အမေရိကန်ရဲ့ သေနတ်ကိုင်ဆောင်မှု အလေ့အထ

အမေရိကန်၊ သေနတ်၊ ဥပဒေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်အမျိုးသမီးတစ်ဦး သေနတ်ပုံ နားကွင်းဆွဲထားပုံ

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်တုန်းက အမေရိကန်သမ္မတ လင်ဒန် ဘိန်းစ် ဂျွန်ဆင် အစိုးရက အမေရိကန်နိုင်ငံရဲ့ ရာဇဝတ်မှုတွေမှာ သေနတ်ဟာ လူသေဆုံးရမှုတွေရဲ့ အဓိက လက်သည် ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပြီး ဒါဟာ သေနတ်တွေအပေါ် ပေါ့ပေါ့တန်တန် သဘောထားလေ့ရှိတာ၊ သေနတ် လက်ဝယ်ထားပြီး ကိုယ့်ကိုကိုယ် အားကိုးလေ့ရှိတဲ့ အစဉ်အလာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီကာလတုန်းက အမေရိကန်နိုင်ငံမှာ သေနတ်အလက် သန်း၉၀ လောက် ရှိခဲ့တာပါ။ အခုအချိန်မှာတော့ သေနတ်တွေ ပိုများလာသလို သေဆုံးမှုတွေလည်း ပိုတိုးလာခဲ့ပါတယ်။

သေနတ်ကြောင့် လူသေဆုံးမှုဟာ အမေရိကန်တွေရဲ့ဘဝမှာ အမြဲကြုံလာနေရပြီး ၁၇၇၅ ခုနှစ် အမေရိကန် လွတ်လပ်ရေးစစ်ပွဲကြီး ပြီးကတည်းက ဖြစ်ပွားခဲ့တဲ့ အမေရိကန်စစ်ပွဲတိုင်းမှာ အသက်ဆုံးရှုံးခဲ့ရသူတွေထက် သေနတ်ကြောင့်သေဆုံးရသူ အရေအတွက်က ပိုများလာနေပါတယ်။

၂၀၂၀ ခုနှစ်တစ်နှစ်တည်းမှာတင် အမေရိကန် ၄၅၀၀၀ ကျော်ဟာ အသတ်ခံရလို့ဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံလို့ပဲ ဖြစ်ဖြစ် သေနတ်ကြောင့် အသက်ဆုံးရှုံးခဲ့ရပြီး သေဆုံးသူအရေအတွက်ဟာလည်း တစ်နှစ်ထက် တစ်နှစ် ပိုများလာခဲ့ပါတယ်။ ဒီအရေအတွက်ဟာ လွန်ခဲ့တဲ့ ၅ နှစ်ကထက် ၂၅ ရာခိုင်နှုန်း၊ ၂၀၁၀ ခုနှစ်ကထက် ၄၃ ရာခိုင်နှုန်း ပိုများလာတာ တွေ့ရပါတယ်။

ဒါပေမဲ့ ဒီပြဿနာက နိုင်ငံရေးနဲ့လည်း အများကြီးပိုဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ဖို့ ကြိုးစားတာဟာ ဖွဲ့စည်းပုံဥပဒေထဲမှာ မီးမောင်းထိုး ပြဋ္ဌာန်းထားတဲ့ သေနတ် လယ်ဝယ်ထားခွင့်ကို အပြင်းအထန် ကာကွယ်စောင့်ရှောက်နေတဲ့ လူထုကို ဆန့်ကျင်လိုက်တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ သေနတ်ကိုင်ဆောင်မှု အလေ့အထနဲ့ အဲဒီကနေ ဘယ်လိုရိုက်ခတ်မှုတွေ ဖြစ်လာခဲ့သလဲ ဆိုတာကို ကြည့်ကြရအောင်ပါ။

အမေရိကန်၊ သေနတ်၊ ဥပဒေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၂၂ ခုနှစ် ဧပြီလက ချေမှုန်းရေးလက်နက် ကိုင်ဆောင်မှု ကန့်သတ်တဲ့ ပြည်နယ်တွေ

