စစ်ကောင်စီလက်အောက် နှုတ်ပိတ်ခံနေရတဲ့ မြန်မာရှေ့နေတွေ

အာဏာသိမ်း ၃ နှစ်ကျော်ကာလမှာ ရှေ့နေပေါင်း ရာကျော် လိုင်စင်ရုပ်သိမ်းခံလိုက်ရတယ်လို့ ရှေ့နေအသိုင်း အဝိုင်းက ဘီဘီစီကိုပြောပါတယ်။
မြို့နယ်တရားရုံးတွေရဲ့ ကြော်ငြာသင်ပုန်းတွေမှာ လွန်ခဲ့တဲ့ ၂ နှစ်ကစလို့ ခပ်စိပ်စိပ်မြင်လာရတဲ့ ကြေညာစာတစ်ခု က ''ရှေ့နေကျင့်ဝတ်နဲ့မညီလို့ ရှေ့နေအဖြစ်မှ ထုတ်ပစ်ခြင်း'' ဆိုတဲ့ ကြေညာချက်ပါ။
“ကျွန်တော့်ရှေ့နေလုပ်သက်တလျှောက် ဒီလောက်များတဲ့ လိုင်စင်ရုပ်တဲ့ကြေညာချက်တွေ မမြင်ဖူးဘူး” လို့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေတစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အမှုလိုက်ပေးနေတဲ့ ရှေ့နေတွေကို မီဒီယာ နဲ့ စကားပြောခွင့်ပိတ်ပင်ခဲ့မှုကို လူသိများပေမယ့် ရှေ့နေရာကျော်ကို လိုင်စင်ပိတ်သိမ်းမှုကတော့ လူသိနည်းပါတယ်။
အဖမ်းခံထားရတဲ့ ရှေ့နေတွေ

ဓာတ်ပုံ ရင်းမြစ်, Screen Grab
၂၀၂၂နောက်ပိုင်းကစလို့ ရှေ့နေလိုင်စင်ရုပ်သိမ်းခံရတာတွေ များလာခဲ့တာပါ။
အာဏာသိမ်းမှု အစောပိုင်းမှာ လိုင်စင်ရုပ်ခံရတဲ့ရှေ့နေတွေကတော့ NLD လွှတ်တော်အမတ်တွေ အများစု ဖြစ်ပါတယ်။
နောက်ပိုင်းမှာ ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့သူ၊ အကြမ်းဖက်ပုဒ်မတစ်ခုခုနဲ့ ဖမ်းဆီးခံရသူနဲ့ နိုင်ငံရေးအမှုတွေလိုက်ပါဆောင်ရွက်ရင်း ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ရှေ့နေတွေ ပါဝင်လာပါတယ်။
“လုပ်ထုံးလုပ်နည်းအရဆို ဘားကောင်စီတို့ တရားလွှတ်တော်တို့မှာ လိုင်စင်ရုပ်ခံရတဲ့ ရှေ့နေဘက်ကပြန်ပြီး ပြန်လည်ခုခံပိုင်ခွင့်ရှိတယ်။ အခုက အမိန့်ကြေညာစာနဲ့ကို လိုင်စင်ပြန်အပ်ဖို့ပြောတာ။ စစ်ဆေးတာ အပြန်လှန် ကြားနာတာမရှိဘဲ လိုင်စင်နံပါတ် ဘယ်သူဟာ ဘယ်လောက်ထောင်ကျခံရလို့ ဘယ်နေ့နောက်ဆုံးထား လိုင်စင်လာအပ်ပါလို့ ပြောတာ”လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့အချက်အလက်အရ ၂၀၂၄ ဧပြီ ၁၂ ရက်အထိ ဖမ်းဆီးခံရတဲ့ရှေ့နေ ၆၅ ယောက်ရှိပြီး အဲ့ဒီထဲက ၄၈ ယောက်ဟာ အခုချိန်ထိထိန်းသိမ်းခံထားရဆဲပါ။
AAPP က အတည်ပြုနိုင်သလောက် ဖမ်းဆီးခံရတဲ့ရှေ့နေတွေဟာ ပုဒ်မ ၅၀၅ - က နဲ့ အကြမ်းဖက်ပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတာ တွေ့ရပါတယ်။
