သေတွင်းကလွတ်သူသတို့သမီး ပြန်ပြောပြတဲ့မင်္ဂလာဆောင်ဗုံးကြဲခံရမှု

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ကနေဆိုရင် ချင်းတွင်းမြစ် သောင်ခုံတစ်ခုသာခြားတဲ့ မတောကျေးရွာက မင်္ဂလာဆောင်ကို စစ်တပ်က ဇွန်လ ၃ ရက်မှာ တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် မင်္ဂလာပွဲမှာရှိနေသူ လူပေါင်း ၃၀ နီးပါး သေဆုံးခဲ့ပါတယ်။

မင်္ဂလာဆောင် သတို့သမီး မနှင်းဆီဟာ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး(ပအဖ)အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ဇွန် ၃ ရက်က သူ့မင်္ဂလာပွဲဟာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ဆယ်ချီသေဆုံးတဲ့ အနိဌာရုံအဖြစ် တမဟုတ်ချင်း ပြောင်းသွားခဲ့ရပါတယ်။

သူရော သတို့သားဖြစ်သူပါ အသက်ဘေးက လွတ်မြောက်ခဲ့ပေမဲ့ မင်္ဂလာပွဲကို လာရောက်ကြတဲ့ဆွေမျိုးမိတ်ဆွေ သူငယ်ချင်းတွေထဲ တချို့ကတော့ ဗုံးထိလို့ သေဆုံးခဲ့ရပါတယ်။

တိုက်ခိုက်မှုမှာ သေတွင်းကနေ လွတ်မြောက်ခဲ့တဲ့ သတို့သမီး မနှင်းဆီကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဘီဘီစီ - မင်္ဂလာပွဲမှာ တိုက်ခိုက်ခံရတဲ့အခြေအနေကို စပြောပေးပါ။

မနှင်းဆီ - ဒေသမှာ ဒီနှစ်က ပြောမယ်ဆိုလို့ရှိရင် ဟိုးအရင် ကိုဗစ်ကာလကနေပြီးတော့ ခုချိန်ထိ အလှူ၊ မင်္ဂလာဆောင်တွေက သုံးနှစ်ကျော်လောက် မလုပ်ဖြစ်ခဲ့ကြဘူးလေ။ ဒီနှစ်မှာ ကိုယ့်ဘက်က PDF စိုးမိုးနယ်မြေဆိုပြီး အားလုံးက PDF တွေ စိုးမိုးထားတယ်ဆိုပြီးတော့ အလှူအတန်းတွေ၊ မင်္ဂလာဆောင်တွေ အဲဒီလိုမျိုးတွေ လုပ်ကြတယ်။ အဲဒီအထဲမှာ မနှင်းဆီဆိုတဲ့ ကျွန်တော့်မင်္ဂလာဆောင်က နောက်ဆုံးပေါ့။ အားလုံးကို ရွာသူရွာသားတွေ ဦးစားပေးတဲ့အနေနဲ့ သူတို့တွေကို ကျွန်တော်က ရက်ကလည်း မရဘူး။ မင်္ဂလာဆောင်တွေ အဲဒီလိုမျိုးတွေ သာရေး နာရေးတွေ ထပ်နေကြတာ။ ဘယ်လိုမှ အဆင်မပြေတဲ့အဆုံး ကျွန်တော်လည်း နောက်ဆုံးမှ မင်္ဂလာဆောင်လိုက်တယ်။ အဲဒီချိန်မှာ ရွာခံလို့ပဲ ပြောရမှာပေါ့။ ရွာခံ​သတင်းပေး ရှိလို့ပေါ့နော်။ ကြည့်နေလို့ အဲဒီလိုမျိုး လုပ်ခံရ(ဗုံးကြဲခံရ)တယ်လို့ပဲ ယုံကြည်တယ်။ ယုံကြည်တယ်ဆိုတာထက် အများကလည်း အဲဒီလိုပဲ ထောက်ခံပါတယ်။ သတို့သားဘက်၊ သတို့သမီးဘက် မိသားစုဓာတ်ပုံရိုက်နေတဲ့ရှေ့တည့်တည့်ကို လာပြီးတော့မှ ဗုံးက ချသွားတယ်။ ပြီးတော့ သတို့သားက မုံရွာမြို့ပေါ်က ဖြစ်တယ်။ အဲဒီအတွက် သတို့သားတည်းတဲ့အိမ်ကို သီးသန့်ထားပေးတာ။ သတို့သားတည်းအိမ်ကို သီးသန့် ဗုံးက တစ်လုံး ထပ်ချသွားတယ်။ အဲဒီလိုမျိုး။ အဲဒါကြောင့် Location (နေရာ)က လုံးဝတိကျလွန်းတယ်။ တကယ်လို့သာ PDF စိုးမိုးနယ်မြေရွာကို ချေမှုန်းချင်တာမျိုး၊ ရွာကို တိုက်ခိုက်ချင်တာမျိုးဆိုရင် တစ်ရွာလုံး ပြုတ်ပြုတ်ပြုန်းအောင် လုပ်မှာပဲပေါ့နော်။ အခုဟာက ရွာကိုလုပ်တာမဟုတ်ဘဲနဲ့ သတင်းပေးရှိနေလို့ ၊ မနှင်းဆီကို ချေမှုန်းချင်လို့၊ မနှင်းဆီကို သက်သက်မဲ့ တိုက်ခိုက်တာဖြစ်တဲ့အတွက် မနှင်းဆီမိသားစု ဓာတ်ပုံရိုက်နေတဲ့ဝိုင်းရှေ့မှာ ဗုံးကို လာချတယ်။ သုံးလုံးတွဲချတယ်။ ပြီးတော့ သတို့သားတည်းအိမ်ကို သီးသန့်သွားချတယ်။ အဲဒီအတွက် အဖြေရှင်းပါတယ်။ ဒါ သတင်းပေးဆိုတာ လုံးဝကို သေချာသွားပြီ။

