စစ်မှုထမ်းသင်တန်းတွေ တိုးဖွင့်ပြီး လူသစ်စုဆောင်းတဲ့ စစ်တပ်ဗျူဟာ

လူငယ်တွေရဲ့ ရှောင်တိမ်းငြင်းပယ်မှုကို ခံနေရတဲ့ မြန်မာစစ်တပ်ရဲ့ စစ်မှုထမ်းခေါ်ယူမှု အစီအစဥ်ဟာ သူတို့ရနိုင်တဲ့ သင်တန်းသားအရေအတွက် အရနည်းလာလေ သင်တန်းတွေ ပိုတိုးဖွင့်လာလေဖြစ်နေတယ်လို့ စစ်ဖက်ဆိုင်ရာသုတေသနအဖွဲ့ (MDSI) က ဆန်းစစ်ချက်ထုတ်ပြန်ပါတယ်။
စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းပြီး အင်အား စုဆောင်းနေတဲ့ စစ်တပ်ဟာ ၂၀၂၅ နိုဝင်ဘာအထိဆိုရင် ဖွင့်ထားတဲ့သင်တန်း အပတ်စဉ် ၁၉ အထိရှိလာပါပြီ။
သင်တန်းကာလတွေကို ပြုလွယ်ပြောင်းလွယ်လုပ်ထားပြီး ရှေ့တန်းကို စေလွှတ်နိုင်ရေး တိုးလုပ်နေတယ်လို့ သင်တန်းတက်ရောက်ခဲ့သူတွေက ဘီဘီစီကို ဖွင့်ဟထားပါတယ်။
စစ်မှုထမ်းသင်တန်းတွေ အပြီးအစီးတက်ခဲ့ရပြီး ရှေ့တန်းစစ်မျက်နှာကိုရောက်ခဲ့ရတဲ့ မတူညီတဲ့ဒေသ ၃ ခုက လူငယ် ၃ ဦးနဲ့ ဘီဘီစီက စကားပြောခွင့်ရခဲ့ပါတယ်။
စစ်မှုထမ်းသင်တန်းကျောင်းတွေက အတွေ့အကြုံတွေကို သူတို့ဘယ်လို ဖွင့်ထုတ်ပြောထားလဲ။

ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရန်
စစ်သင်တန်းကျောင်း ၂၇ ကျောင်းအထိ တိုးဖွင့်

ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရန်
စစ်တပ်က သင်တန်းအပတ်စဉ်တစ်ခုကို လူဦးရေ ၅,၀၀၀ စုဆောင်းခေါ်ယူမယ်လို့ ပြောခဲ့တာကြောင့် သင်တန်းအပတ်စဉ် ၁၉ အထိဆိုရင် စုဆောင်းခံရသူ အရေအတွက်က ၉၅,၀၀၀ အထိ ရှိပြီလို့ အကြမ်းဖျင်း တွက်ချက်နိုင်ပါတယ်။
မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI)ရဲ့ ဆန်းစစ်ချက်စာတမ်းကတော့ စစ်တပ်ဟာ သင်တန်းကျောင်းနေရာတွေကို ၂၇ နေရာအထိ တိုးမြှင့်ပြင်ဆင်ပြီး လက်ခံလေ့ကျင့်ပေးနေတယ်လို့ ဆိုပါတယ်။
"အပတ်စဉ် ၅ ကစပြီး တဖြည်းဖြည်းတိုးတိုးပြီး ဖွင့်လာတာ" လို့ MDSI ရဲ့ သုတေသနတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက ဘီဘီစီကို ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်မှုထမ်းခေါ်ယူတာ စောင့်ကြည့်တဲ့အဖွဲ့ Burma Affairs & Conflict Study ကတော့ စစ်မှုထမ်း အပတ်စဉ် ၁ နဲ့ ၂ တို့မှာ စစ်သင်တန်းပို့ချတဲ့ သင်တန်းကျောင်း ၁၆ ကျောင်းရှိတယ်လို့ ၂၀၂၄ ဧပြီလတုန်းက ဖော်ပြခဲ့ပါတယ်။
MDSI ရဲ့ အချက်အလက်တွေအရ စစ်တပ်ဟာ စစ်သင်တန်းကျောင်းနေရာတွေကို ၁၁ နေရာ ထပ်တိုးဖွင့်လိုက်တာလို့ နားလည်ရပါတယ်။
သင်တန်းပို့ချတဲ့ ကျောင်း ၂၇ ကျောင်းထဲမှာမှ စစ်တပ်ရဲ့တိုင်းနဲ့ ပြည်နယ်အနှံ့က တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တကက)တွေမှာ စစ်မှုထမ်းသင်တန်းတွေကို အများဆုံးဖွင့်လှစ်ထားတယ်လို့ CDM ဗိုလ်မှူးနောင်ရိုးက ပြောပါတယ်။
