ဘန်ကောက်ပစ်ခတ်မှု - သေနတ်ရောင်းချသူ ၃ ဦးဖမ်းဆီးခံရ

သေနတ်သမားလူငယ်ကို သေနတ်‌ရောင်းချသူတွေအဖြစ် သံသယရှိသူတွေ

ဓာတ်ပုံ ရင်းမြစ်, Official

ဓာတ်ပုံ ပုံစာ, သေနတ်သမားလူငယ်ကို သေနတ်‌ရောင်းချသူတွေအဖြစ် သံသယရှိသူတွေ

ဘန်ကောက်ပစ်ခတ်မှုက ‌အသက် ၁၄ နှစ်အရွယ် သေနတ်သမားကို သေနတ်ရောင်းချခဲ့သူ ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၅ ရက်က ဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်။

ရောင်းချသူတွေအဖြစ်သံသယရှိခံထားရသူတွေထဲက တစ်ဦး ကို ဘန်ကောက်မှာ ဖမ်းဆီးမိပြီး နောက်ထပ် နှစ်ဦး ကိုတော့ ထိုင်းတောင်ပိုင်း ၊ ရာလာခရိုင်ထဲက နေအိမ်မှာ သက်သေခံပစ္စည်း‌တချို့နဲ့ ဖမ်းဆီးမိခဲ့တာလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ က ဆီယမ်ပါရာဂွန်ရှော့ပင်းစင်တာထဲမှာ အောက်တိုဘာ ၃ ရက်က ဖြစ်ခဲ့တဲ့ သေနတ်ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ကျည်ဆန်တွေကို စစ်ဆေးချက်အရ သေနတ်အချက်ပေါင်း ၄၀ ကျော်ပစ်ခတ်ခဲ့တယ်လို့ ဖော်ထုတ်တွေ့ရှိရပါတယ်။

စင်တာရဲ့ ဒုတိယထပ် နဲ့ တတိယထပ်တို့မှာ အများဆုံးပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ သေဆုံးသူတွေ နဲ့ ဒဏ်ရာရသူတွေကို စစ်ဆေးချက်အရ ကျည်ဆန် ၁၁ ချက် ထိမှန်ကာ သေဆုံး ဒဏ်ရာရရှိခဲ့ကြတယ်လို့ လည်း ရဲတပ်ဖွဲ့ကပြောထားပါတယ်။

သေနတ်သမားလူငယ်ဟာ ကျည်ဗလာနဲ့ပစ်ရတဲ့ သေနတ်ကို ပြုပြင်ပြီး ကျည်အစစ်ထည့်ပစ်ခတ်ခဲ့တာပါ။ ဒီဖြစ်ရပ်က ထိုင်းနိုင်ငံတွင်းမှာ ကျည်ဗလာသေနတ်တွေရဲ့ စျေးကွက်ကို မီးမောင်းထိုး‌ပြနေပါတယ်။

ဒီကျည်ဗလာသေနတ် ‌ထုတ်လုပ်ရောင်းချမှုဟာ သေနတ်အစစ်လို ကန့်သတ်ချက် မများတာကြောင့် ပုံမှန်သေနတ်တွေထက် ပိုပြီးလွယ်လွယ်ကူကူ တင်သွင်းမှတ်ပုံတင်နိုင်တာပါ။

ဒါ့ကြောင့်လည်း ထိုင်းနိုင်ငံသာမက နိုင်ငံအများစုရဲ့ အာဏာပိုင်တွေက ကျည်ဗလာသေနတ်ဟာ သေနတ်အစစ်တွေထက် ခြေရာခံဖို့ခက်ခဲပြီး သေစေနိုင်တဲ့လက်နက်အဖြစ် ပြောင်းလဲပစ်နိုင်လို့ ဒါကို သတိထားနေကြတာပါ။

ထိုင်းရဲတပ်ဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ကျည်ဗလာသေနတ် အလက်ရေ တစ်သောင်းကျော် စျေးကွက်ထဲမှာလည်ပတ်နေပြီး ဒါကို တင်းတင်းကျပ်ကျပ်ထိန်းချုပ်ဖို့ နဲ့ လိုအပ်ရင် ရောင်းချမှုကိုပါ ပိတ်ပင်တားမြစ်ဖို့အထိလုပ်ဆောင်မယ်လို့ ပြောထားပါတယ်။

အာဖရိကနိုင်ငံတွေအပါအဝင် နယူးဇီလန် နဲ့ ဗြိတိန်တို့မှာလည်း ကျည်ဗလာသေနတ်အသုံးပြုမှုတိုးလာတာနဲ့ ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ ရဲ့ အခုစိုးရိမ်ချက်လိုပဲရှိနေတယ်လို့ သတင်းတွေဖော်ပြချက်အရတွေ့ရပါတယ်။

