နေရေး စားရေးနဲ့ စစ်ဘေး အပြင် ရေရှားတဲ့ဒုက္ခ ကြုံနေရတဲ့ စစ်ကိုင်းတိုင်းက စစ်ရှောင်များ

ဓာတ်ပုံ ရင်းမြစ်, Revolution Gallery
မုံရွာမြို့အထွက် ချင်းတွင်းတံတားကို ကျော်လာပြီး ၁၀မိုင်ခန့်ဆိုရင် ယင်းမာပင်မြို့နယ်ထဲက ဘန့်ဘွေးဆိုတဲ့ ရွာကို ရောက်ပါတယ်။
ဘန့်ဘွေးရွာဟာ မုံရွာ ယာကြီး လမ်းဘေးက ရွာလေးတစ်ရွာဖြစ်ပြီးတော့ ရွာမှာနေထိုင်သူ အများစုဟာ ယာလုပ်ငန်းလုပ်ကြတဲ့ တောင်သူတွေ ဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့ နှစ်လလောက်ကစပြီး လေကြောင်းကနေ ပစ်ခတ်ခံရ၊ ရွာတွေမီးရှို့ခံရပြီး ရွာမှာတပ်စွဲထားလို့ မပြန်ရဲကြတဲ့ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာက ဒေသခံ သုံးထောင်လောက်ဟာ တောထဲမှာပဲ ပုန်းရှောင်နေကြရပါတယ်။
ပုန်းရှောင်နေကြရင်း မနက်မိုးလင်းတာနဲ့ အသွားအပြန် နေ့တစ်ဝက်အချိန်ပေးရတဲ့ ရေတွင်းဆီကို နွားလှည်းတွေ၊ ဆိုင်ကယ်တွေနဲ့သွားရပါတယ်။
ပုံမှန်အချိန်ဆို တောတွေနားက ရေကန်တွေမှာ ရေရှိပေမဲ့ စစ်ဘေးရှောင်တွေများတာ၊ နွေနေပူပြင်းတာတွေကြောင့် ရေတွေခမ်းကုန်တဲ့အတွက် နီးစပ်ရာရွာတွေကနေ သွားခပ်နေကြရတယ်လို့ဆိုပါတယ်။
ကိုယ့်အိုးကိုယ့်အိမ်နဲ့ နေပူပူ၊ မိုးရွာရွာ မပူမပင်နေခဲ့ရတဲ့ဘဝ၊ ရေအတွက် ၊ အစားသောက်အတွက် ကြောင့်ကြမှုမရှိတဲ့သူတို့ ဘဝဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ပြောင်းလဲခဲ့တယ်လို ဆိုပါတယ်။
"ရေကို ချွေတာနေရတယ်။ သောက်လည်း ဒီရေပဲ၊ သုံးလည်း ဒီရေပဲ။ သောက်ရေတော့ ဝအောင်သောက်ရပါတယ်။ ရေကတော့ နှစ်ရက်မှ တစ်ခါပဲ ချိုးရတော့တယ်။ "လို့ ဘန့်ဘွေးကျေးရွာဒေသခံတစ်ယောက်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Revolution Gallery
စစ်ကောင်စီတပ်တွေ ဝင်ရောက်တိုက်ခိုက်၊ မီးရှို့ပြီး တပ်စွဲထားတာကြောင့် မသီတာဦးတို့လို့ ဘဝတူ ရွာသူရွာသားတွေဟာ ထွက်ပြေးလာကြရတာဆိုရင် နှစ်လနီးပါး ရှိလာခဲ့ပါပြီ။
အစပိုင်းကတော့ စစ်တပ်တွေရွာကနေ ပြန်ထွက်သွားရင် ရွာပြန်ကြဖို့အတွက် ရွာအနားက တောစပ်တွေမှာ တဲထိုးပြီးနေကြပါသေးတယ်။
" တဲအထိကို စစ်တပ်က ရောက်လာတယ်လေ။ ကျမတို့ကို ရွာပြန်နေဖို့ပြောတယ်။ ရွာမပြန်ရင် ကျန်နေတဲ့အိမ်တွေ မီးရှို့မယ်တဲ့။ ဒီမှာဆက်နေလို့တွေ့ရင် ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။"လို့ ဘန့်ဘွေးရွာက အသက် ၃၀ ခန့်အရွယ် မသီတာဦး(နာမည်လွှဲ)က ပြောပါတယ်။
