၁၉၈၈ သမ္မတ ဒေါက်တာမောင်မောင် - ဥပဒေပညာရှင်နဲ့ နိုင်ငံအထွတ်အထိပ် စာရေးဆရာ

ကမ္ဘာ့ အငယ်ဆုံး တရားသူကြီးချုပ်နဲ့ တလခံ သမ္မတ ဒေါက်တာမောင်မောင်
ဓာတ်ပုံ ပုံစာ, ကမ္ဘာ့ အငယ်ဆုံး တရားသူကြီးချုပ်နဲ့ တလခံ သမ္မတ ဒေါက်တာမောင်မောင်
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

ဒေါက်တာမောင်မောင်ဟာ ကမ္ဘာမှာ အငယ်ဆုံး တရားသူကြီးချုပ်ဖြစ်ခဲ့သလို မြန်မာပြည်မှာ တလခံတဲ့ သမ္မတလည်း ဖြစ်ခဲ့ပါတယ်။ စာရေးဆရာ၊ အယ်ဒီတာ၊ ဥပဒေပညာရှင်နဲ့ အုပ်ချုပ်ရေးအရာရှိကြီးဘ၀ အဆင့်ဆင့်ကို ဖြတ်သန်းခဲ့တဲ့ သူ့ဘ၀မှာ လူကြိုက်များတဲ့အခါတွေ ရှိခဲ့သလို နိုင်ငံအနှံ့ ဆန့်ကျင်ဆန္ဒပြတာ ခံရတဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်။ ပညာပိုင်းမှာ ထိပ်တန်းရောက်တဲ့မြန်မာတယောက်အဖြစ် ပြည်တွင်းပြည်ပမှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ဒေါက်တာမောင်မောင်ကို ၁၉၈၈ အရေးအခင်းကာလက မအောင်မြင်တဲ့ သမိုင်းအကွေ့ကြောင့် လူတွေ မေ့ပျောက်ထားခဲ့ကြပါတယ်။

၁၉၂၅ က မန္တလေးမှာ မွေးဖွားပြီး ၁၉၉၄ မှာ ရန်ကုန်မှာ ကွယ်လွန်ခဲ့တဲ့ ဒေါက်တာမောင်မောင်ကို လမ်းစဉ်ပါတီခေတ်ရဲ့ တဦးတည်းသော အရပ်သားသမ္မတအဖြစ် နိုင်ငံတကာမှာ ရှုမြင်ကြပေမယ့် တကယ်က ဒေါက်တာမောင်မောင်ဟာ စစ်သား၊ တော်လှန်ရေးသမားဘ၀ကို ဒုတိယကမ္ဘာစစ်အတွင်း ဖြတ်သန်းခဲ့ပြီး ဗိုလ်ချုပ်ကြီးနေ၀င်း၊ ဗိုလ်မှူးချုပ်အောင်ကြီး စတဲ့ တပ်ခေါင်းဆောင်တွေနဲ့ ရင်းနှီးတဲ့ ပညာရှင်တယောက် ဖြစ်ပါတယ်။

၁၉၈၈ က မြန်မာပြည်ဟာ ၁၉၉၈ က အင်ဒိုနီးရှားနဲ့ အလားသဏ္ဌာန်တူခဲ့ရင် ဦးနေ၀င်းက ဆူဟာတိုဖြစ်ပြီး ဒေါက်တာမောင်မောင်က ဟာဘီဘီ ဖြစ်နိုင်ပေမယ့် သဏ္ဌာန်မတူခဲ့တဲ့အတွက် ဖြစ်ခွင့်မကြုံခဲ့ပါဘူး။ ဒေါက်တာမောင်မောင် မရှိတော့ပေမယ့် စစ်တပ်က ဆက်ရှိနေပြီး နိုင်ငံကို အုပ်ချုပ်နေဆဲ ဖြစ်သလို အရပ်သားနိုင်ငံရေး ပြန်ထူထောင်ဖို့ကလည်း အာဏာသိမ်းပွဲ၊ ပြည်တွင်းစစ်၊ အမျိုးသားပြိုကွဲမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်မှာ မရေမရာ ရှိနေဆဲ ဖြစ်ပါတယ်။

မန္တလေး ပညာတတ် မိသားစု

ဒေါက်တာမောင်မောင်ရဲ့ ဇာတိ မင်းနေပြည်ဟောင်း မန္တလေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒေါက်တာမောင်မောင်ရဲ့ ဇာတိ မင်းနေပြည်ဟောင်း မန္တလေး

၁၉၂၅ က ဒေါက်တာမောင်မောင်ကို မန္တလေးမြို့ အနောက်ပြင် သူဌေးတန်းရပ်မှာ ဖွားမြင်ပြီး မြန်မာအထက်တန်းရှေ့နေမိသားစုမှာ ကြီးပြင်းခဲ့ပါတယ်။ မန္တလေးကျုံးဘေးနဲ့ တရုတ်တန်းတဝိုက်မှာ လူလားမြောက်ခဲ့တဲ့ ကိုမောင်မောင်ဟာ မောင်နှမ ရှစ်ယောက်မှာ တဦးတည်းသော ယောက်ျားလေးလည်း ဖြစ်ပါတယ်။ ဒေါ်မမကြီးနဲ့ ဒေါ်သန်းသန်းဆိုတဲ့ ရန်ကုန်တက္ကသိုလ် သမိုင်း ကထိကနဲ့ အင်္ဂလန်ပြန် အိမ်တွင်းမှု သိပ္ပံဆရာမကြီးနှစ်ယောက်ရဲ့မောင်ဖြစ်တဲ့ ကိုမောင်မောင်ဟာ ဆရာဝန် ဒေါက်တာညိုညို ၊ ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒပါမောက္ခ ဒေါက်တာခင်မောင်ဝင်းကတော် ဒေါ်စိန်စိန်၊ အဏုမြူ ရူပဗေဒပါရဂူ ဒေါက်တာစုစု စတဲ့ နှမတစုရဲ့ အစ်ကိုလည်း ဖြစ်ပါတယ်။

သူ့ငယ်ဘဝအကြောင်းကို သားမောင်စစ်သည်သို့ နဲ့ ပြည်သူ့ဝန်ထမ်း သားသမီးများသို့ စာအုပ်တွေမှာ ရေးခဲ့တဲ့အတိုင်း သီပေါမင်းခေတ် ပတိမ်းငဖဲ နှစ်မြို့ဝန် မောင်မောင်တုတ်နဲ့ မြဝတီမင်းကြီးတူမ မမလေးတို့ရဲ့ မြစ်ဖြစ်တဲ့ ဒေါက်တာမောင်မောင်ဟာ မြန်မာဘုရင်ရဲ့ မင်းမှုထမ်း နန်းတွင်းကို ဆီတော် ဆက်ရတဲ့ အသုံးတော်ခံ မျိုးရိုးက လာသူဖြစ်ပါတယ်။ ဘုရင်ခေတ်က နန်းတော်ထဲကို ဆီမှုတ် ရွှေချကိုင်ပြီး ဝင်ခွင့်ရခဲ့ပေမယ့် ကိုမောင်မောင်တို့ ခေတ်မှာတော့ လခနည်းတဲ့ ရှေ့နေသားဘဝမို့ ပညာရေးကို အားစိုက်ခဲ့ရပါတယ်။

နန်းတွင်းကို ဆီမှုတ် ရွှေချကိုင်ပြီး ဝင်ခွင့်ရခဲ့တဲ့ မျိုးရိုးက ဆင်းသက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နန်းတွင်းကို ဆီမှုတ် ရွှေချကိုင်ပြီး ဝင်ခွင့်ရခဲ့တဲ့ မျိုးရိုးက ဆင်းသက်

ဝင်ငွေနည်းပြီး စာကြိုးစားတဲ့ မိသားစုက သားဖြစ်တဲ့ ကိုမောင်မောင်ဟာ မန္တလေး ဗုဒ္ဓသာသနာ့နုဂ္ဂဟကျောင်းမှာ ပညာ ထူးချွန်အောင် သင်ကြားခဲ့လို့ ၁၄ နှစ်နဲ့ ဆယ်တန်းအောင်ပြီး မန္တလေးဥပစာကောလိပ်မှာ ကျောင်းအုပ်ကြီးရဲ့ ခွင့်ပြုချက်နဲ့ ပညာသင်ခွင့်ရခဲ့ပါတယ်။ အထက်တန်းကျောင်းမှာ လူရွှင်တော် သန်းနွဲ့နဲ့ ကျောင်းနေဘက် ဖြစ်တဲ့ ကိုမောင်မောင်ဟာ ဥပစာကောလိပ်မှာတော့ ရဲဘော်ဌေး၊ ဗိုလ်လှမော်နဲ့ ဗိုလ်မှူးချစ်ကောင်း စတဲ့ နာမည်ကြီး ကွန်မြူနစ်လောင်းလျာတွေနဲ့ ခေတ်ပြိုင် ဖြစ်ခဲ့ပါတယ်။

ပညာရေး၊ အိမ်ထောင်ဘက်ရွေးချယ်ရေးနဲ့ အလုပ်အကိုင်ရွေးချယ်ရေးမှာ ဖခင်ဆုံးဖြတ်မှုအတိုင်း လိုက်နာရမယ်ဆိုပြီး စည်းကမ်းကြီးတဲ့ ဖခင်အောက်မှာ ထူးချွန်တဲ့ မောင်နှမတစု ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ ငယ်ဘဝမှာ မပြည့်စုံလှပေမယ့် မောင်နှမသားချင်းတစု ပျော်ပျော်ရွှင်ရွှင် နေခဲ့ရတဲ့အကြောင်း ကိုမောင်မောင် ပြန်ပြောင်းရေးသားခဲ့ပါတယ်။