ကျည်ဗလာသေနတ်ဟာ တကယ့်သေနတ်နဲ့ ပုံစံတူဖြစ်တာကြောင့် ရာဇ၀တ်မှုကျူးလွန်လိုသူတွေအတွက် သူတို့ရဲ့ သားကောင်တွေကို ခြောက်လှန့်ရုံနဲ့တင် လူတွေကိုအထိတ်တလန့်ဖြစ်စေနိုင်တာပါ။

ကျည်ဗလာသေနတ်တွေကို အာရှနိုင်ငံတွေက လက်လီရောင်းချတဲ့ အထင်ကရ အွန်လိုင်း ဝက်ဘ်ဆိုက်တွေသာမက အင်တာနက်ပေါ်မှာပါ ပေါ်ပေါ်တင်တင်ကြော်ငြာရောင်းချနေကြပါတယ်။

လက်ရှိမှာတော့ ဘန်ကောက်ပစ်ခတ်မှု က သေနတ်သမားကို သေနတ်ရောင်းချခဲ့သူတွေဟာ ကျည်ဗလာသေနတ်ကို ကျည်ဆံထည့်ပစ်နိုင်အောင်ပြန်လည်ပြုပြင်ထားတဲ့ သေနတ်ကို ရောင်းချခဲ့တာလို့ ‌စစ်ဆေးတွေ့ရှိထားပါတယ်။

သေနတ်ရောင်းချသူတွေရဲ့ နေအိမ်ကို စစ်ဆေးမှုပြုလုပ်ချိန်

ဓာတ်ပုံ ရင်းမြစ်, Official

ဓာတ်ပုံ ပုံစာ, သေနတ်ရောင်းချသူတွေရဲ့ နေအိမ်ကို စစ်ဆေးမှုပြုလုပ်ချိန်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သေနတ်ရောင်းချသူ သုံးဦးမှာ နှစ်ဦး က သားအဖတော်စပ်တာပါ။ အဲဒီ သားအဖ နှစ်ဦး ရဲ့ နေအိမ်ကို ရဲတပ်ဖွဲ့က ရှာဖွေခဲ့ချိန်မှာ‌တော့ ရာနဲ့ချီ တဲ့ ကျည်ဗလာသေနတ်တွေ ၊ ကျည်ဆန်အလွတ်တွေ နဲ့ သေနတ်ပြောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ထိုင်း ဒုတိယရဲမှူးကြီးကပြောပါတယ်။

သေနတ်သမားရဲ့ ဖုန်းကို စစ်ဆေးပြီးတဲ့နောက် လွန်ခဲ့တဲ့ တစ်လခန့် က အခုဖမ်းဆီးခံထားရတဲ့ ရောင်းချသူလို့ယူဆရသူတွေနဲ့ အဆက်အသွယ်ရှိနေ‌တာကိုတွေ့ရှိခဲ့ရတာပါ။

ကျည်ဗလာ သေနတ်ရောင်းချသူတွေဟာ ပြုပြင်မွမ်းမံထားတဲ့ သေနတ်တွေ နဲ့ ကျည်ဆန်အလွတ်တွေကိုရောင်းချနေတာ နှစ်နှစ်နီးပါးရှိပြီလို့ ဆိုပါတယ်။

သူတို့ ၃ ဦး ကို တရားမဝင်ကျည်ဗလာသေနတ်ကို ပြုပြင်ပြောင်းလဲရောင်းချမှုနဲ့ တရားစွဲတင်ဖို့ ရှိနေပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားအမျိုးသမီးတစ်ဦးအပါအဝင် လူ ၂ ဦးသေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရခဲ့တဲ့ ဘန်ကောက်မြို့ ဆီယမ်ပါရာဂွန် စျေးဝယ်စင်တာ အတွင်း သေနတ်ပစ်ခတ်မှုကျူးလွန်ခဲ့တဲ့ အသက် ၁၄ နှစ်အရွယ်လူငယ်ကိုတော့ လူသတ်မှုအပါအဝင် အမှု ၅ ခုနဲ့ အမှုဖွင့်ထားပြီး သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကို စစ်ဆေးမှုတွေလုပ်ဖို့ရှိနေပါတယ်။

ရဲတပ်ဖွဲ့က ဒီလူငယ်ကို လူငယ်ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားပြီး သူ့ရဲ့ မိဘတွေကလည်း သူ့ကို အာမခံနဲ့ ထုတ်တာမျိုး ဒါမှမဟုတ် သူ့အတွက်တောင်းဆိုတာမျိုးလည်းမရှိဘူးလို့ သိရပါတယ်။

ဒီဖြစ်စဥ်ထဲမှာ သေဆုံးခဲ့ရတဲ့ မြန်မာနိုင်ငံသားရွှေ့ပြောင်းလုပ်သား မမိုးမြင့်ရဲ့ စျာပနကိုတော့ လာမယ့် အောက်တိုဘာ ၈ ရက်မှာ ထိုင်းနိုင်ငံမှာဘန်ကောက်မြို့ ဝတ်တာနာဘုန်ကြီးကျောင်းမှာပြုလုပ်ဖို့ရှိနေပါတယ်။