစေချင်တယ်လို့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ကထုတ်ဖော်ပြောဆိုပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ဟာ ကရင်အမျိုးသား အစည်းအရုံး KNUရဲ့ စစ်ရေးအဖွဲ့ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၅ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ဗဟိုဌာနချုပ်မှာ ပြုလုပ်တဲ့ အရေးပေါ်အစည်းအဝေးမှာ KNLA စစ်ဘက်ဆိုင်ရာ အရာရှိတွေက NCA လမ်းကြောင်းနဲ့ မြန်မာ့တပ်မတော်ရဲ့ ဦးတည်ချက်နဲ့ လုပ်ငန်းတွေကို ပြန်လည်သုံးသပ်ပြီးနောက် ဆုံးဖြတ်ပြောဆိုခဲ့တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်

လွိုင်ကော်မြို့နယ် ပါလောင်ကျေးရွာနဲ့ ဒေါတခြားကျေးရွာအကြား ၇ မိုင်ကင်းစခန်းလို့ ခေါ်တဲ့ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP ရဲ့ ယာယီစစ်ဆေးရေးဂိတ်ကို တပ်မတော်က ဝင်ရောက်စီးနင်းပြီး တပ်သား ၄ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ KNPP ကပြောပါတယ်။

မြန်မာ့တပ်မတော်ဘက်ကတော့ တိုက်ပွဲဖြစ်ပြီး တိုက်ပွဲအတွင်းမှာ KNPP တပ်သားတွေ ကျဆုံးသွားတာလို့ ပြောပြီး KNPP တပ်သားတွေရဲ့ အရိုးပြာကို ပုလင်း ၄ ပုလင်းနဲ့ထည့်ပြီး ပြန်ပို့ပေးခဲ့ပါတယ်။

သစ်တွေ တင်လာ တယ်ဆိုတဲ့ တပ်မတော် ကားကို KNPP ကင်းစခန်းက ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ စစ်ဆေး ခဲ့တာနဲ့ ပတ်သက်ပြီး မကျေနပ်လို့ ညဘက် မှာ တပ်မတော် ဘက်က ကင်းစခန်းကို လာဝိုင်းပြီး အဲဒီ တပ်ဖွဲ့ဝင် ၄ ဦးကို ဖမ်းသွားခဲ့တာလို့ KNPP အတွင်းရေးမှူး ၂ စောဒန်နီယာယ်က ဘီဘီစီကို ပြောပါတယ်။

နောင်မှာ KNPP ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ အပစ်ရပ်လက်မှတ်မထိုးဘဲ ကျန်ရစ်နေခဲ့ခြင်းရဲ့ အဓိက အကြောင်းတွေထဲက တချက်ဖြစ်လာပါတယ်။

၂၀၁၇ နိုဝင်ဘာ ၈ ရက်

NCA မှာ လက်မှတ် ထိုးမထားတဲ့ လက်နက်ကိုင် ၇ ဖွဲ့ပါဝင်တဲ့ FPNCC ပြည်ထောင်စု နိုင်ငံရေး ညှိနှိုင်း ဆွေးနွေးမှု ကော်မတီ အနေနဲ့ NCA လက်မှတ်ထိုးဖို့အပါအဝင် အစိုးရရဲ့ ငြိမ်းချမ်းရေး လမ်းစဉ် တခုလုံးမှာ ပါဝင်ဖို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူး သံအမတ် မစ္စတာ ဆွန်းကော်ရှန်က တိုက်တွန်းခဲ့ကြောင်း FPNCC မှာ ပါဝင်တဲ့ တအာန်း ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ TNLA/PSLF က အထွေထွေ အတွင်းရေးမှူး တာဘုန်းကျော်က ဘီဘီစီကို ပြောပါတယ်။

မစ္စတာ ဆွန်းကော်ရှန်က ဒီကော်မတီဝင်တွေနဲ့ ယူနန်ပြည်နယ် မြို့တော် ကူမင်းမှာ နိုဝင်ဘာလ ၈ ရက်နေ့ ညနေပိုင်း တွေ့ဆုံမှု အတွင်း တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ အောက်တိုဘာ ၂၅ ၊ ၂၆၊ ၂၇

တစ်နိုင်ငံလုံး အပစ်ရပ် သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးတဲ့ ၂ နှစ်ပြည့်အဖြစ် အပစ်ရပ်အကောင်အထည်ဖော်မှု ပြန်လည် သုံးသပ်ရေး ဆွေးနွေးပွဲကို ၃ ရက်ကြာ ကျင်းပခဲ့ပါတယ်။

ဒီစာချုပ်ပါ အချက်တွေ ဘယ်လောက် အတိုင်းအတာ အထိ၊ အကောင်အထည် ဖော်ဆောင် နိုင်ခဲ့သလဲ ဆိုတာကို အစိုးရနဲ့ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဆွေးနွေး သုံးသပ် ကြတာဖြစ်ပါတယ်။

၂၀၁၇ ဧပြီ ၁၅ မှ ၁၉

ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပန်ခမ်းမှာ လုပ်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများရဲ့ အစည်းအဝေး အပြီးမှာ တိုင်းရင်းသား ၇ ဖွဲ့ရဲ့ သဘောထား ရပ်တည်ချက်ကို ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ အဖွဲ့တွေက အစိုးရ လက်ရှိ သွားနေတဲ့ NCA လမ်းကြောင်း အတိုင်း လိုက်မှာ မဟုတ်ဘဲ လက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲတွေကို ဘယ်လို ရပ်စဲပြီး နိုင်ငံရေး အရ ဘယ်လို ဆွေးနွေးမယ် ဆိုတဲ့ နိုင်ငံရေး လမ်းကြောင်းသစ်ကို ဖော်ဆောင်မှာ ဖြစ်တယ်လို့ အဲဒီ ၇ ဖွဲ့မှာ ပါတဲ့ TNLA တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောပါတယ်။

