“ကတိခံဝန်ချက်ရေးထိုးစေပြီး နွေးထွေးစွာကြိုဆို”မယ်ဆိုတဲ့ ကျောင်းဖွင့်ရေး အစီအစဉ်

ပညာရေးဌာနက ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ အားကောင်းစွာနဲ့ ပါဝင်နေ

ဓာတ်ပုံ ရင်းမြစ်, AFP/ Getty Images

ဓာတ်ပုံ ပုံစာ, ပညာရေးဌာနက ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ အားကောင်းစွာနဲ့ ပါဝင်နေ

အာဏာသိမ်းစစ်ကောင်စီရဲ့ ပညာရေးဌာနက ကျောင်းတွေ၊ ကောလိပ်တွေနဲ့ တက္ကသိုလ်တွေကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်ပါတယ်။

အခြေခံပညာကျောင်းတွေကို ဇွန်လ ၁ ရက်နေ့မှာ ပြန်ဖွင့်ဖို့ ပြင်ဆင်နေတယ်လို့ ပညာရေး ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရသလို၊ ဒီဂရီကောလိပ်၊ ကောလိပ်နဲ့ တက္ကသိုလ်က ဆရာ၊ ဆရာမတွေ၊ စီမံဝန်ထမ်းတွေအားလုံး မေလ ၃ ရက်နေ့က စပြီး လုပ်ငန်းခွင်ပြန်ဝင်ကြဖို့ ကိုလည်း အဆင့်မြင့်ပညာဦးစီးဌာနက ညွှန်ကြားထားပါတယ်။

အခြေခံပညာကျောင်းတွေပြန်ဖွင့်တော့မယ့် အစီအစဉ်ရဲ့ အစပျိုးအဖြစ် ဆရာ၊ ဆရာမတွေကို သင်ရိုးသစ် မွမ်းမံသင်တန်း ခေါ်ယူပို့ချပေးနေတာတွေ နယ်မြို့တွေမှာ တွေ့ခဲ့ရပြီးတဲ့နောက် ဧပြီလ ၂၁ ရက်နေ့က စတင်ပြီး ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ စတင်လုပ်ဆောင်နေပါတယ်။

ရန်ကုန်တိုင်းအတွင်း စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြောက်ဒဂုံ မြို့နယ်က အထက ၃ မှာ မွမ်းမံသင်တန်းဖွင့်တဲ့ အချိန် ကျောင်းပတ်လည်က ရပ်ကွက်လမ်းတွေကို ပိတ်ထားပြီး စစ်သားတွေကို အစောင့်ချထားတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ဒီသင်တန်းတွေဟာ အမည်ခံသက်သက်ဖြစ်ပြီး လုပ်ပုံလုပ်နည်းလည်း အလွဲဖြစ်နေတဲ့ အကြောင်း အခြေခံပညာ၊ ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

“မွမ်းမံသင်တန်းသဘောကတော့ စည်းရုံးရေးနဲ့ အဖွင့်ပြတဲ့ သဘောပါ၊ CDM လုပ်တဲ့သူနဲ့ မလုပ်တဲ့သူ ခွဲခြားကြည့်တာပါ။ ပုံမှန်က သင်တန်း တစ်ခုဖွင့်ရင် ဗဟိုအဆင့်၊ တိုင်းနဲ့ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် စသဖြင့် အဆင့်ဆင့် လုပ်ရပါတယ်။ အခုက ကောက်ခါ ငင်ခါ လူစုတဲ့ သဘောဖွင့်တာပါပဲ။”

သူတို့ သမဂ္ဂမှာ ပါဝင်တဲ့ ဆရာ၊ ဆရာမတွေက စစ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီး လူထုအာခံမှု CDM လှုပ်ရှားမှုမှာ ပါဝင်ကာ အခုမွမ်းမံသင်တန်းကို သပိတ်မှောက်ကြသလို၊ ကျောင်းကို ပြန်တက်ကြမယ့် အစီအစဉ်မရှိပါဘူး။

အခု မွမ်းမံသင်တန်းကို တက်ရောက်နေကြတဲ့ ရန်ကုန်တိုင်းအတွင်းက ဆရာ၊ ဆရာမတွေရဲ့ ရာခိုင်နှုန်းကလည်း ၃၆ % လောက်သာ ရှိတယ်လို့ သူတို့က ပြောကြ ပါတယ်။

တက္ကသိုလ်ဆရာ၊ ဆရာမအသိုင်းအဝိုင်းမှာလည်း CDM လှုပ်ရှားမှုမှာ ပါဝင်သူ အများ အပြားဖြစ်နေပြီး၊ တက္ကသိုလ်အလိုက်ဆိုရင် ပါဝင်တဲ့ ရာခိုင်နှုန်းက အကွဲအပြား၊ အနည်းအများတွေရှိပေမယ့် “ခြုံကြည့်ရင် ၇၀% လောက်ရှိနေတာ”လို့ တက္ကသိုလ် ဆရာမ တစ်ယောက်က ပြောပါတယ်။

အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အတွင်း ပစ်ခတ်ခံရလို့ သေဆုံးခဲ့ရသူတွေထဲ ကျောင်းသူ ကျောင်းသားတွေ ပါဝင်

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အတွင်း ပစ်ခတ်ခံရလို့ သေဆုံးခဲ့ရသူတွေထဲ ကျောင်းသူ ကျောင်းသားတွေ ပါဝင်

ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ပညာရေးကို ဘယ်လို ကြည့်ကြမလဲ

ရွေးကောက်ပွဲမှာ ကိုယ်ယုံကြည်စွာထည့်ထားတဲ့ မဲကို အလုခံလိုက်ရတဲ့အပြင်၊ ဆန္ဒပြသူတွေကို ပစ်ခတ်သတ်ဖြတ်နေတဲ့အပေါ် ဘယ်လိုမှ လက်မခံနိုင်တဲ့ တက္ကသိုလ်ဆရာမက “ဒီအခြေအနေအောက်မှာ ကျောင်းသားတွေလည်း ကျောင်းကို လာကြမယ်မထင်ဘူး၊ လာရင်လည်း အနည်းစုလောက်ပဲဖြစ်မှာ” လို့ ဆိုပါတယ်။

မနှစ်ကလည်း ကိုဗစ်ကပ်ဘေးကြောင့် ကျောင်းသင်ပညာရေး တစ်နှစ်ဆိုင်းခဲ့ရသလို၊ ဒီနှစ်မှာလည်း စစ်ကောင်စီ အာဏာသိမ်းမှုက အကျပ်အတည်းဖြစ်နေစေပါတယ်။ ဒီကြားထဲ ကိုဗစ် တတိယလှိုင်းကိုပါ ထည့်တွက်ကြတဲ့ မိဘအုပ်ထိန်းသူတွေ ရှိကြ ပါတယ်။

တက္ကသိုလ်ဝင်တန်း တက်ရမယ့် ကျောင်းသားတစ်ယောက် ကျောင်းမတက်မယ့် အကြောင်းကို ပြောပြတဲ့ မိသားစုဝင် တစ်ယောက်က “စစ်အာဏာရှင်အစိုးရ လက်ထက်မှာ ပညာရေးကို ပုံမှန်အတိုင်း မသွားစေချင်ဘူး၊ ကိုဗစ် third wave (တတိယလှိုင်း) ကလည်း လာနေပြီဆိုတော့ ကျန်းမာရေးအရလည်းပါတယ်၊ နောက်ပြီး သင်ရိုးက ဘယ်လိုတွေဖြစ်လာဦးမှာလဲ၊ ……. အဲဒါကလည်း မရှင်းဘူး၊ ကလေးကလည်း ကျောင်းသွားမှာ မဟုတ်ဘူး၊ ကျွန်မတို့ကလည်း ကျောင်းတက်ဖို့ တွန်းအားပေးမှာ မဟုတ်ဘူး”လို့ ပြောပါတယ်။

သင်ရိုးက ဘယ်လိုလဲဆိုတာ မသိရသေးပေမယ့် ကျောင်းသားတွေအနေနဲ့ တစ်နှစ်မှာ နှစ်တန်းနှုန်း တက်ရမယ့်အကြောင်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။

ကပ်ရောဂါကာလ စီမံချက်အပါအဝင် ရပ်နားခဲ့ရတဲ့ ပညာသင်ကာလအတွက် အစားထိုးလုပ်ဆောင်စရာတွေနဲ့ ပတ်သက်ပြီး တိကျတဲ့ ညွှန်ကြားချက်တွေမရှိဘူးလို့ ပညာရေးလုပ်သား သမဂ္ဂတွေဘက်က ထောက်ပြနေကြပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မီတီ (CRPH) ကနေ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖွဲ့စည်းလိုက်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ ပညာရေးနဲ့ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပုဂ္ဂလိက ကဏ္ဍက ဝန်ထမ်းတွေနဲ့ ပြည့်သူ့ဝန်ထမ်းတွေ အားလုံးကို CDM ဆက်လုပ်ကြဖို့ တိုက်တွန်း ထားပြီး၊ လွတ်မြောက်ဒေသနဲ့ စစ်အာဏာရှင်ဖိနှိပ်မှုတွေရှိတဲ့ ဒေသတွေဆိုပြီး ၂ ပိုင်းခွဲကာ၊ ဆိုင်ရာ ဒေသအလိုက် ပညာရေး၊ ကျန်းမာရေး အစီအစဉ်တွေ ရှိတယ်လို့ ကြေညာထားပါတယ်။ ဒီအစီ အစဉ်တွေရဲ့ အသေးစိတ်ကိုတော့ ဘီဘီစီအနေနဲ့ မသိရှိရသေးပါဘူး။

စစ်ကောင်စီရဲ့ ပညာရေးဌာနဘက်ကတော့ “ခွင့်မဲ့ပျက်ကွက်ပြီး ကျောင်း/ရုံးသို့ ပြန်လည်တက်ရောက်သူများအား ကတိခံဝန်ချက်ရေးထိုးစေပြီး နွေးထွေးစွာကြိုဆိုဖို့” တက္ကသိုလ်နဲ့ကောလိပ်က ပါမောက္ခချုပ်တွေနဲ့ ကျောင်းအုပ်ကြီးတွေကို ညွှန်ကြားထား ပါတယ်။

CDM လှုပ်ရှားမှုနဲ့ စစ်အာဏာသိမ်းဆန့်ကျင်မှုတွေမှာ ပါဝင်တာကြောင့် အခြေခံ ပညာရေးဌာနက ဆရာ၊ ဆရာမတွေနဲ့ ဝန်ထမ်း စုစုပေါင်း ၁၉ ယောက် ဖမ်းဆီးခံ ထားရတယ်လို့ အခြေခံ ပညာ၊ ပညာရေးလုပ်သား သမဂ္ဂများ ဗဟိုအလုပ်အမှုဆောင် ကော်မီတီက ကြေညာထားသလို၊ တက္ကသိုလ်ဆရာ၊ ဆရာမ တချို့လည်း အဖမ်းခံ ထားရပါတယ်။