စစ်တပ်ရဲ့ တကကကျောင်း ၁၄ ကျောင်းရှိတဲ့အထဲ ၈ ကျောင်းမှာ စစ်မှုထမ်းသင်တန်းတွေ ပေးနေတာလို့ဆိုပါတယ်။
MDSI ရဲ့ အချက်အလက်တွေအရ တတက-၂ (မိုးစွေ၊ နေပြည်တော်)၊ တတက-၅(ကွင်းကောက်၊ ဧရာဝတီ)၊ တတက-၁ (ဂျိုးဖြူ၊ တိုက်ကြီး)၊ တတက-၈ (မန်ကတ်၊ တန့်ယန်း)၊ တတက-၃ (မိုးနဲ၊ ကျိုင်းတောင်း)၊ တတက-၁၁ (ကျိုင်းတုံ၊ ရှမ်းပြည်နယ်)၊ တတက-၆ (အုတ်တွင်း၊ ပဲခူး) နဲ့ တတက-၄ (သံဖြူဇရပ်၊ မွန်ပြည်နယ်) စတဲ့ကျောင်းတွေမှာ စစ်မှုထမ်းသင်တန်းတွေကို တိုးချဲ့ပြီး အများဆုံးဖွင့်နေတာလို့ သိရပါတယ်။
အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းအုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဟိုပုံးမြို့က တပ်မတော်ကွန်ပျူတာနဲ့နည်းပညာသိပ္ပံကျောင်းအပြင် ဗထူးတပ်မြို့က ဗိုလ်သင်တန်းကျောင်းမှာလည်း စစ်မှုထမ်းသင်တန်းတွေ အများဆုံးပေးနေတယ်လို့ MDSI က ဆိုပါတယ်။
အလားတူ ရမည်းသင်း၊ ပုသိမ်၊ တောင်ကြီး နဲ့ သထုံမြို့တို့မှာရှိတဲ့ စစ်အခြေခံလေ့ကျင့်ရေးတပ်(စခတ) ၄ ခုမှာလည်း စစ်မှုတမ်းသင်တန်းတွေပေးနေတယ်လို့ သိရပါတယ်။
စစ်မှုထမ်းဥပဒေကို အသက်မသွင်းခင်အထိ မြန်မာစစ်တပ်က အခြေခံစစ်သားတွေကို စစ်အခြေခံ လေ့ကျင့်ရေးတပ်(စခတ)တွေမှာပဲ စစ်သင်တန်းတွေ ပေးခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ပြည်သူ့စစ်မှုထမ်းကို အသက်သွင်းပြီးတဲ့နောက်မှာတော့ ပြည်သူ့စစ်မှုထမ်းသင်တန်းကို စခတ တပ်တွေမှာ သင်တန်းပေးနေသလို တကက လို့ခေါ်တဲ့ တပ်မတော် တန်းမြင့်သင်တန်းကျောင်းတွေမှာပါ စစ်သင်တန်းတွေ ပိုတိုးပြီးဖွင့်လာတာဖြစ်ပါတယ်။
"တကက ဆိုတာ တန်းမြင့်ကျောင်းဖြစ်လို့ ရာထူးတိုးမယ့်စစ်သားတွေကိုပဲ ပေးတာပါ၊ အရင်ကတော့ စစ်တပ်ရဲ့ စစ်အခြေခံစစ်သင်တန်းအားလုံးကို စခတ တွေမှာပဲ ပေးလေ့ရှိတာ" လို့ CDM ဗိုလ်မှူးနောင်ရိုးက ပြောပါတယ်။
ဒါ့အပြင် စစ်တပ်က တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်မှာရှိတဲ့ အမှတ် ၅၇ ရေတပ်လေ့ကျင့်ရေးတပ်(ရလတ)မှာလည်း စစ်မှုထမ်းသင်တန်းပေးနေပြီလို့ MDSI က ဖော်ပြပါတယ်။
ဒါတင်မကဘဲ စစ်အခြေခံလေ့ကျင့်ရေးသင်တန်းတွေပေးလေ့မရှိတဲ့ နေရာ ၃ ခုမှာလည်း စစ်တပ်က ပြည်သူ့စစ်မှုထမ်းသင်တန်းတွေ ဖွင့်ပြီး စစ်သင်တန်းပေးနေတယ်လို့ MDSI ရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
အဲဒီနေရာ ၃ ခုကတော့ ရန်ကုန်၊ လှည်းကူးမြို့နယ်၊ ရဲမွန်တပ်မြို့ထဲက စစ်ဘက်ဆိုင်ရာ ကျောင်း ၃ ခုပဲဖြစ်ပါတယ်။
