အင်တာနက်ဖြတ်တောက်ခံရပြီးနောက် ပိုပြီးထိုးစစ်ဆင်ခံနေရတဲ့ စစ်ကိုင်းတိုင်း

ဓာတ်ပုံ ရင်းမြစ်, CJ
ဖေ့စ်ဘွတ်ခ် လူမှုစာမျက်နှာမှာ အသက် ၂၀ ကျော်အရွယ် လူငယ် အမျိုးသမီးတစ်ယောက်က ၅/ (မျဉ်းစောင်း) တွေကို ကူညီပေးကြဖို့ဆိုပြီး မေတ္တာရပ်ခံနေတဲ့ဗီဒီယိုဖိုင်တစ်ခု တက်လာခဲ့ပါတယ်။
၅/(မျဉ်းစောင်း) ဆိုတာက မှတ်ပုံတင်လုပ်တဲ့အခါ စစ်ကိုင်းတိုင်းရဲ့ အမှတ်သားနံပါတ် ၅/ ကို ဆိုလိုတာပါ။
မေတ္တာရပ်ခံနေသူက မုံရွာတက္ကသိုလ်ကျောင်းသားသမဂ္ဂဝင်လည်းဖြစ်တဲ့ မချောစုဟန် ဖြစ်ပါတယ်။
အင်တာနက်ဖြတ်တောက်ခံထားရတဲ့ စစ်ကိုင်းတိုင်းမှာ စစ်အင်အားတိုးပြီး ထိုးစစ်ဆင်ခံနေရတာ၊ ရွာလုံးကျွတ်မီးရှို့ခံနေရတာ၊ ဒေသခံတွေ ဖမ်းဆီး၊သတ်ဖြတ်ခံနေရတာ၊ အဖိုးတန် ပစ္စည်းတွေ ဖျက်ဆီး လုယက်ခံနေရတွေကို ပြောပြနိုင်မယ့် သတင်းစီးဆင်းမှုတွေ နှောင့်နှေးကုန်တယ်လို့ သူက ပြောပါတယ်။
"ဒီလို ဖိနှိပ်ခံရတာတွေကြောင့် ၅ မျဉ်းစောင်းတွေရဲ့စိတ်ထဲမှာ ကြောက်စိတ်တွေထက် တော်လှန်ချင်စိတ်တွေ ကိန်းဝပ်နေပြီ။"
"မီးရှို့ခံလိုက်ရတဲ့ ပြည်သူတွေ၊ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ၊ အသတ်ဖြတ်ခံထားရတဲ့ မိသားစုတွေ သေကွဲကွဲ ရှင်ကွဲကွဲ ခံထားရတဲ့ ပြည်သူတွေနဲ့ တသားတည်း ရပ်တည်ဖို့ လိုအပ်နေပြီ " ဆိုပြီး ပြောပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Khin Su Han's Facebook
စစ်ကိုင်းတိုင်းဟာ အင်တာနက် ဖြတ်တောက်မခံရခင် အချိန်ကတည်းက လူ့အခွင့်အရေးချိုးဖောက်မှု မျိုးစုံကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အင်တာနက်ဖြတ်တောက်ခံရပြီးနောက်မှာတော့ သတင်းရရှိနိုင်မှုတွေက ပိုပြီး အလှမ်းဝေးသွားပါတော့တယ်။
ဒီလ မတ် ၃ ရက်မှာ စစ်ကိုင်းတိုင်းထဲက မြို့နယ်ပေါင်း ၂၃ ခုကို အင်တာနက်ဖြတ်တောက်လိုက်ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာ မှာ မြို့နယ် ၈ ခုလည်း ဖြတ်တောက်ခံထားရတာဆိုတော့ စုစုပေါင်း မြို့နယ် ၃၁ ခု ဖြစ်ပါတယ်။
မတ် ၃ ရက်မှာ အင်တာနက်ဖြတ်တောက်လိုက်ပြီး မတ် ၄ ရက်မှာတော့ ဒီပဲယင်းမြို့နယ်၊ မင်းဆွေနှစ်ကျေးရွာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လူငယ် ၈ ယောက် အသတ်ခံရပြီး မီးရှို့ခံရပါတယ်။
ဒါ့အပြင် အင်တာနက်မဖြတ်တောက်ခင်ကတည်းက လေကြောင်းနဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနေပါတယ်။
