ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၀၂၁ မြန်မာစစ်အာဏာသိမ်း - "ပြောက်ကျားပဲသွားတော့မယ်"ဆိုတဲ့ကနီ နယ်သားတွေ
ချင်းတွင်းမြစ်အနောက်ဖက်ကမ်း ကနီမြို့နယ်အပိုင် လယ်ရှည်ရွာလမ်းခွဲနေရာ၊ ဒေသ အခေါ် လယ်ရှည် ဇရပ်နားမှာ သင်္ကြန်အကြတ်နေ့ ဧပြီလ ၁၅ ရက်နေ့ ညနေပိုင်းလောက်က စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ ဒေသခံရွာသားတွေကြား နာရီနဲ့ ချီပြီးကြာတဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ဖြစ်ခဲ့ပါတယ်။
မုံရွာ-ယာကြီး-ကလေးဝလမ်းအတိုင်း မုံရွာကနေ ကနီမြို့ကိုလာရင် မုံရွာမြစ်ကူး တံတားထိပ်ကနေ ကနီမြို့အရောက် ၂၈ မိုင်ဝေးပြီး၊ တိုက်ခိုက်မှုတွေ ဖြစ်ပွားတဲ့ နေရာကတော့ အဲဒီမြစ်ကူးတံတားထိပ်ကနေ ၁၃ မိုင်လောက်ဝေးတဲ့ ယင်းမာပင်နဲ့ ကနီ နယ်အစပ်က ဒေသထဲမှာပါ။
"ပြည်သူတွေဘက်က အင်အား ၃၀၀ ကျော်ရှိတယ်ဗျ၊ လူတိုင်းတော့ တူမီး မပါကြပါဘူး၊ မုံရွာဘက်ကလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်ဖြစ်ပြီးပစ်ကြတာ၊ ခုခံကြတာ"လို့ တိုက်ပွဲနားမှာ ရှိနေခဲ့တဲ့ ဒေသခံ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
နေ့လယ်ပိုင်းမှာ အရပ်သားကားတစ်စီးကို အနီးအနားကရွာသားတွေ တားဆီးစစ်ဆေးခဲ့တဲ့ ဖြစ်စဥ်နောက်ပိုင်း ဒီပစ်ခတ်မှု ဖြစ်ခဲ့တာပါ။
စစ်ကောင်စီတပ်ဖွဲ့တွေက စစ်တပ်ပိုင် ပစ်ကပ်ကား ၁၀ စီးလောက် အင်အားနဲ့ ရောက်လာတဲ့ ညနေ ၄ နာရီလောက်က ပစ်ခတ်တာတွေ စတင်ခဲ့ကြတာလို့ ဒေသခံတွေက ပြောပါတယ်။ ပစ်ခတ်မှုတွေ ဖြစ်ပြီး နောက်ထပ် စစ်တပ်ကား ၃ စီးထက်မနည်း ထပ်ရောက်လာတယ်လို့လည်း ဆိုပါတယ်။
ရွာသားတွေဘက်က အရံအတား၊ ခံကတုတ်ကျင်းတွေ လုပ်ထားတာမျိုး မဟုတ်ဘဲ ရုတ်တရက် ပေါ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို သစ်ပင်လေးတွေ၊ ကမူကုန်းအကာအကွယ်တွေကနေ ပြန်ပစ်ခတ်ခဲ့ကြတာလို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေ ည ၈ နာရီလောက်မှာ ပြန်ထွက်ခွာသွားခဲ့ကြပြီး "ရွာသားတွေဘက်က ၆ ယောက် သေဆုံးထားတာကို ညဘက် ၁၂ နာရီလောက်မှာ အလောင်းတွေ ပြန်ရှာနိုင်ကြပြီး တွေ့နိုင်ခဲ့တယ်၊ ခြေထောက်မှာ ဒဏ်ရာရထားတဲ့ တစ်ယောက်ကို အသက်မသေဘဲ ပြန်ရခဲ့တယ်၊ ဒဏ်ရာ ရတာက စုစုပေါင်း ၆ ယောက်"၊ "စစ်ကောင်စီ တပ်ဖွဲ့တွေက ယူသွားတဲ့ သေသူ၊ ဒဏ်ရာရသူ အရေအတွက် မသိရသေးဘူး၊ အခုဘယ်ကိုရောက်နေမှန်း မသိရဘဲ ပျောက်ဆုံးနေတဲ့ ရွာသား ၂၀ ကျော်ရှိတယ်"လို့လည်း ဒေသခံက ပြောပြပါတယ်။
