ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၁၀၂၇ စစ်ဆင်ရေးမှာ ဝ တပ်ဖွဲ့ ဘယ်လိုရပ်တည်လဲ
မြန်မာနိုင်ငံရဲ့ ကြီးမားတဲ့ စစ်ရေးအပြောင်းအလဲဖြစ်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဘယ်ဘက်ကရှိနေလဲဆိုတာ ပဟေဠိတစ်ခုလို ဖြစ်နေပါတယ်။
နိုင်ငံထဲက အင်အားအကြီးဆုံးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ UWSA ဟာ မြန်မာစစ်တပ်နဲ့ရော တပ်ကိုတော်လှန်နေကြတဲ့ လက်နက်ကိုင်တွေနဲ့ပါ အဆက်အဆံရှိနေတဲ့အတွက် သူဘယ်လိုရပ်တည်လဲဆိုတာ မှန်းဆရခက်စေပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ သေနတ်တစ်ချက်မှမဖောက်ရဘဲ နယ်မြေတွေတိုးရလာနေတာကြောင့် ဝ တပ်ဖွဲ့ကို ရှုပ်ထွေးနေတဲ့ စစ်ရေးနိုင်ငံရေး အခြေအနေမှာ အပါးနပ်ဆုံး အဖွဲ့အစည်းတစ်ခုအဖြစ် ရှုမြင်ခံနေရပြန်ပါတယ်။
’’ငြိမ်းချမ်းရေးတစ်ဖက် လက်နက်တစ်ဖက်’’ မူ ကိုင်စွဲထားတဲ့ ဝ တပ်ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးမှာ အမြတ်အထွက်ဆုံး အဖွဲ့လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
ကျည်အစစ်ဖြင့် လေ့ကျင့်ခြင်း
မြန်မာစစ်တပ်နဲ့ ဝ တပ်ဖွဲ့ UWSA ငြိမ်းချမ်းရေးထူထောင်တာ ၃၅ နှစ် ပြည့်ပါပြီ။
၂၀၂၃ အောက်တိုဘာမှာ လုပ်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်အဖွဲ့ MNDAA၊ တအာင်းတပ်၊ TNLA ရက္ခိုင့်တပ်တော် AA တို့ အောင်ပွဲတွေရနေချိန်မှာ ဝ အမျိုးသားရေးဝါဒီတချို့က UWSA ကို စစ်ပွဲထဲ ဝင်ပါစေချင်ခဲ့ပါတယ်။
‘’နင်တို့သေနတ်တွေ ပစ်ကြည့်ဦး။ သံချေးတက်နေလို့ ကျည်မထွက်ဘဲနေမယ်’’ လို့ ဝ တိုင်းရင်းသားတစ်ဦးက UWSA ထိန်းချုပ်နယ်မြေ နမ့်တစ်မှာ လုံခြုံရေးယူနေတဲ့ ဝ စစ်သားတစ်ဦးကို ၁၀၂၇ စစ်ဆင်ရေးမှာ ငြိမ်သက်နေမှုနဲ့ပတ်သက်လို့ အားမလိုအားမရ ပြောခဲ့တဲ့အကြောင်း သူက ဘီဘီစီကိုပြန်ပြောပြပါတယ်။
ဝ တပ်ဖွဲ့ကတော့ ကြားနေရေးမူကို ပြသခဲ့ပေမယ့် ၀ ဒေသရဲ့ လေပိုင်နက်နဲ့ မြေပိုင်နက်ထဲကိုစစ်ရေးအရ ဝင်ရောက်တိုက်ခိုက်ကျူးကျော်ဝင်ရောက်မှုမှန်သမျှကို ပြတ်ပြတ်သားသား လက်တုံ့ပြန်မယ်လို့ ကြေညာခဲ့ပါတယ်။
တစ်ချိန်တည်းမှာဘဲ UWSA ဟာ ကျည်အစစ်နဲ့ လေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီး သူတို့ရဲ့ အင်အားကိုပြသ သလို စစ်ပွဲအတွက်လည်း အသင့်အနေအထားဖြစ်အောင် ပြင်ဆင်နေခဲ့ပါတယ်။