လေကြောင်းကနေ ပစ်ခတ်တာကြောင့် အရပ်သားတွေပါ ထိခိုက်သေဆုံးနေတဲ့ ယင်းမာပင်မြို့နယ်မှာလည်း အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတဲ့ အခြေနေတွေ တွေ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတွေဆီက ပြောဆိုမှု တချို့ရှိပါတယ်။
သီးကုံးရွာက ဘုရားဝန်းထဲကဘုန်းကြီးကျောင်းမှာ စစ်ကြောင်း တပ်စွဲခဲ့တဲ့နေရာကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မနေ့က ရောက်ရှိခဲ့ကြပါတယ်။
အဲ့ဒီမှာ မွေ့ရာတစ်ခုဘေးမှာ လုံချည်တွေ၊ အမျိုးသမီးအတွင်းခံတွေ၊ ကွန်ဒုံးတွေနဲ့ လိင်စော်ကားမှု လုပ်တယ်ဆိုတဲ့ ယူဆနိုင်ဖွယ်ရာ အခြေအနေတချို့ကို တွေ့ရတာကြောင့် အမျိုးသမီးတွေ အကြမ်းဖက်ခံရတာဖြစ်နိုင်တယ်လို့ ကောက်ချက်ချ ပြောဆိုကြတာပါ။
" အမျိုးသမီး တစ်ယောက်ကနေ ငါးယောက်ဝန်းကျင်လောက် မုဒိမ်းကျင့်ခံရတာ ဖြစ်မယ်။ ဘုရားဝန်းနေရာတွေ၊ ဘုန်းကြီးကျောင်းဝန်းနေရာ သုံးလေးခုလောက်မှာ ကွန်ဒုံးတွေ တွေ့တယ်တဲ့။ မွေ့ရာက ဘုန်းကြီးကျောင်းထဲက မွေ့ရာဖြစ်မယ်။ အဲ့နားမှာလည်း ကွန်ဒုံးနဲ့ အမျိုးသမီး အတွင်းခံတွေ တွေ့ရတာ။ ဘယ်ကနေ အဖမ်းခံခဲ့ရတာလည်းတော့ မသိကြရသေးဘူးလို့တော့ ပြောတယ်" လို့ အဲဒီအခြေအနတွေကို မြင်ခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့ရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု တချို့ကို အရေးယူတယ်ဆိုတဲ့ သတင်းမျိုး ထုတ်ပြန်ခဲ့ဖူးပေမဲ့ အခု ဒီဒေသတစ်ဝိုက်မှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတဲ့ လိင်ကျူးလွန်မှုတွေ ရှိတယ်ဆိုတဲ့ ပြောဆိုမှုတွေ၊ စွပ်စွဲချက်တွေကို စစ်ကောင်စီက တုံ့ပြန်မှုတွေ၊ အရေးယူဖြေရှင်းမှုတွေ မတွေ့ရသေးပါဘူး။
စက်တင်ဘာကတည်းက အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ယင်းမာပင်မြို့နဲ့ကပ်ရပ် ကနီမြို့မှာလည်း အဓမ္မ ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကနီမြို့နယ် ဒေသခံတစ်ယောက်က ပြောပြတာက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်နဲ့ ဇူလိုင်မှာ အဓမ္မကျူးလွန်ခံရမှု လေး မှု ရှိတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံအမျိုးသမီးများ အဖွဲ့ချုပ်က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာ ကာလအတွင်း အမျိုးသမီး ၁၀၇ ယောက် အသတ်ခံရပြီး ၁၅၇၂ ယောက် ထောင်ချခံထားရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ခင်ဦးမြို့နယ်မှာလည်း မတ် ၅ ရက်မှာ ဒါန်းကုန်းရွာနဲ့ မှန်ရောရွာက ဒေသခံ ၃ ယောက်၊ မတ် ၈ ရက်မှာ ဒေသခံ နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၁၄ ယောက် အစုလိုက် အပြုံလိုက် အသတ်ခံရတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
