အမေရိကန်မှာ သေနတ်သမားပစ်ခတ်လို့ ၁၆ ဦးထက်မနည်းသေဆုံး

ဓာတ်ပုံ ရင်းမြစ်, EPA
အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်ထဲက လူဝစ်စတန်မြို့မှာ သေနတ်သမားတစ်ဦးက ပစ်ခတ်လို့ သေဆုံးသူ ၁၆ ဦးထက်မနည်းရှိတယ်လို့ အမေရိကန်အာဏာပိုင်တွေက သတင်းထုတ်ပြန်လာပါတယ်။
လက်ရှိမှာ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ရောဘတ် ခါ့ဆိုသူ အသက် ၄၀ အရွယ်အမျိုးသားကို သံသယရှိသူအဖြစ် ရဲတပ်ဖွဲ့က ကြေညာထားပြီး သူ့ကို ဖမ်းဆီးမှု ရရေးလုပ်နေပါတယ်။
အခုတော့ ပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ လူဝစ်စတန်မှာ လော့ဒေါင်းချထားပြီး သေနတ်သမား လွတ်မြောက်နေဆဲဖြစ်လို့ သတိကြီးကြီးထားကြဖို့ ပြောနေပါတယ်။
သေနတ်သမား လွတ်မြောက်နေဆဲဖြစ်လို့ လူဝစ်စတန်မြို့အပြင် ကပ်လျက် လစ်ဘွန်းမြို့မှာနေထိုင်တဲ့သူတွေကိုလည်း အိမ်ထဲကနေ အိမ်အပြင် မထွက်ကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန်သမ္မတ အိမ်တော် အိမ်ဖြူတော်ကတော့ လက်ရှိအခြေအနေကို သမ္မတကို တင်ပြထားပြီး နောက်ဆုံးရအခြေအနေတွေကို သမ္မတသိအောင်တင်ပြသွားဖို့လည်းရှိတယ်လို့ ပြောပါတယ်။
ဒဏ်ရာရသူ အယောက် ၅၀ နီးပါးအထိရှိတယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
လူဝစ်စတန်မြို့ကောင်စီရာထူးအတွက် ယှဥ်ပြိုင်ဖို့ လုပ်နေတဲ့ ဘေလီဂျိမ်းကွတ်ကတော့ သူ ပွဲတစ်ခုကို တက်ပြီးအပြန်မှာ သေနတ်ပစ်ခတ်မှုအခြေအနေ အသေးစိတ် သတင်းတွေ ထွက်လာတာလို့ ဘီဘီစီကို ပြောပါတယ်။
''အိမ်အပြန် ကားစီးလာတဲ့တစ်လျှောက်လုံး အရေးပေါ် လူနာတင်ယာဥ်ကား သံတွေ တစ်ခုပြီး တစ်ခုကြားခဲ့ရတယ်'' လို့ သူက ပြောပါတယ်။
''ရဟတ်ယာဥ်သံတွေရော၊ အရေးပေါ် အသံတွေရော တစ်သက်နဲ့တစ်ကိုယ် တခါမှ ဒီလောက်မကြားဖူးဘူး။ တစ်ပြည်နယ်လုံးက ရဲတွေ အခုဒီကိုရောက်နေကြပြီ''
''တစ်မြို့လုံးကိုလည်း လော့ဒေါင်း ချထားတယ်။ သိပ်ကြောက်စရာပါပဲ။ ဒီလိုဖြစ်မယ်လို့ တခါမှ မတွေးခဲ့မိပေမဲ့ ဖြစ်လာခဲ့တယ်'' လို့ သူက ပြောပါတယ်။
မိန်းပြည်နယ်ရဲတပ်ဖွဲ့ကတော့ ''လက်နက်ကိုင်သေနတ်သမား လူဝစ်စတန်မှာ ရှိနေတယ်လို့'' လူမှုကွန်ရက် X(အရင်က တွစ်တာ) မှာ ရေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
''အမိုးအကာအောက်မှာနေကြဖို့ လူထုကို တိုက်တွန်းပါတယ်။ ကိုယ့်အိမ်ထဲမှာပဲနေပြီး တံခါးကို သော့ခတ်ထားပါ'' လို့လည်း ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
လူဝစ်စတန်ရဲတပ်ဖွဲ့ကတော့ Schemengees ဆိုတဲ့ စားသောက်ဆိုင်နဲ့ Sparetime Recreation လို့ခေါ်တဲ့ ဘိုလင်းဆော့နိုင်တဲ့နေရာ ၂ ခုက အခြေအနေကို တုံ့ပြန်ထားရတယ်လို့ ပြောပါတယ်။
အဲဒီနေရာနှစ်ခုဟာ တစ်နေရာနဲ့ တစ်နေရာကို ကားနဲ့မောင်းရင် ၁၀ မိနစ်ခန့်၊ အကွာအဝေးနဲ့ဆိုရင် ၄ မိုင်နီးပါးခန့် လှမ်းပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
မိန်းပြည်နယ်၊ ပြည်သူ့ဘေးကင်းလုံခြုံရေးဌာန မဟာမင်းကြီး မိုက်ကယ် ဆော့ချက်ကတော့ ပစ်ခတ်မှုဟာ ဒေသစံတော်ချိန် ည ၇ နာရီဝန်းကျင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြောပါတယ်။
မိန်ဆေးစင်တာဌာနကတော့ ''လူအစုံလိုက်အပြုံလိုက် ပစ်ခတ်ခံရလို့ လူအများအပြားထိခိုက်သေဆုံးတဲ့အခြေအနေကို'' တုံ့ပြန်နေရပြီး ဒဏ်ရာရသူတွေကိုကုသမှုပေးနိုင်အောင် တခြားဆေးရုံတွေနဲ့ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အာဏာပိုင်တွေကတော့ အဖြူရောင် ကားတစ်စီးရဲ့ ဓာတ်ပုံတစ်ပုံကို မျှဝေပြီး ကားရှေ့ ဘန်ပါဟာ အနက်ရောင်ဆေးသုတ်ထားတယ်လို့ ယူဆရတယ်လို့ပြောသလို အဲဒီကားကို မြင်တွေ့တယ်ဆိုရင် ရဲကို ကြောင်းကြားဖို့ ပြောထားပါတယ်။
ဒီသတင်းနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကို အခုစာမျက်နှာမှာ ဖြည့်စွက်ဖော်ပြပေးနေလို့ Refresh လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။