မန္တလေးကျုံးဘေးက နွားလှည်းပြိုင်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မန္တလေးကျုံးဘေးက နွားလှည်းပြိုင်ပွဲ

စစ်တပ်ထဲမှာ လူလားမြောက်ခြင်း

ဒုတိယကမ္ဘာစစ်အတွင်း မိခင်ကွယ်လွန်ပြီးနောက် နှမတစုကို ဖခင်နဲ့ ထားခဲ့ပြီး ၁၉၄၃ မှာ ကိုမောင်မောင်ဟာ ဖွဲ့စည်းစ ဘီဒီအေခေါ် ဗမာ့ကာကွယ်ရေးတပ်မတော်ကို တပ်သားအဖြစ် ဝင်ခဲ့ပါတယ်။ အဲဒီအချိန်က ဘီအိုင်အေဟာ စစ်ကြီးမဖြစ်ခင်က သခင်အဖွဲ့ကြီးလိုပဲ နိုင်ငံရေးနိုးကြားတဲ့ မြန်မာလူငယ်တွေအတွက် ရဲစွမ်းသတ္တိပြတဲ့ အဖွဲ့အစည်းကြီးဖြစ်တဲ့အပြင် နှစ် ၆၀ ကျော်အုပ်စိုးလာတဲ့ ဗြိတိသျှအုပ်စိုးမှုကို တွန်းလှန်မယ့် တပ်ကြီးဖြစ်လို့ နိုင်ငံတဝှမ်းက ထောင်နဲ့ချီတဲ့ လူငယ်တွေ ဝင်လာခဲ့ကြပြီး စစ်ပြီးခေတ် မြန်မာပြည်နိုင်ငံရေးမှာ ကြီးစိုးမယ့် ဗမာ့တပ်မတော်ကို မွေးဖွားခဲ့ပါတယ်။ တပ်မတော် ခေါင်းဆောင်တွေထဲက ဗိုလ်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျနဲ့ ဗိုလ်စကြာ၊ ဗိုလ်နေဝင်း စတဲ့ ရဲဘော်သုံးကျိပ်ဝင်တွေကိုလည်း ဒီလူငယ်တွေ ကြည်ညိုအားကျခဲ့ကြပါတယ်။

ဂျပန်နဲ့ မဟာမိတ်အားပြိုင်စစ်ကြီးအတွင်း မြန်မာပြည် မြေစာပင်ဖြစ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂျပန်နဲ့ မဟာမိတ်အားပြိုင်စစ်ကြီးအတွင်း မြန်မာပြည် မြေစာပင်ဖြစ်ခဲ့
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သေလမ်း ငတ်လမ်းနဲ့ နီးတဲ့ စစ်တပ်ထဲ ဝင်လာကြတဲ့ ဒီလူငယ်တွေဟာ စစ်သင်တန်းမှာလည်း ဂျပန်ဆရာတွေရဲ့ ရိုက်မောင်းဆူပူမှုကို သည်းညည်းခံပြီး စစ်ပညာသင်ယူခဲ့ကြပါတယ်။ ဒီအတွေ့အကြုံတွေအကြောင်း ဂျပန်ခေတ် စစ်သားဟောင်းတွေ ရေးခဲ့ကြတဲ့အထဲ မိုမိုတာရောစန်၊ မြတ်ထန်တို့နဲ့အတူ ဒေါက်တာမောင်မောင်လည်း ပါဝင်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်လွန်မှာ ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာမယ့် ဦးကျော်သူအတွက် ရည်စူးရေးတဲ့ သားမောင်စစ်သည်သို့မှာ ရေးခဲ့တဲ့ ဒီအကြောင်းအရာတွေဟာ လမ်းစဉ်ပါတီခေတ်က ဗိုလ်သင်တန်းတက်ချင်တဲ့ လူငယ်တွေရဲ့ လက်စွဲဖြစ်ခဲ့သလို ဖက်ဆစ်တော်လှန်ရေးက ပေါက်ဖွားလာတဲ့ တပ်မတော်ဆိုတဲ့ပုံရိပ်ကို ယူတဲ့ လမ်းစဉ်ပါတီ အစိုးရအတွက်လည်း နိုင်ငံရေး အမျိုးသားရေး ဝါဒဖြန့် ဖြစ်ခဲ့ပါတယ်။

လမ်းစဉ်ပါတီခေတ် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဝန်ကြီးတွေ ဖြစ်လာကြမယ့် ဗိုလ်ကျော်ထင်၊ ဗိုလ်ခင်အုန်းတို့နဲ့အတူ မင်္ဂလာဒုံစစ်တက္ကသိုလ် စတုတ္ထပတ် ဗိုလ်သင်တန်းဆင်းဖြစ်တဲ့ ကိုမောင်မောင်ဟာ စစ်အတွင်း ဂျပန်ခေတ်မှာ စစ်တဲ့ ဥပစာသိပ္ပံ စာမေးပွဲမှာ အင်္ဂလိပ်စာ၊ သင်္ချာနဲ့ ရူပဗေဒ ဂုဏ်ထူးတွေ ရခဲ့ပါတယ်။ ဂျပန်ခေတ် လွတ်လပ်ရေးရပြီးနောက် ထောက်ပံ့ရေးတပ်မှာ ဒုသမ္မတနဲ့ ရဲချုပ်လောင်းတွေ ဖြစ်တဲ့ ရဲဘော်အေးကို၊ ရဲဘော်အုန်းကြည်တို့နဲ့အတူ ထမ်းဆောင်ရင်း မြန်မာစစ်တပ်ချဲ့ထွင်တာကို ကိုမောင်မောင် ကြုံခဲ့ရသလို ဂျပန်တော်လှန်ရေးမှာတော့ ဟင်္သာတနဲ့ ပဲနွယ်ကုန်းက တပ်တွေမှာ တာဝန်ယူခဲ့ပါတယ်။

တောင်ငူ-ပဲခူးလမ်းမှာ ဗြိတိသျှ ဖမ်းမိတဲ့ ဂျပန်သုံ့ပန်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တောင်ငူ-ပဲခူးလမ်းမှာ ဗြိတိသျှ ဖမ်းမိတဲ့ ဂျပန်သုံ့ပန်းများ

တော်လှန်ရေးအတွင်း စစ်တပ်နဲ့ ကွန်မြူနစ်ပြောက်ကျားတွေကြား ပြိုင်ဆိုင်တာနဲ့ အင်္ဂလိပ်တပ်ဘက်က မြန်မာတပ်တွေကို သစ္စာဖောက်ဆိုပြီး အခဲမကျေ အညှိုးထားတာတွေလည်း သူ ကြုံတွေ့ခဲ့ပါတယ်။ ပဲနွယ်ကုန်းမှာတော့ စစ်ပြီးသွားတာကို မသိဘဲ လက်နက်မချချင်တဲ့ တပ်တွေကို တောထဲထိ လိုက်ခေါ်ရတဲ့ အဖွဲ့နဲ့ သူ လိုက်ခဲ့ရပါတယ်။ သူတို့ ခေါ်လာတဲ့ ဂျပန်သုံ့ပန်းတွေ ဓာတ်ပုံကို စစ်ပြီးခေတ် အင်္ဂလိပ် အရာရှိဟောင်းတွေရေးတဲ့ စာအုပ်တွေမှာ သူတို့တပ်တွေက ဖမ်းမိတဲ့ ပုံစံမျိုး ရေးတာ တွေ့ရတယ်လို့လည်း ကိုမောင်မောင်က နောက်ပိုင်းမှာ ပြန်ပြောင်း ရေးသားခဲ့ပါတယ်။

မျိုးချစ်ဗမာ့တပ်မတော်ကို ဖျက်သိမ်းပြီး တပ်သစ်ပြန်ဖွင့်ချိန်မှာတော့ စစ်ပြီးခါနီးမှာ သူရေးခဲ့တဲ့ မေ့ပျောက်ခံရသည့် တပ်မတော် အင်္ဂလိပ်စာမူကို လွယ်ပြီး ဒုဗိုလ်ဟောင်း ကိုမောင်မောင် ရန်ကုန်ကို ဆင်းခဲ့ပါတယ်။

စစ်ကြီးအတွင်းက ပျက်စီးခဲ့တဲ့ ရန်ကုန်ဘူတာကြီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်ကြီးအတွင်းက ပျက်စီးခဲ့တဲ့ ရန်ကုန်ဘူတာကြီး