အစိုးရနဲ့ တပ်မတော်ကို ဘယ်လို ပုံစံနဲ့ ချဉ်းကပ်မလဲ ဆိုတာ ဆွေးနွေးခဲ့ကြပြီး အစိုးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေးတဲ့ အခါ တစ်ဖွဲ့ချင်းစီ အနေနဲ့ ဆွေးနွေးမှာ မဟုတ်ဘဲ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ အနေနဲ့သာ ဆွေးနွေးမယ်လို့ လည်း ဒီကနေ့ အစည်းအဝေး အပြီး ထုတ်ပြန် ကြေညာလိုက်ပါတယ်။

၂၀၁၇ ခုမေလ ၂၅ မှ ၂၉

၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ဒုတိယ အကြိမ် အစည်းအဝေးကျင်းပခဲ့ပါတယ်။

ညီလာခံအပြီး မေလ ၂၉ ရက်နေ့မှာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၁ ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။

၂၀၁၇ မတ်လ ၁ ရက်

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFC နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ (DPN) ကိုယ်စားလှယ် တွေ နေပြည်တော် NRPC ရုံးမှာ ၂ နာရီ နီးပါး တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။

ဆွေးနွေး ပွဲတက်ရောက်တဲ့ DPN ကိုယ်စားလှယ် ထဲမှာ KIO ကိုယ်စားလှယ် တစ်ဦးမှ မပါဝင်ပဲ KNPP -SSPP နဲ့ မွန်ပြည်သစ် ပါတီက ကိုယ်စားလှယ်တွေ သာ လာရောက်ပြီး ဆွေးနွေး တာ ဖြစ်ပါတယ်။

၂ နာရီကြာ ဆွေးနွေးတဲ့ ပွဲဟာ တိုးတက်မှုရှိတယ် လို့ DPN အဖွဲ့ ခေါင်းဆောင် ခူးဦးရယ်က သတင်းထောက် တွေကို ပြောပါ တယ်။

၂၀၁၇ ဖေဖော်ဝါရီ ၂၄

သမိုင်းဝင် ပင်လုံစာချုပ်ကို တနိုင်ငံလုံး အပစ်ရပ်ရေး NCA စာချုပ်နဲ့ အစားထိုးတာကို လက်မခံကြောင်းနဲ့ NCA စာချုပ်နေရာမှာ တရားမျှတတဲ့ အပစ်အခတ် ရပ်စဲရေး စာချုပ်နဲ့ အစားထိုးဖို့ လိုကြောင်း ပန်ခမ်းမြို့မှာ ဖေဖော်ဝါရီလ ၂၄ရက်နေ့ကတွေ့ဆုံခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေက သဘောထား ချမှတ်ခဲ့ကြပါတယ်။

အစည်းအဝေးကို ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ ဗဟိုက ပန်ခမ်းမြို့မှာရှိတဲ့ ဝပြည်နယ် အစိုးရဌာနချုပ်မှာ ဦးစီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အစည်းအဝေးကို NCA စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ ကချင် KIO/KIA၊ ရခိုင်တပ်မတော် AA၊ ကိုးကန့်တပ်မတော် MNDAA၊ တအာင်း ပလောင် TNLA၊ ရှမ်းအမျိုးသား ဖွံ့ဖြိုးရေးပါတီ SSPP၊ NDAA မိုင်းလားအဖွဲ့တွေ တက်ရောက်ခဲ့ကြပြီး မွန်ပြည်သစ်ပါတီနဲ့ ကရင်နီအမျိုးသားပါတီတို့ မတက်ရောက်နိုင်ခဲ့ပေမယ့် စာတမ်း တင်သွင်းပြီး ဆွေးနွေးခဲ့ပါတယ်။

၂၀၁၆ ခုသြဂုတ်လ ၃၁ မှ စက်တင်ဘာ ၃

အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေပါဝင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်း ၂၁ ရာစုပင်လုံညီလာခံကို နေပြည်တော်မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

UWSA ဝ ပြည်နယ် သွေးစည်း ညီညွတ်ရေး ပါတီက တန်းတူအခွင့်အရေးနဲ့ တက်ရောက်ခွင့်မရလို့ဆိုပြီး အစည်းအဝေးမတိုင်ခင်ပြန်သွားခဲ့ပါတယ်။

၂၀၁၅ အောက်တိုဘာ ၁၅

ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ နဲ့ ကျောင်းသားတပ်မတော် ABSDF တို့ NCA လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီစာချုပ်ကို ကာလအတန်ကြာ ညှိနှိုင်းခဲ့ကြရပြီး ဆွေးနွေးဖက် လက်နက်ကိုင်အဖွဲ ၁၇ ဖွဲ့ အနက် ၈ ဖွဲ့က လက်မှတ်ထိုးခဲ့ကြတာဖြစ်ပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲမတိုင်ခင် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးသင့်မသင့် အငြင်းပွားမှုတွေရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က လက်မှတ်ရေးထိုးရာမှာ မပါဝင်ခဲ့ကြပါဘူး။