ရဲမွန်အခြေစိုက် ခြေလျင်အကူနဲ့ လက်နက်ကြီးသင်တန်းကျောင်း (ခအက)၊ တပ်မတော်ကိုယ်ခံပညာနဲ့အားကစားသင်တန်းကျောင်း(တကအ) နဲ့ တပ်မတော် အရာခံနဲ့ အကြပ်ကြီးသင်တန်းကျောင်း(ရကသ) စတဲ့နေရာတွေမှာပါ စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။
CDM ဗိုလ်မှူးနောင်ရိုးကတော့ ဒီသင်တန်းကျောင်းတွေမှာ စစ်တပ်က စစ်အခြေခံလေ့ကျင့်ရေးသင်တန်းတွေ ပေးတာမဟုတ်ဘဲ အတတ်ပညာသင်တန်းကျောင်းတွေဖြစ်တယ်လို့ ရှင်းပြပါတယ်။
"ခအကကျောင်းက မြေပြင်မှာ လက်နက်ကြီးပစ်ခတ်တာတွေ၊ တကအက ကိုယ်ခံပညာနဲ့ ပတ်သက်တာ၊ ရကသဆိုလည်း ရုံးပိုင်းတပ်ကြပ်ကြီးရာထူးအတွက် သင်ပေးတာမျိုးပေါ့" လို့ သူက ဖြည့်ပြောပါတယ်။
စစ်သင်တန်းအပတ်စဥ်တွေကို တိုးဖွင့်နေတဲ့ တချိန်တည်းမှာပဲ အဲဒီသင်တန်းတွေမှာ ခွဲခြားဖိနှိပ်မှုတွေလည်းရှိနေတယ်လို့ MDSI သုတေသနအဖွဲ့က နိုဝင်ဘာလက သူတို့ရဲ့ ဆန်းစစ်ချက်မှာထည့်ပြောထားပါတယ်။
စစ်မှုထမ်းသင်တန်းတွေကနေ ရှေ့တန်းစစ်မျက်နှာပြင်တွေကို ရောက်သွားခဲ့တဲ့ စစ်မှုထမ်းတပ်သားတချို့နဲ့ ဘီဘီစီက စကားပြောခွင့်ရခဲ့ပြီး သူတို့ပြောဆိုချက်တွေကလည်း MDSI ရဲ့ ပြောဆိုချက်တွေနဲ့ တူညီနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရန်
စစ်သင်တန်းကျောင်း တစ်ကျောင်းချင်းစီအလိုက် တပ်သားလက်ခံတဲ့ အရေအတွက်ဟာ ၂၀၀ ကနေ ၇၀၀ ကြားထိရှိတယ်လို့ CDM ဗိုလ်မှူးနောင်ရိုးက ပြောပါတယ်။
ဒါပေမဲ့ စစ်သင်တန်းကျောင်းတွေထဲက ဗထူးဗိုလ်သင်တန်းကျောင်းကိုတော့ ပညာအရည်အချင်းရှိတဲ့ စစ်မှုထမ်းသင်တန်းသားတွေကိုပဲ ရွေးချယ်ပြီးပို့လေ့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
"၁၀ တန်းအောင်တဲ့သူ၊ ဖြေထားတဲ့သူ၊ ဘွဲ့ရတွေကို ရွေးထုတ်တယ်" လို့ ဗိုလ်မှူးနောင်ရိုးက ရှင်းပြပါတယ်။
ဗထူးသင်တန်းကျောင်းကနေ စစ်သင်တန်းဆင်းလာတဲ့ စစ်မှုထမ်းတပ်သားတွေကိုလည်း ရှေ့တန်းမြေပြင်ကိုမပို့ဘဲ ထောက်ပို့တပ်၊ ဆက်သွယ်ရေးတပ်နဲ့ အမြောက်တပ် စတဲ့ ပညာသည်တပ်တွေဆီကို တိုက်ရိုက်ပို့တယ်လို့ သိရှိရပါတယ်။
"ကားကိုကျွမ်းကျွမ်းကျင်ကျင်မောင်းနိုင်တဲ့သူဆိုရင် ထောက်ပို့ရေးတပ် ရောက်တာများတယ်" လို့ CDM ဗိုလ်မှူးနောင်ရိုးက ပြောပါတယ်။
စစ်မှုထမ်းတပ်သားတွေထဲမှာ ပညာအရည်အချင်းအလိုက် သင်တန်းကျောင်းကို ခွဲခြားပို့ဆောင်ခံရတာတွေရှိနေသလို သင်တန်းကျောင်းထဲမှာလည်း ခွဲခြားဖိနှိပ်တာတွေရှိနေတယ်လို့ MDSI ရဲ့ နိုဝင်ဘာလတုန်းက ထုတ်ပြန်တဲ့ ဆန်းစစ်ချက်မှာ ဖော်ပြပါတယ်။
အဲဒီဆန်းစစ်ချက်ဟာ စစ်မှုထမ်းတပ်သားဟောင်း ၆၀ ဝန်းကျင်နဲ့ ဆက်သွယ်မေးမြန်းပြီး စုဆောင်းထုတ်ပြန်ထားတဲ့ အချက်အလက်တွေလို့ MDSI က ပြောပါတယ်။
