အမေရိကန်က စူပါမားကတ်ဆိုင် ပစ်ခတ်မှုမှာ လူ ၁၀ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, John Normile
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်အတွင်းမှာ လူမျိုးရေးနွယ်တဲ့အမုန်းတရားကြောင့် ဖြစ်တဲ့ ရာဇဝတ်မှုအဖြစ် စုံစမ်းနေတဲ့ သေနတ်ပစ်ခတ်မှုတစ်ခုအတွင်း လူ ၁၀ ဦးသေဆုံးထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဘက်ဖလိုမြို့မှာဖြစ်တဲ့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စစ်ဘက်အသုံးအဆောင်နဲ့အဝတ်အစား ဝတ်ဆင်ထားတဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးကို ရဲက ဖမ်းဆီးထားပါတယ်။
သေနတ်သမားလို့ယူဆရသူဟာ မေလ ၁၅ ရက်၊ အမေရိကန်ဒေသစံတော်ချိန် စနေနေ့ မွန်းလွဲပိုင်းမှာ လူအများရှိနေတဲ့ စူပါမားကတ်တစ်ခုထဲကို ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
အဲဒီလူဟာ တိုက်ခိုက်မှုပြုလုပ်တာကို အင်တာနက် အွန်လိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်ဖို့ ကင်မရာတစ်လုံးကိုလည်း သုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ဒီတိုက်ခိုက်မှုကို ရှုတ်ချ ပြောဆိုထားပါတယ်။
''ဒီဖြစ်စဥ်ကို အမုန်းတရားကြောင့်ဖြစ်တဲ့ဖြစ်စဥ်အဖြစ်ရော၊ လူမျိုးရေးခွဲခြားမှုနွယ်တဲ့အကြမ်းဖက်အစွန်းရောက်မှုဖြစ်စဥ် အဖြစ်ပါ ကျွန်တော်တို့ စုံစမ်းနေပါတယ်'' လို့ ဘက်ဖလိုမြို့ အထူးစုံစမ်းထောက်လှမ်းရေး(FBI)ရုံး တာဝန်ခံ Stephen Belogina က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အဲဒီမသင်္ကာသူဟာ မြို့တွင်းမှာ လူမည်းအများစုနေထိုင်ရာ အခင်းဖြစ်တဲ့နေရာအထိရောက်အောင် နာရီနဲ့ချီ ကားမောင်းခဲ့တယ်လို့ ယူဆရပါတယ်။
ပစ်ခတ်ခံရသူ ၁၃ ဦးရှိပြီး အများစုဟာ လူမည်းတွေဖြစ်တယ်လို့ ဘက်ဘလိုမြို့ ရဲမင်းကြီး Joseph Gramaglia က ပြောပါတယ်။
စီဘီအက်စ် သတင်းဌာနကတော့ သေနတ်သမားဟာ ပစ်ခတ်မှုမလုပ်ခင်မှာ လူမျိုးရေးခွဲခြားတဲ့စကားလုံးတွေ အော်ဟစ် ပြောဆိုခဲ့တယ်ဆိုပြီး မျက်မြင်သက်သေတစ်ဦးက ပြောထားတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, The Washington Post
ဒဏ်ရာရသူတွေထဲက ၃ ဦးဟာ စူပါမားကတ်မှာ အလုပ်လုပ်သူတွေဖြစ်ပြီး သူတို့ကတော့ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သိပါတယ်။
အဲဒီမှာ သေဆုံးသူတွေထဲမှာ လုံခြုံရေးဝန်ထမ်းတာဝန်ယူထားတဲ့ အငြိမ်းစားရဲအရာရှိလည်း ပါဝင်ပြီး သူဟာ သေနတ်သမားကို ပစ်ခတ်ဖို့ကြိုးစားခဲ့တယ်လို့လည်း အရာရှိတွေက ပြောပါတယ်။