ကမ္ဘာစစ်ကြီးကြောင့် နိုင်ငံမွမွကြေခဲ့ရပေမယ့် ဒီစစ်သုံးနှစ်အတွင်း မြန်မာပြည် နိုင်ငံရေးခုန်တက်ပြီး စစ်အပြီးမှာ စစ်တပ်နဲ့ စစ်ပြန်တွေကို အားပြုတဲ့ ဗိုလ်ချုပ်အောင်ဆန်း အင်အားကြီးလာပါတယ်။ စစ်ပြီးစ ပေါ်ထွန်းလာတဲ့ မြန်မာစာရေးဆရာသစ်တွေထဲမှာ စစ်ပြန်တပ်သားဟောင်းတွေ ပါဝင်ပြီး အင်္ဂလိပ်ဘာသာနဲ့ ကလောင်သွေးခဲ့တဲ့ စစ်ပြန်ကိုမောင်မောင်လည်း ဒီထဲက တယောက် ဖြစ်ပါတယ်။ ၁၉၄၆ နဲ့ ၁၉၄၉ မှာ သူရေးခဲ့တဲ့ သွေးနီ၊ မေ့ပျောက်ခံရသည့် တပ်မတော် ၊ မြန်မာပြည် သွားပေါက်ချိန် စတဲ့ မြန်မာနဲ့ အင်္ဂလိပ်ဘာသာ စာအုပ်တွေဟာ နောင် နှစ် ၃၀ ကျော်အတွင်း သူရေးမယ့် မြန်မာပြည်နိုင်ငံရေးနောက်ခံ စာအုပ်တွေရဲ့ အစဖြစ်ပါတယ်။

သူ့ရဲ့ ပထမဆုံး အင်္ဂလိပ်ဘာသာစာအုပ် မေ့ပျောက်ခံရသည့် တပ်မတော် စာအုပ်အမှာကို ဗိုလ်ချုပ်အောင်ဆန်း မအားလို့ ဒီးဒုတ်ဦးဘချိုက ရေးပေးခဲ့ပါတယ်။ ဒီစာအုပ်ကို ဖဆပလ အတွင်းရေးမှူး သခင်သန်းထွန်းက အုပ် ၁၀၀ ဝယ်ပြီး လန်ဒန်က တွမ်ဒရိုင်းဘတ် စတဲ့ မြန်မာ့လွတ်လပ်ရေး ထောက်ခံတဲ့ မိတ်ဆွေတွေဆီကို ပို့တယ်လို့လည်း ဆိုပါတယ်။ သွေးနီစာအုပ်ကတော့ စစ်အတွင်း အိန္ဒိယကနေ မြန်မာပြည်ကို လေထီးနဲ့ ပြန်ဝင်ဖို့ ကြိုးစားရင်း လေယာဉ်ပျက်ကျ ကွယ်လွန်ခဲ့တဲ့ ဟင်္သာတဗိုလ်ဗသိန်းအကြောင်း စာအုပ် ဖြစ်ပါတယ်။

ဗိုလ်မောင်မောင် လေးစားတဲ့ ဗိုလ်ချုပ်နှစ်ယောက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗိုလ်မောင်မောင် လေးစားတဲ့ ဗိုလ်ချုပ်နှစ်ယောက်ဖြစ်တဲ့ ဗိုလ်ချုပ်နေဝင်း နဲ့ ဗိုလ်ချုပ်အောင်ဆန်း

စစ်အတွင်း ဘီအိုင်အေဗိုလ်လေးဘဝနဲ့ ဟင်္သာတမှာ ဖူးစာဆုံခဲ့ပြီး ကလေးအဖေလည်း ဖြစ်လာတဲ့ ကိုမောင်မောင်ဟာ စစ်ပြီးစ ပြန်ဖွင့်တဲ့ ရန်ကုန်တက္ကသိုလ်မှာ အင်္ဂလိပ်စာနဲ့ ဘွဲ့ယူဖို့ ပြင်ခဲ့ရပါတယ်။ ပါမောက္ခ ဒေါက်တာထင်အောင်နဲ့ ဦးမျိုးမင်းတို့ဆီမှာ ကိုမောင်မောင်နဲ့အတူ နှုတ်မေး စာမေးပွဲ ဖြေပြီး အင်္ဂလိပ်စာ ဂုဏ်ထူး အတူရခဲ့ကြတဲ့ ကျောင်းသူကတော့ နောင်မှာ မန္တလေးဆေးတက္ကသိုလ် ဆေးပညာပါမောက္ခ ဖြစ်လာတဲ့ ဒေါက်တာမြင့်မြင့်ခင် ဖြစ်ပါတယ်။

အသက်မွေးဝမ်းကျောင်းအဖြစ် ရန်ကုန်တက္ကသိုလ်မှာ ဒေါ်သိန်းညွန့်၊ ဒေါ်တင်စောမူ၊ ကိုသန်းထွတ် (တိုက်စိုး) တို့နဲ့အတူ အင်္ဂလိပ်စာနည်းပြ လုပ်နေတဲ့ ကိုမောင်မောင်ကို ပြန်ကြားရေးဌာန ညွှန်ကြားရေးဝန် ဦးသန့်က နယူးတိုင်းအော့ဖ်ဘားမား အင်္ဂလိပ်သတင်းစာမှာ အယ်ဒီတာလုပ်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီနောက် ဇော်ဂျီ၊ မင်းသုဝဏ်၊ ဇေယျ ၊ တက်တိုး၊ တင့်တယ် တို့ ရေးသားတဲ့ မြန်မာ့လွတ်လပ်ရေး ကြေညာစာတမ်းကို ဦးသန့်၊ သူကြီးဂေဇက် ဦးခင်မောင်နဲ့ ဦးခင်ဇော် (ကေ)တို့ရဲ့ ဦးဆောင်မှုအောက်မှာ ကိုမောင်မောင်က အင်္ဂလိပ်လို မူကြမ်း ပြန်ဆိုပေးခဲ့ပါတယ်။

လန်ဒန်မှတ်တမ်းနဲ့ ဂါးဒီယန်းဖခင်

ဒေါက်တာမောင်မောင် ပညာသင်ခဲ့ချိန်က လန်ဒန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒေါက်တာမောင်မောင် ပညာသင်ခဲ့ချိန်က လန်ဒန်

မြန်မာပြည် ပြည်တွင်းစစ်အစပိုင်း ၁၉၄၉ မှာပဲ သတင်းစာပညာသင်ဖို့ လန်ဒန်ကို ကိုမောင်မောင် စေလွှတ်ခံရပါတယ်။ သိပ္ပံဝါသနာပါတဲ့ ကိုမောင်မောင်က သစ်တောပညာ သင်ဖို့ ကြိုးစားပေမယ့် သတင်းစာနဲ့ ဥပဒေပညာ သင်ဖို့ ဖြစ်လာပါတယ်။ တခါ နိုင်ငံမှာ စစ်မီးဝိုင်းနေတဲ့ အချိန်ဖြစ်လို့ ကိုမောင်မောင် တပ်ထဲ ပြန်ဝင်ချင်ပေမယ့် လူကြီးတွေရဲ့ တိုက်တွန်းချက်အရ ပညာသင်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။ အကယ်၍ ဒီအချိန်က တပ်ထဲ သူပြန်ဝင်ခဲ့ရင် ဥပဒေပညာရှင်အဖြစ် ထင်ရှားလာမှာ မဟုတ်ဘဲ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်ရာထူးတွေသာ သူရခဲ့မှာ ဖြစ်သလို ပြည်ပ ကို ဥပဒေပညာသင် သွားရရင်လည်း စစ်ဥပဒေချုပ်ပဲ ဖြစ်လာခဲ့နိုင်ပါတယ်။

ဗြိတိသျှအသံလွှင့်ကော်ပိုရေးရှင်း (ဘီဘီစီ)၊ ပြန်ကြားရေးရုံးနဲ့ ဗြိတိသျှသတင်းစာတိုက်တွေရှိတဲ့ ဖလိလမ်းမှာ ကျင်လည်ရင်း ကိုမောင်မောင် နယ်သာလန်နဲ့ လန်ဒန်က လင်ကွန်းအင်းမှာ ဥပဒေပညာသင်ပြီး ဝတ်လုံတော်ရဖြစ်အောင်လည်း ကြိုးစားခဲ့ပါတယ်။ ဒီအချိန်က လန်ဒန်တက္ကသိုလ် ဘောဂဗေဒနဲ့ နိုင်ငံရေးသိပ္ပံကျောင်းမှာ မဟာဥပဒေဘွဲ့တန်း ဝင်ခွင့်ရခဲ့ပေမယ့် ကျောင်းစရိတ်မပေးနိုင်တဲ့အတွက် မတက်ခဲ့ရကြောင်းလည်း ကိုမောင်မောင်က ဂါးဒီးယန်းမဂ္ဂဇင်းမှာ နောက်ပိုင်း ရေးသားခဲ့ပါတယ်။ ဒီလိုနဲ့ စာကြည့်တိုက်တွေမှာ ညနက်ထိ ထိုင်ပြီး ဥပဒေစာအုပ်တွေ ဖတ်ရင်း၊ ထမင်းတအိုးချက်ပြီး ပဲငပိနဲ့ အိန္ဒိယ သရက်သီး ဆီစိမ် စားပြီး ချွေတာနေထိုင်ရင်း ၁၉၅၂ မှာ ဝတ်လုံဘွဲ့ ရရှိခဲ့ပါတယ်။

ကိုမောင်မောင်နဲ့ ခင်ခဲ့တဲ့ နယူးစတိတ်မန်း အယ်ဒီတာ ကင်စလေမာတင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကိုမောင်မောင်နဲ့ ခင်ခဲ့တဲ့ နယူးစတိတ်မန်း အယ်ဒီတာ ကင်စလေမာတင်