ဘီဘီစီ - လေကြောင်း ဗုံးမချခင်မှာ အစ်မတို့ မင်္ဂလာမောင်နှံက ဘယ်နေရာတွေမှာ ရှိနေပါလဲ။

မနှင်းဆီ - အစ်မတို့က အပေါ်မှာ ဘိသိက်သွန်းတယ်ပေါ့နော်။ မင်္ဂလာဘိသိက်သွန်းပြီးတော့ အကုန် ဓာတ်ပုံ ရိုက်ဖို့ ဆင်းလာကြတယ်။ ကိုယ့်မိသားစု၊ သူ့မိသားစုပေါ့နော်။ နှစ်ဖက်မိသားစုတွေ ခေါ်လိုက်တယ်။ ခေါ်ပြီးတော့ နှစ်ဖက်မိသားစုတွေ စုံစုံလင်လင် ဓာတ်ပုံရိုက်ကြမယ်လုပ်ပြီး မဏ္ဍပ်ဆီကို ခေါ်လိုက်တယ်။ မဏ္ဍပ်ဆိုတာကလည်း ကျွန်မတို့ရဲ့အိမ်ရှေ့ပေါ့။ အိမ်ရှေ့မှာ မဏ္ဍပ်ထိုးထားတယ်။ မဏ္ဍပ်ရှေ့မှာ မိသားစုတွေရပ်တယ်။ အဲဒီရဲ့ဘေးမှာတော့ လူတွေဝိုင်းပြီးတော့ကြည့်နေတာပေါ့။ အဲဒီလိုမျိုး။ အဲဒီရဲ့ကြားထဲကို ချတာ။ ဒါပေမဲ့ အောက်က သေချာပေါက် တို့ ရှေ့ကျတဲ့ကောင်(ဗုံးကို ဆိုလို)က ဆန်းကြယ်တယ်လို့ပဲ ပြောရမှာပေါ့။ ကျွန်တော်တို့ ဓာတ်ပုံရိုက်နေတဲ့ ဘေးနားအကွာလောက်ကို ကျသွားတယ်။ ကျသွားတဲ့နေရာမှာဆိုရင်လည်း အုန်းပင်နှစ်ပင်လည်း ရှိသေးတယ်။ အဲဒီအတွက် ကျွန်တော်တို့ကို ကာကွယ်ပေးသွားတယ်လို့ပဲ ယုံကြည်ရတာပေါ့။

ဘီဘီစီ - ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ မိသားစုဝင်တွေ သေဆုံးထိခိုက်သွားရောရှိပါသလား။