၂၀၂၃ ဒီဇင်ဘာမှာလုပ်တဲ့ ဒီလေ့ကျင့်မှုတွေကို UWSA ခေါင်းဆောင် ပေါက်ယူချန်း နဲ့ သူ့နေရာဆက်ခံမယ့် သားဖြစ်သူ ပေါက်အိုက်ခမ်း ပါ သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။
၂၀၂၄ ဇန်နဝါရီ မှာ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲက ဟိုပန်မြို့ နဲ့ ပန်လုံမြို့ကို UWSA က ထိန်းချုပ်လိုက်ချိန်မှာတော့ ဝေဖန်သံတွေ တိတ်သွားခဲ့ပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက် လားရှိုးနဲ့ ကပ်နေတဲ့ တန့်ယန်းမြို့ကို ဇူလိုင်လ ၁၁ ရက်နေ့ က UWSA တပ်တွေ ဝင်ရောက်လာချိန်မှာတော့ ၁၀၂၇ စစ်ဆင်ရေးမှာ ဝ ရဲ့အခန်းကဏ္ဍ ကြီးသည်ထက်ကြီးလာတာကို ဖုံးကွယ်လို့မရနိုင်တော့ပါဘူး။
နေပြည်တော် နဲ့ ပန်ဆန်း ဆက်ဆံရေး
ပေါက်ယူချန်းရဲ့ တူဖြစ်သူ ၁၇၁ စစ်ဒေသ တပ်မဟာမှူး ထင်စန်မရုန်း ဦးဆောင်လာတဲ့ ဝ တပ်ဖွဲ့တွေ တန့်ယန်းကို ဝင်လာတာဟာ နေပြည်တော် နဲ့ ပန်ဆန်း တိုက်ရိုက်ဆွေးနွေးမှုအရလို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
ဟိုပန် နဲ့ ပန်လုံကို စစ်ကောင်စီ နဲ့ ဝ တပ်ဖွဲ့ ညှိနှိုင်းခဲ့တဲ့ ပုံစံမျိုး တန့်ယန်းကို ဝင်ခွင့်ပြုတာလို့ တိုင်းရင်းသားအရေးလေ့လာသူတွေက ပြောပါတယ်။
ဝ တပ်ဖွဲ့ကို အကူအညီတောင်းတာနဲ့ ပတ်သက်လို့ နေပြည်တော်မှာလည်း သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။
မြောက်ပိုင်းမဟာမိတ်တပ်တွေရဲ့ ထိုးစစ် တန့်သွားအောင် ဝ နဲ့ ပြန်ထိန်းချင်တဲ့ အဖွဲ့နဲ့ ဝ တပ်ဖွဲ့ရဲ့ရပ်တည်ချက်အပေါ် စိုးရိမ်တဲ့ အဖွဲ့ဆိုပြီး အုပ်စုကွဲပါတယ်။
‘’ဝ ကို ခေါ်သွင်းရင် ပြန်ထွက်မှာ မဟုတ်ဘူး’’ လို့ စစ်ရုံးနဲ့ နီးစပ်တဲ့ တပ်အရာရှိတစ်ဦးက ပြောပါတယ်။
ဟိုပန်ကို ယာယီအုပ်ချုပ်ရေးနဲ့ စတင်ခဲ့ပေမယ့် ဇူလိုင် ၁ ရက်နေ့မှာတော့ ဟိုပန်ခရိုင်အဖြစ် UWSA က သတ်မှတ်လိုက်ပြီး အုပ်ချုပ်ရေးပုံစံသစ် စတင်ပါတယ်။
ဟိုပန်၊ နမ့်တစ်၊ ပန်လုံ နဲ့ နားဝီးမြို့တွေကို စုစည်းပြီး ဟိုပန်ခရိုင်အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
အတိတ်ကိုပြန်ကြည့်ရင်လည်း ဝ တပ်ဖွဲ့ဟာ သူထိန်းချုပ်ခွင့်ရတဲ့ နယ်မြေတွေကို စစ်ရေးအရရော ဖွံ့ဖြိုးတိုးတက်ရေးပါ တပြိုင်တည်းခိုင်မာအောင်လုပ်နိုင်ခဲ့တဲ့ သာဓက တွေရှိခဲ့ပါတယ်။