အမေရိကန်နိုင်ငံထဲမှာ သေနတ် ဘယ်နှစ်လက်လောက် ရှိနေသလဲ

ကမ္ဘာတဝန်း ပုဂ္ဂလိက ပိုင်ဆိုင်တဲ့ သေနတ်အရေအတွက်ကို သိနိုင်ဖို့က အတော်လေး ခက်ပေမဲ့ ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် Small Arms Survey ထိပ်တန်းစစ်တမ်းတစ်ခုအရ ၂၀၁၈ ခုနှစ်မှာ သေနတ် သန်း ၃၉၀ လောက် ရှိတယ်လို့ ခန့်မှန်း သိရပါတယ်။

အမေရိကန်၊ သေနတ်၊ ဥပဒေ
ဓာတ်ပုံ ပုံစာ, သေနတ်ပိုင်ဆိုင်ခွင့်ရှိတဲ့ နိုင်ငံ ၁၀ နိုင်ငံစာရင်းမှာ အမေရိကန်နိုင်ငံက ထိပ်ဆုံးမှာ ရှိ

အမေရိကန်နိုင်ငံမှာတော့ ၂၀၁၁ ခုနှစ်တုန်းက နိုင်ငံတွင်း နေထိုင်နေသူ အယောက် ၁၀၀မှာ သေနတ် ၈၈ လက်နှုန်း ကိုင်ဆောင်ခဲ့ရာကနေ အခုအခါ လူ ၁၀၀ မှာ သေနတ် ၁၂၀ ဒဿမ ၅ လက်နှုန်း အထိ တိုးလာခဲ့ပါတယ်။

လတ်တလော ကိန်းဂဏန်းတွေအရ သေနတ်ပိုင်ဆိုင်သူအရေအတွက်ဟာ ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ ဖေဖော်ဝါရီလက Annals of Internal Medicine က ထုတ်ပြန်တဲ့ လေ့လာချက်တစ်ခုထဲမှာ အမေရိကန် လူဦးရေရဲ့ ၃ ရာခိုင်နှုန်းအောက် အရွယ်ရောက်သူ ၇ သန်းခွဲဟာ ၂၀၂၉ ခုနှစ် ဇန်နဝါရီလနဲ့ ၂၀၂၁ ခုနှစ် ဧပြီလအတွင်း သေနတ် စပိုင်ဆိုင်သူတွေ ဖြစ်လာတယ်လို့ ဖော်ပြထားပါတယ်။

ဒါဟာ တစ်ဖက်က ကြည့်မယ်ဆိုရင် အဲဒီလူတွေရဲ့ နေအိမ်တွေမှာ ရှိနေတဲ့ သေနတ်တွေကို ကလေးငယ် ၅ သန်း အပါအဝင် လူ ၁၁ သန်းလောက် အလွယ်တကူ တွေ့နိုင်၊ ရနိုင်တော့မှာပါ။ အဲဒီအချိန်ကာလအတွင်း သေနတ်စပိုင်ဆိုင်သူ တစ်ဝက်လောက်ဟာ အမျိုးသမီးတွေ ဖြစ်ကြပြီး ၄၀ ရာခိုင်နှုန်းဟာ လူမည်း ဒါမှမဟုတ် လက်တင်အမေရိကဒေသက အမျိုးသမီးတွေ ဖြစ်ကြပါတယ်။

၂၀၂၁ ခုနှစ်က ကလေးသူငယ်များဆိုင်ရာ အမေရိကန် အကယ်ဒမီအဖွဲ့က ထုတ်ပြန်တဲ့ သီးခြားလေ့လာချက် တစ်ခုအရ ကပ်ဘေးကာလအတွင်း သေနတ်ပိုင်ဆိုင်သူအရေအတွက် တိုးလာမှုဟာ ကလေးတွေ သေနတ်ဒဏ်ရာရမှု၊ ကလေးတွေကြောင့် သေနတ်ဒဏ်ရာရမှု ပိုမြင့်တက်လာတာနဲ့ ဆက်နွှယ်နေတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံမှာ သေနတ်ကြောင့် လူ့အသက်ဆုံးရှုံးမှု ဘယ်လောက်များသလဲ

အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ကုသရေး (CDC)ဌာနရဲ့ အဆိုအရ ၂၀၂၀ ခုနှစ်အတွင်း သေနတ်ကြောင့် သေဆုံးခဲ့သူ အရေအတွက် စုစုပေါင်းဟာ ၄၅,၂၂၀ ဦး ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်အတွက် ကိန်းဂဏန်းအတိအကျကိုတော့ မရနိုင်ခဲ့ပါဘူး။

