အမေရိကန်က နက်ရှ်ဗေလူသတ်သမား

လူသတ်သမားပစ်ခတ်ဝင်ရောက်ခဲ့တဲ့ကျောင်းတံခါး

ဓာတ်ပုံ ရင်းမြစ်, Nashville Police

ဓာတ်ပုံ ပုံစာ, လူသတ်သမားပစ်ခတ်ဝင်ရောက်ခဲ့တဲ့ကျောင်းတံခါး

တနင်္လာနေ့မနက်ခင်းမှာ အော်ဒရီဟေးလ်ဟာ သူ့သူငယ်ချင်း အေဗရီယန်နာပက်တန်ဆီကို အင်စတေဂရမ်ကနေ မက်ဆေ့ချ်ပို့ခဲ့ပါတယ်။

မကြာခင်မှာသူ့အကြောင်းကို သတင်းတွေထဲမှာတွေ့ရတော့မယ်။ ဝမ်းနည်းစရာ အဖြစ်အပျက်တွေ ဖြစ်လာတော့မယ်လို့သူကပြောကြောင်း အေဗရီယန်နာက ဘီဘီစီကို ပြန်ပြောပြပါတယ်။ လောကကြီးမှာ သူဆက်ပြီး အသက်မရှင်ချင်တော့ဘူး။ သူ့ကိုခွင့်လွှတ်ပါလို့လည်း ဆိုထားပါတယ်။ အဲဒီမက်ဆေ့ချ်ကို အေဗရီယန်နာ ဖတ်ရတဲ့အချိန်က မနက် ၉ နာရီ ၅၇ မိနစ်ပါ။

အေဗရီယန်နာက ချက်ချင်းပဲရဲကို ဖုန်းဆက်တိုင်ကြားပါတယ်။ အော်ဒရီမှာ စိတ်ကျန်းမာရေးပြဿနာရှိတယ်ဆိုတာ အေဗရီယန်နာက သိထားပါတယ်။

“စိတ်ထဲမှာ တမျိုးကြီးခံစားမိပါတယ်။ သူ့ဆီကမက်ဆေ့ချ်ရတော့ ချက်ချင်းထပြီး နီးစပ်ရာတွေကို ဖုန်းဆက်ပါတယ်။ ကျွန်မလုပ်လို့ရသမျှ တတ်နိုင်သမျှ လုပ်ပါတယ်” လို့ အေဗရီယန်နာက ပြောပါတယ်။

မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုဟန့်တားရေး ဌာနကိုလည်း သူက ဖုန်းဆက်တိုင်ကြားပါသေးတယ်။ ဒါပေမဲ့ သူ့ကြိုးစားချက်တွေ မအောင်မြင်ပါဘူး။

အဲဒီနောက် ၁၅ မိနစ်ကျော်ကျော်လောက် အကြာမှာ အော်ဒရီဟာ စာသင်ကျောင်းထဲဝင်ပြီး အသက် ၉ နှစ်အရွယ်ကလေးငယ် ၃ ယောက်နဲ့ ကျောင်းဝန်ထမ်း ၃ ယောက်ကို ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သတင်းတွေ တက်လာပါတယ်။ အော်ဒရီ ပြောသလိုပါပဲ။ ရုပ်မြင်သံကြားပေါ်မှာ အော်ဒရီရဲ့ရုပ်ပုံကို မြင်လိုက်ရပါပြီ။

အော်ဒရီဟေးလ်ဟာ အသက် ၂၈ နှစ်ရှိပါပြီ။ သူ့မှာစိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာရှိပါတယ်။ စိတ်ခံစားချက် မူမမှန်တဲ့စိတ်ရောဂါမျိုးပါ။ စိတ်ကျရောဂါလား၊ စိတ်ကြွရောဂါလား ဒါမှမဟုတ်တခြားတခုခုလား ဘယ်လိုမူမမှန်တဲ့ခံစားချက်မျိုးဖြစ်ပေါ်တဲ့ရောဂါလဲ ဆိုတာကိုတော့ ဆရာဝန်က ဖွင့်ထုတ်ပြောဆိုတာ မရှိသေးပါဘူး။ သူဟာ ထရန်စ်မန်းတယောက်ပါ။ မွေးဖွားချိန်မှာ အမျိုးသမီးတယောက်အဖြစ် သတ်မှတ်ခြင်းခံရပေမဲ့ သူ့ကိုယ်သူ အမျိုးသားလို့ ခံစားခံယူတဲ့သူမျိုးကို ထရန်စ်မန်းလို့ ခေါ်တာ ဖြစ်ပါတယ်။