အင်တာနက်ဖြတ်တောက်ခံရပြီးနောက်ပိုင်း မီးရှို့ခံရတဲ့ အိမ်ခြေ ၆၀ ကျော်ရှိတယ်လို့လည်း ပြောပါတယ်။
" ဖြတ်လေးဖြတ် လုပ်တာပေါ့ဗျာ။ သူတို့တွေရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ကမ္ဘာက မသိအောင် လုပ်တာပေါ့။ အင်တာနက်ဖြတ်လိုက်ရင် သူတို့ကျူးလွန်တာတွေကို သတင်းသိပ်သိကြရတော့ဘူးပေါ့ဗျာ" လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒီဒေသတွေက တိုက်ပွဲ အခြေအနေတွေကို စစ်ကောင်စီဘက်က တုံ့ပြန်မှုတွေနဲ့ တန်ပြန် စွပ်စွဲမှု တချို့လည်း ရှိပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့ နှစ်ဖက် ကွဲလွဲတဲ့ ပြောဆိုမှုတွေ၊ ဒေသခံတွေရဲ့ ပြောဆိုမှုတွေနဲ့ စစ်ကောင်စီဘက်က ပြောဆိုမှု ကွဲလွဲမှုတွေ ရှိနေပါတယ်။
စစ်အာဏာသိမ်းခံရတဲ့ တစ်နှစ်ကျော်ကာလ မတ် ၇ ရက်အထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ မီးရှို့လို့ ပျက်စီးသွားတဲ့ နေအိမ်ပေါင်း ၆၇၀၀ ကျော် မှာ စစ်ကိုင်းတိုင်းက ၃၉၀၀ ကျော်နဲ့ အများဆုံးဖြစ်တယ်လို့ အချက်အလက်တွေ စောင့်ကြည့်လေ့လာတဲ့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။
"အင်တာနက်ဖြတ်လိုက်တော့ အချက်လက်တွေ ယူရခက်သွားပြီပေါ့ဗျာ။ ဒါပေမဲ့ သတင်းမီဒီယာတွေကနေ တင်သမျှ အချက်လက်တွေကို စိစစ်ပြီး ကောက်ယူနေပါတယ်"လို့ Data for Myanmar အဖွဲ့က တာဝန်ရှိသူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
ဒီအချက်လက်တွေဟာ သတင်းရယူနိုင်သမျှ ရယူထားတဲ့ အချက်လက်တွေဖြစ်ပြီး အင်တာနက် ဖြတ်တောက်ခံထား ရတာကြောင့် တချို့မြို့နယ် ၊ ကျေးရွာတွေမှာ ဘယ်လိုအခြေအနေတွေ ရှိနေတယ်ဆိုတာ သေချာ မသိနိုင်တာတွေလည်း ရှိပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ အင်တာနက်ဖြတ်တောက်တာအပြင် တချို့နေရာတွေမှာ ဖုန်းဆက်သွယ်တာတွေတောင် အဆင်မပြေတာတွေ ရှိနေကြပါတယ်။
ကမ္ဘာတဝန်း စိတ်ဝင်စားပြီး စောင့်ကြည့်နေရတဲ့ ရုရှား-ယူကရိန်း ကျူးကျော်စစ်မှာ ယူကရိန်းဘက်ကနေ မြန်မာပြည်သူတွေ တစ်စုတစည်းထဲရှိတာကို ပြသကြသလို စစ်ကိုင်းတိုင်းထဲမှာ လူ့အခွင့်အရေးကို ပုံစံမျိုးစုံ ချိုးဖောက်ခံနေရတဲ့ ပြည်သူတွေအတွက်လည်း ဝိုင်းဝန်းကူညီပေးကြဖို့ တောင်းဆိုနေကြပါတယ်။