အမေရိကန်၊ သေနတ်၊ ဥပဒေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

လူတွေကို အစုလိုက်အပြုံလိုက် ပစ်ခတ်တိုက်ခိုက်တဲ့သတင်းတွေ၊ သေနတ်နဲ့ ပစ်သတ်တဲ့ သတင်းတွေကို ပုံမှန်အားဖြင့် မီဒီယာသတင်းဌာနတွေက ပိုအာရုံစိုက် ဖော်ပြလေ့ ရှိပေမဲ့ စုစုပေါင်းဖြစ်ရပ်တွေရဲ့ ၅၄ ရာခိုင်နှုန်းက ကိုယ့်ကိုကိုယ် သေကြောင်းကြံတဲ့ ဖြစ်ရပ်တွေ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်က American Journal of Public Health အဖွဲ့ ထုတ်ပြန်ခဲ့တဲ့ လေ့လာချက်ထဲမှာ ပြည်နယ်တစ်ခုမှာ သေနတ်ပိုင်ဆိုင်မှု ပမာဏ မြင့်တက်လာမှုဟာ အမျိုးသား၊ အမျိုးသမီး ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်သတ်ပြီး သေကြောင်းကြံခဲ့မှုနှုန်း ပိုမြင့်လာမှုနဲ့ သိသိသာသာ ဆက်နွှယ်နေတာကို လေ့လာတွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံမှာ သေနတ်ကိုင်ဆောင်မှု ပိုထိန်းချုပ်ရေး ဥပဒေတွေ ပြဋ္ဌာန်းဖို့ ပြောဆိုစည်းရုံးသူတွေက ဒီကိန်းဂဏန်းတွေကို ထုတ်ဖော်ပြောဆိုရင်း စိတ်ကျန်းမာရေးကို ကုသဖို့ အရင်းအမြစ်တွေ ပိုပေးဖို့နဲ့ သေနတ်နဲ့ပတ်သက်တဲ့ တင်းကျပ်မှုတွေ လျော့ကျရေးကို နည်းနည်းပဲ အာရုံစိုက်လုပ်ကြဖို့ ဥပဒေရေးဆွဲသူတွေကို ဖိအားပေး ပြောလေ့ ရှိပါတယ်။

အမေရိကန်နိုင်ငံမှာ သေနတ်ပစ်ခတ် သတ်ဖြတ်မှုဟာ တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် ဘယ်လောက်များသလဲ

၂၀၂၀ ခုနှစ်မှာ သေနတ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၉,၃၈၄ ဦး ရှိခဲ့ပြီး အဲဒီထဲက ၄၃ ရာခိုင်နှုန်းဟာ လူသတ်မှု ဖြစ်တယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ကုသရေး (CDC)ဌာနရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။ သေနတ်နဲ့ ပစ်သတ်လို့ သေဆုံးသူအရေအတွက်ဟာ ၂၀၁၉ ခုနှစ်တုန်းက ၃၄ ရာခိုင်နှုန်း ရှိခဲ့ပြီး အဲဒီအရင် ဆယ်စုနှစ်တွေအတွင်း ၇၅ ရာခိုင်နှုန်း တိုးလာခဲ့တာပါ။

အဲဒီကိန်းဂဏန်းအချက်အလက်တွေအရ အမေရိကန်နိုင်ငံမှာ သေနတ်ကြောင့် နေ့စဉ် လူ ၅၃ ဦးနီးပါး သေဆုံးနေရတယ်လို့ သိရပါတယ်။

လူသတ်မှု အများစုဖြစ်တဲ့ ၇၉ ရာခိုင်နှုန်းဟာ သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့တာလို့လည်း အဲဒီလေ့လာချက်က ဆိုပါတယ်။

ဒီအရေအတွက်ဟာ ကနေဒါ၊ သြစတြေးလျ၊ အင်္ဂလန်၊ ဝေလပြည်နယ်နဲ့ တခြားနိုင်ငံအတော်များများမှာ ဖြစ်ပွားတဲ့ လူသတ်မှုတွေထက် အများကြီး ပိုများတာ ဖြစ်ပါတယ်။

အမေရိကန်၊ သေနတ်၊ ဥပဒေ
ဓာတ်ပုံ ပုံစာ, သေနတ်ကြောင့် လူသေဆုံးရတဲ့ နိုင်ငံများစာရင်းမှာ အမေရိကန်က ၇၉ ရာခိုင်နှုန်းနီးပါးနဲ့ ထိပ်က ဦးဆောင်