ဒါပေမဲ့ ပါးနပ်တဲ့ ဝ ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အခမ်းအနားတွေမှာ ဝ အလံ နဲ့အတူ မြန်မာနိုင်ငံတော်အလံကိုပါလွှင့်ထားပြီး စစ်ခေါင်းဆောင် အဆက်ဆက်နဲ့ ဆက်ဆံရေးကောင်း တစ်ခု ထူထောင်ထားနိုင်ခဲ့ပါတယ်။
ပန်ဆန်းမှာရှိတဲ့ ပေါက်ယူချန်း ရဲ့ အိမ်မှာ စစ်ခေါင်းဆောင်တွေပေးထားတဲ့ အမှတ်တရလက်ဆောင်တွေကို ဂုဏ်ယူစွာနဲ့ ပြသထားပါတယ်။
နေပြည်တော်ကိုရောက်လာရင်း ဆေးရုံတက်ရတဲ့ ဝ ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ပေါက်ယူရိ နဲ့ ကျောက်ကော်အမ်းကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အားဖြည့် ငှက်သိုက်သွားတိုက်ခဲ့တာကလည်း ပြောစမှတ်ဖြစ်ပါတယ်။
NCA အပစ်ရပ်စာချုပ်မှာလက်မှတ်မထိုးထားပေမယ့် UWSA ဟာ အာဏာသိမ်းစစ်တပ်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို နေပြည်တော်အထိ သွားတက်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ လက်ဆွဲနှုတ်ဆက်ပါတယ်။
ဒါပေမဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ပထမဆုံးခြေလှမ်းဖြစ်တဲ့ ချင်းရွှေဟော်မြို့ သိမ်းပိုက်ခံရမှုမှာ UWSA ထိန်းချုပ်နယ်မြေ နမ့်တစ်မြို့ရဲ့ အစိတ်အပိုင်းကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ အသုံးပြုခဲ့ကြတယ်လို့ မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းက ယုံကြည်ထားကြပါတယ်။
ဒါ့အပြင် MNDAA ခေါင်းဆောင်ပိုင်းတွေ ပန်ဆန်းကို မကြာခဏ သွားရောက်ကြတာကလည်း ၁၀၂၇ မှာ UWSA ရဲ့ ပါဝင်မှုအပေါ် မြန်မာစစ်တပ်ရဲ့ သံသယကို ပိုကြီးစေပါတယ်။
လက်ရှိစစ်ရေးအခြေအနေတွေအပေါ် နေပြည်တော်ဘက်ကရော ပန်ဆန်း ဘက်ကပါ နှုတ်ဆိတ်နေကြပါတယ်။
‘’တရားဝင်စစ်ကြေညာသလို ဖြစ်မှာစိုးလို့ ချိန်ဆနေကြတာဖြစ်နိုင်တယ်’’ လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
ပန်ဆန်းက တွေ့ဆုံပွဲတွေ
၁၀၂၇ စစ်ဆင်ရေးမစခင်ကတည်းက UWSA အခြေစိုက်တဲ့ မြို့တော်ပန်ဆန်းကို မြောက်ပိုင်းညီနောင်သုံးဖွဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ အဝင်အထွက်ရှိခဲ့ပါတယ်။
‘လမုန့်ပွဲတော်’၊ 'တရုတ်နှစ်ကူးအကြိုခရီးစဉ်’၊ ငြိမ်းချမ်းရေးပွဲတော်၊ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC) အစည်းအဝေး ခေါင်းစဉ်တွေ နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့ကြပါတယ်။
