ဘန်ကောက်ပစ်ခတ်မှုမှာ ကြွေလွင့်ခဲ့ရတဲ့ မမိုးမြင့်

သေဆုံးသူ မမိုးမြင့်အတွက် ဆုတောင်းပွဲကျင်းပပေးတဲ့ ဆွေမျိုးတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Thai News Pix

ဓာတ်ပုံ ပုံစာ, သေဆုံးသူ မမိုးမြင့်အတွက် ဆုတောင်းပွဲကျင်းပပေးတဲ့ ဆွေမျိုးတစ်ဦး

ဘန်ကောက်မြို့လယ်ခေါင် ဆီယမ်ပါရာဂွန် စျေးဝယ်စင်တာရှေ့က နတ်ကွန်းစင်ရှေ့မှာတော့ ပန်းစည်းအနက်တချို့ရှိနေပြီး သေနတ်နဲ့ ပစ်ခတ်မှုမှာ ထိခိုက်နစ်နာခဲ့သူတွေအတွက် ဝမ်းနည်းစရာဖြစ်ရပ်ကို ဖော်ညွှန်းထားပါတယ်။

အာရှရဲ့ လည်ပတ်စရာအကောင်းဆုံးမြို့ အဖြစ် ထင်ရှားတဲ့ ဘန်ကောက်မြို့ရဲ့ အောက်တိုဘာ ၃ ရက် ညနေခင်းအလှဟာ လူစည်ကားလှတဲ့ စျေးဝယ်စင်တာအတွင်း အသက် ၁၄ နှစ်အရွယ် ကျောင်းသားလူငယ်တစ်ဦး ရဲ့ သေနတ်နဲ့ပစ်ခတ်ခဲ့မှုကြောင့် အကျည်းတန်ခဲ့ပါတယ်။

စျေးဝယ်စင်တာရှေ့မှာ လူနာတင်ယာဥ်တွေ၊ ရဲကားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ နဲ့ ကြောက်လန့်တကြား စင်တာအပြင်ဘက်ကို ထွက်ပြေးလာကြ တဲ့ လူအုပ်ကြီးတွေ၊ သွေးအိုင်ထဲ လဲကျနေတဲ့ အမျိုးသမီး နှစ်ဦး၊ ဒီမြင်ကွင်းတွေက ဘန်ကောက်မြို့တစ်ခုလုံးသာမက ဘန်ကောက်ကို ကြိုက်နှစ်သက်တဲ့ ကမ္ဘာ တဝန်းက လူတွေကို တုန်လှုပ်စေခဲ့ပါတယ်။

စင်တာထဲမှာရှိနေတဲ့ လူထောင်ချီနီးပါးထဲမှာမှ အသက်ဆုံးတဲ့အထိ ဖြစ်ခဲ့သူ နှစ်ဦးက မြန်မာနိုင်ငံသူ မမိုးမြင့် နဲ့ အမြွှာကလေး နှစ်ဦး ရဲ့ မိခင် တရုတ်နိုင်ငံသူတစ်ဦး တို့ဖြစ်ပါတယ်။ ထိုင်းနိုင်ငံသား ၃ ဦး နဲ့ လာအိုနိုင်ငံသူတစ်ဦးတို့က ပြင်းထန်ဒဏ်ရာတွေရခဲ့ပါတယ်။

ဘဏ်မှာငွေသွင်းဖို့သွားရင်း ပစ်ခတ်ခံခဲ့ရ

ကမ္ဘာကျော်ဇိမ်ခံပစ္စည်း အမှတ်တံဆိပ်တွေရောင်းတဲ့ဆိုင်တွေနဲ့ ပြည့်နှက်နေတဲ့ ဆီယမ်ပါရာဂွန် စင်တာရဲ့ ဘေးချင်းကပ်မှာရှိနေတဲ့ ဆီယမ်စင်တာထဲက အရုပ်ဆိုင်မှာ မမိုးမြင့် အလုပ်လုပ်ကိုင်တာပါ။