ဒီပညာသင်အတွေ့အကြုံတွေအကြောင်း လန်ဒန်မှတ်တမ်း အဖြစ် ၁၉၅၂ မှာ အင်္ဂလိပ်ဘာသာနဲ့ ရေးသားခဲ့ရာမှာ ပညာသင်ဘဝ လန်ဒန်မြောက်ပိုင်းက လူကုံထံတွေနေရာ ဟမ်းစတက်အရပ်ကနေ ကျောင်းရှိတဲ့ လန်ဒန်မြို့လယ်အလာလမ်းမှာ တော်လှန်ရေးကာလအကြောင်းတွေ ပြန်စဉ်းစားခန်းနဲ့ ဖွဲ့နွဲ့ခဲ့ပါတယ်။ စစ်ပြီးစ လန်ဒန်မှာ အစစအရာရာ ရှားပါးနေချိန် အမျိုးသမီးတွေ စာရိတ္တပျက်ကြတဲ့အကြောင်းနဲ့ လန်ဒန်လာရင်း ဟိုက်ပတ်ပန်းခြံမှာ အပျော်ရှာချင်ကြတဲ့ မြန်မာတွေအကြောင်း စတဲ့ ကိုလိုနီအလွန် ခေတ်ကာလအကြောင်းတွေလည်း ဒီမှတ်တမ်းမှာ ပါပါတယ်။

နောက် ဗြိတိန်နဲ့ မြန်မာ နိုင်ငံရေးနှိုင်းယှဉ်ချက်အပြင် လွတ်လပ်ရေး ရပြီးနောက် မြန်မာ ကျောင်းသားသမဂ္ဂတွေဟာ နိုင်ငံရေးပါတီတွေရဲ့ အသုံးချခံ မဖြစ်သင့်ဘဲ ကမ္ဘာ့နိုင်ငံသားတွေနဲ့ နိုင်ငံပြုသုခမိန်တွေ မွေးထုတ်ရာ နေရာတွေ ဖြစ်သင့်ကြောင်း အင်္ဂလိပ်သမဂ္ဂတွေနဲ့ နှိုင်းယှဉ်ပြီး ကိုမောင်မောင် ရေးခဲ့ပါတယ်။ နေရာတကာမှာ ဗြိတိသျှ အမျိုးသမီးတွေ တက်တက်ကြွကြွ ဦးဆောင်နေကြတာနဲ့ အမျိုးသား အမျိုးသမီး ရင်းရင်းနှီးနှီးနေကြတာတွေကို ကိုမောင်မောင် သဘောကျပေမယ့်လည်း မြန်မာပြည်မှာ ဒီလို လွတ်လပ်မှုကို ဗြုန်းစားကြီး ပေးလို့ မရသေးဘူးလို့ ဆိုပါတယ်။

မြန်မာစစ်တပ်ကို တိုးတက်တဲ့ စစ်တပ်ဆိုပြီး သဘောကျတဲ့ ဒေါ်ရသီဝုဒ်မန်းနဲ့ ကင်စလေမာတင်ဆိုတဲ့ ဗြိတိသျှ လက်ဝဲ သတင်းစာဆရာစုံတွဲနဲ့လည်း ကိုမောင်မောင် လန်ဒန်မှာ ခင်မင်ခဲ့ပါတယ်။

ဦးဗဆွေ၊ ဗိုလ်ချုပ်နေဝင်းတို့ ရုပ်ပုံလွှာတွေကို ရေးခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဦးဗဆွေ၊ ဗိုလ်ချုပ်နေဝင်းတို့ ရုပ်ပုံလွှာတွေကို ရေးခဲ့

မြန်မာပြည် ပြန်ရောက်ပြီးနောက် ဦးမောင်မောင်ကို နိုင်ငံခြားရေးရုံးနဲ့ စစ်တပ်က ရာထူးခန့်ဖို့ လိုလားကြပေမယ့် ရှေ့နေချုပ်ရုံးကို သူရွေးချယ်ခဲ့ပါတယ်။ လန်ဒန်က ပြန်လာခါစ အစိုးရရှေ့နေဘဝမှာပဲ ကူမင်တန်စစ်ကို ပြင်းပြင်းထန်ထန်စစ်ဆင်ခြင်းကို အင်္ဂလိပ်ဘာသာနဲ့ ရေးသားခဲ့သလို တပ်မတော်အရာရှိကြီးတွေ ထုတ်တဲ့ ဂါးဒီးယန်းမဂ္ဂဇင်းနဲ့ သတင်းစာမှာလည်း ၁၉၅၆ က စပြီး ကိုမောင်မောင် အယ်ဒီတာ လုပ်ခဲ့ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ထုတ်တဲ့ ဒီမဂ္ဂဇင်းကို ဦးခင်ဇော် (ကေ)၊ ခင်မျိုးချစ်၊ ဦးဝင်းဖေ (မြဇင်)၊ ဦးသက်ထွန်း စတဲ့ အနောက်တိုင်းပြန် မြန်မာပညာတတ်တွေရဲ့ လက်ရာတွေနဲ့ ဝေဝေဆာဆာ ထုတ်ဝေခဲ့ပါတယ်။

ဂါးဒီးယန်းမှာ ဦးမောင်မောင်ရေးတဲ့ ဦးဗဆွေ၊ ဗိုလ်ချုပ်နေဝင်း၊ ဦးကျော်ငြိမ်း၊ ဒေါ်ခင်ကြည် စတဲ့ နာမည်ကျော် မြန်မာခေါင်းဆောင်တွေအကြောင်း ရုပ်ပုံလွှာ ဆောင်းပါးတွေကို စုစည်းပြီး သက်ရှိရာဇဝင် (၁၉၅၆) ဆိုပြီး စာတအုပ်လည်း ထုတ်ခဲ့ပါတယ်။ မြန်မာယဉ်ကျေးမှုနဲ့ မျက်မှောက်ရေးရာတွေ တင်ဆက်ရာမှာ ထင်ရှားတဲ့ ဂါးဒီးယန်းကို ၁၉၆၂ နောက်ပိုင်း ပြည်သူပိုင် သိမ်းခဲ့ပြီး ဖော်ဝါ့ဒ်၊ မြန်မာပါစပက်တစ် စတဲ့ စစ်အစိုးရအဆက်ဆက် ထုတ်ဝေခဲ့တဲ့ အင်္ဂလိပ်ဘာသာစာစောင်တွေရဲ့ နမူနာပြ ဖြစ်လာခဲ့ပါတယ်။

၁၉၄၇ ဖွဲ့စည်းပုံအကြောင်း ဒေါက်တာမောင်မောင် ရေးတဲ့စာအုပ်

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, ၁၉၄၇ ဖွဲ့စည်းပုံအကြောင်း ဒေါက်တာမောင်မောင် ရေးတဲ့စာအုပ်

၁၉၅၆ မှာတော့ နယ်သာလန် ယူးထရက် တက္ကသိုလ်က အပြည်ပြည်ဆိုင်ရာ ဥပဒေပါရဂူဘွဲ့ရခဲ့ပြီး ဒေါက်တာမောင်မောင်လို့ ထင်ရှားလာပါတယ်။ ကမ္ဘာ့မိသားစုထဲက မြန်မာပြည် (၁၉၅၆) နဲ့ တို့ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ (၁၉၅၉) စာအုပ်တွေဟာ ဂါးဒီးယန်းခေတ်မှာ ဒေါက်တာမောင်မောင် ပြုစုခဲ့တဲ့ စာအုပ်တွေ ဖြစ်ပါတယ်။ ၁၉၅၈ အိမ်စောင့်အစိုးရခေတ်မှာတော့ ဒေါက်တာမောင်မောင် လက်ထောက်ရှေ့နေချုပ်ဖြစ်ခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ ဥပဒေကထိကလည်း လုပ်တဲ့ ဒေါက်တာမောင်မောင်ဟာ ၁၉၆၀ ကနေ ၁၉၆၂ အတွင်း အမေရိကန်နိုင်ငံ ယေးလ်တက္ကသိုလ်မှာ ဧည့်ကထိကအဖြစ် ပို့ချရင်း မြန်မာပြည်ရဲ့ အောင်ဆန်း အကြောင်း ရေးသားပြုစုခဲ့သလို တရားရေးသိပ္ပံ ပါရဂူဘွဲ့ ရခဲ့ပြန်ပါတယ်။ နိုင်ငံတော်လုပ်ကြံမှု (ပြည်ထောင်စုနှင့် ဦးစော) စာအုပ်ကိုတော့ ၁၉၆၂ မှာ အင်္ဂလိပ်ဘာသာနဲ့ ရေးသားပြီး ၁၉၆၈ မှာ မြန်မာလို ထုတ်ဝေခဲ့ပါတယ်။ ၁၉၆၃ မှာ ထုတ်တဲ့ ဒေါက်တာမောင်မောင်ရဲ့ မြန်မာမိသားစုထုံးတမ်းဥပဒေ စာအုပ်ကလည်း ထင်ရှားပါတယ်။ သားသမီး ခုနစ်ယောက် ထွန်းကားတဲ့ ဒေါက်တာမောင်မောင်တို့ ဇနီးမောင်နှံဟာ ကလေးတယောက် စာတအုပ်နှုန်းနဲ့ အရေးကောင်း အမွေးကောင်းသူတွေ ဖြစ်ကြောင်း ဒေါက်တာမောင်မောင်ကိုယ်တိုင် ဟာသနှောပြီး ရေးခဲ့ပါတယ်။ တကယ်က ဒီစာအုပ်တွေဟာ သတင်းစာပညာနဲ့ လွတ်လပ်စ မြန်မာပြည်အကြောင်း နိုင်ငံခြားစာဖတ်ပရိသတ်တွေအတွက် အားထုတ်တင်ဆက်ပေးတဲ့ စာအုပ်တွေ ဖြစ်သလို ပြည်တွင်း စာဖတ်သူတွေအတွက်လည်း ဆင်ခြင်စဉ်းစားစရာတွေ မျှဝေတဲ့ ပညာရှင်လက်ရာတွေ ဖြစ်ပါတယ်။