ရှေ့တန်းကနေ ထွက်ပြေးလာကြပြီး တော်လှန်ရေးတပ်ဖွဲ့အသီးသီးဆီမှာ ပြန့်ကြဲရောက်ရှိနေကြတဲ့ စစ်မှုထမ်းတပ်သားဟောင်းတွေကို ဆက်သွယ်မေးမြန်းခဲ့တာလို့လည်း သူတို့ရဲ့ ကိုးကားချက်ကို ဖော်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရန်
စစ်မှုထမ်းအတွက် အဓမ္မစုဆောင်းမှုတွေ

စစ်မှုထမ်းစစ်သင်တန်းကျောင်းတက်ခဲ့တဲ့ ကိုမင်း၊ ကိုထက်နဲ့ ကိုဖြိုးတို့ သုံးဦးနဲ့ ဘီဘီစီက စကားပြောခွင့်ရခဲ့ပါတယ်။ သူတို့ သုံးဦးဟာ မတူညီတဲ့ စစ်မှုထမ်းအပတ်စဉ်တွေကဖြစ်သလို တက်ခဲ့ရတဲ့ စစ်သင်တန်းကျောင်းတွေလည်း မတူပါဘူး။
၂၀၂၅ နှစ်စပိုင်းမှာထွက်လာခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေထဲမှာတော့ စစ်မှုထမ်းဖို့ ဆန္ဒပြုတဲ့အရေအတွက် မပြည့်ရင် မဲနှိုက်ရွေးချယ်နိုင်တာ ဒါမှမဟုတ် ဗဟိုအဖွဲ့က သတ်မှတ်တဲ့ နည်းလမ်းနဲ့ ရွေးချယ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
MDSI အဖွဲ့ကတော့ စစ်မှုထမ်းအပတ်စဉ်တစ်ခုကို သတ်မှတ်အရေအတွက်ထက် ပြည့်မီကျော်လွန်အောင် စုဆောင်းနေတယ်လို့ သူတို့ရဲ့ ဆန်းစစ်ချက်အစီရင်ခံစာမှာထည့်ပြောထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနကလည်း စစ်မှုထမ်းအပတ်စဉ် ၁ ကစပြီး ၂၀၂၅ ခုနှစ်ဒီဇင်ဘာလအစအထိ အတင်းအဓမ္မစုဆောင်းခံရတဲ့သူ ၃၁,၀၈၆ ဦးရှိပြီလို့ ဒီဇင်ဘာ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
မန္တလေးတိုင်းက စစ်မှုထမ်းအတွက် လူအများဆုံးစုဆောင်းခံနေရပြီး ရခိုင်ကတော့ ဒုတိယအများဆုံး စုဆောင်းခံနေရတယ်လို့ NUG က ကြေညာထားပါတယ်။
တစ်ဖက်မှာလည်း မြေပြင်မှာ စစ်မှုထမ်းဖို့အတွက် လူအဓမ္မစုဆောင်းနေတယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ အမှန်ဖြစ်တယ်လို့ ကိုထက်နဲ့ ကိုမင်းတို့ ၂ ဦးက ဘီဘီစီကို အတည်ပြုပြောပါတယ်။
အသက် ၂၆ နှစ်အရွယ် ကိုမင်းဟာ ရန်ကုန်တိုင်း၊ အရှေ့ဒဂုံမြို့နယ်မှာ နေထိုင်ခဲ့သူဖြစ်ပြီး ညဘက် အလုပ်ကနေ ပြန်တဲ့အချိန် ၉ နာရီဝန်းကျင်လောက်မှာ နေထိုင်တဲ့ ရပ်ကွက်အနီးမှာပဲ အဓမ္မစုဆောင်းခံလိုက်ရတာလို့ သူက ပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတို့က "မေးစရာလေးရှိတယ်ဆိုပြီး ၆ ပေါက်ရပ်ကွက်ရုံးကို ခေါ်သွားတာ" လို့ ကိုမင်းက ဖွင့်ပြောပါတယ်။
ရပ်ကွက်ရုံးမှာ တစ်ညအိပ်စေပြီးနောက်် ရန်ကုန်၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမပေါ်မှာရှိတဲ့ ဘုရင့်နောင် စစ်ကြောရေးကို ခေါ်ဆောင်သွားတယ်လို့ သူက ဆိုပါတယ်။
"စစ်ကြောရေးမှာတော့ ၂ ပတ်လောက်နေလိုက်ရတယ်။ စစ်ကြောရေးကနေမှ ဟိုပုံးသင်တန်းကျောင်းကို ကားနဲ့ပို့လိုက်တာ" လို့ သူက ရှင်းပြပါတယ်။
