ဒီဇင်ဘာ ၂၇ ရက် နိုင်ငံတဝန်းသတင်းများအနှစ်ချုပ် - နေပြည်တော်မှာ မဲပေးခွင့်ရှိသူ ၉ သိန်းကျော်ရှိ

စစ်ခေါင်းဆောင်မဲပေးမယ့် ဇေယျာသီရိကုန်တိုက်က အနော်ရထာမဲရုံကိုတွေ့ရစဉ်
ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင်မဲပေးမယ့် ဇေယျာသီရိကုန်တိုက်က အနော်ရထာမဲရုံကိုတွေ့ရစဉ်

နေပြည်တော် ၈ မြို့နယ်မှာ မဲပေးခွင့်ရှိသူ ဦးရေ ကိုးသိန်းကျော် ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ဒါက ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေကထက် မဲပေးခွင့်ရှိသူ သိန်းချီမြင့်တက်လာတာလို့ ကော်မရှင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲတုန်းက နေပြည်တော်မှာ လူ ၅ သိန်း ၃ သောင်းနီးပါး မဲလာပေးခဲ့ကြတယ် လို့ UEC ရဲ့ စာရင်းတွေအရသိရပါတယ်။

ရွေးကောက်ပွဲရလဒ်ကိုပယ်ဖျက်ခဲ့တဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးခဲ့သူစာရင်းကိုတော့ မသိရပါဘူး။

စစ်ရုံးနဲ့ ဝန်ကြီးဌာနတွေရှိတဲ့နေပြည်တော်မှာ မဲရုံ ၆၂၆ ရုံဖွင့်မယ်လို့ UEC က ထုတ်ပြန်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း နေပြည်တော်မှာ မဲပေးမှာ ဖြစ်ပါတယ်။

အဲဒီမဲရုံဟာ စစ်ရုံးအခြေစိုက်တဲ့ နေပြည်တော် ဇေယျာသီရိမြို့နယ်မှာပဲ တည်ရှိတာကြောင့် မဲလာပေးသူအများစုဟာ စစ်သားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင် ၂ ရက်အလိုကတည်းက နေပြည်တော်ကို လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတာကို တွေ့ရပါတယ်။

‌ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေနဲ့ မဲရုံတွေ အားလုံးမှာလည်း စစ်တပ်နဲ့ ရဲ လုံခြုံရေးတွေ အများအပြား တွေ့ရပါတယ်။

နေပြည်တော်မှာ စစ်ခေါင်းဆောင်ရဲ့ လူယုံ အငြိမ်းစားဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌ ဦးခင်ရီတို့ ဝင်ပြိုင်ကြမှာ ဖြစ်ပါတယ်။

အမတ် ၁၀ ယောက် ရွေးကောက်ခံရမယ့်နေပြည်တော်မှာ USDP ကနေ အငြိမ်းစားစစ်ဗိုလ်ချုပ် ၈ ယောက်အထိ ဝင်ပြိုင်တာ တွေ့ရပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက် လုံခြုံရေးအရ နေပြည်တော်ကို ပြောင်းလာသူတွေရော စစ်ဘေးရှောင်လာသူတွေပါ ဝင်ရောက်လာတဲ့အတွက် လူဦးရေတိုးလာတယ် လို့ မြို့ခံတွေကပြောပါတယ်။

ရန်ကုန်မှာ ညမထွက်ရအမိန့်ရုပ်သိမ်း

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်း ၄ နှစ်ပြည့်တုန်းက ရွှေတိဂုံဘုရားအနီးမှာ ကင်းလှည့်နေတဲ့ စစ်သားတွေ(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်း ၄ နှစ်ပြည့်တုန်းက ရွှေတိဂုံဘုရားအနီးမှာ ကင်းလှည့်နေတဲ့ စစ်သားတွေ(ပုံဟောင်း)

ရန်ကုန်တိုင်းထဲက ကိုကိုးကျွန်းကလွဲလို့ မြို့နယ် ၄၄ မြို့နယ်မှာ ညမထွက်ရအမိန့်ထုတ်ထားတာကို ဒီဇင်ဘာ ၂၇ ရက် မနက်ကစပြီးရုပ်သိမ်းတယ်လို့ စစ်ကော်မရှင်က ကြေညာပါတယ်။