တရားသူကြီးချုပ်နဲ့ ဒဂုံရိပ်သာ

ကမ္ဘာ့အငယ်ဆုံး တရားသူကြီးချုပ် ဖြစ်ခဲ့တဲ့ ဒေါက်တာမောင်မောင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာ့အငယ်ဆုံး တရားသူကြီးချုပ် ဖြစ်ခဲ့တဲ့ ဒေါက်တာမောင်မောင်

ဒေါက်တာမောင်မောင်ဟာ ၁၉၆၂ အာဏာသိမ်းအပြီး တရားဝန်ကြီးချုပ် ဒေါက်တာမြင့်သိန်း၊ ပြည်ထဲရေးနဲ့ တရားရေးဝန်ကြီး ဒေါက်တာဧမောင် စတဲ့ တရားရေးပညာရှင်တွေကို ဖမ်းဆီးထားချိန်မှာ တရားသူကြီးချုပ် ဒေါက်တာဘိုကြီးရဲ့ အသစ်ဖွဲ့တဲ့ တရားရုံးချုပ်မှာ တရားသူကြီး ဖြစ်လာခဲ့ပါတယ်။ အာဏာသိမ်းချိန်က အမေရိကန် ဖို့ဒ်ဖောင်ဒေးရှင်းရဲ့ အကူအညီနဲ့ ယေးလ်တက္ကသိုလ်မှာ သုတေသနပြုနေတဲ့ ဒေါက်တာမောင်မောင်ကို မြန်မာပြည် မပြန်ဖို့ အမေရိကန်မိတ်ဆွေတွေက ဖျောင်းဖျကြသလို ဆရာဟောင်း ဦးသန့်ကလည်း ကုလသမဂ္ဂမှာ အလုပ်ရဖို့ ကူညီပေမယ့် သားသမီးတွေကို မြန်မာပြည်မှာ ကြီးပြင်းစေလိုတဲ့အတွက် ဒေါက်တာမောင်မောင်တို့ မိသားစု ရန်ကုန်ပြန်လာကြတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂမှာ မြန်မာသံအမတ်ခန့်ဖို့ ဒေါက်တာမောင်မောင်ရဲ့ ကမ်းလှမ်းချက်ကို ဗိုလ်ချုပ်ကြီးနေဝင်းက ပယ်ချခဲ့ပေမယ့် မြန်မာပြည် ရောက်ပြီး လေးရက်အတွင်း ဒေါက်တာမောင်မောင်ကို တရားရုံးချုပ် တရားသူကြီး ခန့်ခဲ့ပါတယ်။

သားသမီးတွေကို မြန်မာပြည်မှာ ကြီးပြင်းစေလိုလို့ ပြန်လာခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သားသမီးတွေကို မြန်မာပြည်မှာ ကြီးပြင်းစေလိုလို့ ပြန်လာခဲ့

အဲဒီနောက် ၁၉၆၅ သူ အသက် ၄၀ အရွယ်မှာ ကမ္ဘာ့အငယ်ဆုံး တရားသူကြီးချုပ်ဖြစ်လာခဲ့ပြီး သူ့ကို ကြိုဆိုကြတဲ့ထဲ မန္တလေးက လက်ဝဲသတင်းစာလို့ နာမည်ကြီးတဲ့ လူထုသတင်းစာပါဝင်ကြောင်း တရားလွှတ်တော်ရှေ့နေကြီး တဦးက ပြောပါတယ်။ သူ့လက်ထက်မှာ ထင်ရှားတဲ့ ဖြတ်ထုံးတခုကတော့ ၁၉၇၁ က ပြည်ထောင်စုမြန်မာနိုင်ငံနှင့် ဒေါ်ကြည်ကြည် စီရင်ထုံးဖြစ်ပြီး မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေက မယားပြိုင်တို့ရဲ့ အခွင့်အရေးကို ဖော်ထုတ်ပေးခဲ့တဲ့ စီရင်ထုံးအဖြစ် ထင်ရှားခဲ့ပါတယ်။

၁၉၆၉ မှာ သူရေးခဲ့တဲ့ မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီး နေဝင်း စာအုပ်ဟာ အဲဒီနှစ် အမျိုးသားစာပေဆုကို နိုင်ငံရေးစာပေဘာသာရပ်မှာ ဆွတ်ခူးခဲ့ပေမယ့် မှန်နန်းဆောင်မှ ဒဂုံရိပ်သာသို့ ဆိုပြီး လက်ဝဲ စာရေးဆရာ ဒဂုန်တာရာက ဝေဖန်ခဲ့ပါတယ်။ ဒီစာအုပ်ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးနုကို လွတ်လပ်ရေး ခေါင်းဆောင်တွေအဖြစ် အတ္ထုပ္ပတ္တိရေးကြတဲ့ အစဉ်အလာမှာ တတိယမြောက် ခေါင်းဆောင်အဖြစ် အာဏာသိမ်း ဗိုလ်ချုပ်ကြီးကို ထည့်သွင်းလာတဲ့ ရာဇဝင်စာအုပ်လည်း ဖြစ်ပါတယ်။

ဒေါက်တာမောင်မောင် ရုံးစိုက်ခဲ့တဲ့ တရားရုံးချုပ်ဟောင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒေါက်တာမောင်မောင် ရုံးစိုက်ခဲ့တဲ့ တရားရုံးချုပ်ဟောင်း

တော်လှန်ရေးနဲ့ နိုင်ငံတော် ကောင်စီဝင်၊ ဗိုလ်ချုပ်ကြီး လက်စွဲ

၁၉၇၂ မှာ အသစ်ပြင်ဖွဲ့တဲ့ တော်လှန်ရေးကောင်စီမှာ ဦးဘညိမ်၊ ဒေါက်တာမောင်မောင်၊ ဦးဘငြိမ်းနဲ့ မန်းသာမြိုင်ဆိုတဲ့ အရပ်သား လေးဦးပါလာခဲ့ပြီး ဒေါက်တာမောင်မောင်ကို တရားရေးဝန်ကြီး ခန့်ခဲ့ပါတယ်။ ဒေါက်တာမောင်မောင်ဟာ ၁၉၇၄ ဖွဲ့စည်းပုံဥပဒေ ရေးဆွဲရာနဲ့ ဆိုရှယ်လစ်တရားရေးစနစ်ကို ဖော်ဆောင်ရာမှာ အရေးကြီးတဲ့ အခန်းက ပါဝင်ခဲ့ပြီး ၁၉၇၄ ဆိုရှယ်လစ်နိုင်ငံ ထူထောင်ချိန်မှာတော့ နိုင်ငံတော်ကောင်စီဝင် ဖြစ်လာခဲ့ပါတယ်။ ၁၉၇၈ မှာ ဥပဒေကော်မရှင်ဥက္ကဋ္ဌနဲ့ ၁၉၈၈ အရေးအခင်းလှိုင်းတွေ ပြင်းထန်နေချိန် ဇူလိုင်လကုန်မှာ ဒေါက်တာမောင်မောင် ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ဥက္ကဋ္ဌ (ပြည်ထောင်စုရှေ့နေချုပ်) ဖြစ်လာခဲ့ပါတယ်။

ဥပဒေစကားပြေ အရေးအသားမှာ ထင်ရှားတဲ့ ဒေါက်တာမောင်မောင်ဟာ လွတ်လပ်တဲ့နိုင်ငံတခုမှာသာဆိုရင် သူ့အရည်အချင်းနဲ့ နိုင်ငံတကာခုံရုံး တရားသူကြီးထိ ဖြစ်နိုင်ပေမယ့် မြန်မာပြည်မှာတော့ ဦးနေဝင်းရဲ့ လက်စွဲဘဝနဲ့ ပြီးဆုံးခဲ့ရကြောင်း အဲဒီခေတ် တရားရေးလောကကို သိမီသူတယောက်က ပြောပါတယ်။ ဒါပေမဲ့လည်း တော်လှန်ရေးကောင်စီနဲ့ လမ်းစဉ်ပါတီခေတ် အစိုးရတွေမှာ ဒေါက်တာမောင်မောင် ပါဝင်ခဲ့လို့ တိုင်းပြည်အတွက် အကျိုးမယုတ်ခဲ့ဘဲ တော်လှန်ရေးကောင်စီဟာ ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်တွေ သိပ်မထုတ်ခဲ့ကြောင်း သတင်းစာဆရာဟောင်းတဦးက ပြောတယ်လို့လည်း ဒေါက်တာမောင်မောင်၊ လူကြီးလူကောင်း၊ ပညာရှင်နဲ့ မျိုးချစ်စာအုပ်မှာ လန်ဒန်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခဟောင်း ရောဘတ်တေလာက ရေးခဲ့ပါတယ်။ စစ်အစိုးရ ဥပဒေမဲ့လုပ်ရပ်တချို့ ကျူးလွန်တာကို သူမတားဆီးနိုင်ပေမယ့် နိုင်ငံမှာ ဥပဒေစိုးမိုးရေးရှိအောင် သူဆောင်ရွက်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