ဒေသခံက ပြောပြတဲ့ သေဆုံးခဲ့တဲ့သူတွေကတော့၊ ကနီနယ်ထဲက ရွာတွေဖြစ်တဲ့ မိုးကောင်း၊ သမင်သတ်၊ လယ်ရှည် စတဲ့ရွာတွေက ၅ ယောက်နဲ့ ယင်းမာပင်နယ် ထမ်းစင်ရွာက ၁ ယောက်တို့ဖြစ်ပါတယ်။
တိုက်ပွဲမှာပါခဲ့တဲ့ ရွာသားတွေက သူတို့ ပစ်တာမှာ စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိတာ၊ လဲသွားတာတွေရှိတယ်လို့ ပြောကြပေမယ့် စစ်ကောင်စီဘက်က အထိအခိုက် ဘယ်လောက် ရှိတယ် ဆိုတာတော့ ရွာသားတွေ အတိအကျမသိနိုင်ကြပါဘူး။
ဒီတိုက်ပွဲဖြစ်ပြီးနောက်ရက်မှာ စစ်ကောင်စီ တပ်ဖွဲ့တွေ က မုံရွာဆေးရုံကြီးကို ရွာသား အလောင်း ၂ လောင်း လာပို့ထားပြီး ဒီအလောင်းတွေဟာ ကနီဘက်မှာ ဖြစ်ခဲ့တဲ့ အဖြစ်တွေနဲ့ ဆက်စပ်မယ်လို့ မုံရွာမြို့ခံတွေက တွက်ဆနေကြပါတယ်။
လယ်ရှည် ဇရပ် တိုက်ပွဲဖြစ်လာဖို့ ဘယ်လို အကြောင်းဖန်လာတာလဲ
မုံရွာ၊ကနီ လမ်းတစ်ကြောမှာရှိတဲ့ ယင်းမာပင်၊ ကနီနယ်က ရွာတွေက ကနီမြို့ကို စစ်ကောင်စီက ရဲနဲ့ စစ်သားတွေ တိုးပြီးပို့နေတာကို မနှစ်မြို့ကြပါဘူး။
အဲဒီတပ်ဖွဲ့ဝင်တွေအတွက် လက်နက်တွေ၊ ရိက္ခာတွေကို အရပ်ကားတွေနဲ့ တင်ပို့နေတယ်၊ ကနီမှာ ဖမ်းထားတဲ့ ဆန္ဒပြသူတွေကို မုံရွာကို ပြန်ပို့ဖို့ သူတို့ စီစဉ်နေတယ် စသဖြင့် သတင်းတွေနဲ့ အတူ ရွာသားတွေက လမ်းတကြောမှာ ကင်းထုတ်ပြီး စောင့်ကြည့်နေတဲ့ အထဲ အဲဒီ လည်ရှည်ဇရပ်က ရွာသားအဖွဲ့တွေလည်း ပါဝင်ပါတယ်။
နေ့လယ်ပိုင်း ၁၁ နာရီလောက်မှာ မုံရွာကနေ ကနီကိုသွားတဲ့ အရပ်သား ကား တစ်စီးက သူတို့တားတာကို ရပ်မပေးလို့ လည်ရှည်ဇရပ်က အဖွဲ့က လိုက်ကြရာမှာ၊ ကားထဲက လူက သေနတ်နဲ့ ပြန်ပစ်ပြီး ကားကို စွန့်ကာ တောထဲ ဝင်ပြေးသွားတယ်လို့ ဒေသခံကပြောပါတယ်။ ရွာသားတွေကလည်း ကျန်ခဲ့တဲ့ ကားကို မီးရှို့လိုက် ကြပါတယ်။
နောက်နာရီပိုင်း ညနေ ၄ နာရီလောက်မှာပဲ မုံရွာဘက်က စစ်တပ်ကားတွေ ရောက်လာကာ တိုက်ပွဲက ချက်ချင်းဆိုသလို ဖြစ်သွားခဲ့တာလို့ ဆိုပါတယ်။
ကားပေါ်က လူဟာ စစ်တပ်က ဗိုလ်မှူး တစ်ဦးဖြစ်တယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပြီး မီဒီယာတချို့မှာတော့ သူဟာ နုတ်ထွက်ခွင့်ရထားသူ ဖြစ်တယ်လို့လည်း ဆိုတာကိုတွေ့ရပါတယ်။
အဲဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ မီဒီယာ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားတာကတော့ မွန်းလွဲ ၂ နာရီမှာ မုံရွာမြို့ကနေ ကနီမြို့ဘက်ကို မောင်းလာတဲ့ယာဥ်တစ်စီးကို လည်ရှည်ကျေးရွာအနီးမှာ လူအင်အား ၂၀၀ က လမ်းပိတ်ဆို့ ဖျက်ဆီးပြီးနောက် ဒီပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဖျက်ဆီးခံရတဲ့ ဟွန်ဒါဖစ်ယာဥ်ကို မောင်းနှင်လာတဲ့ ဦးသန့်ဇင်ထွန်း ဇနီးတို့ လမ်းဘေးလျှိုထဲမှာ ပုန်းအောင်းနေတာကို လုံခြုံရေးတပ်ဖွဲ့တွေက သွားရောက်ကယ်ထုတ်တာကို လည်ရှည်ကျေးရွာအနီးမှာ တူမီးသေနတ်တွေ၊ လက်လုပ်ဗုံးတွေနဲ့ ဝိုင်းဝန်းပစ်ခတ်ခံရတယ်လို့ ဆိုပါတယ်။
အဲဒီပစ်ခတ်မှုကို လုံခြုံရေးတပ်ဖွဲ့တွေက အဓိကရုဏ်း နှိမ်နင်းရေးလက်နက်တွေနဲ့ ပြန်လည် ခြောက်လှန့်ပစ်ခတ် လူစုခွဲခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒီနောက် လူအုပ်စုထဲကနေ အမျိုးသား ၃၀ ဦးကို ဖမ်းဆီးရမိပြီး တူမီးသေနတ် ၁၉ လက်နဲ့ လက်လုပ်ဗုံး ၅ လုံးတို့ကို သိမ်းဆည်းရမိပြီး ယာဥ်မောင်းနဲ့ ဇနီးတို့ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အဲဒီသတင်းထဲမှာ သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူတွေ ရှိမရှိ ဖော်ပြထားတာလည်း မရှိပါဘူး။
"ထိပ်တိုက်ကို ရှောင်တော့မယ်"
ကနီနဲ့ ယင်းမာပင်နယ်တွေထဲက ရွာတော်တော်များများက သူတို့အရပ်ကို သူတို့ ကာကွယ်ဖို့ လူစု၊ လက်နက်စုကြပေမဲ့ တိုက်ပွဲတစ်ခုကို ဘယ်လိုဆင်ရမယ်ဆိုတဲ့ စစ်ပညာချို့တဲ့နေသလို၊ ရှိတဲ့လက်နက်တွေကလည်း တူမီးလို အိမ်လုပ် လက်နက်တွေပဲ ရှိကြတာလို့ ပြောကြပါတယ်။
ဧပြီလဆန်းပိုင်းကလည်း ယင်းမာပင်နယ်က သပြေအေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက လာပြီး ရွာသူရွာသားတွေ ကြည်ညိုတဲ့ ဦးပဉ္ဇင်းတစ်ပါးကို ဖမ်းဖို့လုပ်လို့ ရုတ်တရက် ကာကွယ်ကြရင်း တိုက်ခိုက်တာတွေဖြစ်ခဲ့တဲ့နောက် ရွာသားတွေဘက်က အနည်းဆုံး ၂ ဦး သေဆုံးခဲ့ရတာတွေ ရှိခဲ့ပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့တွေက ဖမ်းခေါ် သွားတဲ့ ရွာသားတွေလည်း ရှိခဲ့ပါတယ်။
ကနီက သူတို့ဘက်က အဆုံးအရှုံးများတဲ့ တိုက်ပွဲကို ကြုံခဲ့ရတဲ့ ဒေသခံကတော့ "အခုတော့ သူတို့စဉ်းစားတာက ထိပ်တိုက်ဖြစ်ရင်လည်း ခဏပဲ ခံပစ်တော့မယ်၊ ပြောက်ကျားပဲ သွားတော့မယ်" လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်ကောင်စီက လက်နက်နဲ့ အကြမ်းဖက် ဖြိုခွဲသတ်ဖြတ်လာတဲ့နောက်ပိုင်း စစ်ကောင်စီကို ဆန့်ကျင်ကြတဲ့ ပြည်သူတွေအတွင်း လက်နက်ကိုင်ပြီး ခုခံမှ ရတော့မယ်ဆိုတဲ့ အမြင်တွေကို ခံယူလာကြသူတွေလည်း ရှိလာနေပါတယ်။