လုံခြုံရေး၊တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက်ဆိုပြီး ရန်ကုန်မှာ မနက် ၁ နာရီကနေ ၃ နာရီအတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားတာကို ပြန်ရုပ်သိမ်းတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းထဲက နယ်မြေ တည်ငြိမ်အေးချမ်းလာပြီဖြစ်တာကြောင့် စီးပွားရေး၊လူမှုရေး၊ဘာသာရေး၊ အများပြည်သူသွားလာမှုလွယ်ကူရေး နဲ့ လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်ရုပ်သိမ်းပေးတာလို့ စစ်ကော်မရှင်က ဆိုပါတယ်။

မနက်ဖြန် ရွေးကောက်ပွဲလုပ်မှာဖြစ်လို့ ဒီဇင်ဘာ ၂၇ ရက်နေ့ဟာ မဲဆယ်စည်းရုံးရေးမလုပ်ရတော့တဲ့ Silent Day ဖြစ်တာကြောင့် အမတ်လောင်းတွေရဲ့ ဗီနိုင်းတွေကို ဖြုတ်သိမ်းရမှာလည်းဖြစ်ပါတယ်။

ဒီကာလမှာပဲ ညမထွက်ရအမိန့် ကို ရုပ်သိမ်းလာတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းအပြီး ၂၀၂၁ ခုနှစ်ကတည်းက ရန်ကုန်တိုင်းထဲမှာ ညမထွက်ရအမိန့်ကြေညာခဲ့ပြီး သတ်မှတ်အချိန်တွေကို အပြောင်းအလဲတွေ လုပ်နေခဲ့တာဖြစ်ပါတယ်။

ဇလန်းစကီးနဲ့ ထရမ့် ဖလော်ရီဒါမှာ တွေ့မယ်

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်တုန်းက အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့တဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတဇလန်းစကီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်တုန်းက အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့တဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတဇလန်းစကီး
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ဖလော်ရီဒါပြည်နယ်မှာ တနင်္ဂနွေနေ့ တွေ့ဖို့ရှိတယ်လို့ ယူကရိန်းသမ္မတဇလန်းစကီးက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့စစ်ပြီးဆုံးစေဖို့အတွက် ဆွေးနွေးမှုတွေကို ဆက်လက်ပြုလုပ်နေပါတယ်။

အမေရိကန်က ကြားဝင်စေ့စပ်ပေးတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို အာရုံစိုက်လိုပြီး အမေရိကန်က ယူကရိန်းလုံခြုံရေးအတွက် အာမခံတဲ့ အဆိုပြုချက်တွေကိုလည်း လိုချင်တယ်လို့ ဇလန်းစကီးကပြောပါတယ်။

ဇလန်းစကီးပြောတဲ့ အစီအစဉ်ဟာ ရုရှားက အမေရိကန်နဲ့ ဆွေးနွေးနေတဲ့ အစီအစဉ်နဲ့ လုံးဝကိုကွဲပြားတယ်လို့ ရုရှားအဆင့်မြင့်အရာရှိတစ်ဦးက ပြောထားပါတယ်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒွန်ဘတ်ဒေသကနေ ရုရှားတပ်တွေ ဆုတ်ခွာပေးရင် ယူကရိန်းကလည်း အဲဒီကနေ တပ်တွေ ဆုတ်ပေးမယ်လို့ ဇလန်းစကီးက ကမ်းလှမ်းတာနဲ့ပတ်သက်လို့ ရုရှားဘက်က မှတ်ချက်မချသေးပါဘူး။

ရုရှားဟာ ဒိုနက်ဒေသရဲ့ ၇၅ ရာခိုင်နှုန်းနဲ့ သူ့ဘေးက လူဟန့်ဒေသရဲ့ ၉၉ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပါတယ်။

ဒီဒေသတွေကို ပေါင်းစုပြီး ဒွန်ဘတ်ဒေသကြီးလို့ သိကြပါတယ်။ ငြိမ်းချမ်းရေးအစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်ဆီက အာမခံချက်တွေကို ယူကရိန်းက ရရှိလိုပြီး ရုရှားက သိမ်းပိုက်လို့မရသေးတဲ့ ဒွန်ဘတ်က ဒေသတွေကို စစ်လက်နက်ကင်းမဲ့ပြီး လွတ်လပ်တဲ့ စီးပွားရေးဇုန်တွေအဖြစ် သတ်မှတ်ပေးဖို့ ဇလန်းစကီးက အဆိုပြုထားပါတယ်။

