ပရာ့ဂ်မြို့ က ချားလ်စ်တက္ကသိုလ်မှာ ပစ်ခတ်မှုဖြစ်လို့ လူဒါဇင်ကျော်သေဆုံး

ဓာတ်ပုံ ရင်းမြစ်, AFP
ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့ရှိ ချားလ်စ်တက္ကသိုလ်မှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ လူ ၁၄ ဦးသေဆုံးပြီး ၂၅ ဦးထိမှန်ဒဏ်ရာတွေရရှိခဲ့တယ်လို့ အာဏာပိုင်တွေကကြေညာပါတယ်။ ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိသူ ၂၅ ဦးထဲမှာ ၁၀ ဦးက အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပြီး ရဲတပ်ဖွဲ့ဝင်တွေကတော့ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး။
နိုင်ငံ့ရဲ့ ဝမ်းနည်းခြင်းနေ့အဖြစ်သတ်မှတ်သလို ဒီဖြစ်စဥ်က ခေတ်သစ်ဥရောပသမိုင်းမှာ အဆိုးရွားဆုံး စုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။
သေနတ်သမား ဟာ တက္ကသိုလ်အဆောက်အဦ၊ စင်္ကြံနဲ့ စာသင်ခန်းတွေကိုလည်း ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေဟာ ကျောင်းသုံးပရိဘောဂတွေကို အကာအကွယ်ယူ ပုန်းခိုပြီး သူတို့ကိုယ်သူတို့ ကာကွယ်ခဲ့ရတယ်လို့ပြောပါတယ်။
ကြာသပတေးနေ့ညနေပိုင်းက ပြုလုပ်တဲ့ပစ်ခတ်မှုနဲ့ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ရဲချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးက သေနတ်သမားဟာ အသက် ၂၄ နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်ပြီး အရင်က ရာဇ၀တ်မှု မှတ်တမ်းမရှိခဲ့သူလို့ဆိုပေမဲ့ သူ့ဆီမှာ “ လက်နက်ခဲယမ်းကြီး” တွေကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ သူဘာကြောင့် ဒီလိုလုပ်ခဲ့တယ်ဆိုတာကိုမသိရသေးပါဘူး။
ချက်ဝန်ကြီးချုပ် ပါ့တ်ဖီရာလာ ကတော့ နိုင်ငံရဲ့ '' ကြေကွဲဖွယ်ဖြစ်ရပ်'' ကြောင့် လာမယ့်ရက်တွေအတွင်း အခမ်းအနားတွေကို ဖျက်သိမ်းထားမယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုဟာ ချက်ဒေသစံတော်ချိန် ညနေ ၃ နာရီအချိန်က Jan Palach Square ရှိ တက္ကသိုလ်ရဲ့ ဒဿနိကဗေဒဌာနရှိရာ အဆောက်အဦမှာ စတင်ဖြစ်ပွားခဲ့တာပါ။
လူမှုကွန်ရက်မှာထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်တွေထဲမှာဆိုရင် သေနတ်ပစ်ခတ်သံတွေကြားနေပြီး တချို့ဆိုရင် ပစ်ခတ်မှုကိုရှောင်ရှားနိုင်ဖို့ တက္ကသိုလ်အထပ်မြင့်နေရာရဲ့ အပြင်ဘက်မှာ ကနုတ်အင်္ဂတေတွေနဲ့ အလှဆင်ထားတဲ့ Sun Shade လို နေရာကျဥ်းကျဥ်းလေးမှာ ပုန်းခိုနေခဲ့သူတွေတောင် ရှိတာကို အံအားသင့်ဖွယ်တွေ့ရပါတယ်။
