စက်တင်ဘာ ၁၄ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - ထိုင်းမှာ ကျွဲကောခြံထဲ ပုန်းနေတဲ့ မြန်မာ ၇၀ အဖမ်းခံရ

စက်တင်ဘာ ၈ ရက်က အဖမ်းခံရတဲ့ မြန်မာနိုင်ငံသား ၈၂ ယောက်

ဓာတ်ပုံ ရင်းမြစ်, ကချနာဘူရီရဲတပ်ဖွဲ့

ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၈ ရက်က အဖမ်းခံရတဲ့ မြန်မာနိုင်ငံသား ၈၂ ယောက်

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်ထဲမှာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို တရားမဝင် ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇၀ ကို သစ်သီးခြံတစ်ခြံထဲမှာ ဖမ်းမိတယ်လို့ ထိုင်းသတင်းဌာနတွေက ရေးသားထားပါတယ်။

အဲဒီမြို့နယ်ထဲမှာပဲ ရေနစ်သေဆုံးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃ ဦးရဲ့ အလောင်းတွေကို အာဏာပိုင်တွေက တွေ့ခဲ့ပြီးတဲ့နောက်တစ်ရက်မှာ အခုဖမ်းဆီးမှု ထပ်ထွက်ပေါ်လာတာပါ။

အမျိုးသား ၄၈ ဦးနဲ့ အမျိုးသမီး ၂၂ ဦးကို ဒေသခံတွေ စိုက်ပျိုးထားတဲ့ ကျွဲကောသီးခြံတစ်ခုမှာ ပုန်းနေတာကနေ တွေ့ရှိတာဖြစ်ပြီး တရားဝင် အထောက်အထားတွေလည်း မရှိကြဘူးလို့ သတင်းက ဆိုပါတယ်။

ဒါ့ကြောင့် သူတို့ကို ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှုနဲ့ တရားစွဲထားတယ်လို့ ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေက ဆိုပါတယ်။

ဆန်ကလာဘူရီမြို့နယ်ထဲမှာပဲ ပြီးခဲ့တဲ့စက်တင်ဘာ ၁၂ ရက်တုန်းကလည်း ရွှေ့ပြောင်းလုပ် သား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာတွေ့ခဲ့ကြပါတယ်။

သူတို့တွေဟာ စက်တင်ဘာ ၉ ရက်က မြန်မာဘက်ကနေ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၂ ဦးနဲ့ ပါလာသူတွေလို့ ထိုင်းရဲတပ်ဖွဲ့က ခန့်မှန်းထားပါတယ်။

သူတို့ လှေနဲ့ ဗဟီရာလောင်ကွန်ဆည်ကို ဖြတ်သန်းသွားချိန်မှာ လှေဟာ သစ်လုံးတစ်လုံးကို တိုက်မိခဲ့ပြီး မြန်မာနိုင်ငံသား ၃ ဦး ဆည်ထဲကို ပြုတ်ကျခဲ့တာလို့လည်း ထိုင်းသတင်းဌာနတွေက ရေးပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်မှာလည်း ကန်ချနဘူရီခရိုင်၊ မြန်မာနိုင်ငံသား ၈၂ ယောက်ကို ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ကန်ချနာဘူရီခရိုင်ဟာ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။

စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး ကျပ်တည်းတာ၊ စစ်မှုထမ်း ဥပဒေကြောင့် စစ်မှုထမ်းရတာ၊ အလုပ်အကိုင်ရှားပါးတာ စတဲ့ အခြေအနေတွေကြောင့် လူငယ်တွေက ပြည်ပနိုင်ငံတွေကို တရားမဝင် သွားရင်း ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။

မြောက်ဒဂုံမှာ ဘေလီတံတားပေါ်ကနေ လက်ချင်းကြိုးချည်ပြီး ခုန်ချသွားတဲ့ စုံတွဲကို ရုပ်အလောင်းအဖြစ် ပြန်တွေ့