“ပုဒ်မတွေကတော့ ၅၀၅ တို့ အကြမ်းဖက်တို့ပေါ့။ ဒီလို ပြစ်မှုကျူးလွန်လို့ ကျင့်ဝတ်ထဲမှာ ပါတဲ့ အတိုင်း လိုင်စင်ရုပ်တယ်ပေါ့။ ဒါကအပေါ်ယံကြည့်တာသာ ဖြစ်တယ်။ အမှုကို ထဲထဲဝင်ဝင်ကြည့်ရင် ဖမ်းချင်လို့ ကို အကွက်ချဖမ်းတာတွေ့ရမှာပါ”လို့ နိုင်ငံရေးအမှုတွေ လိုက်ပေးနေတဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။
သူ စုစည်းထားတဲ့အချက်အလက်တွေအရ ပုဒ်မတပ်တရားစွဲခံရတဲ့ရှေ့နေက ၂၀၂၃ နှစ်ကုန်ပိုင်းထိ ၁၂၀ ဝန်းကျင်ရှိ တယ်လို့ ပြောပါတယ်။
ဒီထဲကမှ မန္တလေးအိုးဘိုထောင်စစ်ခုံရုံးက အမှုစစ်ပြီးအပြန် ဖမ်းဆီးခံရတဲ့ ရှေ့နေဦးတင်ဝင်းအောင်ဆိုရင် စစ်ကြောရေးမှာ ခြေလက်တွေကျိုးတဲ့အထိ နှိပ်စက်ခံခဲ့ရတယ်လို့ သူနဲ့နီးစပ်တဲ့ရှေ့နေတချို့က ပြောပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေ ဒေါ်ရွက်နုအောင် လည်း အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ ထောင်ဒဏ် ၁၅ နှစ် ချခံခဲ့ရပါတယ်။
“ကျွန်မအမှုလိုက်နေတဲ့ ဧရာဝတီတိုင်းမှာဆို နိုင်ငံရေးအမှုလိုက်တဲ့သူရှားတယ်။ ဒီအမှုတွေကိုလိုက်မယ်ဆို လိုင်စင် အသိမ်းခံနိုင်လားလို့ အဆုံးထိတွေးထားရတယ်။ နောက်တစ်ခုက အထဲ (ထောင်ထဲ) ဝင်နိုင်ရမယ်ဆိုတဲ့ စိတ်နဲ့လိုက် ရတယ်” လို့ ဧရာဝတီတိုင်းမှာနိုင်ငံရေးအမှုဆက်လိုက်နေတဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။
နိုင်ငံရေးအမှုလိုက်တဲ့ရှေ့နေတွေ ခြိမ်းခြောက်ခံထားရ

ဓာတ်ပုံ ရင်းမြစ်, AFP
ရှေ့နေတွေ နိုင်ငံရေးအမှုဆက်မလိုက်ရဲအောင် စစ်ကောင်စီဘက်က နည်းလမ်းပေါင်းစုံသုံးနေတာဖြစ်တယ်လို့ ရှေ့ နေတွေကပြောပါတယ်။
“ကျွန်မဆိုခေါ်ပြီးသတိပေးခံရတာ အခါ ၅၀ တောင်မကတော့ဘူး။ တိုင်စာရှိလို့ခေါ်တွေ့တယ်ပြောတယ်။ ဘယ်သူတိုင်မှန်းလည်း ကိုယ်မသိရဘူး။ ဒီအမှုကိုမလိုက်နဲ့လို့ တည့်ပြောတာတော့မဟုတ်ဘူး။ ဝိနည်းရှောင်ပေါ့” လို့ ဧရာဝတီတိုင်းမှာ နိုင်ငံရေးအမှုလိုက်နေတဲ့ရှေ့နေတစ်ဦးက ပြောပါတယ်။
နိုင်ငံရေးကိုစိတ်ဝင်စားလို့မဟုတ်ဘဲ ငွေကြေးရလို့ အမှုလိုက်ခြင်းသာဖြစ်ကြောင်း ခံဝန်ထိုးထားရတယ်လို့ သူက ပြောပါတယ်။
ရှေ့နေတွေဟာ ကိုယ့်ရဲ့နေထိုင်ရာလိပ်စာအတိအကျအပါအဝင် ကိုယ်ရေးအချက်အလက်အသေးစိတ်ကို အမှုလိုက်နေတဲ့ စစ်ခုံရုံးတွေနဲ့သက်ဆိုင်ရာရုံးတွေမှာ ပေးထားရပါတယ်။
နိုင်ငံရေးအမှုလိုက်တဲ့ရှေ့နေအားလုံးလိုလိုဟာ လုံခြုံရေးအရ ခြိမ်းခြောက်ခံထားရတယ်လို့လည်း အမှုလိုက်နေတဲ့ ရှေ့နေတွေက ပြောပါတယ်။
တရားခွင်မှာ အမှုသည် တရားမျှတမှုရအောင် ရှေ့နေတစ်ယောက်ရဲ့တာဝန်အတိုင်း မေးခွန်းလည်း လွတ်လွတ်လပ်လပ်မေးမြန်းခွင့်မရဘူးလို့ တရားလွှတ်တော်ရှေ့နေတစ်ယောက်က ပြောပါတယ်။