အဲ့ဒါနဲ့ မသီတာဦးရဲ့ အဒေါ်နဲ့အစ်မတွေကတော့ ဘန့်ဘွေးရွာမှာ မီးလောင်တဲ့အထဲ မပါသေးတဲ့ သူတို့အိမ်ကို ပြန်သွားကြပြီး မသီတာဦးကတော့ ဘဝတူ ရွာသားတွေနဲ့ တခြားရွာကို ရွှေ့လာခဲ့ပါတယ်။
လူဦးရေ ၁၅၀ လောက် စုပြီး တဲလေးတွေထိုးနေကြရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Alamy
စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာဆိုရင် လက်ရှိအချိန်မှာ စစ်ဘေးဒုက္ခသည်ပေါင်း ၁၂ သိန်းခန့်ရှိနေပါတယ်။ အဲ့ဒီထဲမှာ စစ်အာဏာမသိမ်းခင်က တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်ပေါင်း ၄ သိန်း ၉ သောင်းကျော်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ ထပ်တိုးလာတဲ့ စစ်ဘေးဒုက္ခသည်က ၇ သိန်း ၅ သောင်းကျော်ရှိတယ်လို့ ISP Myanmar က မတ် ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ISP Myanmar က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေ၊ တိုက်ပွဲတွေ၊ သေဆုံးထိခိုက်တာတွေကို အချက်လက်ပြုစု ထုတ်ပြန်ပေးနေတာဖြစ်ပြီး မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် မတ် ၂၀ ရက်အထိ ကောက်ယူထားတဲ့ အချက်လက်တွေ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ မုံရွာ ရွေဘို ကလေးနဲ့ မြို့ကြီးအချို့ကလွဲရင် မြို့နယ်အများစုဟာလည်း လနဲ့ချီပြီး အင်တာနက်ဖြတ်တောက်ခံထားရပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက်ထဲမှာ စစ်ကိုင်းတိုင်းက ဦးရေ ၂ သိန်းကျော်၊ ကယားပြည်နယ်မှာက ၁ သိန်း ၉ သောင်းရှိတာကြောင့် စစ်ဘေးဒုက္ခသည်အများဆုံး တိုင်းနဲ့ပြည်နယ်တွေဖြစ်နေတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cj
"ရွာမှာဆို ရေအတွက်မခက်ခဲပါဘူး။ ရေတွင်းကနေပိုက်သွယ်၊ ခလုတ်လေးဖွင့်လိုက်ရင် ရနေပြီ။ တချို့ဆို မော်တာတွင်းတွေဆိုတော့ မီးလာရင်လွယ်တယ်။ အခုတော့ မနက်မိုးလင်းတာနဲ့ သုံးဖို့ ၊ ထမင်းချက်ဖို့ ရေထမ်းရတယ်။ လူများတော့ တန်းစီပြီးစောင့်ရတယ်။" လို့ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာက စစ်ဘေးရှောင်ဖြစ်လာတဲ့ မသီတာဦး(နာမည်လွှဲ)က ပြောပါတယ်။
မနက်မိုးလင်းလာရင်တော့ ရေထမ်းပိုးဆွဲပြီး ရေတွင်းဆီအရောက်သွားရပါတယ်။ လူများနေရင်တော့ ၁၅ မိနစ် မိနစ် ၂၀ လောက်အချိန်ပေးပြီး ရေခပ်ရပါတယ်။