ရုပ်အလောင်းတွေကို မြောက်ဥက္ကလာဆေးရုံကို ပို့ဆောင်လိုက်ကြပါတယ်

ဓာတ်ပုံ ရင်းမြစ်, ဝန်းရံမှူး လူမှုကယ်ဆယ်ရေး

ဓာတ်ပုံ ပုံစာ, ရုပ်အလောင်းတွေကို မြောက်ဥက္ကလာဆေးရုံကို ပို့ဆောင်လိုက်ကြပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ဘေလီတံတားပေါ်ကနေ လက်ချင်းကြိုးချည်ပြီး ပုစွန်တောင်ချောင်းထဲ ခုန်ချသွားတဲ့ စုံတွဲရုပ်အလောင်းကို စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းမှာ တွေ့ရှိတယ်လို့ ဝန်းရံမှူး လူမှုကူညီရေးအဖွဲ့ကနေ သိရပါတယ်။

သေဆုံးခဲ့သူတွေဟာ စက်တင်ဘာလ ၁၂ ရက်မှာ တံတားပေါ်ကနေ ခုန်ချခဲ့တယ်လို့ မျက်မြင်တွေကနေတဆင့် သိခဲ့ရတယ်လို့လည်း ကူညီရေးအဖွဲ့က ပြောပါတယ်။

သေဆုံးခဲ့ကြသူတွေဟာ အသက် ၂၆ နှစ်အရွယ် အမျိုးသားနဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတွေတို့ဖြစ်ပြီး အလောင်းတွေကို ကပ်လျက် ပြန်တွေ့တာခဲ့ရတာလို့လည်းဆိုပါတယ်။

" ကျောပိုးအိတ်နဲ့ ဖုန်းတွေကို တံတားပေါ် ထားခဲ့ပြီး ခုန်ချသွားတာလို့ မျက်မြင်တွေက ပြောတယ်။ အလောင်းတွေကိုတော့ ခုန်ချခဲ့တဲ့ နေရာနားမှာပဲတွေ့တာ။ အလောင်းပေါ်လာလို့ လှေသမားတွေက လှေနဲ့ဆွဲထားလိုက်တာ"လို့ ဝန်ရံမှူး လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

သူတို့ ရုပ်အလောင်းတွေကို အလောင်းသယ်အိတ်ထဲတည့်ပြီး မြောက်ဥက္ကလာပမြို့နယ် ဆေးရုံကို ပရဟိတအဖွဲ့တွေက ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်ကလည်း မြောက်ဒဂုံနဲ့ သင်္ဃန်းကျွန်းအစပ်က ငမိုးရိပ်တံတားပေါ်ကနေ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ယောက် ငမိုးရိပ်ချောင်းထဲ ခုန်ချမှုဖြစ်ခဲ့ပါတယ်။

ခုန်ချခဲ့တဲ့အမျိုးသမီးဟာ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

အဲဒီမတိုင်ခင် ပြီးခဲ့တဲ့တစ်ပတ်လောက်တုန်းကလည်း လက်ရှိပျောက်ဆုံးနေဆဲ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူဟာ ငမိုးရိပ်တံတားပေါ်ကနေ ခုန်ချမှုဖြစ်ခဲ့ပြီး အမျိုးသားဖြစ်သူကိုလည်း ရှာဖွေလို့ မတွေ့သေးဘူးလို့ ဝန်းရံမှူး လူမှုကယ်ဆယ်ရေးကနေ သိရပါတယ်။

မဲဆမိတ်ရွာက ငြိမ်းချမ်းရေးဆုတောင်းပွဲကို DKBA၊ BGF နဲ့ KNLA-PC အဖွဲ့ခေါင်းဆောင်တွေတက်

BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ ကရင်ခေါင်းဆောင်တစ်ဦး မဲဆမိတ် ဆရာတော်တို့ကို မြင်တွေ့ရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဂုရုကြီး

ကရင်လက်နက်ကိုင်တပ်တွေဖြစ်တဲ့ နယ်ခြားစောင့်တပ်(BGF)၊ DKBA နဲ့ KNLA-PC တို့က ခေါင်းဆောင်တွေတက်ရောက်တဲ့ ငြိမ်းချမ်းရေးဆုတောင်းပွဲတစ်ခုကို ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်က မဲဆမိတ်ရွာမှာ စက်တင်ဘာလ ၁၃ ရက်နေ့က ပြုလုပ်သွားတယ်လို့ သိရပါတယ်။

သက်တော် ၉၄ နှစ်ရှိပြီဖြစ်တဲ့ မဲဆမိတ်ဆရာတော်ကြီးကို ဂါရဝပြုပွဲ ကျင်းပရင်း ငြိမ်းချမ်းရေး ဆုတောင်းပွဲပါ ပြုလုပ်ခဲ့တာလို့ အဲဒီအခမ်းအနားကို တက်ရောက်ခဲ့သူတွေက လူမှုကွန်ရက်မှာ ရေးသားကြပါတယ်။

အဲဒီအခမ်းအနားကို BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ DKBA နဲ့ KNLA-PC က တာဝန်ရှိသူတွေ၊ ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၆ နယ်မြေ(ဒူးပလာယာခရိုင်) ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်းလည်း တက်ရောက်တာ တွေ့ရပါတယ်။

ကရင်လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်တွေ တက်ရောက်တဲ့ ငြိမ်းချမ်းရေးဆုတောင်းပွဲ တစ်ခုကို စက်တင်ဘာခ ၁၃ ရက်မှာ လှိုင်းဘွဲ့မြို့နယ်ထဲ ပြုလုပ်သွားတာတွေ့ရပါတယ်

ဓာတ်ပုံ ရင်းမြစ်, ဂုရုကြီး

ကရင်လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်တွေ တက်ရောက်တဲ့ ငြိမ်းချမ်းရေးဆုတောင်းပွဲ တစ်ခုကို စက်တင်ဘာခ ၁၃ ရက်မှာ လှိုင်းဘွဲ့မြို့နယ်ထဲ ပြုလုပ်သွားတာတွေ့ရပါတယ်

ဓာတ်ပုံ ရင်းမြစ်, ဂုရုကြီး

အခုတစ်ခေါက် ငြိမ်းချမ်းရေးဆုတောင်းပွဲဟာ ဒုတိယအကြိမ် ဆုတောင်းပွဲဖြစ်ပြီး ပထမ တစ်ကြိမ်ကို ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက လှိုင်းဘွဲ့မြို့နယ်ထဲက မြိုင်ကြီးငူ ဒေသမှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီအခမ်းအနား မတိုင်ခင် တစ်ပတ်အလို ဇူလိုင် ၂၀ ရက်နေ့တုန်းကလည်း မြိုင်ကြီးငူ အထူးဒေသမှာ ကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ လူထုတွေ့ဆုံမှုပြုလုပ်ခဲ့ပြီး အဲဒီကတည်းက ငြိမ်းချမ်းရေးဆုတောင်းပွဲတွေ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

အစောပိုင်း ငြိမ်းချမ်းရေးဆုတောင်းပွဲကို ဇူလိုင်လဆန်းမှာ ကရင်လက်နက်ကိုင်အဖွဲ့အချို့နဲ့ ကရင်ပြည်နယ်က နာမည်ရှိဆရာတော်တွေ ဦးဆောင်ပြီး ထိုင်း - မြန်မာ နယ်စပ်က ဘုရားသုံးဆူမြို့မှာ စီစဥ်ခဲ့ပေမဲ့ ကန့်ကွက်မှုတွေကြောင့် ပွဲမဖြစ်မြောက်ခဲ့ပါဘူး။

အခုတော့ မဲဆမိတ်ဆရာတော်က ဦးဆောင်ပြီး ငြိမ်းချမ်းရေး ဆုတောင်းပွဲတွေကို ပြုလုပ်လာတာဖြစ်ပါတယ်။