စစ်ကြောရေးမှာတော့ ဖုန်းသုံးခွင့်ပေးခဲ့ပေမယ့် ဟိုပုံးစစ်သင်တန်းကျောင်းရောက်တဲ့အချိန်မှာတော့ ပါလာတဲ့ ငွေကြေးနဲ့ ဖုန်းတွေကို သင်တန်းကျောင်းက သိမ်းလိုက်တယ်လို့ သူက ထပ်ပြောပါတယ်။
အသက် ၃၀ အရွယ် ကိုထက်ကလည်း ကိုမင်း နည်းတူ စစ်မှုထမ်းဖို့အတွက် ၂၀၂၅ ခုနှစ်ထဲမှာပဲ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတာလို့ ဘီဘီစီကိုပြောပါတယ်။
ကိုထက်ဟာ မန္တလေးတိုင်း အမရပူရမြို့နယ်မှာ နေထိုင်ပြီး ကျောက်အရောင်းအဝယ်ဖြစ်အောင် အကျိုးဆောင်အလုပ် လုပ်ကိုင်တဲ့သူ(ပွဲစား) ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက မနက်အစောပိုင်း "ကျောက်အရောင်းအဝယ်ညှိပေးဖို့ သွားတဲ့လမ်းမှာ စစ်ယူနီဖောင်းဝတ်ထားတဲ့သူတချို့က ဆိုင်ကယ်ကို စစ်ဆေးသလိုနဲ့ တားတယ်။ ပြီးတော့ ဖမ်းပြီး ရပ်ကွက်ရုံးကို ခေါ်သွားတာ" လို့ ကိုထက်က ပြောပါတယ်။
စစ်ယူနီဖောင်းဝတ်ထားတဲ့သူအရေအတွက်ကိုတော့ ကိုထက်က မမှတ်မိဘူးလို့ ဘီဘီစီကို ပြောပါတယ်။ ဖမ်းဆီးခံရတဲ့နေရာမှာ အရပ်ဝတ် ဝတ်ထားတဲ့ ရပ်ကွက်အုပ်ချုပ််ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးအပါ စစ်တပ်ယူနီဖောင်းဝတ်ထားတဲ့သူတွေ စုစုပေါင်း ၅ ဦးထက််မနည်းရှိနိုင်တယ်လို့ သူကရှင်းပြပါတယ်။
"စစ်မေးပြီးတော့ စစ်ကားနဲ့ ရပ်ကွက်ရုံးကို ခေါ်သွားတာ"လို့ သူက ရှင်းပြပါတယ်။
ကိုထက်ဟာ ရပ်ကွက်အုပ်ချုပ်ရေးရုံးကို ဖမ်းခေါ်ခံရပြီးတဲ့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ကိုထက် စစ်မှုထမ်းတာဝန်ထမ်းဆောင်ဖို့ ငြင်းဆိုရင် မိသားစုဝင်နဲ့ အစားထိုးမယ်ဆိုပြီး အကျပ်ကိုင်တဲ့ ခြိမ်းခြောက်စကားတွေလည်း ဆိုခဲ့တယ်လို့ သူက ရင်ဖွင့်ပြောပါတယ်။
"ထွက်မပြေးနဲ့။ ထွက်ပြေးရင်အစားထိုးမယ်။ မင်းညီလေးစစ်မှုထမ်းမသွားရအောင် တစ်ခါပဲ အနစ်နာခံပေးလိုက်ဆိုပြီး ခြိမ်းခြောက်ခဲ့တာ" လို့ ကိုထက်က ပြောပါတယ်။
စစ်မှုထမ်းနည်းဥပဒေရဲ့ ပုဒ်မ ၃၁(ဂ)မှာတော့ မိသားစုတစ်စုမှာ စစ်မှုထမ်းအသက်နဲ့ အကျုံးဝင်နေတဲ့သူ တစ်ဦးထက်ပိုရင် တစ်ဦးတာဝန်ထမ်းဆောင်ပြီးမှ ကျန်တဲ့သူတွေကို အလှည့်ကျ ဆင့်ခေါ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ဒါကြောင့် မိသားစုဝင်ထဲက တစ်ဦးဦး စစ်မှုထမ်းတာဝန်ဆောင်ပြီး အိမ်ပြန်ရောက်လာချိန် နောက်ထပ်မိသားစုဝင်တစ်ဦးက စစ်မှုထမ်းသက်နဲ့ အကျုံးဝင်နေမယ်ဆိုရင်လည်း စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရမှာဖြစ်ပါတယ်။
ကိုထက်ကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက မဟုတ်မမှန်တဲ့ နည်းတွေနဲ့ ဖိအားပေးနားချပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