အော်ဒရီဟာ သူ့ကားနဲ့ကျောင်းကိုရောက်လာ

ဓာတ်ပုံ ရင်းမြစ်, Nashville Police

ဓာတ်ပုံ ပုံစာ, အော်ဒရီဟာ သူ့ကားနဲ့ကျောင်းကိုရောက်လာ

အော်ဒရီဟာလည်း မွေးဖွားစဉ်မှာ အမျိုးသမီးလို့ အများက သတ်မှတ်မှတ်ပုံတင်ထားခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာတော့ သူကသူ့ကိုယ်သူ အမျိုးသားနာမ်စား အသုံးပြုပြောဆိုပါတယ်။ အခုသူဝင်ရောက်ပစ်ခတ်တဲ့ တန်နက်ဆီပြည်နယ်ထဲက ခရစ်ယာန်စာသင်ကျောင်းဟာလည်း သူကိုယ်တိုင်တက်ရောက်စာသင်ခဲ့ဖူးတဲ့ သူ့ရဲ့ကျောင်းဟောင်း ဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သူဟာ အနီးအနား သေနတ်ဆိုင် ၅ ဆိုင်ကနေ သေနတ် ၆ လက်ကို ဥပဒေနဲ့အညီ တရားဝင် ဝယ်ယူသွားခဲ့တာလို့ ရဲက ဆိုပါတယ်။ သူဟာမိဘနဲ့ အတူနေထိုင်ပြီး မိဘအိမ်မှာပဲ အဲဒီသေနတ်တွေကို သိမ်းဆည်းသိုဝှက်ထားခဲ့တာပါ။ သူ့မိဘတွေကတော့ သူသေနတ်ဝယ်ထားတာကို မသိကြဘူးလို့ ဆိုပါတယ်။ သူ့မှာသေနတ်တွေရှိဖို့မသင့်ဘူးလို့ သူ့မိဘတွေကပြောကြောင်း ရဲကထုတ်ပြန်ပါတယ်။

အခင်းဖြစ်ပွားမဲ့မနက်ခင်းမှာ အော်ဒရီဟာ အိတ်အနီလေးကိုလွယ်ပြီးအိမ်ကထွက်သွားပါတယ်။ သူ့အိတ်ထဲမှာ သေနတ်တွေပါသွားတယ်ဆိုတာ မသိလိုက်ဘူးလို့ သူ့မိဘတွေကပြောကြောင်း ရဲကဆိုပါတယ်။ အော်ဒရီဟာ ပြောင်းရှည်တိုက်ခိုက်ရေးရိုင်ဖယ် ၂ လက်နဲ့ ပစ္စတိုတလက်ကို ယူဆောင်ပြီး စာသင်ကျောင်းရှိရာ ထွက်ခွာသွားခဲ့တာပါ။

ရဲကထုတ်ပြန်ထားတဲ့ စီစီတီဗီကင်မရာဗီဒီယိုထဲမှာ အော်ဒရီဟာ ရှပ်အင်္ကျီအဖြူကိုဝတ်ထားပြီး အပေါ်မှာ ဝစ္စကုတ်အနက်ထပ်ဝတ်ထားပါတယ်။ အောက်ပိုင်းမှာတော့ ပြောက်ကျားဘောင်းဘီဝတ်ဆင်ထားပြီး ခေါင်းမှာ လျှာထိုးဦးထုပ်အနီဆောင်းထားပါတယ်။ ဗီဒီယိုထဲမှာ သူဟာပြောင်းရှည်သေနတ်ကို ကိုင်ဆောင်ထားပြီး ကျောင်းတံခါးမှန်နှစ်ချပ်ကို သေနတ်နဲ့ပစ်ခွဲဝင်ရောက်လာတာတွေ့ရပါတယ်။

ကျောင်းထဲကိုဝင်ရောက်လာပြီးနောက် သူဟာ တနေရာပြီးတနေရာဝင်ထွက်ရှာဖွေနေတာကို ဗီဒီယိုထဲမှာ တွေ့ရပါတယ်။ သူဟာ အသက် ၉ နှစ်အရွယ် ကလေး ၃ ယောက်နဲ့ ကျောင်းဝန်ထမ်း ၃ ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ ကျောင်းဝန်ထမ်း ၃ ယောက်အနက် ၁ ယောက်က ကျောင်းအုပ်ဆရာမကြီးဖြစ်ပြီး နောက် ၁ ယောက်ကတော့ အစားထိုးဝင်ရောက်စာသင်ပေးတဲ့ ကျောင်းဆရာမဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ တန်နက်ဆီ အုပ်ချုပ်ရေးမှူးရဲ့ဇနီးနဲ့ ရင်းနှီးကြသူတွေလို့ ရဲကဆိုပါတယ်။