မန္တလေးမြို့မှာ မိုးများပြီး ရေကြီးနေ

ရေကြီးနေတဲ့ မန္တလေး

ဓာတ်ပုံ ရင်းမြစ်, အလင်းစေတမန် ပရဟိတ

ဓာတ်ပုံ ပုံစာ, ရေကြီးနေတဲ့ မန္တလေး

မန္တလေးမြို့မှာ စက်တင်ဘာ ၁၃ ရက်ညပိုင်းကနေ ဒီနေ့ နေ့လယ်ပိုင်းအထိ မိုးသည်းသည်းထန်ထန် ရွာတာကြောင့် မြို့တွင်း ရပ်ကွက်အချို့မှာ ရေကြီးရေလျှံတွေ ဖြစ်နေတယ်လို့ မန္တလေးမြို့ခံက ပြောပါတယ်။

မန္တလေးမြို့ထဲက ၃၀ နဲ့ ၃၅ လမ်း ကနေ ၆၆ လမ်းအထိ၊ ၂၉ လမ်း မှာရှိတဲ့ အောင်တော်မူ ဘုရားဝန်းထဲမှာလည်း ရေကြီးနေတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အောင်တော်မူဘုရား ဖူးခွင့်လည်း ယာယီပိတ်ထားပါတယ်။

"၂၉ လမ်းပေါ်တလျှောက်ရော အောင်တော်မူဘုရားဝန်းထဲမှာပါ ရေကြီးနေတာ။ အရင်က အဲဒီနေရာက ရေကြီးလည်း နာရီပိုင်းပဲ ခဏလေးနဲ့ ရေပြန်ကျတာ။ အခုက မကျသေးဘူး။ မိုးလည်း ခုနကမှ စဲတာ"လို့ မန္တလေးမြို့ခံက လွန်ခဲ့တဲ့နာရီဝက်ခန့်က ပြောပါတယ်။

‌လူတစ်ယောက်ရဲ့ ဒူးလောက်အထိ ရေတက်နေပြီး ကားလေးတွေဆိုရင်လည်း သတိထားမောင်းနှင်ကြဖို့ ပရဟိတအဖွဲ့တွေက သတိပေးထားကြပါတယ်။

မိုးဇလ ထုတ်ပြန်ချက်မှာတော့ မန္တလေးတိုင်းထဲ ချမ်းအေးသာစံမြို့နယ်နဲ့ အောင်မြေသာစံမြို့နယ်တို့မှာ မိုးရေချိန်ဟာ ၅ လက်မကျော်အထိ ရှိခဲ့ပါတယ်။

မိုးရေချိန် ၅ လက်မနဲ့အထက်ဟာ မိုးများတယ်လို့ သတ်မှတ်ထားပါတယ်။ မနက်ဖြန် စက်တင်ဘာ ၁၅ ရက်မှာလည်း မန္တလေး အပါအဝင် နေပြည်တော်၊ စစ်ကိုင်းနဲ့ ချင်း စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာလည်း နေရာကွက်မိုးကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။

သပိတ်ကျင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ကလေးအပါအဝင် ၇ ဦးသေဆုံး

လေကြောင်းတိုက်ခိုက်ခံရတဲ့ သပိတ်ကျင်းမြို့နယ်ထဲက နေအိမ်

ဓာတ်ပုံ ရင်းမြစ်, MDY PDF

ဓာတ်ပုံ ပုံစာ, လေကြောင်းတိုက်ခိုက်ခံရတဲ့ သပိတ်ကျင်းမြို့နယ်ထဲက နေအိမ်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက ညောင်ပင်သာရွာနဲ့ ကျောက်ဖြာရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံးတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ သပိတ်ကျင်းမြို့နယ်ကို စက်တင်ဘာ ၁၃ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ညောင်ပင်သာကျေးရွာကို ဗုံးကြဲပြီး ညနေ ၄ နာရီဝန်းကျင်မှာ ကျောက်ဖြာကျေးရွာကို ဗုံးကြဲတာလို့ ဆိုပါတယ်။