"ညီတွေလည်းရှိနေတာဆိုတော့ ကျွန်တော်တစ်ယောက်ပဲ စစ်မှုထမ်းတာဝန် တစ်ကြိမ်တစ်ခါပဲ ထမ်းဆောင်ဖို့ လက်ခံလိုက်ရင် မိသားစုဝင်တွေအနေနဲ့ စစ်မှုထမ်းဆောင်ဖို့ မလိုတော့ဘူးဆိုပြီး နားလည်မှုလွဲခဲ့တာ'' လို့ ကိုထက်က ပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးရုံးမှာ ဖောင်ဖြည့်ပြီးတဲ့နောက် ကိုထက်ကို စစ်ကားနဲ့ခေါ်ဆောင်ပြီး မန္တလေးတောင် အရှေ့ဘက်က အမှတ် ၉၅ စုဆောင်းရေးတပ်ကို ပို့ဆောင်ခဲ့တယ်လို့ ကိုထက် ဆိုပါတယ်။
"စုဆောင်းရေးတပ်မှာ ၂ ပတ်လောက်တော့ နေလိုက်ရတယ်" လို့ သူက ဆိုပါတယ်။
စုဆောင်းရေးတပ်မှာ ၂ ပတ်ကြာနေပြီးတဲ့နောက် ကိုထက်ကို ဗထူးတပ်မြို့က ဗိုလ်သင်တန်းကျောင်းမှာဖွင့်ထားတဲ့ စစ်မှုထမ်းသင်တန်းကျောင်းကို ဆက်ပို့ခဲ့တယ်လို့ သူက ရှင်းပြပါတယ်။
ဗထူးဗိုလ်သင်တန်းကျောင်းမှာ စစ်သင်တန်း သီတင်းပတ် ၁၀ ပတ် (၂ လခွဲနီးပါး) ပေးပြီးတဲ့နောက်မှာမှ ရခိုင်ရှေ့တန်းကို ပို့ဆောင်ခံခဲ့ရတာလို့ ကိုထက်က ပြောပါတယ်။
စစ်သင်တန်းကျောင်းတွေမှာ ဘယ်လိုဖိနှိပ်ခံနေရလဲ

ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရန်
စစ်သင်တန်းကျောင်းမှာ ဖိနှိပ်မှုတွေ ရှိနေလားဆိုတဲ့အခြေအနေတွေနဲ့ပတ်သက်လို့မေးမြန်းတဲ့အခါ သူတို့ ၃ ဦးကလည်း သူတို့အတွေ့အကြုံအရ ရှိခဲ့တယ်လို့ ပြောဆိုပါတယ်။
သူတို့ ၃ ဦးဟာ မတူညီတဲ့ စစ်မှုထမ်းအပတ်စဉ်တွေကဖြစ်သလို တက်ခဲ့ရတဲ့ စစ်သင်တန်းကျောင်းတွေလည်း မတူပါဘူး။ ၂၀၂၅ ခုနှစ်ထဲမှာပဲ ရခိုင်တိုက်ပွဲကနေ ထွက်ပြေးလာပြီး လက်နက်ချခဲ့ကြတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သားဟောင်းတွေ ဖြစ်ပါတယ်။
လက်ရှိမှာ သူတို့ ၃ ဦးဟာ မတူညီတဲ့ဒေသတွေက တော်လှန်ရေးတပ်တချို့ဆီမှာ ရောက်ရှိနေကြပါတယ်။
သူတို့တက်ခဲ့ရတဲ့ စစ်မှုထမ်းသင်တန်း ကာလအတွင်း သင်တန်းကျောင်းမှာ လစာထဲက အများစုဖြတ်တောက်ခံရသလို ဖြတ်တောက်ပြီး ကျန်တဲ့ လစာငွေကိုလည်း လက်ထဲပေးကိုင်ပြီး သုံးစွဲတာမျိုး ခွင့်မပြုဘူးလို့ သူတို့ ၃ ဦးလုံးက တညီတည်းဖြေကြပါတယ်။
စစ်သင်တန်းကျောင်းကနေ ထွက်မပြေးနိုင်အောင် လစာငွေအကုန်ပေးမကိုင်ဘူးလို့ စစ်မှုထမ်းသင်တန်းတက်ခဲ့ရတဲ့ ကိုထက်က ပြောပါတယ်။
"ဖုန်းတွေ ပိုက်ဆံတွေ ပေးမကိုင်ဘူး။ လက်ထဲ ပိုက်ဆံပေးထားရင် ကားခတို့ဘာတို့ အလွယ်တကူပေးပြီး ထွက်ပြေးမှာစိုးလို့ မပေးတာ" လို့ သူက ဆိုပါတယ်။
ကိုထက်အောင်က ၂၀၂၅ ခုနှစ်နှစ်ဆန်းပိုင်းမှာ ဗထူးတပ်မြို့ရဲ့ ဗိုလ်သင်တန်းကျောင်းမှာ စစ်မှုထမ်းသင်တန်း ၂ လခွဲကြာ တက်ခဲ့တာဖြစ်ပါတယ်။
ဟိုပုံးမြို့က တပ်မတော် ကွန်ပျူတာနဲ့နည်းပညာသင်တန်းကျောင်းမှာ စစ်သင်တန်းတက်ခဲ့ရတဲ့ ကိုမင်းခန့်ကျော်ကလည်း စစ်သင်တန်းကျောင်းမှာ လစာဖြတ်ခံခဲ့ရအကြောင်း ရှင်းပြပါတယ်။