ရေအလုံလောက်ရဖို့ အခေါက်ခေါက် အခါခါ ခပ်ရတဲ့အတွက် မနက်ပိုင်းအချိန်တွေဟာ ရေခပ်ဖို့နဲ့တင် ကုန်ဆုံးသွားတယ်လို့ ဆိုပါတယ်။
"တခြားအလုပ်မှ မရှိတာဘဲအစ်မရယ်။ အလုပ်ရှိရင်တော့ ရေခပ်တာက အချိန်ကုန်တာဖြစ်မှာပေ့ါ ။ အလုပ်မရှိတော့လည်း ရေခပ်ရတာ သိပ်မထူးပါဘူး။ စားဖို့ကလည်း တောထဲက စားလို့ရတာလေး ရှာစား။ ဈေးသည်လာရင် ဝယ်စားပေါ့။ " ဆိုပြီး သူ့ရဲ့ စစ်ဘေးရှောင်နေရတဲ့ နေ့စဉ်ဘဝ ဘယ်လို ကုန်ဆုံးနေရတာကို ပြောပြပါတယ်။
"မီးလောင်ခံထားရတဲ့ရွာတွေထဲ ပြန်ဝင်လို့မရကြသလို၊ ဖျက်ဆီးခံရတဲ့ရွာတွေမှာဆိုရင် ရေပိုက်တွေ ဖျက်ဆီးခံထားရတာတွေ့တယ်။ ဒေသခံတွေ အဝေးကြီးရေသွားခပ်ရတယ်။ ကျမတို့ကို သူတို့သိမ်းထားတဲ့ ရေသန့်ဘူးလေးတွေ တိုက်တယ်။ သူတို့က သွားခပ်ထားတဲ့ တွင်းရေတွေပဲ သောက်ကြတယ်။" လို့ ယင်းမာပင်၊ ပုလဲနဲ့ ကနီမြို့နယ်ဘက်ကို ပြီးခဲ့တဲ့ မတ်လတုန်းက အကူညီပေးဖို့ ရောက်ရှိခဲ့တဲ့ မုံရွာကျောင်းသားများသမဂ္ဂဝင် မချောစုဟန်ကလည်း သူမြင်တွေ့ခဲ့ရတဲ့ စစ်ဘေးရှောင်တွေရဲ့ အခြေအနေကို ပြောပြပါတယ်။
မသီတာဦးနေထိုင်တဲ့ ဘန့်ဘွေးရွာလိုပဲ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေရဲ့ စစ်ကြောင်းထိုးတာတွေ မကြာခဏရင်ဆိုင်နေရတဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်တော်တော်များများဟာ တစ်နေရာကနေ တစ်နေရာ စစ်ဘေးရှောင်ကြရင်း အခုဆို အိမ်တွေမီးရှို့ခံရလို့ နေစရာမဲ့နေရသလို နေ့စဉ်စားသောက်ဖို့နဲ့ ကျန်းမာရေးချို့တဲ့သူတွေအတွက် အခက်ခဲအကျပ်အတည်းတွေကို ရင်ဆိုင်နေကြရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် နှောရိုးကျေးရွာက ရွာလုံးကျွတ်နီးပါး မီးရှို့ခံထားရတဲ့ ဒေသခံတွေဟာဆိုရင်လည်း တချိန်က စပါးအပြည့်၊ အိမ်ကြီးကြီးနဲ့ နေထိုင်ခဲ့တာကနေ အခုဆို တောထဲက သစ်ပင်တွေ၊ အရိပ်ကောင်းတဲ့သစ်ပင်တွေအောက်မှာ နေထိုင်နေရပါတော့တယ်။
"အုတ်နဲ့အိမ်တွေကိုဗျာ ပြာကျအောင်ဘယ်လိုရှို့လဲမသိဘူး။ အုတ်နဲ့ဆောက်တဲ့ အိမ်တွေ၊ အိမ်ကြီးတွေ အကုန်မီးလောင်တယ်။ ထန်းလက်တဲတွေလောက်သာ ကျန်တာ။ အခု သစ်ပင်အောက်မှာနေရလို့ တဲတို့ ၊ မိုးကာပြင်တို့တောင် မကာရဲဘူး၊ ဇီးဖြူကုန်းကနေ လှမ်းပစ်နေလို့" လို့ နှောရိုးကျေးရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။