လူတွေကို အစုလိုက်အပြုံလိုက် ပစ်ခတ်မှုတွေက လူသေဆုံးမှုတွေ ပိုဖြစ်လာစေသလား

လူတွေကို အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် လူသေဆုံးမှုတွေဟာ နိုင်ငံတကာကို ပိုအာရုံစိုက်စေပေမဲ့ ဘယ်လောက်များများ သေဆုံးသလဲ ဆိုတာကို ခန့်မှန်းတွက်ဆဖို့တော့ ခဲယဉ်းလှပါတယ်။

အမေရိကန်နိုင်ငံမှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ တစ်ခုတည်းသော အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိပေမဲ့ FBI အဖွဲ့ကတော့ လူအများအပြားရှိနေတဲ့ နေရာတစ်ခုမှာ လူပုဂ္ဂိုလ်တစ်ဦးကနေ လူတွေကို သတ်ဖြတ်တာ ဒါမှမဟုတ် သတ်ဖို့ ကြိုးစားတဲ့ ဖြစ်ရပ်မျိုးတွေအတွင်း "သေနတ်သမား" ကို ခြေရာခံ လိုက်လံဖမ်းဆီးတာမျိုး လုပ်လာခဲ့ကြတာ ဆယ်စုနှစ် တစ်ခုကျော်လောက် ရှိလာပါပြီ။

FBI အဖွဲ့ရဲ့ အဆိုအရ ၂၀၀၀ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်အတွင်း အမေရိကန်နိုင်ငံမှာ အဲဒီလို ဖြစ်ရပ်မျိုးတွေ ၃၄၅ ခု ရှိခဲ့ပြီး သေဆုံးသူ ၁,၀၂၄ ဦး၊ ဒဏ်ရာရသူပေါင်း ၁,၈၂၈ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

လူအသေအပျောက် အများဆုံး ပစ်ခတ်တိုက်ခိုက်မှုကတော့ ၂၀၁၇ ခုနှစ် လာ့စ် ဗေးဂက်စ်မြို့မှာ ဖြစ်ခဲ့တာပါ။ အဲဒီပစ်ခတ်မှုအတွင်း လူ ၅၀ ကျော် သေဆုံးခဲ့ပြီး ၅၀၀ ဒဏ်ရာရခဲ့ပါတယ်။ လူအစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှု အများစုကတော့ လူ ၃၀ အောက် သေဆုံးလေ့ ရှိပါတယ်။

အမေရိကန်၊ သေနတ်၊ ဥပဒေ
ဓာတ်ပုံ ပုံစာ, ၁၉၉၁ ခုနှစ်ကစလို့ ၂၀၂၁ ခုနှစ် ဧပြီလအထိ အမေရိကန်နိုင်ငံတွင်းက အဆိုးဆုံး လူအစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှုဖြစ်ရပ် စာရင်း

သေနတ်ထိန်းချုပ်မှုကို ဘယ်သူတွေက ထောက်ခံသလဲ

သေနတ်ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်အပြီးမှာ လူထုရဲ့ ဒေါသတကြီး ထုတ်ဖော် ပြောဆိုမှုတွေ အနှံ့အပြား ရှိခဲ့ပေမဲ့ သေနတ်ကိုင်ဆောင်မှု ပိုတင်းကျပ်တဲ့ ဥပဒေတွေ ပြဌာန်းဖို့ အမေရိကန်ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုက ၂၀၁၄ ခုနှစ်ကတည်းကစလို့ အနိမ့်ဆုံးအဆင့်အဖြစ် ၂၀၂၀ ခုနှစ်မှာ ထိုးကျသွားခဲ့တယ်လို့ Gallup စစ်တမ်းမှာ ဖော်ပြထားပါတယ်။

စစ်တမ်းကောက်ယူခဲ့တဲ့ အမေရိကန်ပြည်သူတွေရဲ့ ၅၂ ရာခိုင်နှုန်းက ပိုတင်းကျပ်တဲ့ သေနတ် ဥပဒေတွေ ပြဋ္ဌာန်းဖို့ လိုလားကြပေမဲ့ ၃၂ ရာခိုင်နှုန်းကတော့ ဒီအတိုင်း ဆက်သွားဖို့ ဆန္ဒရှိကြပါတယ်။