သေနတ်သမားဟာ ပြင်းအားမြင့်ရိုင်ဖယ်သေနတ်ကို ကိုင်ဆောင်ခဲ့ပြီး ကျည်ကာအင်္ကျီနဲ့ ဦးထုပ်ကိုလည်း ဝတ်ထားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ရဲတွေနဲ့ အပြန်အလှန် တင်းမာမှုအပြီးမှာ သူဟာ လက်နက်ချခဲ့တာကြောင့် နောက်ပိုင်းမှာ သူ့ကို ထိန်းသိမ်းခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
အယ်ရီကောင်စီ ခရိုင်အစိုးရရှေ့နေရဲ့အပြောအရ သူ့ကို ပထမဒီဂရီ လူသတ်မှုနဲ့တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ အခြားတရားစွဲဆိုမှုတွေထည်း ထပ်ရှိလာနိုင်သေးတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, John Normile
''ဘယ်အသိုင်အဝန်းမှာမဆို ရင်ဆိုင်ရနိုင်တဲ့ အဆိုးရွားဆုံးအိပ်မက်ဆိုးကြီးဖြစ်ပါတယ်။ ကျွန်တော်တို့ ခံစားနေရပါတယ်။ ကျွန်တော်တို့ ဒေါသလည်းဖြစ်ရပါတယ်''လို့ ဘက်ဖလို မြို့တော်ဝန် ဘိုင်ယွန်ဘရောင်းက သတင်းထောက်တွေကိုပြောပါတယ်။
''ဒီလိုအမုန်းတရားပြည့်တဲ့လူကြောင့် ကျွန်တော်တို့ လူ့အသိုင်းအဝိုင်း ဒါမှမဟုတ် ကျွန်တော်တို့ နိုင်ငံကို စိတ်ဝမ်းကွဲမှု မဖြစ်စေရပါဘူး''လို့လည်း သူက ထပ်လောင်းပြောဆိုပါတယ်။
လမ်းတစ်ဖက်ခြမ်းကနေ ဒီဖြစ်ရပ်ကို မြင်တွေ့ခဲ့ရသူ ဂရက်ဒီ လူးဝစ်ကတော့ ''စစ်တပ်က ပုံစံနဲ့ လူတစ်ယောက် ဝင်သွားတာပြီး လူတွေကို လိုက်ပစ်နေတာတွေ့ခဲ့ရတယ်''လို့ ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ချိန် စူပါမားကတ်ထဲမှာ အလုပ်ဆင်းနေတဲ့ ရွှန်နဲလ် ဟဲရစ်ကတော့ ''အဆောက်အအုံ အနောက်တံခါးကနေ ထွက်ပြေးလာချိန်မှာပဲ ပစ်ခတ်သံ အချက်၇၀ လောက် ကြားခဲ့ရတယ်လို့ ဘက်ဖလို သတင်းဌာနက ကိုပြောထားပါတယ်။
''ဆိုင်ထဲမှာ လူပြည့်နေတယ်။ စနေ၊ တနင်္ဂနွေရက်လည်း ဖြစ်တယ်ဆိုတော့လေ''လို့ သူက ပြောပါတယ်။ ''အိပ်မက်ဆိုးတစ်ခုလို ခံစားရတယ်''လို့လည်း သူက ဆိုပါတယ်။
''သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားထဲကို ဝင်ပြီးလမ်းလျှောက်ရသလိုမျိုးပဲ။ ဒါပေမဲ့ အရာအားလုံးက တကယ့်အဖြစ်မှန်ပါ''လို့ ပစ်ခတ်မှုဖြစ်ပွားပြီးအခြေအနေကို ရဲအရာရှိတစ်ဦးက ပြန်ပြောပြပါတယ်။
စနေနေ့နှောင်းပိုင်းမှာတော့ နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး ကတ်သီဟိုချူးကတော့ သေနတ်သမားဟာ အကြမ်းဖက်မှုအသွင်ပြုမူခဲ့သူ လူဖြူလူမျိုးကြီးဝါဒီတစ်ဦးဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီပစ်ခတ်မှုဟာ ''ကိုယ့်အိမ်အနီးနားက စျေးဆိုင်မှာ စျေးလာဝယ်တဲ့သာမန်လူတွေကို ပစ်မှတ်ထားသလိုမျိုး စစ်တပ်ပုံစံ သတ်ဖြတ်မှု''လို့ သူက ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ သူရော၊ ဇနီးသည် သမ္မတကတော်တို့ဟာ ဒီပစ်ခတ်မှုမှာ ထိခိုက်ခံစားရသူတွေနဲ့ရော မိသားစုဝင်တွေနဲ့ပါ အတူဆုတောင်းပေးနေတဲ့အကြောင်း စာထုတ်ပြောဆိုထားပါတယ်။