ဇီးဖြူကုန်းရွာနဲ့ နှောရိုးကျေးရွာက ၃ ဖာလုံလောက်သာဝေးပြီး ကုန်းမြင့်နေရာကနေလှမ်းကြည့်ရင် မြင်နေရတယ်လို့ပြောပါတယ်။ ဇီးဖြူကုန်းကျေးရွာဟာ ပျူစောထီးအဖွဲ့ဝင်တွေ အများစုနေတဲ့ကျေးရွာဖြစ်ပြီး အဲ့ဒီရွာမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတယ်လို့ ပြောပါတယ်။ နှောရိုးကျေးရွာအပါအဝင် ပတ်ဝန်းကျင်ကျေးရွာတွေကို မီးရှို့တဲ့အခါမှာလည်း စစ်ကောင်စီတပ်တွေ အပါအဝင် ဇီးဖြူကုန်းကျေးရွာက ပျူစောထီးတွေပါ ပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီရက်ပိုင်းမှာ ညဘက်တွေ မိုးရွာတာကြောင့် အိပ်ပျော်နေတဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေ မိုးလွတ်တဲ့နေရာကို ရွှေ့လိုက်ကြရပါတယ်။ မိုးမိတာကြောင့် ဖျားနာတဲ့ သက်ကြီးရွယ်အိုနဲ့ ကလေး အယောက် ၃၀ လောက် ရှိနေပါတယ်။
"ဆရာဝန်တစ်ယောက်ပင့်ပြီး လာကြည့်တာ၊ အကုန်လုံးက အိပ်ရေးတွေပျက်ပြီး အပူတွေရှပ်ကြတာတဲ့။ ညဘက် သစ်ပင်အောက်မှာ အိပ်ကြရတာကိုး။ အရင်က အေးချမ်းတဲ့ရွာပါဗျာ။ ဒီအဖြစ်မျိုး တစ်ခါမှ မကြုံခဲ့ဖူးဘူး။ စစ်အာဏာရှင်လက်အောက် ရောက်မှပဲ ဖြစ်ရတာ။ " လို့ နှောရိုးကျေးရွာ ဒေသခံက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Voice of Depayin facebook page
စစ်ဘေးရှောင်တွေအတွက် လှူတဲ့သူနည်းလာပြီ
စစ်ကိုင်းတိုင်းထဲက ဒီပဲယင်းမြို့နယ်ဘက်မှာလည်း စစ်ကြောင်းထိုး တိုက်ခိုက်ခံရတာကြောင့် စစ်ဘေးရှောင်တွေ ရှိနေသလို ခင်ဦးနဲ့ ရွှေဘိုမြို့နယ်တွေကနေ ဒီပဲယင်းဘက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေလည်း ရှိနေပါတယ်။
"လယ်လုပ်နေရင်းနဲ့ စစ်တပ်ဝင်လာလို့ ထွက်ပြေးလာရတဲ့သူနဲ့ ရုတ်တရက်အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ပြေးလာကြတဲ့သူနဲ့ စောင်တောင်မပါကြဘူး။ အစပိုင်းကတော့ နီးစပ်ရာကျေးရွာတွေက ကျွေးနိုင်သေးတယ်။ အခုအဆင်မပြေကြတော့ဘူး။" လို့ ဒီပဲယင်းမြို့နယ်က စစ်ဘေးရှောင်ကူညီပေးနေသူတစ်ယောက်က ပြောပါတယ်။
"မကူညီနိုင်တော့တာက စစ်ဘေးရှောင်တဲ့သူတွေကို ရွာတွေကလက်ခံထားတယ်။ အဲဒီရွာကို စစ်ကြောင်းထိုးတော့ လက်ခံထားတဲ့ရွာကပါ ပြေးရတယ်။ အဲဒီလိုတွေဖြစ်လာတော့ အဆင်မပြေကြတော့တာ။ ကျနော်တို့ ရတဲ့ငွေကလည်း နည်းလာတော့ အကုန်လုံးကို မကူညီပေးနိုင်ဘူးဖြစ်နေတယ်။ ပိုဆိုးတာက အင်တာနက်ဖြတ်ခံရတော့ အရင်ကလှူဖူးတဲ့သူတွေကို ပြန်ဆက်သွယ်လို့မရတော့တာ"လို့ သူက ထပ်ပြောပါတယ်။