FPNCC ကို တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ဖြစ်တဲ့ 'ဝ'တပ်ဖွဲ့ UWSA၊ ကချင်တပ်ဖွဲ့ KIA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ မိုင်းလားအဖွဲ့ NDAA၊ ကိုးကန့်အဖွဲ့ MNDAA၊ ရက္ခိုင့်တပ်တော် AA၊ တအာင်းတပ် TNLA တို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ခေါင်းဆောင်ပိုင်းတွေ အသက်အရွယ်ရလာတဲ့ UWSA ဟာ သူတို့ရဲ့ မျိုးဆက်သစ်ခေါင်းဆောင်တွေကို သူ့မဟာမိတ်တွေ နဲ့ မိတ်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ ကိုးကန့်နယ်မြေကို ပြန်ရခဲ့ပြီးတဲ့နောက် MNDAA ခေါင်းဆောင်တွေ ပန်ဆန်းကို ဇန်နဝါရီ နောက်ဆုံးပတ်က သွားခဲ့ကြပါတယ်။
အထူးဒေသ (၁) တစ်ခုလုံးကို ကိုးကန့်တပ် MNDAA က ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဝ ဒေသဖြစ်တဲ့ အထူးဒေသ (၂) မှာ ဟိုပန် နဲ့ ပန်လုံမြို့တွေ အသစ်တိုးလာပြီးတဲ့နောက်မှာ နှစ်ဖက်ခေါင်းဆောင်တွေ ပထမဆုံးတွေ့ဆုံကြတာဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးအပြီး နယ်မြေထိန်းချုပ်မှုအသစ်တွေ ပေါ်ပေါက်လာပြီးတဲ့နောက်မှာ တအာင်းတပ် TNLA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကြားက အငြင်းပွားမှုတွေကို ဝ အဖွဲ့က ပန်ဆန်းမှာ ခေါ်ယူဖြေရှင်းပေးခဲ့ပါတယ်။
ဇူလိုင်လထဲမှာပဲ TNLA နဲ့ SSPP ကြား ကျောက်မဲ နဲ့ သီပေါမှာ တိုက်ပွဲ လေးကြိမ်အထိ ဖြစ်ခဲ့ပါတယ်။
တန့်ယန်းကို ဝ တပ်တွေ ဝင်ပြီးနောက်မှာ မိုင်းရယ်ကိုပါ SSPP တပ်တွေ ဝင်လာပါတယ်။
SSPP ဟာ ဝ အဖွဲ့၊ မိုင်းလားအဖွဲ့ (NDAA) တို့ နဲ့ "ရပ်တည်ချက်တူတယ်”လို့ SSPP ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းဆု က ဘီဘီစီကိုပြောပါတယ်။
ဘယ်သူက ဘယ်သူ့ မဟာမိတ်လဲ
ရှမ်းပြည်နယ်ရဲ့ လက်ရှိအခြေအနေက အရှုပ်ထွေးဆုံးအခြေအနေကို ရောက်နေပါတယ်။
တရုတ်ပြည်နယ်စပ်က ကိုးကန့်တပ်က ရှမ်း/မြောက်မြို့တော် လားရှိုးအထိ စစ်လာတိုက်နေပါတယ်။
တအာင်းတပ် TNLA ရဲ့ စစ်ကောင်စီအပေါ်ထိုးစစ်က ရှမ်းလက်နက်ကိုင်တွေရဲ့ ထိန်းချုပ်နယ်မြေတွေအထိပါ ရောက်နေပါတယ်။
ဝ တပ်တွေလည်း လားရှိုးနဲ့ ထိစပ်နေတဲ့ တန့်ယန်းအထိ ရောက်လာပါတယ်။
‘’ရှမ်းမြောက်အခြေအနေက ဒီနေ့မိတ်ဆွေကနေ နက်ဖြန် ရန်သူဖြစ်နိုင်တဲ့ အခြေအနေမျိုး’’လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။