ညောင်ပင်သာရွာက ကလေး ၁ ဦးအပါအဝင် ပြည်သူ ၅ ဦး၊ ကျောက်ဖြာရွာက ကလေးတစ်ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးတာပါ။

လေကြောင်းဗုံးကြဲတာကြောင့် ကျေးရွာ နှစ်ရွာမှာ ထိခိုက်ဒဏ်ရာ ရရှိသူက ၄ ဦးရှိပါတယ်။ သပိတ်ကျင်းမြို့နယ်ကို စက်တင်ဘာ ၉ ရက်တုန်းကလည်း လေကြောင်းတိုက်ခိုက်တာကြောင့် ဇရပ်ကွင်းကျေးရွာ စာသင်ကျောင်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

စက်တင်ဘာ ၁၂ ရက်တုန်းကလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ ၊ သရက်တပင်ရွာက ကိုယ်ပိုင်စာသင်ကျောင်း နှစ်ကျောင်းကို လေကြောင်းဗုံးကြဲတာကြောင့် ကျောင်းသား ဦးရေ ၂၀ သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရတယ်လို့ အာရက္ခတပ်တော်(အေအေ) က ထုတ်ပြန်ထားပါတယ်။

DJ Violet အပါအဝင် ၄ ဦး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ -က နဲ့အမှုဖွင့်ခံရ

DJ Violet နဲ့ DJ မန်နေဂျာ

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, DJ Violet နဲ့ DJ မန်နေဂျာ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ထဲက Cover Club ဆိုင်မှာ "ဗုဒ္ဓံ သရဏံ ဂစ္စာမိ" သီချင်းကို DJ တီးခတ်ခဲ့တဲ့ DJ Violet နဲ့ ကလပ်ပိုင်ရှင်အပါအဝင် လေးဦးကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ - က နဲ့အမှု ဖွင့်ထားတယ်လို့ စစ်ကော်မရှင်က သတင်း ထုတ်ပြန်ပါတယ်။

ကလပ်မှာ ဒီလိုတီးခတ်ခဲ့တာဟာ ဗုဒ္ဓဘာသာကို အကြည်ညိုပျက်စေတယ်ဆိုပြီး မဟာအောင်မြေမြို့နယ် အမှတ် ၉ ရဲစခန်းမှာ DJ Violet ၊ DJ မန်နေဂျာ၊ ဆိုင်ပိုင်ရှင်၊ ဆိုင်မန်နေဂျာတို့ကို အရေးယူ စစ်ဆေးနေတယ်လို့ စစ်ကော်မရှင်က စက်တင်ဘာလ ၁၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

DJ Violet ဟာ အခုတော့ပိတ်သိမ်းခံလိုက်ရတဲ့ကလပ်မှာ "ဗုဒ္ဓံ သရဏံ ဂစ္စာမိ" သီချင်းကို ဇူလိုင် ၃၁ ရက် တီးခတ်ခဲ့တာလို့ဆိုပါတယ်။

ဓမ္မတေးလို့ အများက မှတ်ယူထားကြတဲ့အဲဒီသီချင်းကို ဂီတရောစပ်မှုပုံစံနဲ့ DJ တီးခတ်နေတဲ့ရုပ်သံအချို့ကို ကလပ်မှာရှိနေခဲ့သူအချို့က တစ်တော့ပေါ် တင်ခဲ့အပြီးမှာ တခြားလူမှုကွန်ရက်ပလက်ဖောင်းတွေအထိ အဲဒီရုပ်သံအချို့ ပျံ့နှံ့ခဲ့ပါတယ်။