မနှင်းဆီ - သတို့သားဘက်ရော သတို့သမီးဘက်ရော မိသားစုဝင်တွေ တစ်ယောက်မှ မထိခိုက်ခဲ့ပါဘူး။ သတို့သားက ခြေထောက်ထိပါတယ်။ သတို့သမီးဖြစ်တဲ့ ကျွန်တော်ကတော့ ခေါင်းကို ထိပါတယ်။ အခုချိန်ထိတော့ ဆေးခန်းမှာပဲ ရှိနေပါတယ်။ လုံခြုံတဲ့ ဆေးခန်းတစ်ခုမှာ။

ဘီဘီစီ - ဗုံးကြဲခံရပြီးနောက်ပိုင်း ဘာတွေမြင်တွေ့ရပါလဲ။

မနှင်းဆီ - အဲဒါကိုကတော့ ကျွန်တော့်ဘက်က ဘာဆိုဘာမှ မသိခဲ့ရတော့ပါဘူး။ ဘာဖြစ်လို့ မသိခဲ့ရလဲဆိုတော့ အဲဒီနားမှာတင် ကျွန်တော်က ခေါင်းကိုထိပြီးတော့ တစ်ခါတည်း လဲကျသွားပြီးတော့ ဘာမှလည်း မသိခဲ့ရပါဘူး။ နောက်နေ့မနက်ကျမှ အခြေအနေတွေနဲ့ အကျိုးသင့်အကြောင်းသင့်ပြောပြကြလို့ ဒါတောင် မီသလောက်ပဲ သိတာပါ။ အသေးစိတ်တော့မသိရပါဘူး။

ဘီဘီစီ - သတင်းပေးရှိလို့ မင်္ဂလာဆောင်နေ့ကိုမှ ဒီလိုဗုံးကြဲခံရတယ်လို့ ပြောတော့ မနှင်းဆီနဲ့သတို့သားတို့ရဲ့ ဒေသခံတွေနဲ့ ဆက်ဆံရေးက ဘယ်လို ရှိပါလဲ။

မနှင်းဆီ - ဟိုးအရင် တော်လှန်ရေး စကတည်းက တော်လှန်ရေး လုပ်လာခဲ့တာ။ တော်လှန်ရေးကို တရားသဖြင့်ပဲ လုပ်ခဲ့တာဖြစ်တဲ့အတွက် မတရားတဲ့သူတွေကို မတရားတဲ့အကြောင်းတွေ ပြောပြခဲ့တာတွေ ဖြစ်တဲ့အတွက် သူတို့စိတ်ထဲမှာတော့ ခုတာတွေ၊ မြင်တာာတွေ ရှိချင် ရှိမှာပေါ့။ ကျွန်တော့်အနေနဲ့ အဲဒီလိုမျိုးကြီးတော့လည်း မပြောပြနိုင်ပါဘူး။ ကျွန်တော်ကတော့ ဘယ်သူ့ကိုမှ ရန်ငြှိုးလည်း မထားခဲ့သလို အမုန်းလည်း မရှိခဲ့တဲ့အတွက် ဘယ်သူ့ဘယ်သူ့ကိုမှ ဘာမှမပြောနိုင်ပါဘူး။ သတို့သားအနေနဲ့လည်း အားလုံးက ချစ်ခင်လေးစားပါတယ်။ ကျွန်တော်နဲ့ပက်သက်လို့သာ အဲဒီလိုမျိုး အဆင်မပြေတာတစ်ခုခုတော့ ... ကျွန်တော်နဲ့မပတ်သက်ခင်အချိန်အထိ သူ့ဘက်မှာ ရန်ငြှိုးဆိုတာတစ်ခုမှ မရှိခဲ့ပါဘူး။

ဘီဘီစီ - မနှင်းဆီက ရွှေမျှောလုပ်ငန်းမှာ အခွန်ကောက်ယူနေတယ်လို့ ပြောကြားချက်ရှိပါတယ်။ တပ်ဖွဲ့ထဲမှာ ဒီတာဝန်ပါ ယူထားတာပါလား။