အချက် ၂၀ ပါ အစီအစဉ်ဟာ ရာခိုင်နှုန်း ၉၀ ပြည့်စုံနေပြီဖြစ်ပြီး ၁၀၀ ရာခိုင်နှုန်းသေချာအောင် လုပ်ရပါမယ်လို့ ဇလန်းစကီးက သောကြာနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒါပေမဲ့ "ကျွန်တော် အတည်မပြုပေးမချင်း ယူကရိန်းသမ္မတ ဘာမှရလာမှာမဟုတ်ဘူး" လို့ ထရမ့်က ပေါ်လစ်တီကိုမဂ္ဂဇင်းနဲ့ သောကြာနေ့မှာ ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာပြောပါတယ်။

ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြလှုပ်ရှားမှုတွေ ဆက်ရှိ

ရွှေဘိုမြို့နယ် သပိတ်ကော်မတီရဲ့ လက်ဗွေနှိပ်ကာ ရွေးကောက်ပွဲဆန့်ကျင်တဲ့ လှုပ်ရှားမှု

ဓာတ်ပုံ ရင်းမြစ်, ရွှေဘိုမြို့နယ် သပိတ်ကော်မတီ

ဓာတ်ပုံ ပုံစာ, ရွှေဘိုမြို့နယ် သပိတ်ကော်မတီရဲ့ လက်ဗွေနှိပ်ကာ ရွေးကောက်ပွဲဆန့်ကျင်တဲ့ လှုပ်ရှားမှု

ရွေးကောက်ပွဲဆန့်ကျင်ဆန္ဒပြမှုတွေဟာ ရန်ကုန်၊ မန္တလေးမြို့ပေါ်တွေအပါအဝင် တော်လှန်ရေးထိန်းချုပ်နယ်မြေတွေမှာလည်း ကျင်းပချိန်နီးလာတဲ့အထိ ဆက်ရှိနေပါတယ်။

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ထဲမှာ NO VOTE စာတန်းကိုင်ဆောင်ပြီး မဲမပေးဖို့နဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ဖို့ လှုံ့ဆော်မှု တစ်ခုကို ရေဘဝဲအဖွဲ့က ပြုလုပ်ခဲ့တယ်လို့ ဒီဇင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

"မဲမပေးခြင်း (NO VOTE) ဆိုတာ နိုင်ငံသားတစ်ယောက်ရဲ့ မွေးရာပါ အခွင့်အရေးပါ။ ဒါပေမဲ့ အရေးကြီးဆုံးကတော့ ကိုယ့်လုံခြုံရေးပါပဲ။ မဲစာရင်း သွားမကြည့်ဘဲ၊ လူမသိအောင် ဉာဏ်သုံး၊ ပါးနပ်စွာ နေထိုင်ပြီး ဒီအတုအယောင်ပွဲကြီးကို တညီတညွတ်တည်း ဆန့်ကျင်ကြဖို့ ရေဘဝဲမှ တိုက်တွန်းနှိုးဆော်အပ်ပါတယ်" လို့ အဖွဲ့ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

ပုဂံ၊ညောင်ဦးဘက်မှာလည်း ရွေးကောက်ပွဲဆန့်ကျင်ဖို့ လှုပ်ရှားမှုတွေလုပ်တာ ရှိပါတယ်။

ရွေးကောက်ပွဲ ဆန့်ကျင်ရေးစာသားပါ စတစ်ကာတွေကပ်တာနဲ့ ပုဂံက လူသွားလူလာများတဲ့ လမ်းပေါ်မှာ စာရွက်တွေဖြန့်ကြဲတာတွေကို မကဆလူငယ်အင်အားစုက လုပ်ခဲ့တာဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU သိမ်းထားတဲ့ တနင်္သာရီတိုင်းက နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ မောတောင်မြို့မှာလည်း ရွေးကောက်ပွဲဆန့်ကျင်ဆန္ဒပြတာကို KNU မြိတ်-ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။

"သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့" ဆိုတဲ့ စာသားတွေကိုင်ဆောင်ပြီး မောတောင်မြို့ထဲ စီတန်း ဆန္ဒထုတ်ဖော်တဲ့ရုပ်သံကို KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းထဲမှာလည်း ရွှေဘိုမြို့နယ် သပိတ်အင်အားစုက ဦးဆောင်ပြီး ရွေးကောက်ပွဲကို လက်မခံ ကြောင်း ဒီဇင်ဘာ ၂၆ ရက်မှာ လက်ဗွေနှိပ်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

တီးတိန်မှာ ရွေးကောက်ပွဲရက် အပြင်မထွက်ဖို့ သတိပေး

တီးတိန်မြို့အဝင်(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, PDF Zoland

ဓာတ်ပုံ ပုံစာ, တီးတိန်မြို့အဝင်(ပုံဟောင်း)

မနက်ဖြန်ရွေးကောက်ပွဲလုပ်မယ့် ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်နဲ့ မြို့နယ်အတွင်းနေထိုင်သူတွေ ရွေးကောက်ပွဲရက်မှာ အပြင်မထွက်ဖို့ ဇိုမီးဖက်ဒရယ်အစည်းအရုံး ZFU/PDF Zoland က သတိပေး ပါတယ်။

ဘေးကင်းလုံခြုံရေးအတွက် ဒီဇင်ဘာ ၂၆ ကနေ ၂၈ ရက်အတွင်း အပြင်ထွက်တာနဲ့ ခရီးသွားလာတာကို တားမြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲရက်အထိ အိမ်မှာသာနေထိုင်ပြီး အသွားအလာသတိထားဖို့၊ တီးတိန်မြို့နယ်ရဲ့ ရွာ ဘက်ပိုင်း နေထိုင်သူတွေ ခရီးသွားလာတာမလုပ်ဖို့ဆိုပြီး ဖြည့်စွက်အသိပေးထားပါတယ်။

PDF Zoland ရဲ့ကြေညာချက်ကို အသေးစိတ်သိရဖို့ အဖွဲ့တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

စစ်တပ်ဟာ ရွေးကောက်ပွဲလုပ်မယ့် တီးတိန်မြို့ပေါ်က ခလရ ၂၆၉ ကို အောက်တိုဘာလကတည်းက လေကြောင်းကနေ ရဟတ်ယာဥ်နဲ့ တပ်အင်အား ၅၀၀ ခန့်ထပ်မံ ဖြည့်တင်းထားတယ်လို့ ချင်းညီ နောင် အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလအတွင်း ဒီစခန်းကနေ ထွက်တဲ့ စစ်ကြောင်းဟာ တီးတိန်မြို့နယ်ထဲက ဗျူဟာကျတဲ့ သိုင်းငင်းရွာကို နိုဝင်ဘာလထဲမှာ ချင်းကာကွယ်ရေးတပ်တွေဆီကနေ ပြန်သိမ်းခဲ့ပါတယ်။

နိုဝင်ဘာ ၂၇ ရက်မှာတော့ ချင်းညီနောင်တပ်ဖွဲ့ဝင်တွေက တီးတိန်မြို့အဝင်ဂိတ်ကို ဝင်စီးခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတချို့ ဖမ်းဆီးရမိတယ်လို့ PDF Zoland ကထုတ်ပြန်ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား ၇၂ နာရီအပစ်ရပ် သဘောတူ

၇၂ နာရီ အပစ်ရပ်သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးတွေ

ဓာတ်ပုံ ရင်းမြစ်, Matichon

နယ်စပ် ပဋိပက္ခဖြစ်နေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အကြား ၇၂ နာရီ အပစ်အခတ်ရပ်စဲဖို့ ဒီဇင်ဘာ ၂၇ ရက် မနက် ၁၀ နာရီမှာ နှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုးပါတယ်။

နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးတွေလက်မှတ်ထိုးတဲ့ အပစ်ရပ်သဘောတူညီချက်ဟာ ဒီနေ့ နေ့လယ် ၁၂ နာရီမှ စတင်နေပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ချန်တပူရီခရိုင်ထဲက ဘန်ဖက်ခက် နယ်စပ်ဂိတ်မှာ ပြုလုပ်တဲ့ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ကော်မတီအစည်းအဝေးအပြီးမှာ လက်မှတ်ရေးထိုးကြတာပါ။