DJ Violet ကလည်း သူ့တီးခတ်မှုအတွက် တောင်းပန်စာတွေ လူမှုကွန်ရက်မှာ တင်ခဲ့ပေမဲ့လည်း စစ်ကော်မရှင် ထုတ်ပြန်ချက်အရ သူ့ကို အာဏာပိုင်တွေက စက်တင်ဘာ ၁၁ ရက် ညမှာ သင်္ဃန်းကျွန်းမြို့နယ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Cover Club ဆိုင်ထဲက DJ တီးခတ်တာမှာ အသုံးပြုတဲ့ စက်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းပြီး ဆိုင်ကိုလည်း ချိတ်ပိတ်လိုက်တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

နေတိုးနိုင်ငံတွေ ရုရှား ရေနံဝယ်ယူမှု ရပ်တာနဲ့ ရုရှားကို ပိတ်ဆို့မှုလုပ်ဖို့ အသင့်ပဲလို့ ထရမ့်ပြော

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူ့အနေနဲ့ ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ အသင့်ဖြစ်ပေမဲ့ ဒီလိုလုပ်ဖို့ဆိုရင် နေတိုးအဖွဲ့ဝင်နိုင်ငံအချို့အနေနဲ့ ရုရှားဆီကနေ ရေနံ ဝယ်ယူ နေတာကို ရပ်လိုက်မှ ဖြစ်မယ်လို့ ပြောလာပါတယ်။

သူ့ရဲ့ Truth လူမှုကွန်ရက်မှာ ထရမ့်က ''ရုရှားကို အရေးယူပိတ်ဆို့မှု ကြီးကြီးမားမားပြုလုပ်ဖို့ အသင့်ပါပဲ''၊ နေတိုးနိုင်ငံတွေအနေနဲ့လည်း ''အလားတူ သဘောတူညီချက်ကို အတူတူ စလုပ်ပြီ ဆိုတာနဲ့ပေါ့'' လို့ ရေးပါတယ်။

ထရမ့်ဟာ မော်စကိုကို ပိုတင်းကျပ်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေပြုလုပ်မယ်လို့ အရင်ကလည်း အကြိမ်ကြိမ်ခြိမ်းခြောက်ထားဖူးပါတယ်။ ဒါပေမဲ့ ကရင်မလင်ဘက်က သူ့ရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ဘယ်နေ့ ဘယ်ရက် နောက်ဆုံးလုပ်ပါဆိုတဲ့ပြောဆိုချက်တွေကို လျစ်လျူရှုပြီးနောက်မှာတော့ ထရမ့်ဘက်က ဘယ်လိုအရေးယူမှုတွေကိုမှ ပြုလုပ်ထားတာမရှိသေးပါဘူး။

ရုရှားရေနံတွေကို ဝယ်ယူတာဟာ ''အံ့သြတုန်လှုပ်စရာ'' ဖြစ်ပြီး တရုတ်က ရုရှားအပေါ် လွှမ်းမိုးမှု အားပျော့သွားအောင် နေတိုးအနေနဲ့ တရုတ်အပေါ် အခွန် ၅၀ ကနေ ၁၀၀ ရာခိုင်နှုန်းအထိ ကောက်ယူသင့်တယ်လို့လည်း သူက ဆိုပါတယ်။

နေတိုးအဖွဲ့နိုင်ငံတွေကို ပေးပို့တယ်လို့ဆိုပြီးပြောထားတဲ့စာမှာတော့ ထရမ့်က ''ကျွန်တော့်ဘက်ကတော့ လုပ်ဖို့အသင့်ပဲ။ ခင်ဗျားတို့ဘက်က ဘယ်တော့လဲဆိုတာသာ ပြောလိုက်'' လို့လည်း ရေးထားပါတယ်။

''အဖွဲ့ဝင် နိုင်ငံအချို့က ရုရှားရေနံကို ဝယ်ယူမှုဟာ အံ့သြစရာဖြစ်ပြီး ဒါကြောင့် ရုရှားနဲ့ အပေးအယူ ညှိနှိုင်းမှုတွေ လုပ်တဲ့အခါမှာ ကိုယ့်ဘက်က တစ်ပန်းရှုံးဖို့ ဖြစ်လာစေတယ်'' လို့လည်း သူက ပြောပါတယ်။