လမ်းစဉ်ပါတီ ခေတ်နှောင်းမှာ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဆင့် ရောက်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လမ်းစဉ်ပါတီ ခေတ်နှောင်းမှာ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဆင့် ရောက်ခဲ့

ဒီလိုရာထူးကြီးတွေရပြီး ဗိုလ်ချုပ်ကြီး အတ္ထုပ္ပတ္တိကို ရေးသားခဲ့ပေမယ့် ဒေါက်တာမောင်မောင်ဟာ စစ်အတွင်းက တော်လှန်ရေးအတူလုပ်ခဲ့တဲ့ သူ့ယောက္ခမ ဟင်္သာတအမတ် ဦးသန်းတင် အဖမ်းခံနေရတာကို ဗိုလ်ချုပ်ကြီးနေဝင်းကို မပြောဝံ့ ဖြစ်ခဲ့ကြောင်း အောင်ဗလ ခေါ် ကြေးမုံဦးသောင်းက ဘီလူးတို့ရွာ စာအုပ်မှာ ရေးသားခဲ့ပါတယ်။ နောက်ပြီး စစ်အစိုးရ တရားရေးဝန်ကြီး ဖြစ်နေတဲ့ ဒေါက်တာမောင်မောင်ဆီကို ဒုက္ခရောက်နေသူတွေရဲ့ မိသားစုတွေ လာပြီး အသနားခံ အကူအညီတောင်းကြတာတွေကိုလည်း သူ မကယ်နိုင်လို့ ငိုခဲ့ရကြောင်း လုပ်သားပြည်သူ့နေစဉ် အင်္ဂလိပ်ပိုင်း အယ်ဒီတာချုပ်ဟောင်း ဦးခင်မောင်လတ်ရဲ့ ၁၉၈၈ က ဒေါက်တာမောင်မောင်ဆီ ပေးစာမှာ ပါရှိပါတယ်။

တခါ ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် လူတော်လူတတ်တွေ ထွက်ကုန်ပြီး သူ့ရဲ့ တပ်ရင်း( ၄) က တပ်ကြပ်လို လူမျိုးကို ယုံစားပြီး အစိုးရမှာ နေရာပေးတဲ့အတွက် လမ်းစဉ်ပါတီခေတ်နှောင်းမှာ အမှားအယွင်းတွေ ဖြစ်လာကြောင်း သူ မကွယ်လွန်မီ စင်္ကာပူ အရှေ့တောင်အာရှ လေ့လာရေး သိပ္ပံနဲ့ မေးမြန်းခန်းမှာ ဒေါက်တာမောင်မောင် ရင်ဖွင့်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက အလုပ်က ထွက်ချင်ပေမယ့် သူ့ရဲ့ အသက်မွေးဝမ်းကျောင်း၊ နိုင်ငံက ထွက်ခွင့်တွေကို ချုပ်ချယ်လာမှာစိုးလို့ သည်းခံနေခဲ့ရတယ်လို့လည်း ဆိုပါတယ်။ သူ စီမံခဲ့တဲ့ ဆိုရှယ်လစ်ပုံစံ ပြည်သူ့တရားသူကြီးစနစ်မှာလည်း မူလတရားရေး အရာရှိတွေက အရပ်သား တရားသူကြီးသစ်တွေကို မကူညီသလို လယ်သမားနဲ့ အိမ်အကူလို လူတွေ တရားသူကြီးဖြစ်လာချိန်မှာ လာဘ်ပေးလာဘ်ယူတွေ ပိုဆိုးလာလို့ မအောင်မြင်ခဲ့ရကြောင်းလည်း ရင်ဖွင့်ခဲ့ပါတယ်။

ရုပ်သေးသမ္မတနဲ့ နိုင်ငံရေးနိဂုံး

ဝန်ထမ်းနဲ့ အလွှာစုံ ထွက်ဆန္ဒပြတဲ့ ၁၉၈၈

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဝန်ထမ်းနဲ့ အလွှာစုံ ထွက်ဆန္ဒပြတဲ့ ၁၉၈၈

၁၉၈၈ ရှစ်လေးလုံးလှုပ်ရှားမှုကြီးကို သွေးထွက်သံယို ဖြိုခွဲခဲ့တဲ့ ဦးစိန်လွင် နုတ်ထွက်ပေးပြီးနောက် ၁၉၈၈ သြဂုတ်လ ၁၉ ရက်မှာ ဒေါက်တာမောင်မောင် သမ္မတ ဖြစ်လာခဲ့ပါတယ်။ ၁၉၈၈ စက်တင်ဘာလ ၁၈ ရက်မှာ စစ်တပ်က နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ဆိုပြီး အာဏာပြန်သိမ်းချိန်ထိ တလခံ သမ္မတဖြစ်ခဲ့တဲ့ ဒေါက်တာမောင်မောင်ဟာ အစိုးရယန္တရား ရပ်ဆိုင်းပြီး နိုင်ငံအနှံ့ ဆန္ဒပြလှိုင်းလုံးတွေ ဖုံးနေချိန်မှာ သမ္မတ လုပ်ရသူ ဖြစ်ပါတယ်။ ၂၆ နှစ်ကြာ ပျောက်ကွယ်နေတဲ့ အရပ်သား နိုင်ငံခေါင်းဆောင်ဘဝကို သူရခဲ့ပေမယ့်လည်း စစ်တပ်ကို ချုပ်ကိုင်ထားသူကတော့ အနားယူသွားတဲ့ သမ္မတဟောင်း ဦးနေဝင်းနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတစု ဖြစ်နေပါတယ်။

ဒါကြောင့် သူ့လက်ထက်မှာ ပစ်ခတ်နှိမ်နင်းမှုတွေ ရပ်သွားပေမယ့် ကြားဖြတ် အစိုးရဖွဲ့ဖို့ တောင်းဆိုနေကြတဲ့ ဆန္ဒပြ လူအုပ်ကြီးနဲ့ အာဏာကို လက်မလွှတ်ချင်တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေကြား ပြင်းထန်တဲ့ နိုင်ငံရေးပြိုင်ဆိုင်မှုမှာ သူ ပိတ်မိနေခဲ့ပါတယ်။ ၁၄ နှစ် အာဏာယူခဲ့တဲ့ လမ်းစဉ်ပါတီမှာ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ လက်ရှိ စစ်ဗိုလ်တွေ ကြီးစိုးထားပြီး အရပ်သား နိုင်ငံရေးသမားက သြဇာမရှိတာကလည်း စေ့စပ်ဆွေးနွေးရေးတွေ လုပ်ရခက်တဲ့ အနေအထားဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအချိန်က ဗြိတိန်က ပြန်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာမောင်မောင်တို့ စာကြည့်တိုက်မှူးတဦးအိမ်မှာ တွေ့ဆုံခဲ့ကြပေမယ့် ရေရေရာရာ အဖြေမရဘဲ ပြီးဆုံးခဲ့ပါတယ်။

၁၉၈၈ မှာ လေတပ်သားတွေ ပါဝင်ဆန္ဒပြခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၈၈ မှာ လေတပ်သားတွေ ပါဝင်ဆန္ဒပြခဲ့ကြ

၂၆ နှစ် တံခါးပိတ်ထားတဲ့ စစ်ဆိုရှယ်လစ်နိုင်ငံ ဖြစ်တဲ့အတွက် မြန်မာပြည်မှာ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စတဲ့ ဒေသတွင်းနိုင်ငံတွေလို အမေရိကန် သြဇာလည်း မလွှမ်းလှပါဘူး။ ဒါကြောင့် တခြားနိုင်ငံတွေက လက်ယာယိမ်း အာဏာရှင်တွေကို ရာထူးက ဆင်းပေးဖို့ အမေရိကန် ကြားဝင်ပေးတာမျိုး မြန်မာပြည်မှာ မဖြစ်ခဲ့ဘဲ လူထောင်ချီ သေဆုံးတဲ့ အာဏာသိမ်းပွဲကြီး ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်မှာ သွေးထွက်သံယိုကို တားဆီးပေးမယ့် ဗိုလ်ချုပ်ကြီး ရာမို့စ်လို စစ်ဗိုလ် မရှိသလို အသွင်ကူးပြောင်းရေးမှာ ကြပ်မတ်ပေးမယ့် ဟာဘီဘီလို အနောက်တိုင်း ပညာတတ် အရာရှိမျိုးလည်း မရှိခဲ့ပါဘူး။ ဒါကြောင့် ကျောင်းသားသမဂ္ဂအဆောက်အဦကို ပျော်ပျော်ပါးပါး အုတ်မြစ်ချရအောင် ဆိုတဲ့ ဒေါက်တာမောင်မောင်ရဲ့ ၁၉၈၈ စက်တင်ဘာ ၁ ရက် နိုင်ငံကို ပေးတဲ့ မိန့်ခွန်းပါ စကားဟာလည်း အကောင် အထည် မဖော်နိုင်တဲ့ ချွေးသိပ်စကားသာ ဖြစ်ခဲ့ရပါတယ်။