၁၁ ရာခိုင်နှုန်းကတော့ သိပ်မတင်းကျပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းသင့်တယ်လို့ ဆိုပါတယ်။ ပါတီစွဲကြီးမှု၊ အကြီးအကျယ် သဘောကွဲလွဲနေမှုတွေဟာ ကိုယ့်ပါတီရဲ့ ရပ်တည်ချက်တွေကြောင့် ပြဿနာ ဖြစ်နေရတာ ဖြစ်ပါတယ်။

"ဒီမိုကရက်တွေက ပိုတင်းကျပ်တဲ့ သေနတ်ကိုင်ဆောင်မှု ဥပဒေတွေ ပြဋ္ဌာန်းဖို့ အားလုံးနီးပါးက သဘောတူ ထောက်ခံကြတယ်" လို့ Gallup စစ်တမ်းထဲမှာ ဖော်ပြထားပြီး ဒီမိုကရက် ၉၁ ရာခိုင်နှုန်းက သေနတ်ကိုင်ဆောင်မှု ဥပဒေတွေကို ပိုတင်းကျပ်ဖို့ လိုလားတယ်လို့ ဆိုပါတယ်။

တဖက်မှာတော့ သီးခြားလွတ်လပ်တဲ့ မဲပေးသူ ၄၅ ရာခိုင်နှုန်းနဲ့အတူ ရီပတ်ဘလီကန် ၂၄ ရာခိုင်နှုန်းကသာ ဒီလို ဥပဒေတွေ တင်းကျပ်ချမှတ်ဖို့ကို လက်ခံကြပါတယ်။

အမေရိကန်၊ သေနတ်၊ ဥပဒေ
ဓာတ်ပုံ ပုံစာ, သေနတ်ကိုင်ဆောင်ခွင့် ဥပဒေအပေါ် အမေရိကန်ပြည်သူတွေရဲ့ သဘောထား စာရင်း

ပြည်နယ်တချို့မှာတော့ ချေမှုန်းရေးလက်နက်တွေ ပိုင်ဆိုင်မှုကို တားမြစ်ပိတ်ပင်တာမျိုး ဒါမှမဟုတ် စည်းမျဉ်းတင်းကျပ်တာမျိုးတွေ လုပ်ခဲ့ကြပါတယ်။ ပြည်နယ်တစ်ခုနဲ့တစ်ခုတော့ ဥပဒေတွေ ကွာခြားပါတယ်။ ဒါပေမဲ့ ဥပမာ ကယ်လီဖိုးနီးယား ပြည်နယ်မှာဆိုရင် ချေမှုန်းရေးလက်နက် ပိုင်ဆိုင်မှုကို ပိတ်ပင်ထားပြီး ခြွင်းချက် အကန့်အသတ်နဲ့သာ ခွင့်ပြုထားပါတယ်။

Presentational white space

စိတ်ကျန်းမာရေး ချို့ယွင်းနေသူတွေ ဒါမှမဟုတ် ရဲရဲ့ စောင့်ကြည့်စာရင်းထဲပါသူတွေကို သေနတ်ရောင်းချခွင့် ကန့်သတ်ထားတာမျိုးလို ထိန်းချုပ်မှုတချို့ကိုတော့ ဘယ်ပါတီကပဲ ဖြစ်ဖြစ် လက်ခံ သဘောတူထားကြပါတယ်။

သေနတ် ထိန်းချုပ်တာကို ဘယ်သူတွေက ကန့်ကွက်နေတာလဲ

ငွေကြေးမပြေလည်မှုတွေ၊ နိုင်ငံတွင်း ပဋိပက္ခပြဿနာတွေ နှစ်ပေါင်းများစွာ ကြုံနေရတဲ့ကြားက အမေရိကန်နိုင်ငံတွင်းမှာ သေနတ်ပိုင်ဆိုင် ကိုင်ဆောင်ခွင့်ကို ဆက်စည်းရုံး လှုံ့ဆော်နေတဲ့ အဖွဲ့ကြီးကတော့ National Rifle Association (NRA) လို့ခေါ်တဲ့ သြဇာအရှိန်အဝါ အကြီးဆုံး ရိုင်ဖယ်သေနတ် အသင်းကြီး ဖြစ်ပြီး သေနတ်ကိုင်ဆောင်မှုဆိုင်ရာ မူဝါဒနဲ့ ပတ်သက်လို့ ကွန်ဂရက်လွှတ်တော် အမတ်တွေကို သြဇာညောင်းနိုင်လောက်အောင် ဘတ်ဂျက်ငွေ အများအပြား ပိုင်ဆိုင်ထားပါတယ်။