အခင်းဖြစ်တဲ့ညနေက အလုပ်ရှင်သူဌေး ရဲ့ ငွေတွေကို ဘဏ်ထဲ သွားထည့်ပေးဖို့အတွက် ဘဏ်တွေရှိတဲ့ ဆီယမ်ပါရာဂွန်စင်တာဘက်ကို မမိုးမြင့် အလုပ်သိမ်းခါနီး ထွက်ခဲ့ပါတယ်။ ဘဏ်ထဲမှာ ငွေသွင်းပြီး အပြန်မှာ G အထပ်ကနေ M အထပ်တက်ခဲ့ပြီး သန့်စင်ခန်းဝင်လိုက်ပါတယ်။

သန့်စင်ခန်းကအထွက်မှာတော့ မြေညီထပ်မှာပစ်ခတ်ပြီး G အထပ်ကနေ M အထပ်ကိုတက်လာတဲ့ သေနတ်သမားနဲ့ မမိုးမြင့် တွေ့ခဲ့ပြီး ရမ်းသမ်းပစ်ခတ်ခံလိုက်ရပါတယ်။

မမိုးမြင့်ရဲ့ ရင်ဘတ်ကို သေနတ်ကျည်ဖောက်ဝင်ခဲ့ပြီး လဲကျခဲ့တဲ့နောက်မှာတော့ စင်တာထဲမှာ သေနတ်သမားကြောင့် ဆူညံအော်ဟစ်ထွက်ပြေးကြတဲ့ အသံတွေကို မမိုးမြင့် တစ်ယောက် မကြားတော့ပါဘူး။

ပစ်ခတ်မှုတွေဖြစ်ပြီး ရဲကားတွေ လူနာတင်ယာဥ်တွေရောက်လာပြီး သူ့ကိုဆေးရုံ ပို့ဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဆေးရုံအရောက်မှာပဲ သူချစ်တဲ့ မိခင် နဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ထားခဲ့ပြီး သူ့မွေးနေ့ရောက်ဖို့ ၁၁ ရက်အလိုမှာပဲ လူ့လောကကြီးကနေ ထွက်ခွာသွားခဲ့ရပါတယ်။

‘’သူ့ မွေးနေ့က အောက်တိုဘာ ၁၄ ရက် ဆိုတော့ မွေးနေ့ရောက်ဖို့ ၁၁ ရက်အလို မှာ ကလေးက ဆုံးသွားတယ်။ အစ်မတို့ဆီမှာ အလုပ်သမားအထောက်အထားစာရွက်တွေ သက်တမ်းတိုးတော့ သူနဲ့က သိနေတယ်။ တော်တော်စိတ်မကောင်းဘူး‘’ လို့ ထိုင်းမှာ မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူတစ်ဦးက ပြောပြပါတယ်။

စင်တာရှေ့ကနတ်ကွန်းအပြင် စင်တာဝင်ပေါက်မှာလည်း ပန်းစည်းအနက်တွေနဲ့ ဝမ်းနည်းကြောင်းပြသ

ဓာတ်ပုံ ရင်းမြစ်, Reuters

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အလုပ်ရှင်က နှမြောရသူ

သေဆုံးသူ အသက် ၃၁ နှစ်အရွယ် မမိုးမြင့်ဟာ မွန်ပြည်နယ်၊ သထုံမြို့နယ်ဇာတိ ဖြစ်ပြီး မိသားစုထဲမှာ အငယ်ဆုံးသမီးပါ။ လေးစားမှုအရ ‘’မ ‘’တပ်ခေါ်ပေမဲ့ LGBT တစ်ဦးဖြစ်တဲ့သူက ယောက်ျားလို နေထိုင်ဝတ်ဆင်ရတာ မြတ်နိုးသူလို့ မိတ်ဆွေ သူငယ်ချင်းတွေက ပြောပါတယ်။

သူ့ကို မိုးမြင့် ဒါမှမဟုတ် ငယ်ရွယ်သူတွေကလည်း ကိုမိုးမြင့်လို့ခေါ်ကြပါတယ်။ သူက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတာ ဆယ်စုနှစ်နဲ့ချီ ကြာနေပါပြီ။ အတန်း ပညာအရည်အချင်း ဆယ်တန်းရှိထားသလို မြန်မာစကားအပြင် တရုတ် နဲ့ ထိုင်းစကားလည်းတတ်ပါတယ်။ ဒါ့ကြောင့်ပဲ သူ့ရဲ့ အလုပ်ရှင်အမျိုးသမီးက မမိုးမြင့် ဆုံးပါးခဲ့ရတာကို နှမြောတသဖြစ်နေပါတယ်။