ခင်ဦးနဲ့ ရွှေဘိုဘက်ကနေ ပြေးလာတဲ့ စစ်ဘေးရှောင် နှစ်ထောင်ကျော်ကို ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ ထားကြပါတယ်။ လူဦးရေများတာကြောင့်လည်း ရေအခက်ခဲဖြစ်လာကြပါတယ်။
ဒါ့အပြင် အလှူရှင်တွေက ပို့လိုက်တဲ့အဝတ်အစားတွေ၊ ဆန်တွေကလည်း စစ်ကြောင်းထိုးခံရချိန်မှာ မီးရှို့ဖျက်ဆီးခံရတာ၊ ရေတွေနဲ့လောင်းသွားတာတွေကြောင့် ပျက်စီးကုန်တယ်လို့ဆိုပါတယ်။
ရထားတဲ့အလှူငွေနဲ့ စားနပ်ရိက္ခာတွေ ဝယ်ဖို့သွားချိန်မှာလည်း စစ်ကြောင်းရှိနေတဲ့အတွက် သွားမရတာတွေ ရှိခဲ့တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
စစ်ကောင်စီဘက်ကိုတော့ ပုလဲမြို့နယ်အင်းမထီးကျေးရွာကို PDFလက်နက်ကိုင်အဖွဲ့တွေ မတ်လတုန်းက လာပြီးမီးရှို့သွားခဲ့တယ်လို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cj
စစ်ကြောင်းထိုး နှိမ်နှင်းခံနေရတဲ့ စစ်ကိုင်းတိုင်းမှာ နေအိမ်တွေ ၊ စပါးကျီတွေ၊ ဆီနဲ့ ရိတ်သိမ်းထားတဲ့ သီးနှံတွေပါ မီးရှို့ဖျက်ဆီးခံရတဲ့အပြင် အခု နွေစပါးစိုက်ဖို့တောင် အခက်ခဲဖြစ်နေတဲ့အတွက် စားနပ်ရိက္ခာအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ ဒေသခံတွေကပြောကြပါတယ်။
စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ယောက်က "ဒီထက်ပိုပြီး ငတ်ကြဦးမယ်၊ နပ်မှန်ကျွေးနိုင်ဖို့ မနည်းကြိုးစားနေရတယ်၊အကူညီတွေ လိုနေပါတယ်၊အများကြီးမဟုတ်ပေမဲ့ နိုင်သလောက်လေးတွေ ကူညီပေးကြပါဦး" ဆိုပြီး သူက ထပ်အကူညီတောင်းပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက မီးရှို့လို့ ပျက်စီးသွားတဲ့နေအိမ်ပေါင်းဟာ မတ် ၃၁ ရက်အထိ ရှစ်ထောင်နီးပါးရှိနေပါတယ်။
စစ်ကိုင်းတိုင်းကတော့ နေအိမ်ပေါင်း ငါးထောင်နီးပါး မီးရှို့ခံထားရတာကြောင့် အများဆုံးမီးရှို့ခံရတဲ့ တိုင်းလည်းဖြစ်တယ်လို့ Data For Myanmar က သတင်းထုတ်ပြန်ထားပါတယ်။
ယင်းမာပင်မြို့နယ်က ဘန့်ဘွေးရွာသူ မသီတာဦးကတော့ တစ်ရက်တစ်ရက် သူရဲ့ပူပင်မှုတွေက မငြိမ်းချမ်းနိုင်သေးပါဘူး။
"စစ်တပ်က ပြန်နေခိုင်းလို့ ရွာပြန်နေရတဲ့ မိသားစုတွေကိုလည်း စိတ်ပူတယ်။ တိုက်ပွဲဖြစ်လို့ ကျည်မှန်မလား။ သူတို့ထွက်သွားချိန်မှာ ထောင်ထားခဲ့တဲ့ မိုင်းပေါက်မလား။ တစ်ရက်တစ်ရက် ပူပင်နေရတာ"လို့ ပြောပါတယ်။