ဝ စစ်တပ်ကသာ နေပြည်တော်ကို အကူအညီပေးခဲ့ရင် သူ့ရဲ့ မဟာမိတ်တွေနဲ့ ယုံကြည်မှု မပျက်နိုင်ဘူးလားလို့ တန့်ယန်းမှာ အခြေလာစိုက်တဲ့ UWSA တပ်ဖွဲ့ဝင်တစ်ဦးကို ဘီဘီစီက မေးမြန်းကြည့်ခဲ့ပါတယ်။
‘’အဲဒီလို မဖြစ်အောင် ပန်ဆန်းက စီစဉ်နိုင်တယ်’’ လို့ သူကပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကစလို့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ရဲ့ ထိန်းချုပ်နယ်မြေ အစပ်တွေမှာ အင်အားတွေ တိုးချထားတယ် လို့ UWSA စစ်သားတစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
‘’ဘတ်တံဆိပ်တွေတောင် မတပ်ထားဘူး’’ လို့ သူကပြောပါတယ်။
လက်ရှိ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) မှာ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က မြောက်ပိုင်းမဟာမိတ်တပ်တွေဆီ အင်အား ငါးထောင်ကျော် စေလွှတ်ထားတယ် လို့ စစ်ရေးသတင်းအမြစ်တချို့က ဘီဘီစီ ကိုပြောပါတယ်။
စစ်အင်အား ၅၀၀၀ စေလွှတ်တယ်ဆိုတာ ကောလာဟလ လို့ UWSP အဖွဲ့ဝင်တစ်ဦးက ပြောပြီး သူတို့အဖွဲ့နဲ့ပတ်သက်ရင် ကောလာဟလ အများဆုံး ထွက်တတ်တာကို သတိထားမိတယ် လို့ သူကဆိုပါတယ်။
‘’လက်နက်ကိုင်အဖွဲ့အတော်များများနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိပါတယ်’’ လို့ အမည်မဖော်လိုတဲ့ ဝ အရာရှိက ပြောပါတယ်။
SSPP ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းဆု က ’’UWSA နဲ့ ကျွန်တော်တို့က တစ်တပ်ရှိရင် နှစ်တပ် ရှိသလိုပဲ’’ လို့ ဘီဘီစီကိုပြောပါတယ်။
ရှမ်းပြည်တပ်မတော်ဌာနချုပ်ရှိတဲ့ ဝမ်ဟိုင်းဟာ ကျေးသီးမြို့နယ်ထဲမှာရှိပြီး ရှမ်းပြည်က တခြားလက်နက်ကိုင်တွေလို တရုတ်နယ်စပ်မှာ ရှိမနေပါဘူး။
ဒါကပဲ SSPP က UWSA အပေါ် မဟာမိတ်ဆက်ဆံရေးထက်ပိုပြီး အားထားရဖို့ ဖြစ်လာရပါတယ်။
SSPP ဟာ လက်နက်ခဲယမ်း၊ ရိက္ခာထောက်ပံ့ရေးနဲ့ ပြည်ပဆက်ဆံရေးက အစ UWSA အပေါ် အားထားနေရတယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
ရှမ်းပြည်တပ်မတော်ဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်ကြားဖြစ်ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေမှာ UWSA ရဲ့ စစ်ရေးအကူအညီယူခဲ့ဖူးပြီး စစ်တပ်ရဲ့ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေကိုလည်း UWSA အကူအညီနဲ့ ဖြတ်တောက်ခဲ့ပါတယ်။