မေးမယ့်မေးခွန်းကို မကြိုက်ရင် ရှေ့နေရဲ့အချက်လက်တွေတောင်းပြီး အထက်ကိုတင်ပြရမယ်လို့ ခြိမ်းခြောက်တယ် လို့ သူက ပြောပါတယ်။
“နိုင်ငံရေးနဲ့ပတ်သက်ပြီး ခေတ်အဆက်ဆက်မှာ ရှေ့နေတွေက အမြဲပစ်မှတ်ထားခံရတယ်။ တက်မလာနဲ့ တောက်ချလိုက်မယ်။ ငါတို့လုပ်နိုင်တယ်သိလား ဆိုပြီးခြိမ်းခြောက်သလိုခံစားရတယ်”လို့ တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောပါတယ်။
နာမည်ကြီး အင်းစိန်ထောင်မှာဆို ရှေ့နေတွေကို ဂိတ်စဝင်ကတည်းက ခန္ဓာကိုယ်နဲ့ ပစ္စည်းတွေကိုစကန်ဖတ်စစ်ဆေးတာ၊ ဖုန်းယူခွင့်မပေးတာ၊ ဒရုန်းတွေနဲ့စောင့်ကြည့်နေတာတွေ လုပ်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။
အမှုစစ်ဖို့သွားတဲ့လမ်းမှာ မထင်ရင်မထင်သလို စစ်ဆေးတာလည်း ရှိနေပါတယ်။
“ရှေ့နေက ထောင်ထဲက စစ်ခုံရုံးသွားရင် ဖုန်းမပါသွားတော့ အထဲမှာသူတစ်ခုခုဖြစ်ရင် အပြင်ကဘယ်သူမှ မသိနိုင်ဘူးလေ”လို့ တရားလွှတ်တော်ရှေ့နေက ပြောပါတယ်။
ရှေ့နေတွေအပေါ် စစ်တပ်အဆက်ဆက်ရဲ့ အပြုအမူ မပြောင်းလဲ

ဓာတ်ပုံ ရင်းမြစ်, Data for Myanmar
ရှေ့နေတွေအပေါ် လွန်ခဲ့တဲ့ နှစ် ၆၀ ကတည်းက ပြုမူလာတဲ့ စစ်တပ်ရဲ့ အပြုအမူက ပြောင်းလဲသွားတာမရှိဘူးလို့ ရှေ့နေတချို့ကဝေဖန်ပြောဆိုပါတယ်။
အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်ကစလို့ ရှေ့နေတွေကိုဖမ်းဆီး ထောင်ချ လိုင်စင်ရုပ်သိမ်းတာတွေ ရှိခဲ့တာပါ။
အာဏာသိမ်းစစ်ကောင်စီ နဲ့ စစ်တပ်တစ်ပိုင်းအရပ်သားအစိုးရကလည်း ဒီလမ်းနောက်ကိုပဲ လိုက်ခဲ့ကြတယ်လို့ဆိုပါတယ်။
စစ်အစိုးရတွေဟာ သူတို့ကိုဆန့်ကျင်သူဘက်က အမှုလိုက်ပါဆောင်ရွက်ပေးတာ ဒါမှမဟုတ် ကိုယ်တိုင်က စစ်အစိုးရကိုဆန့်ကျင်တဲ့ ရှေ့နေတွေအပေါ် ဒီနည်းလမ်းကို သုံးလာလိုက်တာ ၂၅နှစ်အတွင်း ရှေ့နေ ထောင်ကျော်ကို လိုင်စင်ရုပ်သိမ်းတဲ့ သမိုင်းက ရှိနေခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်မှာလည်း ၂၀၁၁ ခုနှစ် အတွင်း ရှေ့နေ ၃၆ ယောက်ကို ရှေ့နေလိုင်စင်သိမ်းခဲ့ပါတယ်။
သူတို့တွေဟာ ရှေ့နေကျင့်ဝတ်ဖောက်ဖျက်လို့မဟုတ်ဘဲ နိုင်ငံရေးလှုပ်ရှားနေလို့ အစိုးရကမကြိုက်တာ ဒါမှမဟုတ် နိုင်ငံရေးအမှုတွေကိုလိုက်ပေးနေတာကို မကျေနပ်လို့သာဖြစ်တယ်လို့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းဖြစ်တဲ့ အာရှလူ့ အခွင့်အရေးကော်မရှင်က ဆိုထားပါတယ်။