‘’သူက တော်တယ်။ အလုပ်ကြိုးစားတယ် ရိုးသားတယ်။ ဘာသာစကားလည်း သုံးမျိုးတတ်တယ်။ ကျွန်မအတွက်တော့ ဝန်ထမ်းကောင်းတစ်ယောက်ပါ။ သူက အမေကို အလုပ်လုပ်ပြီး ရှာဖွေ ကျွေးမွေးနေတာ။ သူသေဆုံးရတာ ကျွန်မတို့အတွက်ဆုံးရှုံးမှုကြီးပါတယ်‘’ လို့ မမိုးမြင့်ရဲ့ အလုပ်ရှင် ထိုင်းအမျိုးသမီးက ထိုင်းမီဒီယာတွေကိုဖြေကြားထားပါတယ်။

မမိုးမြင့်ဟာ ဖခင်ကွယ်လွန်ခဲ့ပြီးတဲ့နောက် မိခင်ဖြစ်သူ နာတာရှည်ကျောက်ကပ်ရောဂါသည်ကို တိုင်းတပါးမှာအလုပ်လုပ်ကိုင်ပြီး ရှာဖွေကျွေးမွေးနေတာပါ။ အခုတော့ သူ့ရဲ့ ထိုင်းအလုပ်ရှင်က မမိုးမြင့် ရဲ့ မိခင် အသက်ရှင်နေသရွေ့ကာလပတ်လုံး မမိုးမြင့်အစား လစဥ်ထောက်ပံ့ကူညီမယ်လို့ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး နောက်တစ်ရက် အောက်တိုဘာ ၄ ရက် မနက် မှာပဲ ထိုင်းအာဏာပိုင်တွေနဲ့ မြန်မာသံရုံးက အလုပ်သမားသံအရာရှိအပါအဝင် မိသားစုဝင်တွေ တွေ့ဆုံခဲ့ကြပါတယ်။ မမိုးမြင့် နာရေးကို ဘန်ကောက်မြို့မှာ လုပ်ဖို့ရှိပြီး သူ့ရဲ့ နာရေး နဲ့ နစ်နာကြေး အပါအဝင် ကိစ္စအဝဝကို ထိုင်းအစိုးရ က ဆောင်ရွက်ပေးမယ်လို့ မီဒီယာတွေကိုပြောပါတယ်။

‘’ကျွန်တော့် အဒေါ် မှာ သူ့အထက် အမြွှာအစ်မနှစ်ယောက်ရှိတယ်။ သူတို့ ပြီးတော့မှ အဒေါ့်ကို မွေးတာ။ အကြီးနှစ်ယောက် အိမ်ထောင်ကျသွားတော့ လူလွတ်ဖြစ်တဲ့ သူ( မမိုးမြင့်) ကပဲ အမေကို ဆေးကုပေးတယ်။ ထောက်ပံ့ပေးတာပေါ့’’ လို့ တူတော်စပ်သူ ကိုအောင်မင်း က ပြောပါတယ်။

ဒီဖြစ်စဥ်တစ်ခုလုံးကို လိုက်ကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာသံရုံးက အလုပ်သမား သံအရာရှိ ဦးသူရိန်ထွန်း ကတော့ မမိုးမြင့်ရဲ့ မိခင်ဖြစ်သူကို တယ်လီဖုန်းကတဆင့် ဝမ်းနည်းစကားပြောခဲ့သလို အစစ အရာရာ တာဝန်ယူ လုပ်ကိုင်ပေးမယ့် အကြောင်းပြောခဲ့တယ်လို့ ဆိုပါတယ်။