"လစာက ဖြတ်တာနဲ့တင်ကုန်တာပဲ။ ယူနီဖောင်းကြေးဖြတ်လိုက်၊ ခါးပတ်ကြေးဖြတ်လိုက်နဲ့ ဖြတ်နေတာ" လို့ဆိုပါတယ်။
ကိုမင်းကလည်း စစ်သင်တန်းကျောင်းမှာလည်း လစာတွေ ဖြတ်ခံရတဲ့အပြင် သင်တန်းဆင်းပြီးလို့ တပ်ရင်းရောက်တဲ့အချိန်မှာလည်း လစာငွေ ထုတ်ပေးတာမရှိဘူးလို့ ထပ်ပြောပါတယ်။
သင်တန်းကျောင်းတွေမှာ စားသောက်ဆိုင်တွေဟာ သင်တန်းကျောင်းရဲ့ အကြီးအကဲပိုင်းနဲ့ ဆက်စပ်တွေက ဖွင့်လှစ်ခွင့်ရထားတာလို့ သူတို့သိခဲ့တဲ့ အချက်အလက်တွေကို ပြောကြပါတယ်။
အဲဒီဆိုင်တွေက စျေးနှုန်းတွေက အပြင်မှာပေးရတဲ့ ဈေးထက် အဆမတန်ပေးပြီး စားရတယ်လို့ သူက ပြောပါတယ်။
"သင်တန်းမှူးတွေက သူတို့ပေးတဲ့ လစာတွေကို သူတို့အိတ်ထဲပဲ ပြန်စီးစေချင်ပုံရတယ်။ ၅၀၀ တန်မုန့်ဆိုရင် ၁,၅၀၀၊ ၂,၀၀၀ အထိ ပေးပြီးစားရတယ်" လို့ သူက ရှင်းပြပါတယ်။
ဒါ့အပြင် လစာငွေအပြည့် လက်ထဲ မကိုင်ရတာကြောင့် လက်ထဲ ပိုက်ဆံပြတ်တဲ့အချိန်ရောက်ရင်လည်း မုန့်ဆိုင်တွေမှာ ကိုယ်ပိုင်နံပါတ်ပြောပြ အကြွေးမှတ်ပြီး ဝယ်ယူခဲ့ရတယ်လို့ သူက ဖြည့်ပြောပါတယ်။
စစ်သင်တန်းတက်ခဲ့တဲ့အချိန် လစာငွေတချို့ ဖြတ်တောက်ခံရတဲ့ ကိုဖြိုးကလည်း သူ့ရဲ့ အတွေ့အကြုံတွေကို ဘီဘီစီနဲ့မေးမြန်းချိန်မှာ အခုလို ထပ်ပြီး မျှဝေခဲ့ပါတယ်။
"လက်သည်းညှပ်ဖိုး၊ တံမြက်စည်းဖိုး၊ ပလတ်စတစ်အမှိုက်ပုံးဖိုးနဲ့ အပေါ့အပါးသွားရင် သုံးတဲ့ခွက်ဖိုးကအစ အကုန်ကောက်ပါတယ်" လို့ ကိုဖြိုးက ပြောပါတယ်။
စစ်သင်တန်းကျောင်းထဲမှာ လက်သည်းညှပ်တစ်ခုအတွက် ငွေကျပ်တစ်သောင်းအထိ ပေးပြီးဝယ်ခဲ့ရတယ်လို့ သူက ပြောပါတယ်။
အသက် ၂၆ နှစ်အရွယ် ကိုဖြိုးကတော့ စစ်မှုထမ်းတာဝန်ထမ်းဆောင်ဖို့အတွက် ရပ်ကွက်ရုံးမှာ မဲနှိုက်ရွေးချယ်ခံခဲ့ရပြီး မဲပေါက်တာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတချို့က အိမ်ကို အကြောင်းကြားဖို့ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။
"အိမ်ကိုလာအကြောင်းကြားတဲ့နေ့မှာပဲ တစ်ခါတည်း ရပ်ကွက်ရုံးကို ခေါ်သွားတာ" လို့ သူက ပြောပါတယ်။
ကိုဖြိုး အနေနဲ့ ရပ်ကွက်ရုံးကို "ဖမ်းခေါ်ခံရတာတော့ မဟုတ်ပေမယ့် စစ်မှုထမ်းပြီး သေနတ်ကိုင်ဖို့တော့ ဆန္ဒမပါခဲ့ဘူး" လို့ သူက ဖွင့်ပြောပါတယ်။
အသက် ၂၆ နှစ်အရွယ် ကိုဖြိုး ဇာတိကတော့ ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့က ဖြစ်ပါတယ်။
ကိုဖြိုးကို ရပ်ကွက်ရုံးမှာ ဖောင်ဖြည့်ခိုင်းပြီးတာနဲ့ ပုသိမ်မြို့က စုဆောင်းရေးတပ်ကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