ဒါပေမယ့် SSPP ရဲ့ နယ်မြေတွေဟာ မြန်မာစစ်တပ် ဝ နယ်မြေထဲ မရောက်လာအောင် ကြားခံထားတာဖြစ်လို့ ဝ တပ်ဖွဲ့(UWSA)အတွက်လည်း လုံခြုံရေးအရ အရေးကြီးတဲ့နယ်မြေတွေဖြစ်ပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီ လက်အောက်မှာကတည်းက အတူတိုက်ပွဲဝင်ခဲ့ကြတဲ့ ကိုးကန့် နဲ့ ဝတပ်ရဲ့သမိုင်းကြောင်းကောင်းတဲ့ ဆက်ဆံရေးကိုလည်း မမေ့ထားသင့်ဘူးလို့ လေ့လာသူတွေက ပြောပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် ကိုးကန့်ရဲ့ ပုန်ကန်မှုကို နှိမ်နင်းဖို့ ဝ တပ်မှူးတွေဖြစ်တဲ့ ပေါက်ယူချန် နဲ့ ကျောက်ညီလိုင် တို့ကို ပန်ဆန်းက တာဝန်ပေးခဲ့ပေမယ့် အာဏာဖီဆန်မှုနဲ့သာကြုံခဲ့ရပြီး ဗကပ ပါ ပြိုကွဲခဲ့တဲ့အကြောင်း ဝ သမိုင်း (ဒုတိယတွဲ) မှာ ထည့်ရေးထားပါတယ်။
စစ်တပ်ထောက်ခံသူတချို့ကရော စစ်ရေးအကဲခတ်တချို့ကပါ UWSA ဟာ စစ်ကောင်စီကိုတိုက်နေတဲ့ တိုင်းရင်းသားအဖွဲ့တွေကို မဟာမိတ်နည်းအရ ထောက်ပံ့နေတယ်လို့ သုံးသပ်ကြပါတယ်။
‘’၁၀၂၇ မှာ ချင်းရွှေဟော်ကို ဝ နယ် နမ့်တစ်ထဲ ကနေ MNDAA က ဝင်တိုက်တာမျိုးပေါ့’’ လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အများစုဟာ စစ်တပ် အင်အားကြောင့် သာ ယာယီအဆင်အောင် နေခဲ့ကြရတာဖြစ်ပြီး စစ်တပ်ကိုမကြိုက်ကြဘူးလို့ဆိုပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေလိုချင်တဲ့ အနာဂတ်ကို ခိုင်ခိုင်မာမာရဖို့ နိုင်ငံရေးမှာ စစ်တပ်မပါမှဖြစ်မယ်ဆိုတဲ့ အမြင်တွေ ခိုင်ခိုင်မာမာရှိကြပြီး ဝ မှာလည်း အဲဒီလိုအမြင်မျိုးရှိတယ်လို့ စစ်ရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။
မြန်မာစစ်တပ် အားနည်းသွားတဲ့ ၁၀၂၇ စစ်ဆင်ရေးကာလကို အခွင့်အလမ်းကောင်းလို့မြင်ကြပြီး စစ်တပ်ကို ကိုယ်တိုင်တိုက်နိုင်ရင်တိုက် မတိုက်ရင်လည်း တိုက်မယ့်အဖွဲ့တွေကို ထောက်ပံ့ပေးတာမျိုး လုပ်နေကြတာတွေ့ရတယ်လို့ အဲဒီအကဲခတ်က ပြောပါတယ်။
‘’အဲဒီလို ထောက်ပံ့ပေးခြင်းအားဖြင့် စစ်တပ်ကို မဖြုတ်ချနိုင်ရင်တောင် စစ်တပ်က သူတို့နေရာကို လာခြိမ်း ခြောက်လို့မရအောင် အလုပ်ရှုပ်နေလိမ့်မယ်’’ လို့ UWSA ရဲ့ ၁၀၂၇ စစ်ဆင်ရေးအပေါ် လှုပ်ရှားနေပုံကို စစ်ရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။