‘’အမေကြီးက ကျောက်ကပ်ဆေးနေရတာ တော်တော် နေမကောင်းဘူး။ ကျွန်တော်တို့ကတော့ နာရေးကို အမေကြီးကိုလာစေချင်တယ်လို့ ပြောပြတယ်။ ထိုင်းရဲတပ်ဖွဲ့ကလည်း သူတို့အများဆုံး ဆယ်ရက် စောင့်ပေးနိုင်တယ် ပြောပါတယ်။ အဲဒါဆိုတော့ အမေကြီး စဥ်းစားပါဦးလို့ပြောပြထားတယ် ‘’ လို့ ဦးသူရိန်ထွန်း ကပြောပါတယ်။

လက်ရှိမှာတော့ မမိုးမြင့်ရဲ့ မိခင်ဖြစ်သူ ကျန်းမာရေးက ခရီးသွားလာဖို့အဆင်မပြေတာကြောင့် ရရှိမယ့်ငွေကြေးအဝဝအတွက် မိခင်ကိုယ်စား သံရုံးအနေနဲ့ လက်ခံဆောင်ရွက်ပေးနိုင်ဖို့ ထိုင်း တရားရေး ဌာနနဲ့ ညှိနှိုင်းဆွေးနွေးထားတယ်လို့ ဆိုပါတယ်။

စင်တာအတွင်းက သေနတ်ကျည်ထိမှန်တဲ့နေရာ

ဓာတ်ပုံ ရင်းမြစ်, Reuters

မမိုးမြင့် သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး သူ့ရဲ့ အလုပ်ရှင်ထိုင်းအမျိုးသမီးကတော့ ပြစ်မှုကျူးလွန်တဲ့ မည်သူကိုမဆို တရားဥပဒေအတိုင်းပြန်လည် အပြစ်ပေးခံရဖို့ လိုလားတယ်လို့ လည်းပြောထားပါတယ်။

ဘန်ကောက်မြို့ရဲ့ အပြင်ဘက် မဟာချိုင်မှာနေတဲ့ မမိုးမြင့်ရဲ့ တူတော်စပ်သူကတော့ ကျောက်ကပ်ရောဂါ ခံစားနေရတဲ့ မိခင်ကိုလုပ်ကျွေးနေတဲ့ သူ့အဒေါ်ဖြစ်သူအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ပြောပါတယ်။

‘’ကျွန်တော့်အဒေါ်က အရမ်းလိမ်မာ သိတတ်တာ။ ဒီလိုဖြစ်တော့ စိတ်မကောင်းဖြစ်တာပေါ့ ။ ကျွန်တော့်အဖွားမှာ သူပဲရှိတာလေ‘’ လို့ တူတော်စပ်သူ ကိုအောင်မင်းက ပြောပါတယ်။

လက်ရှိမှာတော့ ထိုင်းအာဏာပိုင်တွေက ပြစ်မှုကျူးလွန်သူအဖြစ် ဖမ်းဆီးခံထားရတဲ့ သေနတ်ပစ်ခတ်တဲ့ အသက် ၁၄ နှစ်အရွယ် လူငယ်ကို လူသတ်မှု၊ လူသတ်ရန်ကြိုတင်ကြံစည်မှု၊ လူသတ်ဖို့ကြိုးပမ်းမှု၊ တရားမဝင် လက်နက်ခဲယမ်းလက်ဝယ်တွေ့မှု၊ လက်နက်တရားမဝင်ကိုင်ဆောင်မှု၊ အများပြည်သူနဲ့ဆိုင်တဲ့နေရာမှာ ပစ်ခတ်မှုစတဲ့ အမှုတွေနဲ့ အမှုဖွင့်ထားတာလို့ ဘန်ကောက်မြို့တော် ရဲတပ်ဖွဲ့ ရဲမှူးချုပ် နခရင် ဆူခွန်ထဝပ်က ပြောပါတယ်။ နောက်ထပ် အမှုတွေ ထပ်တိုးစွဲဆိုနိုင်မလားဆိုတာကိုလည်း ရဲတပ်ဖွဲ့က သုံးသပ်နေတယ်လို့ သူက ဆိုပါတယ်။

