တက္ကဆက်ပစ်ခတ်မှု - မူလတန်းကလေးငယ် ၁၉ ဦးသေဆုံး

ပစ်ခတ်မှုမှာသေဆုံးခဲ့သူတွေဟာ မူလတန်းကျောင်းသားတွေ အများဆုံးဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ALLISON DINNER

ဓာတ်ပုံ ပုံစာ, ပစ်ခတ်မှုမှာသေဆုံးခဲ့သူတွေဟာ မူလတန်းကျောင်းသားတွေ အများဆုံးဖြစ်ပါတယ်။

တက္ကဆက်ပြည်နယ်တောင်ပိုင်းက မူလတန်းကျောင်းတစ်ကျောင်းမှာ ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် ကျောင်းသားကလေးငယ် ၁၉ ဦး၊ ဆရာမ ၁ဦးနဲ့ နောက်ထပ် အရွယ်ရောက်ပြီးသူ တစ်ဦးသေဆုံးခဲ့ပါတယ်။

ပစ်ခတ်မှုဟာ တက္ကဆက်ပြည်နယ်ထဲက ယူဗလ်ဒီမြို့မှာရှိတဲ့ ရောဘ်မူလတန်းကျောင်းမှာ မေလ ၂၄ ရက် အင်္ဂါနေ့မှာ ဖြစ်ပွားခဲ့တာပါ။

ပစ်ခတ်မှုကို ကျူးလွန်တဲ့သူလို့ ယူဆရသူဟာ ဆလာဗယ်ဒေါရာမို့စ် ဆိုသူ အသက် ၁၈ နှစ်အရွယ် လူငယ်ဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောထားပါတယ်။

အခင်းဖြစ်တဲ့နေရာကို အမေရိကန်နယ်စပ်ကင်းလှည့်တပ်ဖွဲ့ဝင်တစ်ဦးရောက်လာပြီး သေနတ်သမားကို ပစ်ခတ်ခဲ့တာလို့လည်း သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Brandon Bell

ဓာတ်ပုံ ပုံစာ, အခင်းဖြစ်တဲ့နေရာကို အမေရိကန်နယ်စပ်ကင်းလှည့်တပ်ဖွဲ့ဝင်တစ်ဦးရောက်လာပြီး သေနတ်သမားကို ပစ်ခတ်ခဲ့တာလို့လည်း သိရပါတယ်။

သူ့လက်ထဲမှာ AR-15 ရိုင်ဖယ်သေနတ်တစ်လက်နဲ့ သေနတ်တိုတစ်လက်ကို တွေ့ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့သတင်းရင်းမြစ်တွေက ပြောပါတယ်။

အခုတော့ အဲဒီလူဟာ သေဆုံးပြီဖြစ်ပြီး ရဲက ပစ်ခတ်ချိန် သေဆုံးခဲ့တာလို့ ကနဦးသတင်းတွေ ထွက်ပေါ်နေပါတယ်။

ပစ်ခတ်မှုဖြစ်ချိန်မှာ အမေရိကန်နယ်စပ်ကင်းလှည့်တပ်ဖွဲ့က တပ်ဖွဲ့ဝင်တစ်ယောက်ဟာ အခင်းဖြစ်ချိန်မှာ အရောက်သွားခဲ့ပြီး ကျောင်းထဲကို ပြေးဝင်ကာ အကာအကွယ်အနောက်မှာရောက်နေတဲ့သေနတ်သမားကို ပစ်သတ်ခဲ့တာလို့ အေပီသတင်းမှာဖော်ပြပါတယ်။

နယ်စပ်ကင်းလှည့်တပ်ဖွဲ့ဟာ ဖက်ဒရယ်အဆင့်တပ်ဖွဲ့ဖြစ်ပြီး အမေရိကန်ဆိပ်ကမ်းတွေကို စောင့်တဲ့တပ်ဖွဲ့ဖြစ်ပါတယ်။ အခုပစ်ခတ်မှုဖြစ်တဲ့မြို့ဟာ မက္ကဆီကိုနိုင်ငံနဲ့ မိုင် ၈၀ နီးပါးနယ်စပ်ချင်းထိနေတဲ့မြို့ဖြစ်သလို နယ်စပ်ကင်းလှည့်စခန်းရှိတဲ့မြို့လည်းဖြစ်ပါတယ်။