“ဥပဒေပညာရှင်ဆိုတာ ဥပဒေနဲ့အညီ နိုင်ငံကိုထိန်းကျောင်းတည့်မတ်ပေးရမှာ ရှေ့နေတွေရဲ့တာဝန်ဖြစ်တယ်။ ဒါကိုထုတ်ဖော် ပြောဆိုတာဟာ ရှေ့နေကျင့်ဝတ်ဖောက်ဖျက်တာမဟုတ်ဘူး” လို့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေတစ်ဦးက ရှေ့နေတွေကို ပုဒ်မ ၅၀၅ - က နဲ့ ပုဒ်မတပ်ဖမ်းဆီးပြီး လိုင်စင်သိမ်းနေတဲ့ အပေါ် ပြောပါတယ်။
ရှေ့နေလိုင်စင် အချိန်မရွေးရုပ်သိမ်းခံရနိုင်
Data for Myanmar ရဲ့ ၂၀၂၄ ခုနှစ် မတ် ၅ ရက်နေ့ထိ အချက်အလက်အရ မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့မြို့နယ် ၆၁ မြို့နယ် ရှိနေပါတယ်။
စစ်အုပ်ရေးချုပ်ကြေညာခံထားရတဲ့မြို့နယ်တွေကအမှုတွေကို စစ်ခုံရုံးနဲ့စစ်နေတာ ဖြစ်တဲ့အတွက် နိုင်ငံရေးအမှုလိုက်တဲ့ ရှေ့ နေတွေဟာ ပုံစံအမျိုးမျိုးနဲ့ရှိနေတဲ့ စစ်ခုံရုံးတွေကို ဖိစီးမှု၊ လုံခြုံရေးစိန်ခေါ်မှုများစွာနဲ့ သွားလာနေရပါတယ်။
“အင်းစိန်ထောင်ဆို ဓမ္မာရုံလိုနေရာမှာစစ်တာဆိုတော့ ဝင်ပြီးတာနဲ့အကုန်လုံးကို သော့ခတ်ထားတာ။ ရှေ့နေက အပေါ့သွားချင်တာဖြစ်ဖြစ် ဘာဖြစ်ဖြစ် ခွင့်တောင်းနေရတယ်။ ရာသီဥတုကလည်းပူတော့ စိတ်ရှုပ်ရတယ်။ အဲဒီလိုမျိုး အဖက်ဖက်ကခက်ခဲအောင်လုပ်ပြီး ဒီလူတွေ (စွဲချက်တင်ခံထားရသူတွေ) ရှေ့နေမရတော့တာမျိုး ဖြစ်မှာလေ။ သွယ်ဝိုက်သောနည်းအားဖြင့် ရှေ့နေမရအောင်လုပ်သလို ရခဲ့ရင်လည်း ရှေ့နေတွေမှာ အေးအေးဆေးဆေးနဲ့ မေးခွန်းတွေမမေးနိုင်တော့အောင် လုပ်တာလည်းပါမှာပေါ့”လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။
ရှေ့နေတွေကို စိတ်ပိုင်း ရုပ်ပိုင်း ပင်ပန်းဆင်းရဲအောင် လုပ်ဆောင်တာတွေအပြင် ဖမ်းဆီးထောင်ချပြီး ကျင့်ဝတ် နဲ့ မညီလို့ဆိုပြီး ရှေ့နေအဖြစ်က ထုတ်ပယ်တာကတော့ “ရှေ့နေအသက်မွေးဝမ်းကျောင်းကို သတ်ပစ်တာ”ပဲလို့ အဲဒီတရားလွှတ်တော်ရှေ့နေက ပြောပါတယ်။
တရားလွှတ်တော်ရှေ့နေဖြစ်ဖို့ ၁၀ နှစ်ကျော် ရင်းနှီးမြှုပ်နှံခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ လိုင်စင်က အချိန်မရွေးရုပ်သိမ်းခံရနိုင်ပါတယ်။
ဒါပေမဲ့ လူ့အခွင့်အရေးအတွက် အမှုဆက်လိုက်နေမယ့် ရှေ့နေတွေလည်းရှိနေပါသေးတယ်။
လုံခြုံရေးစိတ်မချရပေမယ့် နိုင်ငံရေးအမှုဆက်လိုက်နေတဲ့ရှေ့နေတစ်ဦးက “အခုထောင်ထဲမှာ ဘာမှကျူးလွန်တာမဟုတ်ဘဲ ဖမ်းချုပ်ခံလိုက်ရတဲ့သူတွေရှိတယ်။ သူတို့နောက်မှာ မိသားစု တွေရှိတယ်။ မသိနားမလည်ဘဲ ဖမ်းခံရတဲ့သူအများကြီးအတွက် လူသားချင်းစာနာတဲ့စိတ်နဲ့ အမှုကဆက်လိုက်နေမှာပဲ။ လိုင်စင်ပြုတ်သွားလည်း ကြားထဲမှာ ခဏဒုက္ခရောက်မှာရှိပေမယ့် တစ်နေ့တော့ပြန်ရမှာပါ” လို့ ပြောပါတယ်။