ဘန်ကောက်မြို့ အနောက်ပိုင်းမှာရှိတဲ့ အဲဒီလူငယ်နေထိုင်ရာနေအိမ်ကိုလည်း ထိုင်းရဲတပ်ဖွဲ့က စီးနင်းရှာဖွေခဲ့ပြီး လူငယ်ရဲ့အခန်းထဲကနေ ကျည်ခွံတွေနဲ့ ကျည်အသစ်အချို့ကို ရဲက တွေ့ခဲ့ပါတယ်။

လက်ရှိမှာတော့ ဒီလူငယ်ကို လူငယ်ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားလိုက်ပြီဖြစ်ပြီး မိဘတွေကလည်း သူ့ကို အာမခံနဲ့ ထုတ်တာမရှိဘူးလို့ သိရပါတယ်။ ရဲတပ်ဖွဲ့ကတော့ သူ့မိဘနှစ်ပါးကို ကလေးသူငယ် ကာကွယ်ရေး ဥပဒေနဲ့ တရားစွဲ မစွဲဆိုတာကိုလည်း စဥ်းစားသုံးသပ်နေပါတယ်။

ဒီလူငယ်ရဲ့ စိတ်ကျန်းမာရေးအခြေအနေကိုတော့ ထိန်းသိမ်းရေးစခန်းမှာပဲ ဆရာဝန်နဲ့ စစ်ဆေးဖို့ရှိနေပါတယ်။

ဒီလူငယ်ဟာ ကျည်ဗလာနဲ့ပစ်ရတဲ့သေနတ်ကို ပြုပြင်ပြီး ဆီယမ်ပါရာဂွန် မှာ ကျည်အစစ်နဲ့ ပစ်ခတ်ခဲ့တာပါ။

‘’သူ( ပစ်ခတ်သူလူငယ်) က အောက်အထပ်(မြေညီထပ်) ကနေ Mအထပ်( ပထမထပ်) ကို တက်သွားတယ် ။ အိမ်သာထဲလည်းဝင်တယ်။ အိမ်သာအထွက်မှာ ပစ်ခတ်သွားတာ။ မှန်တွေလည်းထိတယ်။ ကျွန်မတို့ဆို ပုန်းနေကြတာ။ ကျွန်မတို့အဖွဲ့ထဲက လာအိုညီမလေးလည်းထိသွားတယ်။ သူကတော့ဆေးရုံမှာကုနေတယ်‘’ လို့ ဆီယမ်ပါရာဂွန်မှာ အလုပ်လုပ်တဲ့ မြန်မာအမျိုးသမီးတစ်ဦးက ပြန်ပြောပြပါတယ်။

မမိုးမြင့် အတွက် ဗုဒ္ဓဘာသာထုံးစံအရ ဆုတောင်းပေးတာကို အောက်တိုဘာ ၄ ရက်က ဘန်ကောက်မြို့ ချန်ဝပ်တနာ ဘုန်းကြီးကျောင်းမှာ ပြုလုပ်ခဲ့သလို လာမယ့်ရက်ထဲမှာပဲ စျာပန အခမ်းအနား လုပ်ဖို့ရှိနေပါတယ်။

အခင်းဖြစ်ပြီးနောက်တစ်နေ့မနက်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တဲ့ အဖွဲ့ပေါင်းစုံပါတဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ထိုင်းအစိုးရအနေနဲ့ ဒီလိုဖြစ်စဥ်တွေထပ်မဖြစ်ဖို့အတွက် နိုင်ငံသားတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတင်မက၊ နိုင်ငံတွင်းနေထိုင်တဲ့နိုင်ငံခြားသားတွေ ဘေးကင်းလုံခြုံရေး စီမံချက်တွေကို ထပ်တိုးလုပ်ဆောင်သွားမယ်လို့ ကတိပြုထားပါတယ်။

မိသားစုဝင်တွေ၊ လုပ်‌ဖော်ကိုင်ဖက် နဲ့ အလုပ်ရှင်အပေါ် သာမက မိတ်ဆွေသူငယ်ချင်းတွေအတွက် လူကောင်းတစ်ယောက်အဖြစ် နေထိုင်ရှင်သန်ခဲ့တဲ့ မမိုးမြင့် တစ်ယောက် အခုတော့ အားလုံးကိုထားခဲ့ပြီး နှုတ်ဆက်သွားခဲ့ပါပြီ။