ရုရှားစွမ်းအင်ကို ဝယ်ယူမှု ဆိုင်းငံ့လိုက်တာနဲ့ တရုတ်အပေါ် အခွန်ကြီးကြီးမားမား ကောက်ယူမှု ၂ ခုပေါင်းလိုက်တာဟာ ရုရှား- ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရေးကို အထောက်အကူ ကြီးမား စေမယ်လို့လည်း ထရမ့်က အခိုင်အမာ ပြောပါတယ်။

ရုရှားရဲ့စွမ်းအင်ကို ဥရောပရဲ့မီခိုမှုဟာ ယူကရိန်းကို ရုရှားက အင်အားပြည့်ကျူးကျော်မှု စတင်တဲ့နောက်မှာ သိသိသာသာ ကျဆင်းခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ ဥရောပသမဂ္ဂဟာ ရုရှားဆီကနေ ဓာတ်ငွေ့ ၄၅ ရာခိုင်နှုန်းနီးပါးကို ရယူခဲ့ပါတယ်။ ဒီပမာဏဟာ အခုနှစ်မှာ ၁၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားဖို့မျှော်မှန်းထားပေမဲ့ ထရမ့်ကတော့ စကားလုံးတွေနဲ့ပြောရုံနဲ့မလုံလောက်ဘူးလို့ ဆိုပါတယ်။​

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက ရုရှားဒရုန်းတွေ ပိုလန်လေပိုင်နက်ထဲကို ဝင်လာပြီးတဲ့နောက် ရုရှားနဲ့ နေတိုးမဟာမိတ်အဖွဲ့ဝင်တွေကြား တင်းမာမှုမြင့်တက်လာပြီးနောက်မှာ သမ္မတထရမ့်ရဲ့ အခု သတင်းစကား ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဝါဆောဘက်ကတော့ ဒရုန်းတွေ အခုလို ဝင်ရောက်လာတာဟာ ရည်ရွယ်ချက်ရှိရှိလုပ်တဲ့လုပ်ရပ်လို့ ပြောပေမဲ့ မော်စကို ဘက်ကတော့ ပိုလန်နိုင်ငံထဲက ဘယ်နေရာကိုမှ ပစ်မှတ်ထားဖို့ အစီအစဥ် မရှိဘူးလို့ အခုဖြစ်ရပ်ကို လျှော့ပြောပါတယ်။

ဒိန်းမတ်၊ ပြင်သစ်နဲ့ ဂျာမနီတို့လည်း နေတိုးအဖွဲ့ရဲ့ အရှေ့ခြမ်းမဟာမိိတ် အင်အားဖြည့်တင်းမှုမှာပါဝင်လာပြီး စစ်ဘက်ဆိုင်ရာပစ္စည်းတွေ အရှေ့ပိုင်းကို ပို့ဖို့ ပြင်နေကြပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်တုန်းကတော့ ယူကရိန်းသမ္မတ ဇလန်းစကီးဟာ ဥရောပနိုင်ငံတွေအနေနဲ့ ရုရှားရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို ဝယ်ယူမှုနဲ့ပတ်သက်ပြီး တောင်းဆိုချက်တစ်ခုကို ပြုလုပ်ထားပါတယ်။

အေဘီစီ သတင်းဌာနနဲ့ အင်တာဗျူးဟာ သမ္မတ ဇလန်းစကီးက ''ရုရှားနဲ့ ဘယ်လိုစွမ်းအင်ကိုမှ မဝယ်တာ၊ ဘယ်လိုသဘောတူညီချက်မှ မလုပ်မှပဲဖြစ်မယ်။ ဒါတွေကို မရပ်နိုင်ဘူးဆိုရင် ကျွန်တော်တို့ ဘယ်လို အပေးအယူမှ လုပ်လို့မရဘူး''