ရော့တာဒမ်ပစ်ခတ်မှု - လူသုံးဦးကို ပစ်သတ်တဲ့ သေနတ်သမားကို ဖမ်းထား

ပစ်ခတ်မှုဖြစ်ခဲ့တဲ့နေအိမ်တိုက်ခန်းရှေ့ ကမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ပစ်ခတ်မှုဖြစ်ခဲ့တဲ့နေအိမ်တိုက်ခန်းရှေ့ က မီးသတ်နဲ့ ကယ်ဆယ်ရေးလုပ်သားတွေ

နယ်သာလန်နိုင်ငံ ရော့တာဒမ်မြို့ က တိုက်ခန်းတစ်ခု နဲ့ ဆေးရုံကို မနေ့ ကြာသပတေးနေ့ က သေနတ်သမားတစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့လို့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် လူသုံးဦး သေဆုံးခဲ့ပါတယ်။

တိုက်ခန်း နေအိမ်တစ်ခုက ပစ်ခတ်မှုမှာ အသက် ၃၉ နှစ်အရွယ် အမျိုးသမီး နဲ့ ၁၄ နှစ်အရွယ် သမီးဖြစ်သူတို့ သေဆုံးခဲ့ပါတယ်။

ဒုတိယပစ်ခတ်မှုဖြစ်တဲ့ ဆေးရုံရဲ့ စာသင်ခန်းအတွင်းပစ်ခတ်မှုမှာတော့ အသက် ၄၃ နှစ်အရွယ် အမျိုးသားကထိကတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံးခဲ့တာပါ။

အခုတော့ နေရာနှစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ သေနတ်သမားလို့ သံသယရှိသူကို နယ်သာလန်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်။

သံသယရှိသူဟာ ဖိုယက် အယ်လ် ဖြစ်တယ်လို့ နယ်သာလန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ဒုတိယသေနတ်သမားရှိခဲ့တယ်ဆိုတဲ့ အထောက်အထားမျိုးတော့မရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဆေးရုံမှာ ပစ်ခတ်မှုအသံတွေကြားတဲ့အချိန်မှာတော့ ဝန်ထမ်းတွေဟာ လူနာတွေနဲ့အတူ အဆောက်အအုံအပြင်ဘက်ကို ထွက်ခဲ့ကြပါတယ်။

သေနတ်သမားကိုဖမ်းဖို့ကြိုးစားတဲ့ ဒတ်ချ်ရဲတပ်ဖွဲ့

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အထူးတပ်ဖွဲ့တွေလည်း ဆေးရုံဆီကို ရောက်လာ

သေနတ်သမားဟာ Erasmus တက္ကသိုလ်ရဲ့ ကျောင်းသားတစ်ဦးဖြစ်သလို သူဝင်ရောက်ပစ်ခတ်ခဲ့တဲ့နေအိမ်တည်ရှိရာ ရပ်ကွက်မှာပဲနေထိုင်သူလို့ သတင်းတွေက ဖော်ပြပါတယ်။

ဖြစ်စဥ်နဲ့ပတ်သက်ပြီး ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်မှာတော့ အခင်းဖြစ်တဲ့နေရာကနေ လက်နောက်ပြန် လက်ထိတ်ခတ်ခံထားရတဲ့ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဆေးရုံအဆောက်အအုံထဲကနေ ခေါ်ဆောင်သွားတာတွေ့ရပြီး တိုက်ခိုက်မှုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ရော့တာဒမ်ရဲအရာရှိတွေကတော့ သေနတ်သမားလို့သံသယရှိသူရဲ့ ‌နောက်ခံအကြောင်းကို သူတို့သိရှိပြီးဖြစ်သလို သူဟာ လွန်ခဲ့တဲ့ နှစ်နှစ်က တိရစ္ဆာန်တွေအပေါ် ရက်စက်စွာပြုမူမှုအတွက် အပြစ်ပေးခံခဲ့ရသူဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ‌ ပြောထားပါတယ်။

ထိတ်လန့်နေတဲ့မြို့ခံတွေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ထိတ်လန့်နေတဲ့မြို့ခံတွေ

ဆေးရုံပြတင်းပေါက်နှစ်ခုမှာလည်း ‘အခန်း ၃၂ ၊ အပြင်ထွက်လို့မရ’ ဆိုတဲ့ စာတွေရေးပြီး ကပ်ထားတာကိုလည်း တွေ့ခဲ့ရပါတယ်။

ပစ်ခတ်မှုဖြစ်ချိန်မှာ အစ္စရေးက အသက် ၂၇ နှစ်အရွယ် ကျောင်းသား ဘားရက်က အလုပ်အင်တာဗျူးဝင်နေချိန် ဖြစ်ပါတယ်။

သူအပြင်ထွက်လာတဲ့အချိန်မှာ အချက်ပေးသံတွေကြားရတယ်လို့ ဘားရက်က ဆိုပါတယ်။

“(ပစ်ခတ်သူက) ကျွန်တော်တို့လို ကျောင်းသားတစ်ယောက်ဖြစ်နေတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး” လို့ သူက ဆက် ပြောပါတယ်။

“စတုတ္ထထပ်မှာ အရင်ပစ်တယ်၊ လေးချက်၊ ငါးချက်လောက်ပစ်တာ၊ ပြီးတော့ ဆေးရုံထဲကို ဓာတ်ဆီဗုံးပစ်ထည့်လိုက်တယ်” လို့ နောက်ထပ်ကျောင်းသားတစ်ဦးက RTL Nieuws ဝက်ဘ်ဆိုက် ကို ပြောပါတယ်။

လက်ဖြောင့်သေနတ်သမားတွေအပါအဝင် အထူးတပ်ဖွဲ့ဝင်တွေဟာ ဆေးရုံကို စီးနင်းခဲ့ပါတယ်။

ဆေးရုံအဆောက်အအုံအပေါ်မှာ ရဟတ်ယာဉ်တွေ ဝဲပျံနေပါတယ်။ ရဲတပ်ဖွဲ့ ရဲ့ အပြောအရတော့ ဖမ်းဆီးမခံရခင်မှာ သံသယရှိခံရသူ သေနတ်သမားဟာ ဆိုင်ကယ် နဲ့ လာခဲ့တာလို့ ဆိုပါတယ်။

ဆံပင်အနက်ရောင်နဲ့ အဲဒီလူဟာ ကျောပိုးအိတ်ကိုလွယ် နားကျပ်တပ်ထားပြီး တိုက်ခိုက်ရေးဝတ်စုံဝတ်ကာ သေနတ်ကိုင်ထားတယ်လို့ ဆိုပါတယ်။