ပြည်သူကြားမှာ ထင်ရှားတဲ့ ပညာတတ် အဖြစ် ၁၉၈၈ နိုင်ငံရေးမုန်တိုင်းထန်ချိန်မှာ ဒေါက်တာမောင်မောင်ကို ပွဲထုတ်ခဲ့ပေမယ့် စစ်တပ်နဲ့ အတိုက်အခံတွေကြား ပြေလည်ရေးကို သူမစွမ်းဆောင်နိုင်ခဲ့တဲ့အတွက် သူနဲ့ အစဉ်အဆက် ခင်မင်ခဲ့တဲ့ စာရေးဆရာမကြီး ခင်မျိုးချစ်ကလည်း ၁၉၈၈ ကာလထုတ် စာစောင်တခုမှာ ငါပြောမယ် ရှင်ဘုရင်ရဲ့၊ နင်ဆင်ခြင်အုံး ဆိုပြီး ဒေါက်တာမောင်မောင်ကို သတိပေး နားချခဲ့ပါတယ်။

လွတ်လပ်ရေးလွန် ပညာတတ်၊ ဗိုလ်ချုပ်ကြီးနဲ့ စစ်တပ်

ဗြိတိသျှပညာတတ်ဘ၀က အတိုက်အခံခေါင်းဆောင် ဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗြိတိသျှပညာတတ်ဘ၀က အတိုက်အခံခေါင်းဆောင် ဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်

သူ့ကို အရပ်သားသမ္မတဆိုပြီး အနောက်တိုင်းနဲ့ ခေတ်ပြိုင် မြန်မာမီဒီယာတွေက ညွှန်းဆိုကြပေမယ့်လည်း တကယ်က ဒေါက်တာမောင်မောင်ဟာ စစ်တပ်နဲ့ သံယောဇဉ်မပြတ်တဲ့ စစ်သားဟောင်း အရာရှိသာ ဖြစ်ပါတယ်။ ဒါကြောင့် ဂါးဒီးယန်းခေတ်ကနေ လမ်းစဉ်ပါတီခေတ်ထိ စစ်တပ်နဲ့ ပတ်သက်တဲ့ အသက်မွေးကျောင်း ပြုခဲ့ပြီး ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းကို အဖေကြီး ခေါ်ကြတဲ့ လူယုံတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

လွတ်လပ်စ နိုင်ငံတခုမှာ စစ်ခေါင်းဆောင်ကို နိုင်ငံဦးဆောင်သူနဲ့ စစ်တပ်ကို တိုင်းပြည်ရဲ့ အဓိကနိုင်ငံရေးဒေါက်တိုင်ကြီးလို မြင်ကြတဲ့ ပညာတတ်ယဉ်ကျေးမှုကလည်း မြန်မာ၊ အင်ဒိုနီးရှား၊ အီဂျစ် စတဲ့ အဲဒီအချိန်က ဘက်မလိုက်အုပ်စုဝင် နိုင်ငံတွေမှာ ရှိခဲ့ပြီး အိန္ဒိယလို ဒီမိုကရေစီနဲ့ ဗျူရိုကရေစီယန္တရားအားကောင်းတဲ့ ပညာတတ်များတဲ့ နိုင်ငံမျိုးမှာသာ မတွေ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်ရဲ့ အားနည်းချက်ကို ပြုပြင်ပြီး နိုင်ငံတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ နိုင်ငံရေးအမြင်မျိုး မြန်မာလက်ဝဲပညာတတ်ဆိုသူတွေမှာပါ ရှိခဲ့ပြီး ဦးသိန်းဖေမြင့်၊ ဦးဘညိမ်ကနေ မောင်စူးစမ်း၊ ဒေါက်တာညီညီတို့ထိ ရှိခဲ့ပါတယ်။

တဘက်မှာလည်း ဒေါက်တာမောင်မောင်ဟာ သမ္မတ၊ နိုင်ငံတော်ကောင်စီဝင်၊ တရားသူကြီးချုပ် စတဲ့ သူရခဲ့တဲ့ ရာထူးတွေထက် ပညာရှင်ဆိုတဲ့ဂုဏ်ကို ပိုနှစ်သက်သူ ဖြစ်ကြောင်း သူနဲ့ ရင်းနှီးသူတဦးက ပြောပါတယ်။ သူရတဲ့ ၃၂၃ မာဇဒါကားကိုလည်း ငါဝန်ကြီးဖြစ်တာ ညည်းတို့ စီးဖို့ မဟုတ်ဘူး ဆိုပြီး မိသားစုကို စီးခွင့်မပေးဘဲ ထားခဲ့သူလို့လည်း သိရပါတယ်။ ဒါကြောင့် သူ့သားသမီးတွေဟာ သူ ဝန်ကြီးနဲ့ နိုင်ငံတော်ကောင်စီဝင် ဖြစ်ချိန်ထိ ဘတ်စ်ကားစီးပြီး တက္ကသိုလ် တက်ခဲ့ကြပါတယ်။

လယ်သမား အလုပ်သမားတွေအတွက် ဆိုရှယ်လစ်နိုင်ငံဆိုပြီး ကြေညာခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လယ်သမား အလုပ်သမားတွေအတွက် ဆိုရှယ်လစ်နိုင်ငံဆိုပြီး ကြေညာခဲ့

တခြားဘက်မှာတော့ ဒေါက်တာမောင်သိန်း၊ ဒေါက်တာရွှေဘော် တို့နောက် မြန်မာပြည်မှာ ဥပဒေပါရဂူဘွဲ့ကို တတိယမြောက်နဲ့ နှစ်ထပ်ကွမ်း ရရှိခဲ့တဲ့ ဒေါက်တာမောင်မောင်ဟာ ပညာထူးချွန်ပေမယ့် အာဏာရသူနဲ့ အလိုက်အထိုက်နေတတ်သူလို့ ဝေဖန်တာတွေ ရှိပါတယ်။ ဒါကြောင့် ဖဆပလခေတ်က ပြည်ထဲရေးဝန်ကြီးအဖြစ် တန်ခိုးထွားချိန်မှာ ဒေါက်တာမောင်မောင် ရေးတဲ့ ဗိုလ်ခင်မောင်ကလေး ရုပ်ပုံလွှာနဲ့ ၁၉၆၂ နောက်ပိုင်း ဗိုလ်ခင်မောင်ကလေး အာဏာမဲ့နေချိန်မှာ သူ့အကြောင်း ဒေါက်တာမောင်မောင် ပြန်ရေးပြပုံချင်း မတူ ကွဲပြားကြောင်း ဒေါက်တာမောင်မောင်ရဲ့ စာတွေကို တစိုက်မတ်မတ် ဖတ်ခဲ့သူတဦးက ဝေဖန်ပါတယ်။

တခါ ဒေါက်တာမောင်မောင်ဟာ ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျစတဲ့ ဗိုလ်နေဝင်းနဲ့ အပြိုင် တပ်ခေါင်းဆောင်တွေအကြောင်း ၁၉၆၂ နောက်ပိုင်းမှာ ရေးရင်လည်း ဗိုလ်နေဝင်းကို ပိုပိုသာသာ အမွှမ်းတင် ရေးသူ ဖြစ်ပါတယ်။ ဗိုလ်နေဝင်းနဲ့ အဆင်မပြေလှတဲ့ သူ့ရဲ့ ဆရာရင်း ဦးသန့်အကြောင်းမှာတောင်မှ ဓာတ်ပုံကင်မရာနှင့် သင့်မြတ်သည် ။ နေ့တိုင်းမှာလို သူ့ပုံ သတင်းစာတွင် ပါသည်ဆိုပြီး ချီးမွမ်းခြေကျောက် ရေးခဲ့ပါတယ်။ ဒေါက်တာမောင်မောင်ရဲ့ ကလောင်သက်တမ်းမှာ အစဉ်လေးစားမှုကို ပြခံရသူကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်ချုပ်နေဝင်းပဲ ရှိပါလိမ့်မယ်။

နောက်ပြီး ၁၉၄၇ ဖွဲ့စည်းပုံဥပဒေအကြောင်း စာအုပ်ရေး ချီးမွမ်းခဲ့သူက ဒီဥပဒေကို ဖြုတ်ချ အာဏာသိမ်းပြီး တက်လာတဲ့ စစ်အစိုးရမှာ ရာထူးကြီးတွေ ယူခဲ့ပြီး နောက်အခြေခံ ဥပဒေသစ် ဆွဲပေးခဲ့တာကိုလည်း ထောက်ပြကြပါတယ်။

၁၉၈၈ ရန်ကုန်ဆေးရုံကြီးမှာ ပစ်ခတ်ခံရသူတွေအတွက် အမှတ်တရပြု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၈၈ ရန်ကုန်ဆေးရုံကြီးမှာ ပစ်ခတ်ခံရသူတွေအတွက် အမှတ်တရပြု