နှစ်နိုင်ငံ အပစ်ရပ်ဖို့နဲ့ ရေ ရှည်ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြတဲ့ အောက်တိုဘာ ၂၆ ရက်က ပြုလုပ်ခဲ့တဲ့ ကွာလာလမ်ပူသဘောတူညီချက်အရ ဒီလို ၇၂ နာရီအပစ်ရပ်သဘောတူညီချက် ဖြစ်ပေါ် လာတာလို့ ထိုင်းသတင်းက ဖော်ပြပါတယ်။

ကမ္ဘောဒီးယားစစ်သား ၁၈ ဦးကို ထိုင်းဘက်က ပြန်လွှဲပေးဖို့ သဘောတူတာကြောင့် ကမ္ဘောဒီးယားဘက်ကလည်း ၇၂ နာရီအပစ်ရပ်ဖို့ သဘောတူညီမှုရခဲ့ကြတာလို့လည်း ဆိုပါတယ်။

ဒီသဘောတူညီချက်ရေးထိုးတာကို အာဆီယံစောင့်ကြည့်လေ့လာရေးအဖွဲ့ AOT က စောင့်ကြည့်ခဲ့ပါ တယ်။

ထိုင်း-ကမ္ဘောဒီးယားအရေးအတွက် အစိုးရက စစ်တပ်ကို အပြည့်အဝထောက်ခံတယ်လို့ ထိုင်းဝန်ကြီးချုပ်အနုတင်က ဆိုပါတယ်။

လာမယ့် ဒီဇင်ဘာ ၂၉ ရက်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တရုတ်နိုင်ငံ၊ ကူမင်းမှာ တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဝမ်ယိနဲ့ တွေ့ဆုံသွားဖို့ရှိတယ်လို့လည်း ဝန်ကြီးချုပ်က ပြောထားပါတယ်။

မနက်ဖြန်ရွေးကောက်ပွဲလုပ်မယ့် ဟားခါးမှာ တိုက်ပွဲပြင်းထန်

CDF ဟားခါးတပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, CDF Hakha

ဓာတ်ပုံ ပုံစာ, CDF ဟားခါးတပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ချင်းကာကွယ်ရေးတပ်-ဟားခါး (CDF-Hakha)နဲ့ စစ်တပ်တို့ ဒီနေ့တိုက်ပွဲပြင်းထန်နေတယ်လို့ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းနိုင်ဂျွန်းကိမ်းက ဘီဘီစီကို ပြောပါတယ်။

"ရွေးကောက်ပွဲ မလုပ်နိုင်အောင် တားဆီးဖို့ရှိပါတယ်။ ကိုယ့်ဘက်ကတော့ အသာစီးယူနိုင်တဲ့ အနေအထားရှိတယ်။ တိုက်ပွဲက ဆက်ပြင်းထန်သွားဖို့ရှိတယ်" လို့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းနိုင်ဂျွန်းကိမ်းက ပြောပါတယ်။

CDF ဟားခါးက မနေ့က မနက်အစောပိုင်းမှာ ဟားခါးမြို့အရှေ့ဘက် ရုန်းတောင်ပေါ်မှာရှိတဲ့ စစ်တပ်ရဲ့ ခလရ ၂၆၆ စခန်းကို စတင်ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

CDF ဟားခါးဟာ ချင်းအမျိုးသားတပ်ဦး CDF/CNA ကနေ ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က ချင်းကာကွယ်ရေးတပ်ဖွဲ့ ဖြစ်ပါတယ်။

စစ်တပ်ဟာ ချင်းပြည်နယ်မှာရှိတဲ့ မြို့နယ် ၉ မြို့နယ်ထဲက ဟားခါး၊ တီးတိန်နဲ့ ထန်တလန်တို့ကိုသာ ထိန်းထားနိုင်တာ ဖြစ်ပါတယ်။

ဒီထဲက ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာထားတဲ့ ဟားခါးနဲ့ တီးတိန်ရှိရာ ချင်းမြောက်ပိုင်းကို လုံခြုံရေးပေးနိုင်ဖို့ အောက်တိုဘာလကတည်းက အင်အားရာချီပါတဲ့ စစ်ကြောင်းနဲ့ ဝင်လာနေတာ ဖြစ်ပါတယ်။

