စစ်ကောင်စီတပ်ကို အလံဖြူထောင်ခိုင်းနေတဲ့ကနီတိုက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, DRPA
“ကနီမှာ အလံဖြူထောင်ဖို့နဲ့ လက်နက်ချဖို့အထိ ရန်သူက ဖိအားပေးလာနေပြီ”
စစ်ကောင်စီကို ထောက်ခံတဲ့တယ်လီဂရန်ချန်နယ်တွေမှာ ကနီမြို့ပေါ်တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်ဘက်က အထိအခိုက်များနေတဲ့အကြောင်း မတ်လ ၆ ရက်နေ့တုန်းက ခပ်စိပ်စိပ်ရေးသားဖော်ပြခဲ့ရာကနေ စစ်ကိုင်းတိုင်း ၊ ကနီမြို့ကို ဘယ်သူထိန်းချုပ်ထားသလဲဆိုတာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အပြောများတဲ့ မေးခွန်းတစ်ခု ဖြစ်လာပါတယ်။
ချင်းတွင်းမြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ ကနီမြို့ပေါ်က စစ်ကောင်စီခြေကုပ်ယူထားတဲ့နေရာကို မတ်လ ၂ ရက်နေ့ အရုဏ်ဦးအချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့တွေက တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲစဖြစ်ခဲ့ပါတယ်။
“ရဲစခန်း၊ စာသင်ကျောင်း၊ ရွှေစည်းခုံတောင်နဲ့ မြင်းဖြူတောင်ပေါ် ဒီနေရာတွေမှာပဲ သူတို့ရှိနေတာပါ။ ကျွန်တော်တို့က မြို့တွင်းဝင်နိုင်ပြီ၊ ရဲစခန်းထဲ မဝင်နိုင်သေးတာပါ” လို့ ကနီမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့၊ ဒုတိယတာဝန်ခံက ဘီဘီစီကို ပြောပါတယ်။
ဘီဘီစီက မေးမြန်းကြည့်တဲ့ ကနီစစ်ရေးအခြေအနေကို သိရှိသူ သုံးဦးထက်မနည်းကတော့ “ကနီမြို့ကို အလုံးစုံ မသိမ်းနိုင်သေးဘူး” လို့ တပြေးညီတုံ့ပြန်ကြပြီး မတ်လ ၇ ရက်နေ့မှာဆိုရင် စစ်ကောင်စီတပ်က လေကြောင်းနဲ့ တပ်ကူ အလုံးအရင်းဖြည့်တင်းထားပြီလို့ ဆိုကြပါတယ်။
မြို့ပေါ် ရပ်ကွက် သုံးခုစလုံးမှာတော့ အရပ်သားပြည်သူတွေ မရှိကြတော့သလို မြို့နဲ့ထိစပ်နေတဲ့ ကျေးရွာ ၁၀ ရွာကျော်က ဒေသခံတွေပါ ဘေးလွတ်ရာကို စစ်ပြေးရှောင်နေကြရပါပြီ။
စစ်ရှောင်တွေထဲ Non CDM နဲ့ ပျူစောထီးတွေလည်း ပါဝင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
လွန်ခဲ့တဲ့ ငါးရက်၊ တော်လှန်ရေးအင်အားစုတွေ ထိုးစစ် စတင်တဲ့ မတ်လ ၂ ရက်နေ့ မနက်ပိုင်းကစလို့ ကနီ မြို့ပေါ် ရပ်ကွက် ၁၊ ၂ နဲ့ ၃ က ဒေသခံတွေ စတင် ထွက်ပြေးစစ်ရှောင်ကြပါတယ်။
“စစ်ရှောင် ၄၅၀၀ ကျော်ရှိနေပြီ။ အဲဒီထဲ Non-CDM နဲ့ ပျူစောထီးတွေလည်းပါတယ်” လို့ မြေပြင်မှာ စစ်ရှောင်ကူညီနေသူ ကနီဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်ဆဲ Non-CDM ဝန်ထမ်းတွေနဲ့ ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး) ဘယ်နှဦးကို စောင့်ရှောက်ထားသလဲလို့ ဘီဘီစီက မေးမြန်းကြည့်ရာမှာတော့ လုံခြုံရေးအရ အတိအကျထုတ်ဖော်ပြောကြားဖို့ မသင့်တော်သေးဘူးလို့သာ တုံ့ပြန်ပါတယ်။