ချားလ်စ်တက္ကသိုလ်ဟာ ပရာ့ဂ်မြို့ ရဲ့ မြို့ဟောင်း သမိုင်းဝင် Charles တံတားကနေ မီတာ ၅၀၀ အကွာလောက်မှာရှိပြီး ခရီးသွားအများစုသွားရောက်ကြတဲ့နေရာဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ အသွားအလာများတဲ့ အဲဒီမှာလူအုပ်ကြီးက ထိတ်ထိတ်လန့်လန့် ထွက်ပြေးနေကြပါတယ်။
သေနတ်သမားလို့ ယူဆခံရသူဟာ ပရာဂ်မြို့အပြင်ဘက် ၁၃ မိုင်အကွာမှာ နေထိုင်ပြီး သူ့ရဲ့ ဖခင်လည်း အခုပစ်ခတ်မှုမတိုင်ခင် အစောပိုင်းက သူတို့နေအိမ်မှာသေဆုံးထားပါတယ်။ ပစ်ခတ်မှု မဖြစ်ခင်မှာ သံသယရှိခံရသူဟာ သူ့ကိုယ်သူ သတ်သေဖို့ ရည်ရွယ်ချက်နဲ့ အိမ်ကထွက်သွားတယ်လို့ ရဲတပ်ဖွဲ့က သတင်းပို့ချက်ရပြီး ခဏအကြာမှာပဲ သူ့ရဲ့ ဖခင်သေဆုံးနေတာကို သိခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါအပြင် ပရာ့ဂ်မြို့နားက တောအုပ်တစ်ခုမှာ ပြီးခဲ့တဲ့ သီတင်းပတ်က လူနှစ်ယောက်သေနတ်ပစ်ခံရပြီးသေဆုံးခဲ့တာနဲ့လည်း သူ့ကို ဆက်စပ်စစ်ဆေးနေတယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။ လူနှစ်ယောက်မှာ တစ်ယောက်က လူငယ်တစ်ဦးဖြစ်ပြီး နောက်တစ်ဦးကတော့ သူ့ရဲ့ နှစ်လသား အရွယ် သမီးငယ်ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
“တစ်ဖက်မှာ ပြစ်တင်ဝေဖန်မှုတွေရှိသလို တစ်ဖက်မှာလည်း ကျွန်တော်တို့ လူ့အဖွဲ့အစည်းတစ်ခုလုံးမှာ ခရစ္စမတ်မတိုင်ခင် ဒီလိုဖြစ်ရပ်ကိုကြုံရတဲ့ ကြီးမားတဲ့ဝမ်းနည်းခံစားမှုကို ဖော်ပြဖို့ခက်ပါတယ်။” လို့ ချက်ဝန်ကြီးချုပ် ပါ့တ်ဖီရာလာက ပြောပါတယ်။
စနေနေ့ဟာ ဝမ်းနည်းဖွယ်နေ့ဖြစ်လာပြီး အများပြည်သူဆိုင်ရာ အဆောက်အဦ အားလုံးမှာ အလံတွေကို တိုင်တစ်ဝက်လွှင့်တင်မှာဖြစ်ပြီး နေ့လယ်ပိုင်းမှာလည်း တစ်မိနစ်ငြိမ်သက်သွားကြမယ်လို့ဆိုပါတယ်။ နိုင်ငံတွင်းက အားကစားနဲ့ ယဥ်ကျေးမှုပွဲတော်တွေကိုလည်း ရပ်နားထားလိုက်ပါတယ်။
ပါမောက္ခ ဆာဂျီမက်ဗီဒက်ကတော့ ပစ်ခတ်မှုစတင်ချိန်မှာ သူလည်း တက္ကသိုလ်ရဲ့ ခန်းမဆောင်တစ်ခု မှာရှိနေခဲ့တယ်လို့ပြောပါတယ်။
“ ကျွန်တော်က ဟောပြောနေတော့ အသံတွေကိုအစောပိုင်းသေချာမကြားမိဘူး။ ကျောင်းသားတွေကတော့ သဲသဲကွဲကွဲကြားခဲ့ကြတယ်။ ကျွန်တော်ကလည်း ကိုယ့်ပို့ချချက်ကိုအာရုံစိုက်နေခဲ့မိတာ'' လို့ ဆာဂျီမက်ဗီဒက် ကပြောပါတယ်။