ချင်းတပ်ဖွဲ့က သိမ်းထားတဲ့ သိုင်းငင်းဗျူဟာကို ပြန်ရခဲ့ပေမဲ့ စစ်ကြောင်းအဓိက ဦးတည်နေတဲ့ ဖလမ်း ကိုတော့ ထိန်းချုပ်နိုင်တာမရှိပါဘူး။

ရွေးကောက်ပွဲ ပြုလုပ်မယ့် တီးတိန်မြို့ အဝင်က စစ်တပ်ဂိတ်ကိုလည်း နိုဝင်ဘာ ၂၆ ရက်က ချင်းညီနောင် တပ်ဖွဲ့တွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါသေးတယ်။

တရုတ်၊ ရုရှားနဲ့ အိန္ဒိယအဖွဲ့တွေ ရွေးကောက်ပွဲစောင့်ကြည့်ဖို့ရောက်လာ

ဒီဇင်ဘာ ၂၆ ရက်မှာ ရန်ကုန်မြို့ကို ရောက်လာတဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမယ့် ကိုယ် စားလှယ်တွေ

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ဒီဇင်ဘာ ၂၆ ရက်မှာ ရန်ကုန်မြို့ကို ရောက်လာတဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမယ့် ကိုယ် စားလှယ်တွေ

မနက်ဖြန်ကျင်းပမယ့် စစ်တပ်ဦးဆောင်တဲ့ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ ၆ နိုင်ငံက ကိုယ်စားလှယ်အဖွဲ့တွေ ဒီဇင်ဘာ ၂၆ ရက်မနက်ပိုင်းမှာ ရန်ကုန်ရောက်လာ ပြီလို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်က အဖွဲ့တွေ ရောက်လာတာဖြစ်ပါတယ်။

ရွေးကောက်ပွဲကို ရုရှား၊ အိန္ဒိယ၊ ဘယ်လာရုစ်၊ ဖိလစ်ပိုင်၊ လာအို၊ နိုင်ဂျီးရီးယား၊ နီပေါနဲ့ ပါကစ္စတန် တို့က စောင့်ကြည့်မယ်လို့ ဘီဘီစီက ဒီဇင်ဘာ ၂၄ ရက်တုန်းက သိထားရပြီး တရုတ်အပါအဝင် နိုင်ငံတချို့ထပ်တိုးလာတာဖြစ်ပါတယ်။

ဘီဘီစီက စုံစမ်းသိရှိရတဲ့စာရင်းအရ ကိုးနိုင်ငံက စုစုပေါင်း လူဦးရေ ၆၀ ကျော် စာရင်း ပေးထားတယ်လို့ သိရပါတယ်။

တချို့နိုင်ငံတွေက ရန်ကုန်မှာရှိတဲ့ သံရုံးဝန်ထမ်းတွေကို စေလွှတ်မှာဖြစ်ပါတယ်။

စစ်တပ်နဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ ဘယ်လာရုစ်ကိုယ်စားလှယ်အဖွဲ့ကတော့ ဒီဇင်ဘာ ၂၅ ရက်ကတည်းက ရန်ကုန်ကိုရောက်နေပြီ ဖြစ်ပါတယ်။

စစ်တပ်က ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာထားတဲ့ ကချင်၊ ချင်းနဲ့ စစ်ကိုင်း တိုင်းထဲက မြို့နယ်တချို့မှာတော့ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။

စစ်ကော်မရှင်က ရွေးကောက်ပွဲပထမပိုင်းကို မနက်ဖြန်မှာကျင်းပပြီး ဒုတိယပိုင်းနဲ့ တတိယပိုင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီထဲမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

အာဆီယံကတော့ လေ့လာစောင့်ကြည့်သူစေလွှတ်တာဟာ ဒီမိုကရေစီလိုလားတဲ့ အဖွဲ့တွေကို ချန်လှပ်ပြီးမှ ပြုလုပ်မယ့် ‌ရွေးကောက်ပွဲကို ထောက်ခံအားပေးရာကျနိုင်တယ်ဆိုတဲ့ တွေးဆချက်ကြောင့် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေ မလွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။