စုဆာင်းရေးတပ်မှာ ၂ ပတ်နေထိုင်ခဲ့ရပြီးနောက် ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်ထဲက အမှတ် ၆ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှာ ဖွင့်ထားတဲ့ စစ်မှုထမ်းသင်တန်းကို ထပ်မံပို့ဆောင်ခဲ့တယ်လို့ ကိုဖြိုးက ပြောပါတယ်။
စစ်မှုထမ်းနည်းဥပဒေမှာ စစ်မှုထမ်းတစ်ဦးဟာ စစ်မှုထမ်းဆောင်နေတဲ့ကာလအတွင်း ထမ်းဆောင်တဲ့အဆင့်အလိုက် စစ်တပ်က သတ်မှတ်ထားတဲ့ လစာနဲ့စရိတ်ကို ခံစားခွင့်ရှိမယ်လို့ ဖော်ပြထားပါတယ်။
ကိုထက်၊ ကိုမင်းနဲ့ ကိုဖြိုးတို့ ၃ ဦးလုံးဟာ စစ်မှုထမ်းကာလတွေမှာ လစာငွေတွေ အပြည့်မရခဲ့ကြဘူးလို့ပြောပါတယ်။
သူတို့ဟာ စစ်သင်တန်းစတက်ချိန်မှာ စစ်မှုထမ်းသင်တန်းအတွက် တစ်လကို လစာ ကျပ် ၂ သိန်းကနေ ၂ သိန်း ၁ သောင်းကြားရမယ်လို့ သင်တန်းမှူးတွေကပြောပေမယ့် လစာရတဲ့အခါ ကျပ် ၅ သောင်းထက်မနည်းအဖြတ်ခံခဲ့ရတယ်လို့ ဖြေဆိုကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, တယလီဂရန်
လစာဖြတ်တောက်ခံရတာအပြင် သင်တန်းကျောင်းကနေ ထွက်ပြေးပြီး ပြန်မိတဲ့သူတွေကို ပြင်းပြင်းထန်ထန်ရိုက်နှက်တာမျိုးလုပ်တယ်လို့ ကိုထက်က ပြောပါတယ်။
"သတ်လိုက်လည်း ဘာမှမဖြစ်သွားဘူးဆိုတာမျိုးပြောပြီး ခြိမ်းခြောက်တယ်။ ထွက်ပြေးတဲ့သူတွေကို သေအောင်တော့ မလုပ်ပေမယ့် ကျိုးတဲ့အထိ ရိုက်တယ်။ ခြေချင်းတွေလည်းခတ်တယ်"လို့ သူက မျက်မြင်ကြုံခဲ့ရတာကို ပြောပြပါတယ်။
ထွက်ပြေးလို့ ပြန်မိတဲ့သူတွေကို ရိုက်နှက်ပြီး အပြစ်ပေးပြီးတဲ့နောက် ဗဟိုကင်းဆိုတဲ့ စစ်အချုပ်ထောင်နေရာမှာ ပိတ်လှောင်ထားတယ်လို့ သူက ဆက်ပြောပါတယ်။
"အချုပ်ထောင်ရောက်ပြီဆိုရင် သင်တန်းလည်းမလုပ်ရတော့ဘူး။ စားလည်း အဲဒီထဲမှာ။ အိပ်လည်း အဲဒီထဲမှာ။ လစာတွေလည်း မရတော့ဘူး" လို့ သူက ဖြေဆိုပါတယ်။
ကိုဖြိုးကတော့ ထွက်ပြေးလို့ ပြန်မိတဲ့သူတွေကို ရိုက်နှက်တာတင်မကဘဲ မိသားစုဝင်တွေနဲ့ပါ အကျပ်ကိုင်ခြိမ်းခြောက်တာတွေ လုပ်တယ်ဆိုပြီး သင်တန်းကျောင်း အတွေ့အကြုံတွေကို ထုတ်ပြောပါတယ်။
"ထွက်ပြေးသွားမယ်ဆိုရင် မင်းတို့(ထွက်ပြေးတဲ့သူတွေ)ရဲ့ မိသားစုတွေပါ ဒုက္ခရောက်စေရမယ်။ မိသားစုတွေပါ ဓားစာခံဖြစ်သွားလိမ့်မယ်" ဆိုပြီး စစ်သင်တန်းက စစ်အရာရှိတချို့ က ပြောတယ်လို့ဆိုပါတယ်။
စစ်မှုထမ်းသင်တန်းသားဟောင်းတွေ ကြုံခဲ့ရတယ်လို့ဆိုတဲ့ ချိုးဖောက်မှုတွေနဲ့ စစ်တပ်က စစ်မှုထမ်းသင်တန်းကျောင်းတွေကို တိုးဖွင့်နေတယ်ဆိုတာနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာရဖို့ ဘီဘီစီက စစ်ကော်မရှင်ပြောခွင့်ရသူထံ မေးမြန်းထားပါတယ်။
(လုံခြုံရေးကြောင့် ကိုမင်း၊ ကိုထက်နဲ့ ကိုဖြိုးတို့နာမည်တွေကို လွှဲပြောင်းထားပါတယ်။)