" ဒီအသံဆိုရင်တော့ တစ်ခုခု ကြီးကြီးမားမား ဖြစ်နေတာကို ကျွန်တော်တို့နားလည်လိုက်တယ်။ အဲဒီအချိန်က အွန်လိုင်းမှာရော ချက်မီဒီယာတွေမှာဘာသတင်းမှမတက်သေးဘူး။ နောက်တော့ အထူးစစ်ဆင်ရေးအဖွဲ့တွေ ဝင်လာပြီး အခန်းကို ခဏလောက် ရှာဖွေပြီးထွက်သွားတယ်။ အခန်းထဲမှာပဲနေဖို့လည်းပြောတယ်''
“နောက်တစ်နာရီလောက်ကြာတော့ နောက်ထပ်ရဲတပ်ဖွဲက ကျွန်တော်တို့ကို ကြမ်းပြင်ပေါ်ထိုင်ခိုင်းထားပြီး ထပ်ရှာတယ်။ပြီးတော့ အဆောက်အဦထဲကနေ ထွက်သွားတယ်။”လို့ ပါမောက္ခက ပြောပါတယ်။
အမေရိကန် ခရီးသွား မစ္စဟန်နာမီလီကတော့ တိုက်ခိုက်မှုအတွင်း သူနဲ့ သူ့မိသားစုဟာ Jan Palach ရင်ပြင်မှာ ရှိနေခဲ့တယ်လို့ ဘီဘီစီ ကို ပြောပါတယ်။
'' ပထမ ပစ်ခတ်သံတုန်းက အဲဒီနားက လူအုပ်က လမ်းဖြတ်ကူးနေကြတာပါ။ ဒုတိယ ပစ်ခတ်သံကို ကြားပြီး လူတွေ ပြေးထွက်လာတဲ့ အချိန်အထိ ကို ကျွန်မက မီးရှူးမီးပန်း တို့ ကားနောက်မီးလင်းနေတာလိုမျိုး တစ်ခုခု ဖြစ်နေတယ်လို့ ထင်ခဲ့တာ'' လို့ မစ္စဟန်နာမီလီက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
" ကျွန်မ အဲဒီနားက စတိုးဆိုင်ထဲကို မဝင်ခင် ပေ ၃၀ လောက်အကွာ ရင်ပြင်တစ်ဖက်မှာ မြေပြင်ပေါ်ကို ကျည်ဆန်ထိကျသွားတာ တွေ့လိုက်ရတယ်။ ပြီးတော့ အဲဒီဧရိယာတစ်ခုလုံး ပိတ်ဆို့ခဲ့ပြီး ရဲကားတွေနဲ့ လူနာတင်ကား ဒါဇင်ပေါင်းများစွာ တက္ကသိုလ်ကို သွားနေကြတယ်။"
ဗြိတိန်က အသက် ၁၈ နှစ်အရွယ် ဂျိုးဟိုင်လန်းက သူသေနတ်သံလေးချက်ကြားခဲ့ရတယ်လို့ပြောပါတယ်။
“လူတိုင်းပြေးလွှားနေကြပြီ။ ကျွန်တော်ကလည်း ဒူးခေါင်းမကောင်းလို့ ချိုင်းထောက်နဲ့ သွားနေရတာ။ဒါပေမဲ့ ကျွန်တော်လည်း တတ်နိုင်သမျှမြန်မြန်ပြေးခဲ့တယ်” လို့ဂျိုး ဟိုင်လန်း ကပြောပါတယ်။
"ကျွန်တော်တို့အတွက် မြေအောက်ဘူတာက အန္တရာယ်အကင်းဆုံးဖြစ်မယ်လို့ ထင်တဲ့အတွက် အဲဒီနေရာကို ဆင်းခဲ့တယ်။" လို့ သူငယ်ချင်းတွေနဲ့ အားလပ်ရက်တွေကိုအတူကုန်ဆုံးနေတဲ့ဟိုင်လန်း ကဆိုပါတယ်။
ရဲတပ်ဖွဲ့အပြောအရ ရုရှားနိုင်ငံမှာဖြစ်ခဲ့တဲ့ အလားတူဖြစ်ရပ်ကလှုံ့ဆော်ခဲ့တာဆိုတဲ့ ဆိုရှယ်မီဒီယာကအတည်မပြုနိုင်တဲ့အချက်အလက်ကိုရထားတယ်လို့ ဆိုပြီး အသေးစိတ်ကို မသိရသေးပါဘူး။
၁၃၄၇ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ချားလ်စ်တက္ကသိုလ်ဟာ ချက်သမ္မတနိုင်ငံက ရှေးအကျဆုံးနဲ့ အကြီးဆုံး တက္ကသိုလ်ဖြစ်ပြီး ဥရောပမှာလည်း ရှေးအကျဆုံး တက္ကသိုလ်တွေထဲကတစ်ခုဖြစ်ပါတယ်။










