တက္ကဆက်နဲ့ အိုဟိုင်းယိုး ပစ်ခတ်မှု - အမေရိကန်မှာ နာရီပိုင်း ခြားပြီး ပစ်ခတ်မှု နှစ်ခုမှာ လူ ၂၉ ဦး သေဆုံး

စီစီတီဗီမှတ်တမ်းမှာ မြင်ရတဲ့ အယ်လ်ပါဆိုက သေနတ်သမား

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, စီစီတီဗီမှတ်တမ်းမှာ မြင်ရတဲ့ တက္ကဆက်ပြည်နယ် အယ်လ်ပါဆိုက သေနတ်သမား

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ လူ ၂၀ သေဆုံးခဲ့တဲ့ သေနတ် ပစ်ခတ်မှု အပြီး နာရီပိုင်း အကြာမှာ အိုဟိုင်းယိုး ပြည်နယ် ဒေတန်မှာ ပစ်ခတ်မှုထပ်ဖြစ်လို့ လူ ကိုးဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာ ရတယ်လို့ ရဲက အတည်ပြုပါတယ်။

အဲဒီ ပစ်ခတ်မှုက အော်ရီဂွန်ခရိုင်က အရက်ဘားတစ်ခုရဲ့ အပြင်မှာ ဒေသစံတော်ချိန် မနက် ၁ နာရီလောက်က ဖြစ်ခဲ့တာပါ။

သေနတ်သမားက အဲဒီနေရာမှာ ရဲတွေရဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားပါတယ်။

ဒဏ်ရာရသူတွေကိုတော့ ဆေးရုံတင်ပို့ထားပါတယ်။

အိုဟိုင်းယိုး ဒေတန် ပစ်ခတ်မှု ဖြစ်ပွားတဲ့နေရာ

ဓာတ်ပုံ ရင်းမြစ်, CBS

ဓာတ်ပုံ ပုံစာ, အိုဟိုင်းယိုး ဒေတန် ပစ်ခတ်မှု ဖြစ်ပွားတဲ့နေရာ

ဒီပစ်ခတ်မှုဟာ တက္ကဆက် ပြည်နယ် အယ်လ် ပါဆို မှာ ဖြစ်ခဲ့တဲ့ လူ ၂၀ သေဆုံးခဲ့တဲ့ ပစ်ခတ်မှု အပြီး နာရီ ပိုင်းအကြာမှာ ထပ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အိုဟိုင်းယိုးက သေနတ်သမား ဘယ်သူဆိုတာ မသိရသေးကြောင်းနဲ့ ပစ်ခတ်ရတဲ့ အကြောင်းအရင်းကို အပူတပြင်း စုံစမ်းနေတယ်လို့ ရဲကပြောပါတယ်။

ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့နေတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ သေနတ်ပစ်ခတ်သံတွေကြားမှာ လမ်းတွေပေါ်မှာ လူတွေ ပြေးလွှားနေတာကို တွေ့ရပါတယ်။

တက္ကဆက်ပစ်ခတ်မှု

Kianna Long (R) is comforted by a relative

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, တက္ကဆက်ပစ်ခတ်မှုက လွတ်မြောက်လာသူ( ညာ)

အိုဟိုင်းယိုးပစ်ခတ်မှု မတိုင်ခင် ဖြစ်ခဲ့တဲ့ တက္ကဆက်ပြည်နယ် အယ်လ် ပါဆိုမြို့ သေနတ်ပစ်ခတ်မှုတစ်ခုအတွင်းမှာတော့ လူ ၂၀ သေဆုံးခဲ့ပြီး ၂၆ ဦး ဒဏ်ရာ ရသွားပါတယ်။

ဒီပစ်ခတ်မှုဟာ တက္ကဆက်ပြည်နယ် သမိုင်းမှာ လူအသေအပျောက် အများဆုံး ဖြစ်ရပ် တစ်ခုဖြစ်တယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက် အဘော့တ် က ပြောပါတယ်။