ဇန်နဝါရီလတုန်းက NRA အဖွဲ့က လိမ်လည်မှုစွဲချက်နဲ့ သူတို့ရဲ့ ထိပ်တန်း ဝန်ထမ်းတချို့အပေါ် တရားစွဲခဲ့ပြီး ဒေဝါလီ ခံခဲ့ပါတယ်။ ဒါတောင်မှ သေနတ်ကိုင်ဆောင်ခွင့် ကန့်ကွက်မှုတွေကို ဆက်လက် ထိပ်တိုက်ရင်ဆိုင် ဆန့်ကျင်သွားမယ်လို့ သန္နိဋ္ဌာန်ချ ပြောဆိုထားပြီး သေနတ် အသုံးပြုရာမှာ ဘေးကင်းလုံခြုံမှုတွေရှိဖို့နဲ့ လေ့ကျင့်သင်တန်းပေးမှုတွေကို မြှင့်တင်လုပ်ဆောင်သွားမယ်၊ အမေရိကန်နိုင်ငံတဝန်း လူထုစီမံကိန်းတွေကို ရှေ့တိုး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အတော်များများအတွင်း NRA အဖွဲ့နဲ့ တခြားအဖွဲ့အစည်းတွေက သေနတ်ထိန်းချုပ်ရေး မဲဆွယ်စည်းရုံးမှုတွေမှာ သေနတ်ကိုင်ဆောင်ပိုင်ခွင့်နဲ့ ပတ်သက်လို့ သူတို့ရဲ့ ပြိုင်ဘက်တွေထက် ငွေတွေ ပိုသုံးပြီး အစဉ်တစိုက် မဲဆွယ်ခဲ့ကြပါတယ်။

ပြည်နယ်အတော်များများမှာဆိုရင်လည်း သေနတ် ဘယ်သူကိုင်ဆောင်သင့်သလဲ ဆိုတဲ့ ကန့်သတ်မှုတွေကို ဖယ်ရှားပစ်လိုက်တဲ့ အထိတောင် လုပ်ခဲ့ကြပါတယ်။ ဥပမာ ပေးရရင် ၂၀၂၁ ခုနှစ် ဇွန်လမှာ တက္ကဆက်စ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်ဂ် အက်ဘော့တ်က ပြည်နယ်တွင်း နေထိုင်ခွင့်ရထားသူတွေကို လိုင်စင်လက်မှတ် ဒါမှမဟုတ် သင်တန်း မတက်ထားဘဲ သေနတ်ကိုင်ဆောင်ခွင့်ပြုတဲ့ "ပါမစ်မလိုဘဲ သေနတ်ကိုင်ဆောင်ခွင့်" ဥပဒေကြမ်းတစ်ခုကို ဥပဒေအဖြစ် အတည်ပြု လက်မှတ်ရေးထိုးခဲ့ပါတယ်။

အလားတူပဲ ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့က ဂျော်ဂျီယာပြည်နယ်ဟာလည်း ခွင့်ပြုချက် မလိုဘဲ သေနတ်ကို လျှို့ဝှက် ဒါမှမဟုတ် ပြောင်ပြောင်တင်းတင်း ကိုင်ဆောင်နိုင်ခွင့် ရှိတဲ့ ပြည်နယ် ဖြစ်လာခဲ့ပါတယ်။ အဲဒီဥပဒေအရ ဂျော်ဂျီယာပြည်နယ်မှာ နေထိုင်နေသူ ဘယ်အမေရိကန်နိုင်ငံသားမဆို လိုင်စင် ဒါမှမဟုတ် ပါမစ် မလိုဘဲ သေနတ်ကိုင်ဆောင်ခွင့် ရှိမှာ ဖြစ်ပါတယ်။

ဒီဥပဒေကို NRA ရိုင်ဖယ်အသင်းက ထောက်ခံခဲ့ပြီး ဒီလုပ်ဆောင်မှုဟာ သေနတ်ကိုင်ဆောင်ခွင့်ဥပဒေအတွက် သမိုင်းမှတ်ကျောက်တင်ရမယ့် လုပ်ဆောင်မှု ဖြစ်တယ်လို့ NRA ရိုင်ဖယ်အသင်းကြီးရဲ့ ခေါင်းဆောင်တွေက ဖော်ညွှန်းပြောဆိုခဲ့ကြပါတယ်။