သေဆုံးတဲ့ကလေးငယ်တွေဟာ ဒုတိယတန်း၊ တတိယတန်းနဲ့ စတုတ္ထတန်းကျောင်းသူကျောင်းသားတွေဖြစ်တာကြောင့် အသက် ၇ နှစ်ကနေ ၁၀ နှစ်ဝန်းကျင်တွေဖြစ်ပါတယ်။

ပစ်ခတ်မှုမှာ သေဆုံးခဲ့သူတွေအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်း သမ္မတဂျိုးဘိုင်ဒန်က သမ္မတကတော်နဲ့အတူ အိမ်ဖြူတော်ကနေ လူထုရှေ့ထွက်ပြော

ဓာတ်ပုံ ရင်းမြစ်, STEFANI REYNOLDS

ဓာတ်ပုံ ပုံစာ, ပစ်ခတ်မှုမှာ သေဆုံးခဲ့သူတွေအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်း သမ္မတဂျိုးဘိုင်ဒန်က သမ္မတကတော်နဲ့အတူ အိမ်ဖြူတော်ကနေ လူထုရှေ့ထွက်ပြော

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ''ကိုယ့်ရင်သွေးဆုံးရှုံးရတာဟာ ဘာနဲ့မှ နှိုင်းမရတဲ့ ခံစားချက်''လို့ ပြောသလို ''ဒီနာကျင်ခံစားရမှုတွေ ရပ်တန်းကရပ်သွားအောင် သေနတ်ကိုင်ဆောင်မှုကို ထိန်းချုပ်ဖို့ အချိန်ကျပြီ''ဆိုပြီး ဇနီးဖြစ်သူ သမ္မတကတော်နဲ့အတူ လူထုရှေ့ထွက်ပြီး ပြောဆိုထားပါတယ်။

ဆယ်‌ကျော်သက်‌သေနတ်သမားဟာ အဲဒီအရပ်မှာ အထက်တန်းကျောင်းတက်ခဲ့သူ ဖြစ်နိုင်တယ်လို့ ဒေသတွင်း မီဒီယာတွေက သတင်းဖော်ြပပါတယ်။

''နိုင်ငံထဲမှာ မိဘတွေဟာ သူတို့ကလေးတွေကို အိပ်ယာထဲပို့ကြ၊ ပုံပြင်တွေဖတ်ပြကြ၊ သားချော့တေးတွေ ဆိုကြပေါ့။ ဒါပေမဲ့ အဲဒီစိတ်တွေနဲ့နောက်ကွယ်မှာတော့ မနက်ဖြန် သူတို့ကလေးတွေကို ကျောင်းသွားပို့ပြီးတဲ့အချိန်၊ စျေးဝယ်ထွက်ဖို့ ခေါ်လာတဲ့အချိန်၊ ဒါမှမဟုတ် အများပြည်သူသွားလာတဲ့နေရာတွေကို ခေါ်လာတဲ့အချိန်တွေမှာ ဘာဖြစ်မလဲဆိုတဲ့သောကကို ခံစားနေကြရပါတယ်'' လို့ အမေရိကန်သမ္မတဟောင်း အိုဘားမားကပြောပါတယ်။

ဒီပစ်ခတ်မှုမှာ ဆုံးပါးခဲ့ကြရတဲ့ကလေးငယ်တွေအတွက် သူရော ဇနီးဖြစ်သူ မစ်ရှဲတို့ပါ မိသားစုနဲ့ထပ်တူ ဝမ်းနည်းရတယ်လို့လည်း ပြောသလို သေနတ်ကိုင်ဆောင်မှုကို ထိထိရောက်ရောက် ထိန်းချုပ်ဖို့ အချိန်ကျပြီလို့လည်း သမ္မတဟောင်းက ပြောပါတယ်။