မနှင်းဆီ - အဲဒီလိုတော့ လုံးဝမရှိပါဘူး။ ရွှေမျှောမှာလည်း ကျွန်တော်က အခွန်မကောက်ပါဘူး။ ဦးဆောင်ပြီးတောမှ ဒီပြောမယ်ဆိုလို့ရင် ဒေသခံပြည်သူတွေပေါ့နော်။ ဒေသခံပြည်သူတွေကိုမှ ရွှေမျှောလုပ်ပိုင်ခွင့် ပေးဖို့ရာအတွက် စည်းရုံးရေး ဆင်းပေးရတာပဲ ရှိတာပါ။ ကျွန်တော့်အနေနဲ့ အခွန် ကောက်တာ၊ ပိုက်ဆံတောင်းတာ တစ်ခုမှ မရှိပါဘူး။ ပိုက်ဆံတောင်းခြင်း၊ အခွန်ကောက်ခြင်း လုံးဝမှ လုပ်ပိုင်ခွင့်မရှိပါဘူး။ ကျွန်တော့်အနေနဲ့က စည်းရုံးရေးတာဝန်ခံပါ။ စည်းရုံးရေးအပိုင်းမှာပဲ တာဝန်ယူရပါတယ်။ အရင်တုန်းကတော့ ဘဏ္ဍာထိန်းမို့လို့ ဘဏ္ဍာရှာဖွေရေးမို့လို့ ငွေရှာဖွေရတာ ရှိခဲ့ပါတယ်။ အခုချိန်မှာ မြို့နယ်ပကဖ(ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)ထဲမှာ နေတာဖြစ်တဲ့အတွက် မြို့နယ် ပကဖအဖွဲ့အစည်းထဲက လူတစ်ယောက်အနေနဲ့ အခု ရွှေမျှောမှာ တာဝန်ပေးထားတာကလည်း စည်းရုံးရေး ဆင်းဖို့ပါပဲ။ ဒေသခံပြည်သူတွေကို ရွှေမျှောလုပ်ပိုင်ခွင့်ပေးဖို့အတွက် စည်းရုံးရေးဆင်းပေးရတာလေးတစ်ခုပဲ ရှိတာပါ။ ဒေသခံတွေနဲ့ ရွှေမျှောလုပ်တဲ့ ခရိုနီတွေနဲ့ အဆင်ပြေအောင် ချိတ်ဆက်ပေးရတဲ့သူတစ်ယောက်ပါ။ အဲဒီလိုမျိုးပဲ လုပ်ပေးရတာ။ နှင်းဆီအနေနဲ့ ငွေကြေးကောက်ခံတာ ငွေကြေးတောင်းတာ ဘာတစ်ခုမှ မရှိပါဘူး။ မျှောပိုင်တွေအနေနဲ့လည်း လုံးဝ လုံးဝ အငြှိုးထားတာ မရှိပါဘူး။ မျှောပိုင်တွေဘက်က သတင်းပေးတာလည်း လုံးဝမဟုတ်ဘူးဆိုတာ ယုံကြည်ပါတယ်။

ဘီဘီစီ - ဒါဆို မနှင်းဆီက ဒေသကာကွယ်ရေးအဖွဲ့မှာ ဘယ်နေရာက တာဝန်ယူရတာပါလဲ။

မနှင်းဆီ - ကျွန်တော့်အထက်မှာ ရှိပါသေးတယ်။ ကျွန်တော့်အထက်မှာ ဆရာတွေ ရှိပါတယ်။ ကျွန်တော်တို့အထက်မှာ ခေါင်းဆောင်ပုဂ္ဂိုလ်ကြီးရှိပါသေးတယ်။ ကျွန်တော် အခု တာဝန်ကျနေတဲ့နေရာက တပ်ခွဲမှာ ကလေးတွေကို ဦးစီးရပါတယ်။ ဟုတ်ပါတယ်။ တိုက်ခိုက်ရေးဘက်အခြမ်းမှာ ကျွန်တော်က ဦးစီးဦးဆောင်တဲ့သူ မဟုတ်ပါဘူး။ စည်းရုံးရေးအပိုင်းမှာတော့ ကျွန်တော်ဦးစီးပြီး ကလေးတွေကို ကိုင်တွယ်ဖြေရှင်းပေးရပါတယ်။ အဲဒါတော့ ဟုတ်ပါတယ်။

ဘီဘီစီက မနှင်းဆီကို ဇွန်လ ၈ ရက် ညနေပိုင်းမှာ ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။