အမေရိကန်-မက္ကဆီကို နယ်စပ်နဲ့ မိုင်အနည်းငယ်သာ ဝေးတဲ့ သယေလို ဗစ်စ်တာ စျေးရုံကြီးနားက ဝေါလ်မာ့တ် ကုန်စုံဆိုင်မှာ ဒီပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

အခင်းဖြစ်ရာ အယ်လ်ပါဆို မြို့ဟာ အမေရိကန်-မက္ကဆီကို နယ်စပ်ကနေ ဆိုရင် မိုင် အနည်းငယ်ပဲ ဝေးပါတယ်။

ဒါ့ကြောင့် ဒီ ပစ်ခတ်မှုဟာ လူမျိုးရေး မုန်းတီးမှု အပေါ် အခြေခံပြီး ပေါ်ပေါက်ခဲ့တာလား ဆိုတာကို အမေရိကန် ရဲတပ်ဖွဲ့က စုံစမ်းနေပါတယ်။

သေဆုံးသူတွေ ဘယ်သူဘယ်ဝါ ဆိုတာကို အမေရိကန်ဘက်က ထုတ်မပြောသေးပေမယ့်၊ မက္ကဆီကို နိုင်ငံသား ၃ ယောက် ပါတယ်လို့ မက္ကဆီကို သမ္မတ အန်းဒရက် မန်နွဲ လိုပက်ဇ် အိုဘရာဒေါက သတင်းဌာနတချို့ကို ပြောပါတယ်။

အယ်လ်ပါဆိုက စျေးဝယ်စင်တာထဲမှာ ရှိနေခဲ့သူတွေ လက်မြှောက်ပြီးထွက်လာခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အယ်လ်ပါဆိုက စျေးဝယ်စင်တာထဲမှာ ရှိနေခဲ့သူတွေ လက်မြှောက်ပြီးထွက်လာခဲ့ကြ

ဒီပစ်ခတ်မှုမှာတော့ အသက် ၂၁ နှစ်အရွယ် အမျိုးသား တစ်ဦးကို ရဲက ထိန်းသိမ်းထားပါတယ်။ သူဟာ အယ်လ် ပါဆိုမြို့ရဲ့ အရှေ့ဘက် မိုင် ၆၅၀ အကွာ အယ်လန်မြို့က ဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ ပက်ထရစ် ခရူးဆီးယပ် ဆိုသူ ဖြစ်တယ်လို့ အမေရိကန် သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

အမေရိကန် သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ CCTV ကင်မရာက ပုံတွေထဲမှာ တီရှပ် အနက်ရောင် ဝတ်ဆင်ထားတဲ့ သေနတ်သမားဟာ အသံဖုံးတဲ့ နားကြပ် တပ်ဆင်ထားရင်း ရိုင်ဖယ် သေနတ်နဲ့ တွေ့ရာ မြင်ရာ ပစ်ခတ်နေတာကို တွေ့ရပါတယ်။

အခု ပစ်ခတ်မှု နှစ်ရပ် မတိုင်ခင် ရက်အနည်းငယ် အရင်တုန်းကလည်း ကာလီဖိုးနီးယား အစားအသောက် ပွဲတော် တစ်ခုမှာ ဆယ်ကျော်သက် လူငယ် သေနတ်သမားရဲ့ လက်ချက်နဲ့ ၃ ယောက် သေဆုံး ခဲ့ပါတယ်။

အခုလို ပစ်ခတ်မှုတွေ ဆက်တိုက် ဖြစ်လာတဲ့ အတွက် အမေရိကန်မှာ သေနတ် ကိုင်ဆောင်ခွင့် ထိန်းချုပ်ဖို့ ဆော်ဩသံတွေလည်း ကျယ်ကျယ်လောင်လောင် ပြန်လည်ထွက်ပေါ် လာပါတယ်။