“စစ်ရှောင်တဲ့သူတို့တွေကို အခြားမြို့နယ်ကျော်ပြီးမသွားဖို့ စာရင်းကောက်ယူတာတွေလုပ်နေပါတယ်။ ကျွန်တော်တို့နေရာတွေကို သတင်းပြန်ပေးတာမျိုးတွေ၊ နောက် သက်ဆိုင်ရာကနေ ဆက်လုပ်ဆောင်ရ မယ့် ကိစ္စတွေရှိနေပါသေးတယ်” လို့ ကနီပြည်သူ့လုံခြုံရေးအဖွဲ့၊ ဒုတာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီထောက်ခံတဲ့တယ်လီဂရန်ချန်နယ်တွေမှာတော့ မတ်လ ၂ ရက်နေ့ တိုက်ပွဲစတင်ဖြစ်တဲ့ရက်မှာပဲ ကနီဆေးရုံနဲ့ မြို့နယ်ပညာရေးမှူးရုံးဝန်ထမ်းတွေကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) တို့က ခေါ်ဆောင်သွားတယ်လို့ ရေးသားခဲ့ကြပါတယ်။
ကနီမြို့ပေါ်က ဒေသခံစစ်ရှောင်တွေကို လုံခြုံမယ့်ကျေးရွာတွေမှာ ကူညီစောင့်ရှောက်ပေးထားပေမဲ့ စားဝတ်နေရေး၊ ဆေးဝါးအခက်အခဲတွေရှိနေတယ်လို့ မြေပြင်မှာရှိနေတဲ့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်း ထဲက ကျေးရွာ အများစုဟာ တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး လှုပ်ရှားမှုတွေကြောင့် နေအိမ်မီးရှို့ဖျက်ဆီးခံရတာ၊ အင်တာနက်နဲ့ လမ်းပန်းဆက်သွယ်ရေးဖြတ်တောက်ခံရတာရဲ့ နောက်ဆက်တွဲ လူမှုဘဝဆင်းရဲမှုဒဏ်ကိုပါ ရင်ဆိုင်ပါတယ်။ ဒီအချိန်မှာ အခုလိုမြို့ပေါ်က ဒေသခံတွေပါ စစ်ပြေးရှောင်ကြရတဲ့အခါ အချင်းချင်းကူညီနိုင်ဖို့ ပိုပြီး ခက်ခဲလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“အကုန်လုံးကိုတော့ လူသားစာနာစိတ်နဲ့ တပြေးညီ ကူညီထားပါတယ်” လို့ စစ်ရှောင်ကူညီသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မျက်မြင်အချို့ရဲ့ ပြောကြားချက်အရတော့ ဒေသခံတွေ ထွက်ခွာသွားတဲ့ ကနီမြို့ဟာ မြို့ပေါ်တိုက်ပွဲဖြစ်ပွားတဲ့ ငါးရက်တာအတွင်းမှာတင် ရပ်ကွက်အကုန်လုံးက နေအိမ်အများစုမီးလောင် ပျက်စီးခဲ့ပါပြီ။
ဒါဟာ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခပ်စိပ်စိပ်လေကြောင်းပစ်ခတ်မှုတွေကြောင့် ဗုံးပေါက်ကွဲမီးလောင်တာလို့ မြေပြင်မှာရှိနေသူတွေက ပြောပါတယ်။
စစ်ကောင်စီကတော့ ကနီမြို့ပေါ်ကို ဓာတုဗုံးအသုံးပြုတိုက်ခိုက်တာမရှိဘူးလို့သာ မတ်လ ၇ ရက်ထုတ် သတင်းစာမှာ ဖော်ပြခဲ့ပြီး တိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့ ထုတ်ဖော်ပြောတာမရှိပါဘူး။
လေယာဉ်အမျိုးအစားအစုံနဲ့ လေကြောင်းတိုက်ခိုက်

ကနီမြို့နယ်အခြေအနေကိုကြည့်ရရင် မြို့တောင်ဘက်မှာရှိတဲ့ ပြည်သူ့စစ်ရွာ ရေလယ်ကျွန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝိုင်းထားသလို မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီအခြေစိုက်နေရာတွေကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် နေပါတယ်။
“ရေလယ်ကျွန်းက သူတို့လည်းထွက်မလာသလို ကျွန်တော်တို့လည်း မတိုက်ခိုက်နေဘူး။ အဓိက ရဲစခန်းမှာ ဖြစ်နေတာပါ။ ရဲစခန်းခြံစည်းရိုးအပြင်မှာ ကျွန်တော်တို့ရှိပြီး ဘန်ကာထဲမှာလည်း သူတို့ရှိနေတာပါ” လို့ ပြည်သူ့လုံခြုံရေးအဖွဲ့၊ ဒုတာဝန်ခံက မြေပြင်အခြေအနေကို ရှင်းပြပါတယ်။