၁၉၈၈ အုံကြွမှုအကြောင်း ဒေါက်တာမောင်မောင် ရေးပြီး ယေးလ်တက္ကသိုလ်က ၁၉၉၉ မှာ ထုတ်တဲ့စာအုပ်ကိုတော့ ဝေဖန်သူ ပိုများပြီး နိုင်ငံတော်ယန္တရားထဲကနေ လူထုလှုပ်ရှားမှုကို မြင်တဲ့အစွဲ မပျောက်တာကို ထောက်ပြကြပါတယ်။ မလေးရှားမှာ ဥပဒေ ပါမောက္ခ လုပ်ခဲ့တဲ့ ဒေါက်တာ မြင့်ဇံကတော့ အုံကြွမှုကို မှားယွင်းမှတ်မိခြင်းဆိုပြီး ဒီစာအုပ်ကို ဝေဖန်ရေးသားပါတယ်။ ဒီစာအုပ်မှာ ဒေါက်တာမောင်မောင်ဟာ စစ်တပ်ရဲ့ ဖိနှိပ်အုပ်စိုးမှုကို မကြိုက်လို့ တောင်းဆိုသူတွေကို လုယက် မီးရှို့ ခေါင်းဖြတ်သူတွေ ဆိုပြီး ရှုတ်ချပေမယ့် ဆန္ဒပြလူအုပ်ကို စစ်တပ်ရဲ့ ဖြိုခွဲသတ်ဖြတ်မှုကို မဖော်ပြခဲ့လို့ လမ်းစဉ်ပါတီ အစိုးရကို ကာကွယ်ပေးတဲ့ စာအုပ်သာ ဖြစ်တယ်ဆိုပြီး ဒေါက်တာမြင့်ဇံက ထောက်ပြပါတယ်။ လမ်းစဉ်ပါတီက အရာရာကို ချုပ်ကိုင်ထားတဲ့ ၁၉၇၄ ဖွဲ့စည်းပုံကို ပြင်မပေးနိုင်ဘူးဆိုပြီး ကြားဖြတ်အစိုးရဖွဲ့ဖို့ တောင်းဆိုမှုတွေကို ပယ်ချခဲ့တဲ့ ဒေါက်တာမောင်မောင်ဟာ စစ်တပ်က အာဏာနှစ်ကြိမ်သိမ်းပြီး ဖွဲ့စည်းပုံနှစ်ခုလုံးကို ဖျက်ပစ်ခဲ့တာကိုတော့ မဝေဖန်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

တနည်းအားဖြင့် ဒေါက်တာမောင်မောင်ရဲ့ စာအုပ်ဟာ ၁၉၈၉ က ဆွီဒင်သတင်းစာဆရာ ဘာတီးလ် လစ်တနာရေးတဲ့ ၁၉၈၈ အကြောင်း ဒေါမာန်ဟုန် စာအုပ်ကို မြန်မာစစ်အစိုးရဘက်က တန်ပြန်ချေပတဲ့ စာအုပ်လည်း ဖြစ်ပါတယ်။

ပညာရှင်နဲ့ ဗေဒါပင်

ပြည်တွင်းစစ်အတွင်း ပညာရေးကို အားသန်ခဲ့ကြတဲ့ မြန်မာလူငယ်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပြည်တွင်းစစ်အတွင်း ပညာရေးကို အားသန်ခဲ့ကြတဲ့ မြန်မာလူငယ်တွေ

ဒေါက်တာမောင်မောင်ကွယ်လွန်တာ နှစ် ၃၀ ကျော်ခဲ့ပေမယ့် မြန်မာပြည်လို နိုင်ငံရေးမတည်ငြိမ်တဲ့ ကိုလိုနီလွန်နိုင်ငံတွေက ပညာတတ်တွေရဲ့ဘဝကို ဒေါက်တာမောင်မောင်ရဲ့ဘဝက ထင်ဟပ်ပြနေဆဲ ဖြစ်ပါတယ်။ ဒီနှစ် ၃၀ ကျော်အတွင်း နိုင်ငံမှာ စစ်အစိုးရနှစ်ဆက် တက်ခဲ့ပြီး ဒီမိုကရေစီခေတ်ဆိုတဲ့ ဆယ်နှစ်ကာလကိုလည်း ကြုံခဲ့ရပါတယ်။ ၂၀၂၁ ကစပြီး မြန်မာပြည်တဝန်း ပြည်တွင်းစစ်မီး အရှိန်ပြန်တက်လာတာကလည်း ၁၉၄၀ နှောင်းပိုင်း လွတ်လပ်ရေးရစကလို ဖြစ်နေပါတယ်။ ဒီနိုင်ငံရေး အလှည့်အပြောင်းတွေကြား စစ်တပ်နဲ့ အရပ်ဘက် နိုင်ငံရေးအုပ်စုတွေကြား၊ မြန်မာစစ်တပ်နဲ့ လူမျိုးစုတပ်တွေကြား ပဋိပက္ခတွေမှာ ပညာရှင်ဆိုသူတွေ ရပ်တည်ရခက်တဲ့ ကာလတွေ အများကြီး ရှိခဲ့ပါတယ်။

၁၉၉၀ ကျော်က မြန်မာအတိုက်အခံတွေကြား စစ်အစိုးရကို ဒဏ်ခတ်ပိတ်ဆို့ဖို့ တောင်းဆိုတာ ခေတ်စားပြီး ဒါကို ဆန့်ကျင်ဝေဖန်တဲ့ ပညာရှင်တွေကို စစ်တပ်နဲ့ နီးစပ်သူတွေလို့ စွပ်စွဲခံခဲ့ရပါတယ်။ ၂၀၁၀ တဝိုက်မှာလည်း စစ်တပ်လုပ်တဲ့ ရွေးကောက်ပွဲလမ်းကြောင်း လက်ခံသူ၊ လက်မခံသူတွေကြား ကွဲပြဲပြီး အပြန်အလှန် တံဆိပ်ကပ်တာတွေ ရှိခဲ့ပါတယ်။ ဒီမိုကရေစီခေတ်တလျှောက်မှာလည်း ကြံ့ခိုင်ရေးနဲ့ NLD ကြား ပြိုင်ဆိုင်မှုကြောင့် ပညာတတ်တွေလည်း ဂိုဏ်းဂဏ ကွဲခဲ့ကြပြီး ဒီအကွဲက ၂၀၂၁ နောက်ပိုင်းမှာ ပိုဆိုးခဲ့ပါတယ်။ စစ်အစိုးရသစ်နဲ့ မပူးပေါင်းရေး စီဒီအမ်လှုပ်ရှားမှု၊ တော်လှန်ရေးနဲ့ စေ့စပ်ရေးလမ်းကြောင်း ကွဲပြားမှု၊ ဖက်ဒရယ်ဒီမိုကရေစီ အပေါ် သဘောထား စတာတွေမှာလည်း ပညာရှင်အုပ်စုတွေကြား ကွဲပြားမှုက အစွန်းနှစ်ဖက် ရောက်စေခဲ့ပါတယ်။

ရုံးမတက်နဲ့ ရုန်းထွက်ဆိုတဲ့ စီဒီအမ်လှုပ်ရှားမှု အရှိန်ကောင်းခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုံးမတက်နဲ့ ရုန်းထွက်ဆိုတဲ့ စီဒီအမ်လှုပ်ရှားမှု အရှိန်ကောင်းခဲ့

ဒါကြောင့် ၁၉၅ဝ ကနေ ၁၉၈၀ ကျော် စစ်အေးခေတ် မြန်မာပြည် ပြည်တွင်းစစ်ကာလမှာ နိုင်ငံရေး စီးပွားရေး အင်အားစုကြီးအဖြစ် ပေါ်ထွက်လာတဲ့ မြန်မာစစ်တပ်ကို ဥပဒေပိုင်းအရ အကြံပေးခဲ့တဲ့ ဒေါက်တာမောင်မောင်လို ပညာရှင်ကို စစ်အုပ်စိုးမှု ရှည်ကြာတာကို ခါးသီးဆန့်ကျင်တာ များတဲ့ ၁၉၈၈ နောက်ပိုင်းမှာ လူကြိုက် မများတာက အဆန်းမဟုတ်ခဲ့ပါဘူး။ မြန်မာပြည်နဲ့ ပတ်သက်ပြီး သူ့ရဲ့ ရေးသားပြောဆိုချက်တွေထဲမှာ မှန်ကန်တာတွေ ပါနိုင်ပေမယ့်လည်း ဒီစာအုပ်တွေက အနောက်တိုင်းသား ခေတ်ပေါ် ပညာရှင်တွေရဲ့ စာအုပ်တွေလောက် လူသိမများတော့ပါဘူး။ နိုင်ငံရေးမိုးလေတွေ ကင်းရှင်းပြီး ပြည်လည်ထူထောင်ကြတဲ့ တခေတ်ရောက်ရင်တော့ ၂၀ ရာစု အလယ်ပိုင်းနဲ့ နှောင်းပိုင်း ကိုလိုနီလွန်ကာလမှာ မြန်မာပြည်အကြောင်း ပြည်တွင်း ပြည်ပမှာ ရေးသားထုတ်ဝေခဲ့ကြတဲ့ ဒေါက်တာမောင်မောင်၊ ဒေါက်တာထင်အောင်၊ ဒေါက်တာမျိုးမြင့် စတဲ့ မြန်မာစစ်တပ်ကို မဝေဖန်ရဲဘူးလို့ ရှုမြင်ခံရတဲ့ပညာရှင်တွေရဲ့ စာအုပ်တွေကို မြန်မာတွေ အချိန်ယူပြီး ပြန်လည်ဖတ်ရှု စဉ်းစားဆင်ခြင်နိုင်ကြမှာ ဖြစ်ပါတယ်။

၁၉၅၉ က ဒေါက်တာမောင်မောင် မျှော်မှန်းခဲ့တဲ့ လွတ်လပ်ပြီး အကြောက်အလန့်ကင်းတဲ့ တရားရေးစနစ်၊ သန်စွမ်းတဲ့ လွှတ်တော်နဲ့ ဝန်ထမ်းစနစ်၊ ငြိမ်းချမ်း တည်ငြိမ်ရေးနဲ့ ဥပဒေ စိုးမိုးရေးတွေ ရှိတဲ့ နိုင်ငံမျိုး ဖြစ်ဖို့ကလည်း ဆယ်စုနှစ်တွေနဲ့ချီပြီး စောင့်ရနိုင်ပါတယ်။