အပစ်ခတ်ခံရပြီးသေဆုံးသူ ကျောင်းအုပ်ဆရာမကြီး

ဓာတ်ပုံ ရင်းမြစ်, Covenant School

ဓာတ်ပုံ ပုံစာ, အပစ်ခတ်ခံရပြီးသေဆုံးသူ ကျောင်းအုပ်ဆရာမကြီး

သူဟာမြေညီထပ်မှာ ပစ်ခတ်ပြီးနောက် နောက်တထပ်ကိုတက်သွားပြီး ဆက်လက်ပစ်ခတ်ခဲ့ပါတယ်။ ရဲကသူ့ကို ဒုတိယထပ်မှာတွေ့ပြီး ပစ်ခတ်သတ်ဖြတ်ဟန့်တားခဲ့ပါတယ်။

အော်ဒရီအခုလို ပစ်ခတ်ခြင်းရဲ့ ရည်ရွယ်ချက်ကိုအခုထိရဲက ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။ ဒါပေမဲ့ လူပုဂ္ဂိုလ်တဦးတယောက်ကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ရည်ရွယ်ချက်မျိုးတော့ မတွေ့ရဘူးလို့ ရဲကဆိုပါတယ်။

အခုသတ်ဖြတ်မှုဟာ ခရစ်ယာန်တွေကို အမုန်းထားတိုက်ခိုက်မှုဟုတ်မဟုတ် စုံစမ်းစစ်ဆေးဖို့ ရှိပါသလားလို့ ဆီးနိတ်လွှတ်တော်က အမေရိကန်ရှေ့နေချုပ် မဲရစ်ဂါးလန်း မေးမြန်းရာမှာတော့ ဖြေဖို့စောပါသေးတယ်လို့ ဆိုပါတယ်။

အသက်ဆုံးရှုံးခဲ့ရတဲ့ ၉ နှစ်အရွယ်ကျောင်းသူကလေးငယ်တဦး

ဓာတ်ပုံ ရင်းမြစ်, DIECKHAUS FAMILY

ဓာတ်ပုံ ပုံစာ, အသက်ဆုံးရှုံးခဲ့ရတဲ့ ၉ နှစ်အရွယ်ကျောင်းသူကလေးငယ်တဦး

အော်ဒရီဟာ နက်ရှ်ဗေမြို့က နိုဆီပန်းချီနဲ့ဒီဇိုင်းကောလိပ်ကကျောင်းပြီးထားသူတယောက်ပါ။ Linked in မှာတင်ထားတဲ့သူ့ရဲ့ကိုယ်ရေးထဲမှာတော့ သူဟာ လွတ်လပ်တဲ့ ဂရပ်ဖစ်ဒီဇိုင်းနာတယောက်ဖြစ်ပြီး အချိန်ပိုင်းစျေးဝယ်ဝန်ဆောင်မှုပေးသူတယောက်လို့လည်း ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က သူ့ရဲ့ချစ်သူသေဆုံးသွားခဲ့တယ်လို့ အော်ဒရီကလူမှုကွန်ရက်မှာရေးသားခဲ့ဖူးကြောင်း ရဲကပြောပါတယ်။ အဲသလိုရေးသားရာမှာ သူ့ကိုယ်သူ အမျိုးသားနာမ်စားအသုံးပြုပြီး သူ့ချစ်သူက အလယ်တန်းကျောင်းဘတ်စကတ်ဘောအသင်းက ကစားဖော်လို့ ဆိုပါတယ်။

သူနဲ့အေဗရီယန်နာပက်တန်ဟာလည်း အလယ်တန်းကျောင်း ဘတ်စကက်ဘောအသင်းမှာ အသင်းဖော်တွေဖြစ်ပြီး ခင်မင်ရင်းနှီးသူ ဖြစ်ပါတယ်။ အော်ဒရီဟာ အသင်းဖော်တွေနဲ့ နှစ်များစွာ အဆက်အသွယ်မပြတ်ရှိနေပြီး အေဗရီယန်နာနဲ့ နောက်ဆုံးတွေ့ခဲ့တာဟာ ဒီလဆန်းပိုင်းတုန်းကလို့ ဆိုပါတယ်။

သူဘာကြောင့်အခုလိုလုပ်သလဲ။ ဒါဟာ အဖြေအတိအကျမထွက်သေးတဲ့ မေးခွန်းဖြစ်ပါတယ်။

သေနတ်ထိန်းချုပ်ရေးဥပဒေသစ်တရပ် တင်သွင်းဖို့ သမ္မတဂျိုးဘိုင်ဒန်က အင်္ဂါနေ့က နှိုးဆော်ခဲ့ပါတယ်။

အမေရိကန်စာသင်ကျောင်းတွေမှာ သေနတ်နဲ့ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့တာဟာ ၁၉၉၉ ခုနှစ်ကနေ အခုထိဆိုရင် ၁၅ မှုရှိသွားပြီလို့ အေပီသတင်းဌာနရဲ့မှတ်တမ်းမှာ ဖော်ပြထားပါတယ်။