ဒါကြောင့် လက်နက်ချအညံ့ခံဖို့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက အသံချဲ့စက်တွေနဲ့ ပြောဆိုခဲ့ကြောင်း သူက အတည်ပြုသလို စစ်ကောင်စီကိုထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာလည်း လက်နက်ချဖို့ ဖိအားပေးခံနေရကြောင်း ရေးသားခဲ့ကြပါတယ်။
မတ်လ ၅ ရက်အထိ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက မြို့တွင်းမှာနေရာယူနိုင်ခဲ့ပေမဲ့ မတ်လ ၆ ရက်နေ့မှာတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုတိုးလုပ်လာတာကြောင့် ကာကွယ်ရေးအဖွဲ့ဝင် အချို့ သာမက အရပ်သားပြည်သူတွေပါ ထိခိုက်သေဆုံးခဲ့ပါတယ်။
ဒေသတွင်းသတင်းတွေအရ ကနီမြို့တောင်ဘက်က မင်းကုန်းနဲ့ တဇယ်ချောင်ရွာ၊ မြို့နဲ့ မိုင် ၂၀ ကွာတဲ့ အုမ္မရွာ ကျေးရွာအုပ်စုက တောင်ကိုးလုံးရွာ၊ နောက်ပြီး အထက်ကင်းရွာနဲ့ မိချောင်းတွင်းရွာတွေမှာ လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သားထိခိုက်သေဆုံးတာတွေရှိတယ်လို့ သိရပါတယ်။
“ကျွန်တော်အတည်ပြုနိုင်တာက မနေ့ (မတ်လ ၆ ရက်)မှာတင် လေကြောင်းလာပစ်လို့ အရပ်သား တစ်ဦး သေဆုံးပြီး နောက်ထပ်လေးဦး ထိခိုက်ဒဏ်ရာရတယ်” လို့ မြေပြင်မှာရှိနေတဲ့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။
မတ်လ ၆ ရက်နေ့မှာ အများဆုံးလေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး စစ်တပ်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေသာမက လေယာဉ်နှစ်စင်းနဲ့ တပြိုင်နက်ပစ်ခတ်တာလည်းရှိခဲ့တယ်လို့ သူက အခုလို ဆက်ပြောပါတယ်။
“မနေ့ကဆို တစ်ရက်တည်းကို အကြိမ် ၂၀ ကျော်တယ်။ မျက်စိရှေ့တင် လာပစ်သွားလိုက်၊ ထပ်လာပစ်လိုက်နဲ့လေ။ ဒီမနက်တောင် ၁၂ ကြိမ်လောက်ရှိနေပြီ” လို့ မတ်လ ၇ ရက် နေ့လယ်ပိုင်းမှာ ဘီဘီစီကို ဖြေကြားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
အခုလိုလေကြောင်းတိုက်ခိုက်တာအပြင် ကနီမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့တွေဆီ ပုလဲမြို့၊ အင်မထီးရွာနဲ့ ကလေးမြို့က ပြည်သူ့စစ်အဖွဲ့ဝင်တွေကို လေကြောင်းနဲ့ပဲ ခေါ်ယူ တပ်အင်အားဖြည့်ပေးခဲ့ကြောင်း သတင်းတွေအရ သိရပါတယ်။
ကနီအပါအဝင်စစ်ကိုင်းတိုင်း ထဲက မြို့နယ်တော်တော်များများမှာရှိတဲ့ ကျေးလက်ဒေသတွေကို တော်လှန်ရေးအစု အဖွဲ့တွေက ထိန်းချုပ်ကြပြီး မြို့ပေါ်မှာတော့ စစ်ကောင်စီတပ်တွေက နေရာယူထားလေ့ရှိပါတယ်။
ဒါကြောင့် ကနီမြို့ပေါ်ကို ဘာကြောင့် ထိုးစစ်ဆင်ရတာလဲလို့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို ဘီဘီစီက ဆက်သွယ်မေးမြန်းရာမှာတော့ “စစ်ဆင်ရေးမဟာဗျူဟာအရ ထိုးစစ်ဆင်တာပါ” လို့ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ခပ်တိုတိုတုံ့ပြန်ပါတယ်။
စစ်ရေးအခြေအနေအသေးစိတ်ကိုတော့ အမှတ် ၁ စစ်ဒေသကနေ ထုတ်ပြန်မယ်လို့ ဆိုပါတယ်။
အမှတ် ၁ စစ်ဒေသဆိုတာဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ခေါင်လွန်း ကိုယ်တိုင် စစ်ဒေသမှူးအဖြစ် တာဝန်ယူ ကွပ်ကဲပြီး KIA အရာရှိကြီးတွေက ခရိုင်အဆင့် ကွပ်ကဲ ဆောင်ရွက်နေတာဖြစ်ပါတယ်။








